အပိုင်း ၁၃၁
အစားအသောက်ဖြင့် သွေးဆောင်ဖြားယောင်းခြင်း (၂)
ဝမ်ရှန်းမှ စတင်၍ ဦးဆောင် စားသောက်လိုက်၏။ သူသည် အိုးထဲမှ အသားများနှင့် ဝိုင်ခရား အတွင်းမှ ဝိုင်များကို မြိန်ရေယှက်ရေ စားသောက် နေခဲ့ခြင်း ဖြစ်သည်။ ဝမ်ရှန်းသည် သူ၏ကျင့်စဉ် အဆင့်ဖြင့် ဤလူနှစ်ယောက် ရှေ့တွင် မည်သည့် လှည့်ကွက်များမှ ပြုလုပ်၍ရမည် မဟုတ်ပေ။ ထို့ကြောင့် မကြာမီတွင် သူတို့နှစ်ယောက်သည်လည်း သတိများ လျှော့ချ လိုက်ကြပြီးနောက် စတင် စားသောက် လိုက်ကြတော့သည်။
“ဟား ကောင်းလိုက်တာ…”
မိန်းမစိုး၏ ပါးစပ်ထဲတွင် ငှက်ရစ်၏ အမြစ်ဖြင့် ပြည့်နှက်နေ၏။ သို့သော် သူသည် ခြေထောက်ကို ကိုက်ရန်လည်း မမေ့လျော့ခဲ့ပေ။ စတင် စားသောက် လိုက်သည်နှင့် သူ၏တော်ဝင် အပြုအမူများသည်ပင် ပျောက်ဆုံး သွားပြီဖြစ်၏။
သက်လတ်ပိုင်းအရွယ် ဝိညာဉ်သခင်သည်လည်း ထိုမိန်းမစိုးနှင့် နည်းနည်းမျှ မကွာခဲ့ပေ။ သူသည် ဗိုက်သားကို ပါးစပ်အပြည့် စားနေကာ ဝိုင်ကိုလည်း တစ်ငုံ သောက်လိုက်၏။ သူသည် တူပင် မသုံးနေတော့ချေ။ လက်များဖြင့်သာ ကိုင်ယူ စားသောက် လိုက်တော့သည်။
ဤဝိညာဉ်သခင် နှစ်ယောက် အလွန် ပုံပျက်နေသည်ကိုလည်း အပြစ်တင်၍ မရပေ။ ယခုတစ်ကြိမ်တွင် ဝမ်ရှန်း ပြုလုပ်သည့် အရာက အမှန်တကယ်ကို အရသာ ရှိနေခြင်း ဖြစ်၏။
ဤကမ္ဘာတွင် ထိုခွာများ၊ လက်သည်းများနှင့် အခြား အစိတ်အပိုင်းများသည် လွှင့်ပစ်လေ့ရှိသည့် အစိတ်အပိုင်းများ ဖြစ်ကာ မည်သူမှ မစားသည့် အစိတ်အပိုင်းများ ဖြစ်ပေသည်။ ထို့ပြင် ၎င်းတို့မှာ မချက်ရသေးခင် မြင်ရုံဖြင့် မနှစ်မြို့စရာ ကောင်းပေသည်။ ထိုအစိတ်အပိုင်းများကို ချက်ပြုတ်ရာ၌ မည်ကဲ့သို့ အသုံးပြုရမည်ကို မည်သူက တကူးတက တွေးကြည့်မည်နည်း။
မည်သူမှ တွေးမိကြမည် မဟုတ်ပေ…
ဤအစိတ်အပိုင်းများသည် အခြားလူများ ဘယ်တုန်းကမှ မချက်ပြုတ်ဖူးသည့် အရာများဖြစ်၏။ သို့သော် ဝမ်ရှန်းသည် ထိုအစိတ်အပိုင်းများကို ချက်ပြုတ်ကာ လွှင့်ပစ်၍ မရသည့် အလွန် အရသာရှိသော ဟင်းတစ်ခွက် ဖြစ်လာခဲ့သည်။
အထူးသဖြင့် ဤကဲ့သို့ ပူထိုင်းထိုင်း နေ့ရက်မျိုးတွင် ခြံဝန်းအတွင်း၌ ထိုင်ပြီး ဝိုင်သောက်ကာ စားသောက်နေခြင်း၌ ထိုဟင်းပွဲသည် အလိုက်ဖက်ဆုံးပင် ဖြစ်ပေသည်။
ပြောရမည်ဆိုလျှင် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများမှ လွဲ၍ အခြား အစိတ်အပိုင်းများသည် အရိုးများကာ အသားနည်းပေသည်။ ထိုအရိုးများသည် စားသုံးရ မလွယ်ကူပေ။ သို့သော် တတိတိ ဖြည်းဖြည်းချင်း ကိုက်စားကာ ဟင်းရည်ကို သောက်ကြည့် လိုက်သည့် အချိန်တွင် သူတို့သည် ယခင်က တစ်ခေါက်မှ မခံစားခဲ့ဖူးသည့် အရသာကို ခံစားရပေသည်။
ဤနေ့သည် အမှန်တကယ်ကို နတ်ပြည်သို့ ရောက်နေသည့် နေ့ရက်ပင်ဖြစ်၏။
သူတို့ နှစ်ယောက်လုံးသည် ဝိညာဉ်သခင်များ ဖြစ်၏။ သူတို့ မည်မျှပင် သောက်ပါစေ အရက်ကို သူတို့၏ ဝိညာဉ်စွမ်းအင်ပေါ်သို့ မသက်ရောက်အောင် တွန်းထုတ် နိုင်ပေသည်။ ထို့ကြောင့် အရက်မူး သွားမည်ကို စိုးရိမ်စရာ မလိုပေ။ စိတ်လွတ် ကိုယ်လွတ်ဖြင့် အားရပါးရ စားသောက်ရခြင်းက အမှန်တကယ်ကို ပျော်ရွှင်စရာ ကောင်းပေသည်။
သူတို့သုံးယောက် အားရပါးရ စားသောက်နေကာ ဝမ်ရှန်း ယူလာခဲ့သည့် ပထမ ပန်းကန်လုံးကြီးသည် လောက်ပင် မလောက်ခဲ့ပေ။ ထို့ကြောင့် ဝမ်ရှန်းသည် ချက်ချင်းပင် နောက်တစ်ပန်းကန် သွားခပ်လိုက်၏။
ထို့နောက် ပထမအတိုင်း အအေးခံသင့်သည့် အစိတ်အပိုင်းများကို သပ်သပ် ဖယ်ထားလိုက်သည်။ ဝမ်ရှန်းပင် ဘာမှပြောစရာ မလိုခဲ့ပေ။ သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ထိုဖယ်ထားသည့် အစိတ်အပိုင်းများကို အေးသွားအောင် စတင် ပြုလုပ်ပြန်သည်။
ဝမ်ရှန်းသည် အသားများကို နည်းနည်းပါးပါး ခုတ်ထစ်ခြင်းသာ လုပ်ခဲ့ပြီး စားသောက်နေသည့် အချိန်တွင် သူသည် ကြည့်ရ ဆိုးနေမည်ကိုလည်း ဂရုမစိုက် နေတော့ပေ။
သူတို့ သတိမထား မိလိုက်ခင်မှာပင် ဝမ်ရှန်းလိုလူမျိုး ဒါဇင်ကျော် စား၍ရသည့် အိုးတစ်အိုးလုံး နီးပါးသည် လူသုံးယောက် စားသောက်ခြင်းဖြင့် ကုန်သွားပြီဖြစ်၏။
ဝမ်ရှန်း တကယ်ကို ဗိုက်ပြည့်အင့် သွားခဲ့သည်။ သူသည် သူ့ဗိုက်ကိုသူ ကိုင်ကာ လေချဉ်ပင် တက်လိုက်သေး၏။ သူ၏ယွမ်ဝိညာဉ် နယ်မြေ အတွင်းတွင် ချီဝမ်နဂါးများ စိတ်လှုပ်ရှားစွာ ခုန်ပေါက် နေသည်ကို ခံစားလိုက်ရ သောအခါ သူ အလွန်ပျော်ရွှင် သွားခဲ့သည်။
ကျန်သည့်လူ နှစ်ယောက်သည်လည်း အတူတူပင်ဖြစ်၏။ ပြောရမည် ဆိုလျှင် သူတို့နှစ်ယောက်သည် ဝမ်ရှန်းထက်ပင် ပိုစားခဲ့သေးပေသည်။ သူတို့၏ ပိန်းပါးသည့် ခန္ဓာကိုယ်ကို ကြည့်ကာ သူတို့နှစ်ယောက် စားသောက်ခဲ့သည့် အစားအသောက်များက ဘယ်ရောက် သွားသည်ကို ဝမ်ရှန်း တွေးပင် မတွေးကြည့်နိုင်ပေ။ လူသုံးယောက်သည် ဝိုင်ခရား တစ်ခုလုံးကို သောက်ခဲ့သော်လည်း သူတို့နှစ်ယောက်သည် အပေါ့အပါးပင် မသွားခဲ့ပေ။
“ကောင်းလိုက်တာ”
သက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူ့ဗိုက်ကို သူကိုင်ကာ လျှာသပ်လိုက်ပြီး မှတ်ချက် ပြုလိုက်၏။ ထိုသက်လတ်အပိုင်း အရွယ် အမျိုးသားသည် သူ့ရှေ့ဘက်ခြမ်းရှိ အရိုးများကို ကြည့်ကာ အနည်းငယ်ပင် ရှက်သွားခဲ့၏။
“အင်း၊ ဒီဟင်းချိုရည်က တော်တော်ကို ထူးခြားတာပဲ”
မိန်းမစိုးသည် နန်းတော် အတွင်းတွင် အစားအသောက် ကောင်းများကို ရံဖန်ရံခါ စားခဲ့ဖူးပေသည်။ သို့သော် ယခု ဝမ်ရှန်းဟင်း၏ အရသာသည် တစ်မူထူးခြားသည့် အရသာပင်ဖြစ်၏။ စားသောက်ပြီးသည့် နောက်တွင် သူသည် ထပင် မထနိုင်တော့ပေ။
သူတို့နှစ်ယောက်၏ မှတ်ချက်များကို ကြားလိုက် ရသောအခါ ဝမ်ရှန်းသည် သွားပေါ်သည်အထိ ရယ်ကာ အားတုံ့အားနာဖြင့် –
“မဟုတ်တာ ဗျာ၊ ဒီနေ့က သိပ်တောင် မကောင်းသေးဘူး။ နောက်ပိုင်း ချက်တဲ့ စွပ်ပြုတ်တွေကျရင် ဒီထက် ပိုကောင်းမှာ”
စွပ်ပြုတ် အရသာက ပိုမို ကောင်းလာမည်ဟု ဝမ်ရှန်း ပြောသည်ကို ကြားလိုက် ရသောအခါ မိန်းမစိုးနှင့် သက်လတ်ပိုင်းအရွယ် ဝိညာဉ်သခင်တို့၏ မျက်လုံးများ ရုတ်တရက် တောက်ပ သွားခဲ့သည်။
ဒီထက်ကို ပိုကောင်း နိုင်သေးသည်တဲ့လား…
“အသားနဲ့ ပစ္စည်းတွေ အစုံရှိဖို့ပဲ လိုတယ်”
ဝမ်ရှန်းသည် သူတို့နှစ်ယောက်လုံး၏ အကြည့်များကို လျစ်လျူရှုကာ ဆက်ပြောလိုက်၏။
“ဒီနေ့က ပစ္စည်းတွေ လုံလုံလောက်လောက် မရှိခဲ့ဘူး၊ အဲဒါကြောင့် ဒီလောက်ပဲ လုပ်နိုင်ခဲ့တာ။ ကျွန်တော် ပန်းပဲဖိုက မှာထားတဲ့ ပစ္စည်းတွေ ရောက်လာတဲ့ အချိန်ကျရင် ဒီထက်ပိုကောင်းတဲ့ အရသာကို လာစမ်းမြည်း ကြည့်ကြပါဦး”
“တော်တယ် ကောင်လေး”
သက်လတ်ပိုင်းအရွယ် ဝိညာဉ်သခင်၏ အပြုံးများလည်း ရုတ်တရက် ပိုမိုတောက်ပ လာခဲ့သည်။
“နောက်ကျရင် မင်း ဝူရုံမြို့မှာ ရှိနေသ၍ မင်းကို အနိုင်ကျင့်ရဲတဲ့ လူရှိရင် မင်း ဒီအဘိုးကြီးရဲ့ နာမည်ကိုသာ ပြောလိုက်။ ဘင်းလီရဲ့ နာမည်ကို ကြားပြီးရင် ဘယ်သူက မင်းကို မျက်နှာသာ မပေးဘဲ နေရဲလဲဆိုတာ ကြည့်ကြတာပေါ့”
သက်လတ်ပိုင်းအရွယ် ဝိညာဉ်သခင်သည် သူ့ကိုယ်သူ ဟန်ဘင်းလီဟု ပြောခဲ့၏၊ ထိုနာမည်သည် အေးခဲစွမ်းအားများကို ထုတ်လွှတ်နိုင်သည့် သူ၏ကျင့်စဉ်နှင့် ဆက်စပ် နေနိုင်ပေသည်။ သို့သော် အဆင်ပြေပါသည်၊ အနည်းဆုံးတော့ ဝမ်ရှန်းသည် သူ့အား သက်လတ်ပိုင်းအရွယ် ဝိညာဉ်သခင်ဟု ခေါ်နေစရာ မလိုတော့ပေ။
“ဟုတ်ကဲ့ပါခင်ဗျ”
ဝမ်ရှန်းသည် သူ၏ရင်ဘတ်ကို ပုတ်ကာ အခြားသူ၏ စကားကြောင့် ဝမ်းသာသွားသည့် ဟန်ဖြင့်-
“ဘာမှမဖြစ် နိုင်တော့ဘူး။ အဲ့ချိန်ကျ ကျွန်တော့်ကို အော်ရဲတဲ့လူ ဘယ်သူမဆို လူကြီးမင်းနဲ့ စကားပြောခိုင်း လိုက်မယ်”
“ငါ့ကိုပါ ထည့်ပေါင်းဟေ့”
မိန်းမစိုးသည်လည်း နောက်ကောက် မနေနိုင်ပေ။ သူသည်လည်း –
“တစ်ယောက်ယောက်က မင်းပြောတာကို သဘောမတူဘူးဆိုရင် သူ့ကိုပြောလိုက် ဝူရုံမြို့ရဲ့ အရိပ်က သူနဲ့ စကားပြောချင်တယ်လို့”
အရိပ်ဟူသည် နာမည်ဝှက် တစ်ခုဖြစ်၏၊ ဝမ်ရှန်း၏ နာမည်ဝှက် အထီးကျန် ဝံပုလွေ ကဲ့သို့ပင် ဖြစ်သည်။ သို့သော် အရိပ်၏ ဂုဏ်သတင်းက အတော်ကို ကြီးမားလိမ့်မည်ဟု ဝမ်ရှန်း အခိုင်အမာ ယုံကြည်ပေသည်။
မိန်းမစိုးသည် မြို့အတွင်း၌ နေနိုင်ပြီး အိမ်တော်ထိန်း ကိုယ်တိုင် သတ္တမအဆင့် ဝိညာဉ်သခင်ဟု ပြောခဲ့သည့်အပြင် သူသည် တော်ဝင်လျှို့ဝှက် တာဝန်များကိုလည်း ထမ်းဆောင် နေသေးပေသည်။ ထို့ကြောင့် မိန်းမစိုး၏ ခွန်အားသည် လူများစွာကို သေချာပေါက် ကြောက်ရွံ့ သွားစေပေလိမ့်မည်။
ဤစားကောင်း သောက်ဖွယ်ကို သူတို့နှစ်ယောက် သေချာပေါက် ကြိုက်ပေလိမ့်မည်။ ဟုတ်ပါသည်၊ ဝမ်ရှန်းသည် ထိုစကားများက ရိုးရှင်းသည်ဟု တွေးရလောက်သည်အထိ မနုံအပေ။
သူတို့နှစ်ယောက်က ထိုသို့သော စကားများ ပြောခဲ့သည့် အတွက်ကြောင့် အနည်းဆုံး အချိန်တစ်ခု ကြာသည်အထိ ဝမ်ရှန်းသည် အခြားသူများ အန္တရာယ် ပြုလာမည်ကို အမှန်တကယ် စိုးရိမ်နေစရာ မလိုတော့ပေ။
သို့သော် ထိုင်နေပြီး အနားယူနေရန်လည်း မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏အကြီးမားဆုံး အန္တရာယ်သည်လည်း တစ်ဖန် ဤအရိပ် မိန်းမစိုးနှင့် ရေခဲအဘိုးကြီးလီ ဖြစ်လာနိုင် သောကြောင့်ပင် ဖြစ်၏။
ညအမှောင် ရောက်လာသည့် အချိန်တွင် ဝိညာဉ်သခင် နှစ်ယောက်သည် သူတို့ခြံဝန်း အသီးသီးသို့ ပြန်သွားကြကာ ဝမ်ရှန်း၏ ခြံဝန်းအတွင်းတွင် ဝမ်ရှန်း တစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။
ဝမ်ရှန်း အပြင်ဘက်၌ ရှိနေသည့် ပန်းကန် ခွက်ယောက်များကို ဆေးကြောလိုက်၏။ ထို့နောက် အရိုးပုံနှင့် အခြား အကြွင်းအကျန်များကိုလည်း ရှင်းလင်းလိုက်သည်။ ရှင်းစရာ ဆေးကြောစရာများကို ရှင်းလင်း ဆေးကြောပြီးသည့် နောက်မှာမှ သူ အိပ်ရာ ဝင်လိုက်၏။
အိပ်ရာထက်၌ လှဲလိုက်သည့် အချိန်မှာမှ ဝမ်ရှန်း သူ၏ယွမ်ဝိညာဉ် နယ်မြေကို ယုံကြည်ချက်ရှိရှိ စစ်ဆေးကြည့် လိုက်သည်။ ယခုအချိန်မှာ သူသည် မည်သည့် မူမမှန်မှုကိုမှ ပြသ၍ မရပေ။ ဝူရုံမြို့၏ အတွင်းပိုင်း၌ ဆိုသော်ငြားလည်း သူ၏ သတိကို လျှော့ပစ်လိုက်၍ မရပါချေ။
ဝမ်ရှန်း၏ ခန့်မှန်းချက်မှာ မှန်ပေသည်။ သူ၏အသိစိတ်ကို ယွမ်ဝိညာဉ် နယ်မြေ အတွင်းသို့ နစ်မြှုပ်လိုက်သည့် အချိန်တွင် စိတ်လှုပ်ရှားနေသည့် ချီဝမ်နဂါးများက အဆင့်တစ်ခုအထိ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သူ တွေ့လိုက်ရသည်။ သူတို့သည် ဝမ်ရှန်း အစာကျွေးမည်ကို စောင့်နေကြခြင်းပင် ဖြစ်၏။
ဝမ်ရှန်းသည် ယနေ့၌ သူ စားသောက်ခဲ့သည့် အရာများကို ဝိညာဉ်နယ်မြေ အတွင်း၌ ပြန်မြင်ယောင် ကြည့်လိုက်သည်။ သူ အစိတ်အပိုင်း တစ်ခုကို တွေးလိုက်ပြီး အော်ရာဖြင့် ပုံဖော်တည်ဆောက် လိုက်သည့် အချိန်တိုင်း သေးငယ်သည့် ချီဝမ်နဂါးများသည် ထိုအော်ရာကို ဝါးမျိုလိုက်ကြသည်။
ထို့နောက် ထိုအော်ရာကို ဝါးမျိုခဲ့သည့် ချီဝမ်နဂါးသည် ကြီးမားသည့် တောင်နားသို့ သွားကာ အစိတ်အပိုင်း တစ်ခုကို ကိုက်လိုက်သည့် အချိန်တွင် အခြား ချီဝမ်နဂါးများထက် နှစ်ဆ ပိုကိုက်နိုင်သည်ကို ဝမ်ရှန်း မြင်လိုက်ရ၏။
အစားအသောက် ဝါးမျိုလိုက်သည့် အချိန်တွင် ထိုချီဝမ်နဂါး၏ ခန္ဓာကိုယ်သည် ဖောင်းကားလာကာ ကြီးမားလာခဲ့၏။ တစ်ခဏ ကြာပြီးသည့် အချိန်တွင် သူသည် ယခင်ကထက် ၂၀ ရာခိုင်နှုန်း ပိုမိုကြီးမား လာခဲ့ပေသည်။
ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ ဝမ်ရှန်း စိသက်သာရာ ရသွားခဲ့ပြီး အစားအသောက်များ ပုံဖော်ရာ၌ ပိုမိုအာရုံစိုက် လိုက်တော့သည်။ သို့သော် ထူးဆန်းသည်က မည်သည့် ချီဝမ်နဂါးကမှ တူညီသည့် အစားအသောက်အား စိတ်မဝင်စားခြင်း ဖြစ်၏။
ထို့ကြောင့် ဝမ်ရှန်းသည် နောက်ထပ် အချက်တစ်ခုကို သိရှိသွားခဲ့သည်၊ သူသည် အစားအသောက် အမျိုးအစား အစုံသိရန် လိုအပ်ပေသည်။
ယွမ်ဝိညာဉ် နယ်မြေ အတွင်းတွင် အစားအသောက်များကို မြင်ယောင် ပုံဖော်ခြင်းက ကိုယ်တိုင် ချက်ပြုတ်ရသည်ထက် များစွာ လွယ်ကူပေလိမ့်မည်။ ဝမ်ရှန်းသည် မန်ချူး စားသောက်ပွဲကြီးကို တစ်ခေါက်မှ မစားသောက်ခဲ့ဖူးပေ။ သို့သော် သူသည် ထိုအကြောင်းကို မှတ်တမ်း ရုပ်ရှင်များ၌ မြင်ခဲ့ဖူး၏။ တစ်နေ့တွင် သူသည်လည်း ချီဝမ်နဂါး တစ်ထောင်ကျော်ကို အစာကျွေး နိုင်မည်ဟု သူယုံကြည်ပေသည်။
ယခုအချိန်တွင် သူသည် အရိုးရှင်းဆုံး အရာများဖြင့်သာ စတင်လိုက်၏။ ယနေ့ သူကိုယ်တိုင် ချက်ပြုတ်ခဲ့သည့် အရာများသည် လက်တွေ့နှင့် အနီးစပ်ဆုံး ဖြစ်ကာ ပုံဖော်မြင်ယောင်၍ အလွယ်ကူဆုံး ဖြစ်သည်။ အမျိုးအစား မတူခြင်းက ပို၍ အဆင်ပြေသည်ဟု သိရှိလာသော အချက်ကြောင့် ဝမ်ရှန်းသည် သူ၏ဝိညာဉ် နယ်မြေထဲတွင် အမျိုးမျိုးသော အရသာရှိသည့် အစားအသောက်များကို စတင် ပုံဖော်ပြုလုပ် လိုက်တော့သည်။
***