Switch Mode

Chapter – 130

အစားအသောက်၏ သွေးဆောင်ဖြားယောင်းမှုကိုခံရခြင်း (၁)

အပိုင်း ၁၃၀
အစားအသောက်၏ သွေးဆောင်ဖြားယောင်းမှုကိုခံရခြင်း (၁)

ဝမ်ရှန်း ကိုယ်တိုင်ပင် ထင်းများ ထည့်နေသည့် အချိန်ကတည်းက သွားရည်ကျနေပြီ ဖြစ်၏။ ထို့ကြောင့် ဤအနံ့ကိုရသည့် ဝိညာဉ်သခင်များသည်လည်း မည်သို့ ဖြစ်နေမလဲ ဆိုတာကို သူ တွေးကြည့် နိုင်ပေသည်။

ဤကမ္ဘာထဲ၌ ထိပ်တန်း စားဖိုမှူး မရှိဘူးလား… ထိုကဲ့သို့ ထိပ်တန်း စားဖိုမှူးမျိုးသည် ဝူရုံမြို့အတွင်း၌ မရှိဘူးလား… ရှိပေသည်…

သို့သော် မြို့အရှင် စံအိမ်၌သာ ရှိခြင်းဖြစ်၏။ အခြား ကြေးစားများသည် မြို့အတွင်း၌ ရှိနေသည်ဖြစ်စေ၊ မြို့ပြင်၌ ရှိနေသည် ဖြစ်စေ အပြင်အစားအစာကို စားသည်မှာ ရှားပေသည်။

မြို့ပြင်သည် အန္တရာယ်များပြီး သူတို့ မယုံကြည်ရသည့် လူများ ပြုလုပ်ထားသည့် အစားအသောက်များကို မစားရဲသည်မှာ ပြောစရာပင် မလိုပေ။

မြို့တွင်းပိုင်းမှ လုံခြုံရေးသည် ပို၍ ကောင်းမွန်၏၊ သို့သော် တစ်ခါတစ်ရံတွင် ထိုဝိညာဉ် သခင်များသည် သူတို့ အချင်းချင်းကိုပင် မယုံကြပေ။ ထို့ကြောင့် ဆယ်ယောက်တွင် ကိုးယောက်သည် သူတို့ဘာသာ သူတို့ ချက်ပြုတ် စားသောက်လေ့ ရှိကြသည်။ သူတို့၏ ချက်ပြုတ် စွမ်းရည်မှာ ထည့်စဉ်းစားစရာပင် မလိုပေ။

သို့သော် ဤနေ့သည် ထူးဆန်းစွာ လမ်းများထက်၌ မွှေးပျံ့သည့် အနံ့ဖြင့် ပြည့်နှက်နေလေသည်။ ယခင်က မည်သူမှ မရခဲ့ဖူးသည့် အနံ့မျိုး ဖြစ်၏။ အမှန်တကယ် လူအများကို အနံ့နဲ့များ သတ်နေလေရော့ သလား…

ဝမ်ရှန်းသည် အချိန်အတော် ကြာအောင် အဖုံး ဖုံးထားသည့် ဟင်းအိုးထဲမှ ထွက်ပေါ် လာနေသည့် အငွေ့အား ရှူကြည့် လိုက်သည်။

ထိုအခိုက်အတန့်တွင် သူ၏ယွမ်ဝိညာဉ် နယ်ပယ် အတွင်း၌ ရှိနေသည့် သေးငယ်သော ချီဝမ်နဂါးများသည် ကိုယ်ဗလာနှင့် အလှလေးများအား မြင်လိုက်ရသည့် နှာဘူး အုပ်စုပမာ ကခုန် နေကြလေ၏။ သူ၏ ခန့်မှန်းချက်က မှန်ကန်ကြောင်း ဝမ်ရှင်း ကျေနပ်နားလည် သွားခဲ့သည်။

သို့သော် ဒီဟင်းအိုးကို ဘယ်လောက်ကြာအောင် တည်ပြီးမှ စားရမလဲနှင့် ဘယ်လောက် ကြာအောင် တည်လျှင် အရသာ ကောင်းပြီလဲ ဆိုသည်ကို သူ မသိပေ။

မနက်ပိုင်း ဝမ်ရှန်း ရေချိုးသည့် အချိန်မှစ၍ သူ၏ လှုပ်ရှားမှုများကို နားထောင်နေသည့် အိမ်နီးချင်း ဝိညာဉ်သခင်သည်လည်း ဝိုင်ခွက်ကို ကိုင်ထားကာ လေထဲမှ အနံ့ကို ရှူရှိုက် နေကြသည်။ သူ၏ ပါးစပ်မှ သွားရည်ကျလုနီးပါး ဖြစ်နေပြီဖြစ်၏။ ဤအရာသည် ဗိုက်ဆာနေသည့် လူတစ်ယောက်ကို အရသာရှိသည့် အစားအသောက်များအား အနံ့ခံခိုင်းကာ နှိပ်စက် ညှဉ်းပန်း နေသည်နှင့်ပင် တူပေသည်။

“မိတ်ဆွေက အခုမှ ဒီနေရာကို ပြောင်းလာတဲ့ လူမလား”

ဝမ်ရှန်းသည် အိုးအဖုံးအား ဖွင့်ကာ အသားနူးမနူး တူဖြင့် ထိုးကြည့်ရန် လုပ်နေစဉ်တွင် ရုတ်တရက် သူနှင့် ရင်းနှီးသည့် အသံတစ်သံကို ကြားလိုက်ရ၏။

“ကျုပ်က ဘေးအိမ်ကပါ၊ မိတ်ဆွေလေးနဲ့ တွေ့ခွင့်ရတဲ့ အတွက် ဝမ်းသာပါတယ်”

ထိုအသံသည် အိမ်တော်ထိန်း ပြောသည့် အဆင့်ခုနစ် ကြေးစား နေထိုင်ရာ ခြံဝန်းဘက်မှ ထွက်လာခြင်းဖြစ်၏။ ဝမ်ရှန်းသည် အိုးအဖုံး ပြန်ဖုံးကာ သူရင်းနှီးကျွမ်းဝင်ဖူးသည့် အသံရှိရာ လူနှင့် တွေ့ဆုံရန် မီးဖိုဆောင်မှ ထွက်လာလိုက်သည်။

တော်ဝင်မိသားစုအား ကိုယ်စားပြုသည့် မိန်းမစိုးသည် မျက်လုံးများ မှိတ်ထားကာ နံရံကိုမှီ၍ ရပ်နေခဲ့၏။ သူ၏နှာခေါင်းသည် အဆက်မပြတ် ရှုံ့တွနေပြီး လေထုအတွင်းရှိ အရသာရှိသော အနံ့အကုန်လုံးကို သူတစ်ယောက်တည်းသာ ရှူရှိုက် ပစ်ချင်နေဟန် ရှိပေသည်။ ထိုသူသည်ကား ဝမ်ရှန်းအား နှုတ်ဆက်စကား ပြောလိုက်သော သူတည်း…

“တွေ့ရတာ ဝမ်းသာပါတယ် စီနီယာ…”

ဝမ်ရှန်းမှ ပုံမှန်အတိုင်း နှုတ်ဆက်လိုက်၏။ ထို့နောက် သူသည် မိန်းမစိုးအား ဝင်လာခိုင်းကာ ခြံဝန်းအတွင်းရှိ ကျောက်စားပွဲ၌ ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။

မိန်းမစိုးသည် ဝမ်ရှန်းအား မသိချင်ယောင် ဆောင်နေခြင်း ဖြစ်ကြောင်း သိသာပေသည်။ ထို့အတွက်ကြောင့် ဝမ်ရှန်းသည်လည်း ထိုဟန်ဆောင်မှုကို ပျက်ယွင်း သွားအောင် လုပ်ရလောက်သည် အထိ မရူးသွပ်ပေ။ သူသည်လည်း နွေးထွေးစွာ ကြိုဆိုချင်ယောင် ဆောင်လိုက်သည်။

ဤမိန်းမစိုးသည် အမှန်တကယ်ကို ခွန်အားကြီးမား သန်မာပေသည့် အပြင် သူသည် အမြဲတမ်း ဝူရုံမြို့ မြို့တွင်း၌ နေထိုင်နေခဲ့ခြင်း ဖြစ်၏။ ဝမ်ရှန်းသည် ဤမိန်းမစိုးက သူ့အိမ်အသစ်နှင့် ကပ်လျက်၌ နေထိုင် နေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

ကြည့်ရသည်မှာ နောင်လာမည့် နေ့ရက်များတွင် ဝမ်ရှန်းသည် သတိထားကာ အိပ်ရတော့ပေမည်။

“ဒါက ဘာအနံ့လဲ။ အနံ့က တော်တော်ကို…”

မိန်းမစိုးသည်လည်း အားနာ မနေတော့ပေ။ ထိုင်ခုံ၌ ထိုင်ပြီးသည်နှင့် သူသည် ဝမ်ရှန်းအား တဲ့တိုးပင် မေးလိုက်၏။ အချိန် အတော်ကြာ စဉ်းစားပြီးသည့်တိုင် သူသည် သင့်တော်သည့် စကားလုံးကို ရှာမတွေ့သောကြောင့် နောက်ဆုံးတွင် ထိုအနံ့ကို ထူးဆန်းသည့် အနံ့ဟုသာ ဖော်ပြလိုက်၏။

“တော်တော်ကို… ထူးဆန်းတယ်မလား”

“ဟိုး…”

ဝမ်ရှန်းမှ မိန်းမစိုး၏ စားသောက်ချင်နေသော မျက်နှာ အမူအရာအား ကြည့်လိုက်သည်။ ထို့နောက် သူသည် မနေနိုင်ဘဲ ရယ်လိုက်ကာ ပြုံး၍ ပြန်ဖြေလိုက်၏။

“အသားဆိုင်က ပိုတာတွေကို လွှင့်ပစ်လိုက်ဖို့က နှမြောစရာ ကောင်းလို့ အိုးတစ်အိုးစာလောက် ချက်စားမလို့ပါ”

မိန်းမစိုးသည် ဆက်၍ သည်းခံနိုင်သည့်ပုံ မပေါ်တော့ပေ။ သူသည် နှာခေါင်း တရှုံ့ရှုံ့ဖြင့် အနံ့ခံ နေခဲ့လေသည်။ ဝမ်ရှန်းသည် ပြုံးရယ် လိုက်ပြီး –

“အဝေးမှာ ရှိနေတဲ့ ဆွေမျိုးက အနီးအနားမှာရှိတဲ့ အိမ်နီးချင်းလောက် မကောင်းဘူးတဲ့။ ဒီစီနီယာက အိမ်နီးချင်း တစ်ယောက်ဖြစ်ပြီး ကျွန်တော်က အသစ်ရောက်လာတဲ့ လူသစ် တစ်ယောက်ပါပဲ။ စီနီယာက ကျွန်တော့်ကို လေးလေးစားစား ဆက်ဆံနေစရာ မလိုပါဘူး။ ဟင်းအိုးကလည်း မကြာခင် ကျက်လောက်ပြီ ဆိုတော့ ဟင်းရည်ကို မြည်းစမ်း ကြည့်ပေးဖို့ စီနီယာကို ဖိတ်ခေါ်ပါတယ်”

“အိမ်နီးနားချင်းတွေကို ညစာစားပွဲ ဖိတ်တာလား။ အဲ့လိုဆိုရင် ဘယ်လိုလုပ် ကျုပ်ကို မေ့ထားလို့ ရမှာလဲ”

ဝမ်ရှန်း၏ စကားဆုံးသည်နှင့် ခြံဝန်း၏ အခြား ဘေးတစ်ဖက်မှ လူတစ်ယောက်၏ အသံ ထွက်ပေါ် လာခဲ့သည်။

ထိုအသံ ထွက်ပေါ် လာသည်နှင့် ဝမ်ရှန်းအနား၌ လျှပ်တစ်ပြက် လှုပ်ရှားသွားကာ သူ့နားသို့ လူတစ်ယောက် ရောက်ရှိ လာခဲ့သည်။

ထိုလူသည် မိန်းမစိုးလောက် အသက်မကြီးပေ။ သို့သော် သူသည် အသက် ၄၀ – ၅၀ ခန့်ရှိပေသည်။ သူ၏လှုပ်ရှားမှုက အလွန်လျင်မြန်ကာ ဝမ်ရှန်းသည် ထိုလူအသံ ကြားလိုက်ရပြီး သူ့ဘေးသို့ ရောက်လာသည်ကိုသာ သိလိုက်ရ၏။ ကြားထဲ၌ ဖြစ်ပျက်သွားသည့် အဖြစ်အပျက်များကို မမြင်လိုက်ရပေ။

သို့သော် မိန်းမစိုးသည် ဤသက်လတ်ပိုင်း အရွယ် အမျိုးသားနှင့် အပေးအယူ မျှဟန်ရှိ၏။ ထိုလူပေါ်လာသည်ကို မြင်လိုက်ရသည့် အချိန်တွင် သူသည် ပေါ့ပါးစွာသာ ခေါင်းညိတ် လိုက်၏။

“ခင်ဗျားလည်း ရောက်လာပြီလား”

“အနံ့က တော်တော်ကို ဆွဲဆောင် နေတာကိုး”

သက်လတ်ပိုင်းအရွယ် အမျိုးသားမှ မျက်မှောင်ကြုတ်ကာ စိတ်ဖိစီးဟန်ဖြင့် ပြောလိုက်၏။

“အဲဒါကြောင့် ကျုပ်လည်း ဘာမှ မတတ်နိုင်ဘူးလေ”

ဝမ်ရှန်း၏ ဟင်းနံ့က ဘာလို့ ဒီလောက်တောင် မွှေးနေရတာလဲ ဆိုတာကို သူတို့နှစ်ယောက်လုံး နားမလည်နိုင်ပေ။ သို့သော် သူတို့နှစ်ယောက်၏ ပုံစံကြောင့် ဝမ်ရှန်း အံ့သြသွားခဲ့၏။

မိန်းမစိုးသည် တော်ဝင်မိသားစု အဖွဲ့ဝင် တစ်ယောက်ဖြစ်သည်။ တော်ဝင်စားဖိုမှူး၏ အချက်အပြုတ် လက်ရာသည် အလွန် အရသာရှိမည်ဖြစ်ကာ သူသည်လည်း ထိုလက်ရာတို့အား စားသောက် ဖူးပေလိမ့်မည်။

သို့သော် ယခုအချိန်တွင် မိန်းမစိုးသည် သူကိုယ်တိုင် ဝမ်ရှန်းထံသို့ အရင်လာခဲ့၏။ ထို့ပြင် သူ၏ပုံစံသည် စားကောင်း သောက်ဖွယ်များကို တစ်ခေါက်မှ မစားဖူးသည့် ကျေးလက်တောသား တစ်ယောက်နှင့်ပင် တူနေလေသည်။

တစ်နည်းအားဖြင့် သူသည် ဤပုံစံအား ဟန်ဆောင် ထားခြင်းလည်း ဖြစ်နိုင်သည်။ သူသည် ဝမ်ရှန်း၏ ခြံဝန်းဘေး၌ နေထိုင်ကြောင်း သူကိုယ်တိုင် ပြောချင်သည့် အတွက်ကြောင့် ရောက်လာခြင်းလည်း ဖြစ်နိုင်ပေသည်…

ဝမ်ရှန်းသည် သူ့စိတ်ထဲ၌ ထိုသို့ တွေးလိုက်၏။ ဝမ်ရှန်းသည် ထိုဝိညာဉ်သခင် နှစ်ယောက်လုံးကို ထိုင်စေကာ သူတို့နှစ်ယောက် အတွက် အရသာရှိသည့် ဝိုင်နှင့် အရံဟင်း အမယ်များကို ပြင်ဆင် ပေးလိုက်သည်။ ထို့နောက် သူ၏ဟင်းအိုးအား သွားကြည့်လိုက်သည်။

ဝမ်ရှန်း ဟင်းအိုးတည် ထားသည်မှာ သုံးနာရီကျော် ကြာနေပြီဖြစ်၏။ သူတို့နှစ်ယောက်ထံမှ ပြန်လာပြီးနောက် ဝမ်ရှန်း အသားကို တူဖြင့် ထိုးကြည့် လိုက်သည့် အချိန်တွင် အသား နူးနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ဝမ်ရှန်းသည် မီးဖိုအတွင်းမှ ထင်းများကို ဖယ်ထုတ်ကာ မီးသတ်လိုက်၏။ ထို့နောက် ဟင်းရည်ကို ပန်းကန်လုံးကြီး တစ်လုံးထဲ ထည့်ကာ ယူလာလိုက်လေသည်။

အနံ့က ပိုပိုပြင်းလာသည့် အတွက်ကြောင့် မိန်းမစိုးနှင့် သက်လတ်ပိုင်းအရွယ် ဝိညာဉ်သခင်တို့သည် အလွန် စားချင်နေကြပြီ ဖြစ်၏။ သို့သော် တစ်စုံတစ်ခုအား တွေ့လိုက်ချိန် သူတို့ မြင်လိုက်ရသည့် အရာကြောင့် သူတို့ မျက်လုံးကိုပင် သူတို့ မယုံနိုင် ဖြစ်သွားခဲ့၏။

“ဒါတွေလား”

ခေါင်း၊ ခွာ၊ သားရေ၊ လက်သည်းများနှင့် အူများကို ရေထဲသို့ ပေါင်းထည့် ထားသည်မှာ တကယ်ကို စားချင်စဖွယ် မရှိလှပေ။ သူတို့နှစ်ယောက်သည် ဤအရာများကို ဘယ်လိုလုပ် စားနိုင်မည်နည်း။ သို့သော် အနံ့က ဘယ်လိုများ… ဒီလောက်တောင် မွှေးနေရတာလဲ…။

“ကျွန်တော့်ရဲ့ အချက်အပြုတ် စွမ်းရည်က တော်တော်ကို ညံ့ဖျင်းလွန်း လှတာကြောင့် စီနီယာတို့ နှစ်ယောက်ကပဲ ခွင့်လွှတ်ပေးပါ…”

ဝမ်ရှန်းမှ ဟင်းရည် ပန်းကန်လုံးကို ယူလာကာ ယဉ်ကျေးစွာ ပြောလိုက်၏။ ထို့နောက် သူသည် ရစ်ငှက်၏ လက်သည်းကို ပူမပူကို ဂရုစိုက် မနေတော့ဘဲ တဖြည်းဖြည်းချင်း ကိုက်စား လိုက်တော့၏။

ဤသည်မှာ ဝမ်ရှန်းသည် ဧည့်ဝတ် မကျေပြွန်ခြင်း မဟုတ်ပေ။ သူသည် သူတို့နှစ်ယောက် စိတ်ချရန်အတွက် အရင်စားပြ လိုက်ခြင်းသာ ဖြစ်၏။ ဝမ်ရှန်းသည် ထိုထဲ၌ မည်သည့် မကောင်းသည့် အရာမှ မပါဝင်ကြောင်း သက်သေပြရန်အတွက် သူကိုယ်တိုင် စားပြလိုက်ခြင်း ဖြစ်သည်။

တစ်ကိုက်ပြီး တစ်ကိုက် စားပြီးသည့် အချိန်တွင် ဝမ်ရှန်း အနည်းငယ် မျက်မှောင်ကြုတ် သွားခဲ့သည်။ ယခုလေးတင် အိုးမှချလာခြင်း ဖြစ်သည့် အတွက်ကြောင့် ရစ်ငှက်၏ လက်သည်းများသည် အလွန် နူးညံ့ကာ စားကောင်း လှပေသည်။

သို့သော် အစွယ်နှင့် ခွာများက အလွန် နူးညံ့နေမည်ဆိုလျှင် ကိုက်၍ မရတော့ပေ၊ ထိုကဲ့သို့ဆိုလျှင် အရသာလည်း ကောင်းတော့မည် မဟုတ်ပေ။ ဤကမ္ဘာပေါ်တွင် ရေခဲသေတ္တာ မရှိသည်မှာ နှမြောစရာပင် ဖြစ်၏။ နည်းနည်း အအေးခံလိုက်မည် ဆိုလျှင် ပိုမာသွားပြီ ဖြစ်ကာ ကိုက်၍ ပိုကောင်းပေလိမ့်မည်။

“နှမြောစရာ ကောင်းလိုက်တာ”

တစ်ချက် ကိုက်ပြီးနောက် ဝမ်ရှန်းမှ သက်ပြင်း ချလိုက်သည်။

“အရသာက တော်တော်ကို ကောင်းတယ် ဆိုပေမယ့် သိပ်မကောင်းသေးဘူး။ နည်းနည်းလောက် အအေးခံလို့ ရမယ်ဆိုရင် ပိုကောင်းသွားမှာ”

ဝမ်ရှန်းက လက်သည်းအား အားရပါးရ ကိုက်စား နေသည်ကို မိန်းမစိုးနှင့် ထိုသက်လတ်ပိုင်း အရွယ် အမျိုးသားမှာ ကြည့်နေခဲ့သည်။ ထိုမြင်ကွင်းအား မြင်လိုက် ရသောအခါ သူတို့ များစွာ စိတ်သက်သာရာ ရသွားခဲ့၏။

ဝမ်ရှန်း၏ စကားကို ကြားလိုက် ရသောအခါ သက်လတ်ပိုင်းအရွယ် အမျိုးသားမှ ချက်ချင်း မေးလိုက်သည်။

“ဘယ်လောက် အအေးခံရမှာလဲ”

“ခဲတဲ့အထိတော့ မဟုတ်ဘူး၊ နည်းနည်းမာပြီး ကိုက်လို့ ကောင်းရုံ လောက်ပဲ”

ဝမ်ရှန်းမှ ပြောလိုက်၏။ ထို့နောက် အနည်းငယ် အအေးခံရန် လိုအပ်သည့် အစိတ်အပိုင်းများကို အိုးအတွင်းမှ ထုတ်ကာ အခြားဇလုံ တစ်ခုအတွင်း၌ ထည့်ထားလိုက်သည်။

“ဒါတွေကို အရင် စားလိုက်ကြရအောင်။ ကျန်တာတွေက အေးသွားမှ စားလို့ ပိုကောင်းမှာ”

“ဒီလောက်ထိ ဒုက္ခခံစရာ မလိုပါဘူး”

မိန်းမစိုးမှ ပေါ့ပါးစွာ ပြန်ဖြေလိုက်၏။ ထို့နောက် သူသည် လက်တစ်ဖက် ဆန့်ထုတ်ကာ ဝမ်ရှန်း ဖယ်ထားသည့် ဇလုံအား လက်ဖြင့် ဆုပ်ကိုင် လိုက်သည်။

မိန်းမစိုး၏ လက်ဝါးမှ ရေခဲအော်ရာများ ထွက်လာခဲ့၏၊ ထိုအော်ရာသည် ပူနေဆဲဖြစ်သည့် စွပ်ပြုတ်ကို အေးစက်သွားအောင် ချက်ချင်း ပြောင်းလဲ ပေးနိုင်ခဲ့ပေသည်။ သူ၏ အော်ရာ ထိန်းချုပ်မှုသည် အလွန် ကောင်းမွန်ကာ အစိတ်အပိုင်းများ အကုန် မခဲသွားပေ။ ဝမ်ရှန်း လိုချင်သည့်အတိုင်း အတိအကျပင် ဖြစ်သွားခဲ့ခြင်းဖြစ်၏။

“စီနီယာတို့ နှစ်ယောက် သုံးဆောင်ကြပါဦး”

ဝမ်ရှန်း ဘာမှထပ် မပြောခဲ့တော့ပေ။ သူသည် ဝိုင်ခရားကို ကိုင်ကာ သူတို့နှစ်ယောက် အတွက် ငှဲ့ပေးလိုက်ပြီး နှစ်ယောက်အား နွေးထွေးစွာ ပြောလိုက်သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset