အပိုင်း ၁၂၉
ချီဝမ်နဂါးသည် အစားအသောက်ကောင်းကြိုက်သူဖြစ်၏ (၂)
အမှန်အတိုင်း ပြောရမည်ဆိုလျှင် ဝမ်ရှန်း၏ အသားဆိုင်သည်လည်း ခြွင်းချက် တစ်ခုဖြစ်၏။ ဝမ်ရှန်းသည် အသစ်ရောက်လာသည့် လူသစ်တစ်ယောက် ဖြစ်သောကြောင့် သူသည် လူအများ ဝေဖန် အကဲဖြတ်ချင်သည့် ပစ်မှတ် ဖြစ်နေပေသည်။ ထို့ကြောင့် ဝမ်ရှန်းသည် သူ ရောင်းချသည့် အသားများနှင့် ပတ်သက်ပြီး ဘာမှ မလုပ်နိုင်ပေ။
ထိုကဲ့သို့သော အချိန်များ၌ ဝမ်ရှန်းသည် အသားများ၏ အဓိက အစိတ်အပိုင်း အချို့ကိုသာ ရောင်းချ ရပေသည်။ ခေါင်း၊ ခွာ၊ သားရေ၊ လက်သည်းများနှင့် အတွင်းအင်္ဂါ အစိတ်အပိုင်းများသည် အများအားဖြင့် ကျန်ခဲ့လေ့ရှိသည်။
ဤအစိတ်အပိုင်းများသည် ရောင်းချ၍ မရသောကြောင့် ဝမ်ရှန်းသည် ထိုအစိတ်အပိုင်းများကို အသုံးပြုကာ အဆာပြေ စားစရာများ အရင်ပြုလုပ်ရန် ဆုံးဖြတ်လိုက်၏။ အသားကင်ဆိုင်တွင် သူ၏ ရဲဘော်ရဲဘက်များနှင့် ဘီယာ သောက်သည်ကို ပြန်တွေးမိ သွားသောအခါ ဝမ်ရှန်း၏ ပါးစပ်တွင် တံတွေးများ တက်လာခဲ့တော့သည်။
ထိုအကြောင်းများကို တွေးမိသွားသည့် အချိန်တွင် ဝမ်ရှန်းသည် ယခုလက်ရှိ ကာလ၌ သူ နေထိုင် နေရသည့် ဘဝက ဘယ်လို ဘဝမျိုးလဲ ဆိုတာကို တွေးရုံသာ တွေးကြည့် နိုင်တော့သည်။ ယခု အခြေအနေကို စာကြောင်း တစ်ကြောင်းတည်းဖြင့် ဖော်ပြ၍ ရပေသည်။ ငှက်၏ပါးစပ် အတွင်းမှ ပြုတ်ကျသွားသည့် အသားတုံး ကဲ့သို့ပင် ဖြစ်၏။
သူသည် အသားမစားဘူးဟု မဆိုပေ။ စားကောင်း သောက်ဖွယ်များကို မစားရခြင်းသာ ဖြစ်၏။
ဝမ်ရှန်းသည် ထိုကဲ့သို့ တွေးမိသည်နှင့် ရေစည်အတွင်းမှ ချက်ချင်း ထလာလိုက်သည်။ သူ၏ ခန္ဓာကိုယ်ကို အလျင်အမြန် သုတ်ကာ အဝတ်အစား ဝတ်ပြီး ကြေးစား ခန်းမထံသို့ တည့်တည့် ဦးတည် သွားလိုက်၏။
မြို့အတွင်းပိုင်းသို့ သွားနေစဉ် လမ်းတစ်လျှောက်တွင် တိုက်ပွဲဝိညာဉ်သည် နေရာပေါင်းစုံမှနေ၍ အချက်ပေး နေခဲ့၏။ ဤသည်မှာ ဝူရုံမြို့၏ အတွင်းပိုင်းတွင် ထူးချွန် ထက်မြက်သည့် ဝိညာဉ်သခင်များ အမှန်တကယ် နေထိုင်နေကြောင်း သိသိသာသာ ရည်ညွှန်းနေခြင်းပင် ဖြစ်၏။
ဂျင်ဒီတားမြစ် နယ်မြေ အတွင်း၌လည်း သူသည် ဤကဲ့သို့ပင် အချက်ပြ သတိပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ဝမ်ရှန်း အနီရောင် မျဉ်းကြောင်းအား ဖြတ်လိုက်သည့် အချိန်တွင် တိုက်ပွဲ ဝိညာဉ်သည် အာရုံခံစားမှု မရှိတော့သကဲ့သို့ ချက်ချင်း ငြိမ်ကျ သွားခဲ့တော့သည်။
တော်ဝင် ရတနာစံအိမ်နှင့် ရတနာစံအိမ် နှစ်ခုလုံး ဤနေရာ၌ ရှိနေသည့် အတွက်ကြောင့် ဝမ်ရှန်းသည် ကြေးစားခန်းမသို့ လာခဲ့ခြင်းဖြစ်၏။ ဝမ်ရှန်းသည် ရတနာစံအိမ်ထံသို့ သွားကာ ဆိုင်ပိုင်ရှင်အား နှုတ်ဆက်လိုက်ပြီး မြို့တွင်း၌ ရှိနေသည့် သူ၏အိမ်လိပ်စာ အသစ်အား ပြောပြလိုက်သည်။
ထို့နောက် သူသည် ဆိုင်ပိုင်ရှင်အား ဟင်းခတ် အမွှေးအကြိုင်များ အားလုံး၏ စာရင်းကို သူ့အား ပြင်ဆင်ပေးရန် ပြောလိုက်၏။ တော်ဝင် ရတနာစံအိမ်သို့ သွားသည့်အချိန်၌ သူသည် ထိုအတိုင်းသာ ပြုလုပ်ခဲ့သည်၊ ဟင်းခတ် အမွှေးအကြိုင်များ အားလုံး၏ စာရင်းအား ပြုစုစေလိုက်သည်။
ယခုတစ်ကြိမ်တွင် လုဝမ်ဟုန် မပေါ်လာခဲ့ပေ။ သို့သော် လင်းအာသည် ဝမ်ရှန်း လိုချင်သည့် ပစ္စည်းစာရင်းကို သူ့အား လာပေးခဲ့၏။ ဝမ်ရှန်းသည် ပိုက်ဆံ ကိစ္စမပြောခဲ့ပေ၊ ပစ္စည်းစာရင်းကို ယူကာသာ လှည့်ထွက်ခဲ့လိုက်၏။ ဤကဲ့သို့သော ကိစ္စမျိုးအတွက် တော်ဝင်ရတနာ စံအိမ်သည်လည်း ဝမ်ရှန်းအား ပိုက်ဆံတောင်းမည် မဟုတ်ပေ။
သို့သော် စံအိမ် နှစ်ခုလုံးထံမှ အမွှေးအကြိုင် စာရင်းများ ရရှိခဲ့ပြီး နောက်တွင် ဝမ်ရှန်း အလွန် စိတ်ပျက် သွားခဲ့သည်။ ဝူရုံမြို့ရှိ အကြီးမားဆုံး စီးပွားရေး လုပ်ငန်းနှစ်ခု ပေါင်းလိုက်သည့် အချိန်မှာပင် ဝမ်ရှန်းသည် သူ အလိုချင်ဆုံး အမွှေးအကြိုင်ကို မရရှိခဲ့ပေ။
ထားလိုက်တော့… ဤနေရာမှ လူများမှာ သူ လိုချင်သည့် အမွှေးအကြိုင်အကြောင်း မသိခြင်းလည်း ဖြစ်နိုင်ပေသည်။
ဝိုင်ကောင်းကောင်းလည်း မရှိသေးသည်ကို တွေးမိလိုက် သောအခါ ဝမ်ရှန်းသည် ရွှေဒင်္ဂါး အချို့ကို သုံးလိုက်ပြီး တော်ဝင်ရတနာ စံအိမ်နှင့် ရတနာစံအိမ်တို့မှ လူများကို သူ၏အိမ် အသစ်ထံသို့ ဖန်ပုလင်း အချို့ ပို့ပေး ခိုင်းလိုက်သည်။ ထို့နောက် သူတို့ကို စား၍ရသည့် အသီးအရွက် အချို့ကိုလည်း ပို့ပေးခိုင်း လိုက်၏၊ ထိုကဲ့သို့ဆိုလျှင် အသားနှင့် အသီးအရွက်များကို ရရှိသွားပြီဖြစ်၏။
အစားအသောက်ကောင်း စားချင်သည်ဆိုလျှင် ထိုအစားအသောက်ကို ကိုယ်တိုင် ဘယ်လို ချက်ပြုတ်ရမလဲ ဆိုတာ ပုံဖော် တွေးကြည့်ရမည် ဖြစ်၏။
ပထမဦးစွာ ဝမ်ရှန်းသည် ဆေးဖော်စပ်သည့် ဆိုင်သို့ သွားကာ သူလိုချင်သည့် ပစ္စည်းကို အချိန်အတော်ကြာ ရှာလိုက်၏။ ထို့နောက် နောက်ဆုံးတွင် သူလိုချင်သည့် ပစ္စည်းများကို ရှာတွေ့သွားခဲ့သည်။ ယခုတွင် စားသောက်ဆိုင်များထက် ဆေးဖော်စပ်သည့် ဆိုင်များတွင် ဟင်းခတ် အမွှေးအကြိုင်များ ပို၍ ရှိနေတတ်ပေသည်။
ဝမ်ရှန်း၏ အိမ်အသစ်တွင် မီးဖိုတစ်ခုရှိ၏၊ သို့သော် ကြော်လှော် ချက်ပြုတ်၍ ရသည့်အိုး မရှိပေ။ ထို့ကြောင့် ဝမ်ရှန်းသည် ပန်းပဲဆိုင်သို့ သွားကာ မီးဖိုချောင်သုံး ပစ္စည်းတစ်စုံ မှာယူလိုက်သည်။ ချက်ပြုတ်ရန်အတွက် ဇောက်နက် ဒယ်အိုးတစ်လုံး၊ ကြော်လှော်ရန် အတွက် ဟင်းချက်ဇွန်း တစ်ချောင်းနှင့် သူစဉ်းစား၍ရသည့် လိုအပ်သည့် ပစ္စည်းများ အားလုံးကို မှာယူလိုက်သည်။
မှာစရာ ရှိသည်များကို မှာယူပြီးနောက် ငွေရှင်းရန်အတွက် ဝမ်ရှန်း ငွေရှင်းကောင်တာသို့ သွားလိုက်၏။ သို့သော် ပန်းပဲဖို၏ ပိုင်ရှင်သည် ပိုက်ဆံ မယူသည့်အပြင် ရွှေဒင်္ဂါးငါးရာကို သူကိုယ်တိုင်ပင် လက်နှစ်ဖက်ဖြင့် ဝမ်ရှန်းအား ပေးလိုက်သည်။ ထိုအဖြစ်အပျက်ကြောင့် ဝမ်ရှန်းသည်ပင် အံ့အားသင့် ထိတ်လန့် သွားခဲ့၏။
သို့သော် ဤကဲ့သို့ ဖြစ်ရခြင်းမှာ ပုခက်ကုလားထိုင် ပြုလုပ်ခဲ့သည် လက်သမား ဆရာကြောင့် ဖြစ်သည်။ ထိုအကြောင်းကိုလည်း ဝူရှန်းမြို့ တစ်မြို့လုံး သိပေသည်။ ယခုအချိန်တွင် ဝမ်ရှန်းမြို့ရှိ လက်မှုပစ္စည်း လုပ်သည့်လူ ဘယ်နှယောက်လောက်က ဝမ်ရှန်း သူတို့ဆိုင်သို့ လာကာ ယခင်၌ မရှိသည့် ပစ္စည်းများကို မှာယူရန် စောင့်မျှော်နေမည်အား ခန့်မှန်း မရနိုင်ပေ။
ယနေ့တွင် ပန်းပဲဖို အတွင်း၌ ရယ်မောသံများဖြင့် ပြည့်နှက်နေခဲ့၏။ သူတို့သည် နေရင်းထိုင်ရင်းဖြင့် ကောင်းကင်မှ ကောင်းချီး ပေးလိုက်ခြင်းကို ခံလိုက်ရ သကဲ့သို့ပင်။ ဝမ်ရှန်းသည် အမှန်တကယ်ပင် သူတို့ထံ၌ ပစ္စည်းများ လာရောက် မှာယူခဲ့သည်။ နောက်ပိုင်းတွင် အမှာစာများ သေချာပေါက် အများအပြား ရရှိမည်မှာ ပြောစရာပင် မလိုတော့ပေ။
ပန်းပဲဖိုသည် ဝမ်ရှန်းအား ရွှေဒင်္ဂါးငါးရာသာ ပေးလိုက်ရခြင်း ဖြစ်၏။ သို့သော် ဝမ်ရှန်းကြောင့် ရလာမည့် အမှာစာများ၏ ရွှေဒင်္ဂါးများ အားလုံးကို ပေါင်းလိုက်မည် ဆိုလျှင် သူသည် ရွှေဒင်္ဂါးထောင်ကျော်မက မြတ်နိုင်ပေသည်။
ပန်းပဲဖိုပိုင်ရှင်မှ သူ့အား ရွှေဒင်္ဂါးများ ပေးလာသည့် အချိန်တွင် ဝမ်ရှန်း ထိတ်လန့်လုနီးပါး ဖြစ်သွားခဲ့သည်။ နောက်ပိုင်းမှာမှ အကြောင်းအရင်းအား သူ နားလည် သွားခဲ့၏။ အားလုံးသည် သူတို့ကိုယ်သူတို့ ကံကောင်းသည့် လူများအဖြစ် သတ်မှတ်ကာ သူ့အား ပိုက်ဆံ ပေးချင်ကြခြင်းပင် ဖြစ်သည်။
သို့သော် အဆင်ပြေပေသည်။ ဝမ်ရှန်းသည် သူတော်ကောင်းယောင် ဆောင်သည့်လူ မဟုတ်ပေ။ ဘာပဲပြောပြော သူသည် ပစ္စည်းတစ်စုံ မှာယူခဲ့ခြင်းဖြစ်၏။
ရက်အနည်းငယ် အတွင်းတွင် ဤပန်းပဲဖိုသည် သူ့ကြောင့် နောက်ထပ် အမှာစာများ ရလာပေလိမ့်မည်။ ထို့ကြောင့် သူသည် ဤရွှေဒင်္ဂါးများကို စိတ်သန့်သန့်ဖြင့် ယူ၍ရပေသည်။
ပန်းပဲဆရာ ထင်ထားသည့် အတိုင်းပင် ဝမ်ရှန်း ထွက်သွားသည်နှင့် လူအချို့သည် ပန်းပဲဖို အတွင်းသို့ ချက်ချင်း ဝင်ရောက် သွားခဲ့၏။ ထို့နောက် သူတို့သည် ဝမ်ရှန်း မှာယူခဲ့သည့် အတိုင်း ပစ္စည်းအစုံများ မှာယူလိုက်သည်။
ဆေးဆိုင်မှာမူ မည်သည့် ထူးခြားမှုမှ မဖြစ်ပေါ်ခဲ့ပေ။ မည်သို့ပင်ဆိုစေ ဝမ်ရှန်းသည် သူ၏ခန္ဓာကိုယ်ကို ဂရုစိုက်ရန် လိုအပ်ကြောင်း အားလုံး သိပေသည်။ ထို့ကြောင့် သူ ထိုနေရာ၌ ဆေးပစ္စည်းများ သွားဝယ်သည်မှာ ပုံမှန်ပင်ဖြစ်၏။ သို့သော် ပန်းပဲဖိုသွားသည်မှာ ထိုသို့ မတူပေ။ ဝမ်ရှန်းက မည်သည့် ပစ္စည်းများ မှာယူသွားကြောင်းကို သူတို့ မသိသော်လည်း ပုခက်ကုလားထိုင်ကို ကြည့်ခြင်းအားဖြင့် ထိုပစ္စည်းက မကောင်းသည့် ပစ္စည်း မဟုတ်ဘူး ဆိုသည်ကို သူတို့ ပြောနိုင်ပေသည်။
ဝမ်ရှန်းသည် ဟင်းခတ် အမွှေးအကြိုင် အထုပ်လိုက်ဖြင့် အိမ်သို့ ပြန်လာကာ စတင် ပြင်ဆင်လိုက်၏။
ကံကောင်းသည်မှာ ဤကမ္ဘာတွင် သားရဲများသည် ဝိညာဉ်စွမ်းအားများ ရှိသည့် သားရဲများ ဖြစ်သောကြောင့် သူတို့၏အသားများသည် အလွယ်တကူ မပုပ်သိုးလွယ်ချေ။ ဝမ်ရှန်းသည် သူ၏အိမ် အဟောင်း၌ ကျန်နေသည့် အသားများ အားလုံးကို ရောင်းချလိုက်သည်။
အိမ်တော်ထိန်းသည် ထိုအသားများကို လူတစ်ယောက် စေလွှတ်ကာ ပို့ပေးခဲ့ပြီး ဖြစ်၏။ အိမ်တော်ထိန်းသည် ဝမ်ရှန်း၏ ခြံဟောင်းအား ယူလိုက်ပြီး ဖြစ်သော်လည်း ဝမ်ရှန်းနှင့် ပတ်သက်သည့် ပစ္စည်းများ အားလုံးကိုတော့ သူ ဝမ်ရှန်းထံ ပို့ပေးခဲ့ပေသည်။
သူမှာယူထားသည့် ပစ္စည်းများ မရောက်သေးသော်လည်း ဤနေရာတွင် ကြီးမားသည့် အိုးတစ်လုံး ရှိပေသည်။ ထို့ကြောင့် သူသည် အရင်ဆုံး ချက်ပြုတ်ရန် ပြင်လိုက်၏။
သူ့တွင် ရစ်ငှက်သားရဲ ၂၀ ကျော်၏ လက်သည်းများ ရှိကာ ထိုအရာ အားလုံးကို သူ အိုးထဲသို့ ပစ်ထည့် လိုက်သည်။
ထို့နောက် ရစ်ငှက်သားရဲ၏ အမြစ်၊ အစွယ်များနှင့် ခွာများ၊ ဗိုက်သားများ၊ အူများ၊ လည်ပင်း… ထိုအရာများ အားလုံးကိုလည်း အိုးထဲသို့ ပစ်ထည့်လိုက်သည်။ ပစ္စည်းများ တစ်ခုပြီးတစ်ခု ထည့်လိုက်ရာ အိုးတစ်ဝက်ပင် ကျော်သွားပြီဖြစ်၏။
ပြီးနောက် ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်လိုက်သည်။ ဆူလာပြီးနောက် ရေကို ပြန်သွန်လိုက်ပြီး ရေသစ် ပြန်ထည့်ကာ နောက်တစ်ကြိမ် ပြန်တည် လိုက်သည်။ ထိုတစ်ကြိမ်တွင် ဝမ်ရှန်းသည် အိတ်တစ်ခု အတွင်း၌ ရောထည့်ထားသည့် ဟင်းခတ် အမွှေးအကြိုင်များကိုလည်း အိုးထဲသို့ ထည့်လိုက်၏။
ထို့နောက် မီးတောက်ဖြင့် ပွက်ပွက် ဆူစေပြီးနောက်တွင် ဝမ်ရှန်းသည် ထင်းတစ်ဝက်ခန့်ကို ထုတ်ကာ မီးအေးအေးဖြင့် ဆက်တည် လိုက်သည်။ ဟုတ်ပါသည်၊ ထိုထဲ၌ အဓိက ပါဝင်ပစ္စည်း ဖြစ်သည့် ဆားသည် ဝမ်ရှန်း ကိုယ်တိုင် သန့်စင် စစ်ထုတ်ထားသည့် ဆားဖြစ်သည်။ ဤကမ္ဘာမှ ဆားကြမ်းများကို ထည့်သုံးထားခြင်း မဟုတ်ပေ။
ထိုထဲ၌ ထည့်ထားသည့် ဟင်းခတ် အမွှေးအကြိုင်များသည် သိပ်ပြီး မစုံလှပေ၊ သို့သော် ဆိုးတော့လည်း မဆိုးလှပေ။ အရသာမှာ သူ၏ယခင်ဘဝမှ ရာစုနှစ် သက်တမ်း ရှိသည့် အစားအသောက် တံဆိပ်များနှင့်တော့ ယှဉ်နိုင်မည် မဟုတ်ပေ။
သို့သော် အိမ်တွင်သာ ချက်စားခြင်း ဖြစ်သည့် အတွက်ကြောင့် အဲ့လောက်ကြီးလည်း ကောင်းစရာမလိုပေ။ အတော်အသင့် စားကောင်းရုံလောက်ဖြင့် လုံလောက်ပြီဖြစ်၏။
ဝမ်ရှန်း အိမ်ရောက်ပြီး သိပ်မကြာခင်မှာပင် လူနှစ်ယောက်သည် ဝိုင်နှင့် ဟင်းသီးဟင်းရွက်များ သယ်လာကာ သူ၏အိမ်သို့ ရောက်ရှိ လာခဲ့သည်။
ဝမ်ရှန်းသည် ဟင်းသီး ဟင်းရွက်များထဲမှ အချို့ကို ဆေးကြော လိုက်ပြီး ရေနွေးဖြင့် ပြုတ်လိုက်သည်။ ထို့နောက် ရေအေးထဲသို့ စိမ်လိုက်၏၊ ထိုသို့ စိမ်ပြီး နောက်တွင် ဟင်းသီး ဟင်းရွက်များကို ရေအေးထဲမှ ပြန်ဆယ်ထုတ်ကာ ဟင်းခတ် အမွှေးအကြိုင် အချို့ဖြင့် ရောစပ်ပြီး သုပ်လိုက်သည်။ ယခုအချိန်တွင် အသားများ ကျက်မည့် အချိန်ကိုသာ စောင့်နေရတော့မည် ဖြစ်၏။
သူ၏မှတ်ဉာဏ်ထဲမှ အတိုင်း အရသာရှိစွာ စားသောက်နိုင်ရန် အတွက် ဝမ်ရှန်းသည် နေ့ခင်းပိုင်း၌ မစားခဲ့ပေ။ သူသည် ပန်းကန်ဝိုင်း တစ်ခုစာသာ အရင်စားကြည့်ကာ ညနေခင်းအမီ အသားများ နူးပြီး အရသာရှိရန် အတွက် စောင့်နေလိုက်၏။
ဝမ်ရှန်းသည် မီးကိုသာ ထိုင်ကြည့်နေကာ ထင်းများကို လိုရင်လိုသလောက် ထည့်နေခဲ့၏။ လစ်ဟနေသည့် ဒယ်ဖိုးအဖုံးမှ ထွက်လာသည့် အနံ့ဖြင့်ပင် သူသည် ဗိုက်ပိုဆာနေပြီ ဖြစ်သည်။ သို့သော် ထိုမွှေးပျံ့သည့် အနံ့သည် သူ၏ခြံဝန်းထဲ၌ သာမက လမ်းအတွင်းရှိ အိမ်တစ်ဝက်ကျော် အထိ ပျံ့နှံ့သွားကြောင်းကိုတော့ သူ မသိလိုက်ပေ။
ဝူရုံမြို့၏ မြို့တွင်း၌ နေထိုင်သည့် လူများ အားလုံးသည် ဝိညာဉ်သခင်များ ဖြစ်ကြ၏။ သူတို့အားလုံးကို မျက်တောင် တစ်ချက် မခတ်ဘဲ လူသတ်နိုင်သည့် ကြေးစားများဟုပင် ပြော၍ရပေသည်။ လူသတ်ရာ၌ဖြစ်စေ၊ သားရဲများကို သတ်ရာ၌ဖြစ်စေ ဝမ်ရှန်း အယောက် တစ်ရာသည်ပင် သူတို့နှင့် ယှဉ်နိုင်မည် မဟုတ်ပေ။
သို့သော် အချက်အပြုတ် အရာတွင် ဤဝိညာဉ်သခင်များ အယောက်တစ်ရာသည် ဝမ်ရှန်းနှင့် မယှဉ်နိုင်ပေ။
ဝမ်ရှန်းလာရာ ကမ္ဘာမြေ၊ အထူးသဖြင့် သူနေထိုင်သည့် တရုတ်ပြည်မှ သူ၏မွေးရပ် မြေသည် စားကောင်း သောက်ဖွယ်များဖြင့် ပြည့်နှက်နေသည့် မြို့တစ်မြို့ပင် ဖြစ်သည်။ ထိုကဲ့သို့ စားကောင်း သောက်ဖွယ်များ ပြည့်နှက်နေသည့် မြို့တွင် ဝမ်ရှန်းသည်ပင် ထိပ်တန်း စားဖိုမှူးများ ချက်ပြုတ်သည့် အရသာရှိသော အစားအသောက်များကို တစ်ခါလေးမျှ မစားဖူးခဲ့ပေ။
သူသည် သူတို့၏ ချက်ပြုတ်ပုံများကို တီဗီပေါ်၌သာ မြင်ခဲ့ဖူး၏။ ထို့အပြင် ဝမ်ရှန်းသည် သူ စစ်တပ်၌ ရှိနေစဉ်တွင် ချက်ပြုတ်ရာတွင် ကူညီရခြင်းသည် စစ်သားများ အားလုံး ကြုံတွေ့ရသည့် စမ်းသပ်မှု တစ်ခုပင် ဖြစ်သည်။ စစ်သားများသည် ချက်ပြုတ်ခြင်း အခြေခံ နည်းလမ်းများကိုလည်း ကျွမ်းကျင်ကြရ၏။
ယခုအခါ ဝမ်ရှန်းသည် လတ်ဆတ်သည့် ဟင်းခတ် အမွှေးအကြိုင်တို့ကို အသုံးပြုကာ ယခင်က ဘယ်သူမှ မတွေးဖူးသည့် နည်းလမ်းများဖြင့် ချက်ပြုတ်ထားခြင်း ဖြစ်သည်။
ထို့အတွက်ကြောင့် ထွက်ပေါ်လာသည့် အနံ့သည် ထိုလမ်းကြော တစ်လျှောက်ရှိ အဆင့်မြင့် ကြေးစားများမှာ သွားရည် တများများ ကျနေပြီဖြစ်၏။ သူတို့သည် ချက်ချင်း သွားကာ ဤအရသာရှိသည့် ဟင်းအိုးကို မ, ပြေးချင်စိတ်ပင် ပေါက်နေကြတော့သည်။
***