အပိုင်း ၁၂၇
အိမ်အသစ်သို့ပြောင်းရွှေ့ခြင်း (၂)
အချိန်တစ်ခု ကြာပြီးနောက် ဝမ်ရှန်းသည် သာယာအေးချမ်းသည့် ဘဝကို နောက်တစ်ကြိမ် ပြန်ရရှိခဲ့၏။ အလုပ်လုပ်ရန် အတွက် နေ့တိုင်း အသားဆိုင်ဖွင့်ကာ ဈေးဝယ် မရှိသည့် အချိန်တွင် ပုခက် ကုလားထိုင်ပေါ်၌ ရှေ့နောက် လွဲယမ်းလျက် ထိုင်နေတတ်သည်။ သူ၏ပုံစံသည် မြင်ရသည့် လူများအား တကယ်ကို သက်သောင့်သက်သာ ရှိစေ၏။
ဝမ်ရှန်းသည် ရွှေဒင်္ဂါးများကို မမက်မောကြောင်း အားလုံး သိကြပေသည်။ ထို့ကြောင့် ဝမ်ရှန်း၏ အားလပ်ချိန်သည် အမှန်တကယ်ကို ဘဝ၏ဖိအားများ မရှိသည့် အားလပ်ချိန် အစစ်အမှန်ပင် ဖြစ်၏။ သူ၏ ယခုလက်ရှိ ပုံစံကို လူဘယ်နှယောက်မျှ မနာလိုအားကျနေမည်ကို ပြော၍ပင် မရနိုင်ပေ။
သူ့အား စောင့်ကြည့် နေကြသည့် လူများသည်လည်း သိသိသာသာကို လျော့ကျ သွားခဲ့၏။ ပြောရမည်ဆိုလျှင် သူတို့သည် တစ်လအတွင်း စီစဉ်စရာ ရှိသည်များကို စီစဉ်နေခြင်း ဖြစ်သည်ဟု ပြော၍ရပေသည်။
ဝမ်ရှန်းသည်လည်း သူ၏အားလပ်ချိန်အား တကယ်ကို ပျော်ရွှင်နေခဲ့၏။ ဟုတ်ပါသည်။ စောင့်ကြည့်နေသည့် လူများ မရှိခြင်းသည် အချိန်ပြည့် သတိထား နေရခြင်းထက် ပို၍ စိတ်လက်ပေါ့ပါးစရာ ကောင်းပေသည်။
ဘာကိုမှ ပူပန်စရာ မလိုသည့် စိတ်လက်ပေါ့ပါးမှုသည် ဤကဲ့သို့သော ခံစားချက်မျိုးပင် ဖြစ်၏၊ ဤအရာသည် ဝူရုံမြို့အတွင်း၌ ရှားပါးသည့် ပျော်ရွှင်စရာ ကောင်းသည့် အချိန်လည်း ဖြစ်ပေသည်။
ဝမ်ရှန်းသည် ထိုကဲ့သို့ အေးချမ်းသည့် ဘဝကို နှစ်ရက်ကြာ ဖြတ်သန်းခဲ့ရ၏။ တတိယမြောက် နေ့တွင် မြို့အရှင် စံအိမ်မှ အိမ်တော်ထိန်း သူ့ရှေ့သို့ ရောက်လာခဲ့သည်။
အမှန်အတိုင်း ပြောရမည်ဆိုလျှင် ဝူရုံမြို့တွင် မြို့အရှင်စံအိမ်မှ အိမ်တော်ထိန်းအား ဝူရုံမြို့၏ စီမံထိန်းသိမ်းသူ ဟုပင် ပြော၍ ရလုနီးပါးဖြစ်၏။ သို့သော် သူ၏ အဝတ်အစားများသည် အလွန် သာမန်ကျကာ မောက်မာသည့် ပုံစံမျိုး နည်းနည်းလေးပင် မရှိပေ။ သူသည် ချမ်းသာသည့် အိမ်တော်ထိန်းကဲ့သို့ အဖိုးထိုက်တန်သည့် အဝတ်အစားများ ဝတ်ဆင်ကာ ဟိတ်ကြီးဟန်ကြီး ပုံစံမျိုး ပြုမူလေ့ မရှိပေ။ ထို့ကြောင့် လူများသည် သူနှင့်ပြောဆို ဆက်ဆံရာတွင် အလွန် သက်သောင့်သက်သာ ရှိလှပေသည်။
ယခင်တွင် ဝမ်ရှန်းသည် အိမ်တော်ထိန်းနှင့် သုံးကြိမ် တွေ့ဆုံခဲ့ဖူး၏၊ ပထမ အကြိမ်သည် သူ ဝူရုံမြို့သို့ ဝင်လာစဉ်၌ ဖြစ်သည်။ ဒုတိယအကြိမ်သည် ကြေးစားခန်းမ၌ ဖြစ်၏။ တတိယအကြိမ်သည် တော်ဝင်ရတနာ စံအိမ်၌ဖြစ်ကာ ယခုအကြိမ်သည် စတုတ္ထမြောက် အကြိမ်ပင်ဖြစ်သည်။
ယခု သေချာ စဉ်းစားကြည့်ကာမှ ထိုသုံးကြိမ်လုံးတွင် သူသည် အိမ်တော်ထိန်း၏ ပုံစံအား သေချာမကြည့်မိခဲ့ကြောင်း အမှတ်ရ သွားခဲ့သည်။
သုံးကြိမ်လုံး သူ အိမ်တော်ထိန်းအပေါ် ကျန်ခဲ့သည့် ထင်မြင်ချက် အမြင်မှာ အိမ်တော်ထိန်းသည် အလုပ်ကိစ္စများကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ကာ သူ၏အဝတ်အစားများက ရိုးရှင်းခြင်းပင် ဖြစ်၏။ မည်သည့် ကြမ်းတမ်းမှုနှင့် အန္တရာယ်ရှိသည့် ခံစားချက်မျိုးကို သူ့ထံမှ မခံစားရပေ။
သူသည် အနည်းငယ် ပြည့်သယောင်ရှိကာ အမြဲတမ်းလည်း ပြုံးနေတတ်သည်။ သူ့အား ကြည့်လျှင် သူသည် သဘောကောင်း ကြင်နာတတ်သည့် လူတစ်ယောက်နှင့် တူပေသည်။ သူ၏ ပုံပန်းသွင်ပြင်အရ သူသည် ပျော်ပျော်နေတတ်သည့် လူစားမျိုး ဖြစ်ဟန်ရှိသည်၊ ထို့ထက်ပိုပြီး အသေးစိတ်ကိုတော့ ဝမ်ရှန်း မမှန်းဆ တတ်တော့ချေ။
သို့သော် ဤအချက်များဖြင့်ပင် ဝမ်ရှန်းသည် အိမ်တော်ထိန်းအနား ရှိနေသည့် အချိန်၌ သတိ အပြည့်ထားရန် လုံလောက်နေပြီ ဖြစ်၏။ အိမ်တော်ထိန်း၏ ပုံစံသည် သေချာပေါက် သာမန်လူများ လုပ်နိုင်သည့် အရာမဟုတ်ပေ။
သာမန် ဝိညာဉ်သခင်များပင် ပြုလုပ်နိုင်သည့် အရာများ မဟုတ်ချေ။ ဝူရုံမြို့ တစ်မြို့လုံးရှိ ကြေးစားများ အားလုံးကို ကိုင်တွယ်နိုင်သည့်၊ တော်ဝင် မိသားစုများနှင့် အဓိက အင်အားစုများကို ဥပဒေ မချိုးဖောက်အောင် တားမြစ်နိုင်သည့် ခွန်အား ကြီးမားသော မြို့အရှင်က ဤကဲ့သို့သော အိမ်တော်ထိန်းမျိုးကို ခန့်အပ်ထားသည်ဟု ပြောမည်ဆိုလျှင် မည်သူက ယုံကြည်မည်နည်း။
“သခင်လေး၊ ကျုပ်နဲ့ လိုက်ခဲ့ပါ”
အိမ်တော်ထိန်းသည် ရောက်လာသည်နှင့် ရွှင်ပျစွာ ဝမ်ရှန်းအား သခင်လေးဟု စခေါ်လိုက်၏။ ထို့နောက် ဝမ်ရှန်းအား သူ့နောက်လိုက်ရန် ဖိတ်ခေါ် လိုက်သည်။
ဟုတ်ပါသည်၊ ဝမ်ရှန်းသည် ဘာမှ မသိမ်းမဆည်းဘဲ အိမ်တော်ထိန်းနှင့် ချက်ချင်း ထလိုက် သွားလိုက်၏။ ယခုလို အချိန်မျိုးတွင် သူသည် ပစ္စည်းများ ထုပ်ပိုးကာ တံခါးများ ပိတ်နေမည် ဆိုလျှင် ထိုအရာများသည် အိမ်တော်ထိန်း၏ အချိန်ကို ဖြုန်းရာ မရောက်ပေဘူးလား။
ထိုကဲ့သို့ဆိုလျှင် အိမ်တော်ထိန်းသည်လည်း သူ့အား စိတ်ခုသွားနိုင်သည် မဟုတ်ပါလား… ထို့အပြင် အိမ်တော်ထိန်းသည် ဤနေရာကို သူကိုယ်တိုင် ရောက်လာခဲ့ခြင်း ဖြစ်၏၊ ထို့ကြောင့် ခြံတံခါးများ၊ အိမ်တံခါးများကို ဖွင့်လျက် ထွက်သွားမည် ဆိုလျှင်ပင် မျက်လုံး ကန်းနေသည့် သူခိုးများကသာ ဤခြံဝန်း သေးသေးလေး အတွင်းမှ ပစ္စည်းများကို ခိုးယူရဲမည် ဖြစ်၏။
လူဘယ်နှယောက်မျှ အိမ်တော်ထိန်းအား မျက်နှာလို မျက်နှာရ လုပ်လို ကြသနည်း…
ထို့ကြောင့် သူခိုးတစ်ယောက် ပေါ်လာရဲမည်ဆိုပါက လူမည်မျှမှာ ထိုသူခိုး၏ ခေါင်းကို အသုံးချလျက် အိမ်တော်ထိန်းအား ဖားလျားကြရန် စိတ်ကူးကြမည်ဆိုသည်ကို သူ မပြောနိုင်ပေ။
“မြို့အရှင်က တော်တော်ကို ကျေနပ်ဝမ်းသာနေပြီး ကျုပ်ကို သခင်လေးပေါ် ဘာအခွင့်အရေးမှ မယူဖို့ ပြောထားပါတယ်၊ ပြီးတော့ အိမ်ကိုလည်း ကျုပ်ကိုယ်တိုင် ရှာခိုင်းလိုက်တယ်။ အဲ့ဒါကြောင့် သခင်လေးက နောက်ထပ် ရွှေဒင်္ဂါးအပို ထပ်ပေးစရာ မလိုတော့ပါဘူး”
ခြေလှမ်း အနည်းငယ် လျှောက်လှမ်း ပြီးနောက် အိမ်တော်ထိန်းမှ မြို့အရှင်၏ သဘောထားအား ရှင်းပြလိုက်သည်။
အိမ်တော်ထိန်းသည် အလွန် ပျော်ရွှင်နေဟန် ရှိကာ လမ်းတစ်လျှောက်လုံး ပြုံးလျက် လျှောက်လာခဲ့၏။ သူသည် ဝေါယာဉ် သို့မဟုတ် အခြားမည်သည့် အရာကိုမှ မစီးခဲ့ပေ၊ တစ်လှမ်းချင်း ဖြည်းဖြည်း မှန်မှန်သာ လျှောက်သွား လိုက်သည်။ ဝမ်ရှန်းသည် ဘာမှမမေးဘဲ သူနှင့် သိပ်မဝေးသည့် နေရာမှသာ လိုက်သွားလိုက်၏။
“အဲဒါဆိုရင်လည်း မြို့အရှင်ကို ကျွန်တော့် ကိုယ်စား ကျေးဇူးတင်ပေးပါဦး…”
ဝမ်ရှန်းသည် ဉာဏ်ကောင်းသည့် လူတစ်ယောက်ဖြစ်၏။ အိမ်တော်ထိန်း၏ စကားမှ သူ့အတွက် အကျိုးရှိသည့် မည်သည့်စကားကိုမှ မကြားခဲ့ရသော်လည်း သူသည် ချက်ချင်းပင် ကျေးဇူးတင်စကား ဆိုလိုက်ပေသည်။
မြို့အရှင်သည် ရွှေဒင်္ဂါးများကို မလိုချင်ပေ။ ထို့ကြောင့် အိမ်တော်ထိန်းသည် ဝမ်ရှန်း သူ့အား ပေးခဲ့သည့် ရွှေဒင်္ဂါးများကို ဖော်ပြရန် ခက်ခဲပေလိမ့်မည်။ မြို့အရှင်မှ မလိုချင်သည့် အတွက်ကြောင့် အိမ်တော်ထိန်းသည် ထိုကိစ္စနှင့် ပတ်သက်၍ မေးရဲပါမည်လား…
“မြို့အရှင်က ရွှေဒင်္ဂါးတွေ မလိုချင်ဘူး ဆိုမှတော့ အဲ့ရွှေဒင်္ဂါးတွေကို ကံကောင်းခြင်း ဆေးပြား သတင်းအတွက် ဆုကြေးငွေအဖြစ် သုံးလိုက်လို့ ရပါတယ်”
ဝမ်ရှင်းမှ လျင်မြန်စွာ ပြန်ဖြေကာ သူ၏သဘောထားကို ချက်ချင်း ထုတ်ဖော် ပြောဆိုလိုက်၏။
“ဟုတ်ပြီ”
အိမ်တော်ထိန်းမှ ပြုံး၍ သဘောတူ လိုက်၏။
“ဒါပေမယ့် ကျွန်တော်က ဒီလိုကိစ္စတွေနဲ့ မရင်းနှီးဘူးဆိုတာ အိမ်တော်ထိန်းလည်း သိပါတယ်။ ကျွန်တော့်ကို လိမ်သွားမယ် ဆိုရင်တောင် ကျွန်တော် သိလိုက်မှာ မဟုတ်ဘူး”
ဝမ်ရှန်းသည်လည်း အိမ်တော်ထိန်းကဲ့သို့ ပေါ့ပါးစွာ ပြောလိုက်၏။
“အဲ့ဒါကြောင့် အိမ်တော်ထိန်းကိုပဲ ဒုက္ခပေးရတော့မှာပဲ။ ဘာသတင်းပဲရှိရှိ အိမ်တော်ထိန်းပဲ အရင် စစ်ဆေး ပေးလိုက်ပါ။ ပြီးတော့ ဘယ်လောက် ပေးသင့်တယ် ဆိုတာရောပေါ့၊ အိမ်တော်ထိန်းကပဲ နောက်ဆုံး ဆုံးဖြတ်လိုက်ပါ။ ကျွန်တော်က သတင်းပဲ လိုချင်တာ”
“ဟုတ်ပြီ”
အိမ်တော်ထိန်းမှ ပြုံး၍ နောက်တစ်ကြိမ် သဘောတူ လိုက်သည်။
တိတ်ဆိတ်စွာဖြင့်ပင် ဝမ်ရှန်းနှင့် အိမ်တော်ထိန်းတို့ ဆက်လျှောက် သွားလိုက်ကြသည်။ အိမ်တော်ထိန်းသည် အစောပိုင်း၌ ဝမ်ရှန်း ပြောခဲ့သည့် အလုပ်ကို လုပ်ရန် ခက်ခဲသော်လည်း မည်သည့် သတင်းကို ပိုက်ဆံ ပေးသင့်ကာ၊ မည်သည့် သတင်းကို မပေးသင့်ဘူး ဆိုတာ သူ ဆုံးဖြတ်ရမည် ဖြစ်၏။
ပြောရမည်ဆိုလျှင် အိမ်တော်ထိန်းသည် ကံကောင်းခြင်း ဆေးပြားအကြောင်း ပြောမည့် လူတစ်ယောက်ယောက်ကို ရှာတွေ့သည်ဆိုလျှင် သူ ခေါင်းညိတ် လိုက်သည်နှင့် ထိုလူသည် ရွှေဒင်္ဂါးများ ရရှိနိုင်ပြီဖြစ်၏။
ယခုတစ်ကြိမ်တွင် အလုပ်ကြိုးစားခြင်း တစ်စိတ်တစ်ပိုင်းသာ မဟုတ်ပေ။ အိမ်ဝယ်ပြီးနောက် ပိုလျှံသည့် ရွှေဒင်္ဂါးများ အားလုံးကို သတင်းဝယ်ယူရန် အသုံးပြုမည် ဖြစ်သည်။ ထိုကြောင့် အိမ်တော်ထိန်းသည် သူ လိုချင်သည်ဆိုလျှင် ထိုရွှေဒင်္ဂါးများ အားလုံးကို ယူလိုက်၍ ရပေသည်။
လမ်းလျှောက် နေစဉ်တွင် အိမ်တော်ထိန်းသည် ဝမ်ရှန်းကို စိတ်ထဲမှနေ၍ မှတ်ချက် ပေးနေခဲ့၏။ သူတို့နှစ်ယောက် စကားပြောနေစဉ် တစ်လျှောက်တွင် သူသည် ဝမ်ရှန်း၏ အခြား ထူးချွန် ထက်မြက်မှုများကိုလည်း သိရှိခဲ့ရသည်။ ဤကဲ့သို့သော လူမျိုးက ဝူရုံမြို့၌ နာမည် မကျော်ကြားဘူးဆိုလျှင် ထူးဆန်း ရပေလိမ့်မည်။
အိမ်တော်ထိန်းသည် စိတ်ကြည်လင်စွာဖြင့် ဝမ်ရှန်းအား ထူးခြား ပြောင်မြောက်သည့် နေရာတစ်နေရာသို့ ခေါ်သွားလိုက်သည်။ သူတို့သည် လမ်းတစ်လျှောက် လျှောက်ရင်း အနီရောင် မျဉ်းကြောင်းကို ဖြတ်သွားလိုက်၏။
ထို့နောက် သူတို့သည် မြို့တွင်းပိုင်းဟု ခေါ်သည့် ဝူရုံမြို့၏ အတွင်းပိုင်း နေရာသို့ ဝင်သွား လိုက်ကြ၏။ မြို့တွင်းသို့ ဝင်ရောက်ပြီး သိပ်မကြာခင်မှာပင် သူတို့ အိမ်တစ်အိမ် ရှေ့သို့ ရောက်သွားခဲ့သည်။
“သခင်လေး ဒီနေရာကို စိတ်တိုင်းကျပါ့မလား ကြည့်ကြတာပေါ့”
ဤနေရာသို့ လာစဉ် တစ်လျှောက်လုံးတွင် အိမ်တော်ထိန်းသည် မြို့တွင်းပိုင်းရှိ အဆောက်အဦ တချို့နှင့် မိတ်ဆက် ပေးခဲ့သည်။ ဥပမာအားဖြင့် အဆင့်ငါးကြေး စားနေထိုင်သည့် အဆောက်အအုံ၊ အဆင့်ခြောက် ကြေးစား နေထိုင်သည့် အဆောက်အအုံ၊ အဆင့်ခုနစ် ကြေးစားနေထိုင်သည့် အဆောက်အအုံ၊ အဆင့်ရှစ်ကြေးစား နေထိုင်သည့် အဆောက်အအုံ အစရှိသဖြင့် မိတ်ဆက် ပေးခဲ့သည်။
“ကြည့်စရာ မလိုပါဘူး၊ အိမ်တော်ထိန်း ကိုယ်တိုင် ရွေးထားပေးတာပဲကို၊ ဘယ်လိုလုပ် စိတ်တိုင်းမကျဘဲ နေမှာလဲ”
ဝမ်ရှန်းသည် အရူးမဟုတ်ပေ၊ သူသည် ထိုအိမ်အား ကြည့်ပင် မကြည့်ခဲ့ချေ။ သူသည် လက်ကိုသာ လွှဲယမ်းလိုက်ကာ –
“ကျေနပ်တာပေါ့ဗျာ”
အိမ်တော်ထိန်းမှ ဘာမှမပြောခဲ့ပေ။ ပြုံး၍သာ ပြန်တုံ့ပြန်လိုက်၏။ ထို့နောက် သူသည် တံခါးဖွင့်ကာ ဝမ်ရှန်းအား အိမ်နှင့် မိတ်ဆက် ပေးလိုက်သည်။
“ဒီနေရာက မြို့အရှင်စံအိမ်နဲ့ သိပ်မဝေးဘူး။ ဒီကနေ ကြည့်ရင်တောင် စံအိမ်ကို မြင်ရတယ်”
အိမ်တော်ထိန်းသည် ခြံဝန်းအတွင်း၌ ရပ်ကာ အခြားတစ်ဖက်အား လက်ညှိုးထိုးကာ ပြောလိုက်၏။ ဝမ်ရှန်း သူ၏လက်ညှိုး ညွှန်ရာအား ကြည့်လိုက်သည့် အချိန်တွင် မြို့အရှင်စံအိမ်၏ ခေါင်မိုးအား တွေ့လိုက်ရသည်။
“ဒီခြံမှာက ဝင်ပေါက် နှစ်ပေါက်ပါပြီး ဘေးပတ်ဝန်းကျင်ကတော့ တော်တော်တော့ ဆူတယ်”
သူတို့နှစ်ယောက်သည် ပထမဝင်ပေါက် ရှေ့၌ ရှိနေခြင်းဖြစ်ကာ လမ်းမထက်မှ ဆူညံသံများကို ကြားနေရ၏။ ထို့နောက် အိမ်တော်ထိန်းသည် အထဲသို့ လက်ညှိုးထိုးကာ –
“အထဲမှာ ဆိုရင်တော့ ပိုပြီး တိတ်ဆိတ်ပါတယ်”
ဝမ်ရှန်း ပြုံးကာ ခေါင်းညိတ် လိုက်၏။ သူသည် ဤခြံဝန်းအား မယုံနိုင်လောက်အောင် ကျေနပ် သဘောကျပေသည်။
“ဒီခြံရဲ့ နှစ်ဖက်လုံးမှာ ရှိတဲ့ အိမ်နီးနားချင်းတွေက အဆင့်ခုနစ် ကြေးစားတွေပဲ။ ဟိုနားလေးက အိမ်ကတော့ အဆင့်ခြောက် ကြေးစားအိမ်ပဲ”
အိမ်တော်ထိန်းမှ ဆက်လက် မိတ်ဆက် ပေးလိုက်သည်။
“သခင်လေး ဒီမှာ နေမယ်ဆိုရင် ဘာအန္တရာယ်မှ မရှိပါဘူး၊ လုံခြုံပါတယ်။ ဒီနေရာမှာ ဘယ်သူမှ ဘာမှ မလုပ်ရဲကြဘူး။ မဟုတ်ရင် မြို့တွင်းက လူတွေ အားလုံးက ဘယ်လိုလုပ် အန္တရာယ် ကင်းကင်း နေနိုင်ကြမှာလဲ။ ပြီးတော့ တစ်ယောက်ယောက်က စဖောက် လိုက်ရင်တောင် အကုန်လုံးက အုံကြွလာပြီး အဲ့တစ်ယောက်ကို တိုက်ခိုက်တော့တာပဲ”
ဤအချက်သည် ဝမ်ရှန်း မြို့တွင်းသို့ ဝင်ရောက်ချင်သည့် နောက်ထပ် အကြောင်းပြချက် တစ်ခုလည်း ဖြစ်ပေသည်။ အိမ်တော်ထိန်း၏ စကားကို ကြားပြီးနောက် သူ ခေါင်းညိတ် လိုက်၏။ တစ်လျှောက်လုံးတွင် သူ၏မျက်နှာထက်မှ အပြုံးသည် တစ်ချက်ကလေးပင် မပျောက်ကွယ် သွားခဲ့ပေ။
“ဒီမှာ၊ သခင်လေးအတွက် အံ့သြစရာ အနည်းငယ် ပြင်ဆင် ပေးထားပါတယ်”
အိမ်တော်ထိန်းသည် ခြံဝန်း အတွင်းရှိ အခန်းတစ်ခန်းအား ညွှန်ပြကာ ဝမ်ရှန်းအား ပြောလိုက်၏။
“အထဲဝင်သွားပြီး သွားကြည့်လိုက်ပါ”
အိမ်တော်ထိန်း၏ စကားအတိုင်း ဝမ်ရှန်း တံခါးကို တွန်းဖွင့်ကာ အခန်းထဲသို့ ဝင်သွားလိုက်သည်။ သို့သော် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ ရုတ်တရက် ထိတ်လန့် သွားခဲ့၏။
ဤအခန်းသည် လမ်းမအား မျက်နှာမူထားသည့် ဈေးဆိုင်တစ်ဆိုင် ဖြစ်ကြောင်း သိသာပေသည်။ ဤဆိုင်၌ ဘာတွေ ရောင်းခဲ့ဖူးလဲ ဆိုတာကို ဝမ်ရှန်း မသိပေ။ သို့သော် ယခုအချိန်တွင် ဤဆိုင်ကို သူ၏ သေးငယ်သော ဈေးဆိုင်နှင့် တစ်ပုံစံတည်း တူအောင် ပြောင်းထားပေသည်။ ကြီးမားသည့် သတ္တု အသားလှီးခုံပေါ်တွင် သတ္တုချောင်း တစ်ခုရှိနေ၏။ ပြီးလျှင် ထိုသတ္တုချောင်းပေါ်တွင် အသားချိတ်သည့် ချိတ်များကို ချိတ်ဆွဲ ထားခဲ့သည်။
သူတို့သည် ဝမ်ရှန်း၏ ဈေးဆိုင်အတိုင်း တစ်ပုံစံတည်း ပြုလုပ်ထားခြင်းပင် ဖြစ်၏။ ဤအရာက အံ့သြစရာ ကောင်းသည့်အရာ ဖြစ်သည်ဟု အိမ်တော်ထိန်းမှ ပြောခဲ့သည်မှာ မယုံနိုင်စရာ မရှိတော့ပေ။
***