အပိုင်း ၁၂၆
အိမ်အသစ်သို့ ပြောင်းရွှေ့ခြင်း (၁)
“အဲ့လိုဆိုရင် ရနိုင်တယ်လား”
ဝမ်ရှန်း၏ မျက်နှာထက်တွင် ပျော်ရွှင်မှု အရိပ်အယောင်များ သိသိသာသာပင် ထွက်ပေါ်လာခဲ့၏။ ထိုနည်းလမ်းဖြင့် ရနိုင်သည်ဆိုလျှင် ဝမ်ရှန်းသည် သေချာပေါက် ကူးသန်း ရောင်းဝယ်ချင်စိတ် ရှိပေသည်။
“မလွယ်ပါဘူးကွာ…”
မိန်းမစိုးမှ သူ့ဘာသာသူ ပြောကာ နောက်တစ်ကြိမ် ငြင်းဆန်လိုက်၏။
“ကံကောင်းခြင်း ဆေးပြားက ဘယ်လောက်တောင် တန်ကြေး ရှိလိုက်လဲ။ အဲ့ဆေးပြားကို လဲလှယ်ချင်တယ် ဆိုရင် မင်းပြောတဲ့ နည်းလမ်းက တကယ် အလုပ်ဖြစ်မဖြစ်ကို သက်သေပြရမှာပဲ”
မိန်းမစိုးမှ သက်ပြင်းချကာ ခြောက်သွေ့သည့် အပြုံးဖြင့် ပြောလိုက်၏။
“သူတို့က မင်းကိုယုံပြီး ကံကောင်းခြင်း ဆေးပြားကို အရင်ပေးမှာ မဟုတ်ဘူး။ မင်းနည်းလမ်းက အသုံးဝင်တယ် ဆိုတာကို သူတို့ကို သက်သေပြရမှာ။ အဲဒီလုပ်ဆောင်ချက်က သူတို့လူတွေရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေမှာပဲ”
“ကျွန်တော့် နည်းလမ်းက အလုပ်ဖြစ်ကြောင်း သက်သေပြပြီးတဲ့ အချိန်ကျရင် ကျွန်တော့်ကို စောင့်ကြပ်နေတဲ့ သူတို့လူတွေက အဲ့နည်းလမ်းကို သိသွားကြပြီး ကျွန်တော့်ကို ကံကောင်းခြင်း ဆေးပြားပေးတော့မှာ မဟုတ်ဘူးလေ ဟုတ်တယ်မလား”
မိန်းမစိုး ပြောချင်သည့် အခြားတစ်ဝက်ကို ဝမ်ရှန်းမှ ပြောလိုက်သည်။
“အင်း ဟုတ်တယ်”
မိန်းမစိုးမှ စက်ဆုပ်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
“ငါသာဆိုရင်လည်း အဲ့လိုပဲလုပ်မှာပဲ။ အဲ့ဆေးပြားအကြောင်း လျှို့ဝှက်ချက်ကို သူတို့ပဲ ခံစားနိုင်ဖို့အတွက် သူတို့က သေချာပေါက် မင်းကို သတ်မှာပဲ”
ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ဝမ်ရှန်းလည်း ခန့်မှန်းမိထားပြီးသား ဖြစ်သည်။ သူသည် ပခုံး တွန့်လိုက်ကာ ဘာမှဆက် မပြောတော့ပေ။ ဤအဖြစ်အပျက်မျိုးသည် အသစ်အဆန်း မဟုတ်ပေ။ ဤကမ္ဘာပေါ်၌ မဆိုထားနှင့် သူ ရှင်သန်နေထိုင်ခဲ့သည့် ကမ္ဘာပေါ်၌လည်း ဤကဲ့သို့သော အဖြစ်အပျက်များ ရှိပေသည်။
“အဲဒါကြောင့် မဖြစ်နိုင်တာတွေကို တွေးမနေနဲ့”
မိန်းမစိုးမှ ဝမ်ရှန်းအား သတိပေးလိုက်၏။
“ကောင်းကောင်း ရှင်သန်နေထိုင်ပြီး တခြား အကြောင်းပဲတွေး”
ထို့နောက် မိန်းမစိုးမှ ပြန်ရန် ပြင်လိုက်၏။
ထိုမိန်းမစိုး၏ စကားကြောင့် ဝမ်ရှန်း စိတ်ပျက် သွားခဲ့သည်။ သူသည် တံခါးအား စိတ်မပါဟန်ဖြင့် ညွှန်ပြကာ ထိုမိန်းမ စိုးထသွားသည့် သူ၏ပုခက် ကုလားထိုင်၌ ပြန်ထိုင်လိုက်သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် မိန်းမစိုး၏ပုံရိပ် ပျောက်ကွယ် သွားခဲ့သည်။ အစမှ အဆုံးအထိ ထိုမိန်းမစိုးသည် သူ့ကိုယ်သူ သူ၏တည်ရှိမှုကို ဘယ်လိုလုပ် ဖော်ထုတ်မိ သွားကြောင်းနှင့် သူဤနေရာ၌ ရောက်နေကြောင်း ဝမ်ရှန်းက ဘယ်လိုလုပ် သိသွားတာလဲ ဆိုတာကို အဖြေရှာ မရခဲ့ပေ။ ထိုအချက်ကြောင့် သူသည်လည်း အလွန် စိတ်ညစ် သွားခဲ့လေ၏။
ဟုတ်ပါသည်၊ ဝမ်ရှန်းသည် သူက ဤကဲ့သို့ ညအမှောင်ထု အတွင်း၌ အရာတော်တော်များများကို မြင်နိုင်ကြောင်း ထိုမိန်းမစိုးအား ပြောပြမည် မဟုတ်ပေ။ သူ အခန်းအတွင်းသို့ ဝင်လာသည့် အခိုက်အတန့်တွင် မည်သည့် သာမန်လူမှ သတိထားမိမည် မဟုတ်သည့် တံခါး၌ တမင်သက်သက် ချန်ထားရစ်ခဲ့သော ဆံပင်မွေးကိုလည်း သူ မြင်ပေသည်။
ဆေးပြားက အဆင်ပြေကြောင်း နေရာ သုံးနေရာမှ အတည်ပြုခဲ့ပြီး ဖြစ်၏။ လူကြီးမင်းဖုန်းမှ သူ့အား သတ်ချင်စရာ ကောင်းသည့် အကြောင်းပြချက် မရှိသည်မှာလည်း သေချာပေသည်။ ထို့ကြောင့် သူသည် ထိုအဆိပ်ဖြေ ဆေးပြားကို ယုံယုံကြည်ကြည်သာ သောက်ချ လိုက်တော့သည်။
လူကြီးမင်းဖုန်း၏ ညွှန်ကြားချက်အတိုင်း ဆေးသောက်ပြီးသည့် အချိန်တွင် ဝမ်ရှန်းသည် လေ့ကျင့်မှုများ မပြုလုပ်ခဲ့ပေ။ ဆေးပြား၏ အာနိသင် ထွက်ပေါ် လာမည်ကိုသာ စောင့်နေလိုက်သည်။
နောက်တစ်နေ့တွင် ဝမ်ရှန်းသည် အိမ်တော်ထိန်းထံမှ အကြောင်းကြားစာ တစ်စောင် လက်ခံရရှိခဲ့၏။
တစ်လကြာ ပြီးနောက်တွင် ဝူရုံမြို့ရှိ လေလံအိမ် တစ်အိမ်၏ အခန်းတစ်ခန်း အတွင်း၌ ဝမ်ရှန်းသည် သူသိသည့် လျှို့ဝှက်ချက်များကို သူသတ်မှတ် ထားခဲ့သည့် လူများအား ထုတ်ဖော် ပြောကြားရမည်ဖြစ်၏။
တစ်လ ကြာပြီးနောက်မှ စီစဉ်လိုက်ရခြင်းမှာ အဓိက မိသားစုများသည် သူတို့၏ အရေးပါသည့် သားသမီးများကို လေ့ကျင့်ရန်အတွက် အဝေးတစ်နေရာသို့ ပို့ထားကြပြီး သူတို့ ပြန်လာရောက်ရန် အချိန်တစ်ခု လိုသောကြောင့်ပင် ဖြစ်၏။
ဤအရာမှာ ပြဿနာ ကြီးကြီးမားမား မဟုတ်ပေ။ ဝမ်ရှန်းသည် သူ ဝူရုံမြို့အတွင်း၌ ရှိနေသေးသ၍ သူ စောင့်နိုင်ပေသည်။
သူသည် အဆိပ်ဖြေပြီးနောက် သေသေချာချာ လေ့ကျင့်ရင်းသာ အချိန်ကုန်ဆုံး စေလိုက်၏…
ဝမ်ရှန်း၏ ခန္ဓာကိုယ်ထဲတွင် သူ ရှောင်လွဲ၍ မရသည့် အဆိပ်အကြွင်းအကျန်များ ရှိနေခဲ့သည်။ သို့သော် ချို့တဲ့ခြင်းနှင့် ထပ်မံ ဖြည့်စွက်ရန် လိုအပ်ခြင်း အစရှိသည့် ထိုရောဂါ လက္ခဏာများသည် ဝမ်ရှန်း ကိုယ်တိုင် ပြောခဲ့သည့် အရာများဖြစ်၏။ သို့သော် ထိုအရာများကလည်း တကယ့် ပြဿနာ မဟုတ်ပေ။ သူမပြောပြခဲ့သည့် အဓိက အကြောင်းအရာမှာ သူ၏ဝိညာဉ် နယ်မြေအား ခွဲထုတ် ထားခြင်းပင်တည်း။
အကြောင်းကြားစာ လာပို့ပေးသည့် သတင်းသမားသည် အလွန် ယဉ်ကျေးပေသည်။ သူသည် ဝမ်ရှန်းအား သူ၏အလုပ်ရှင်အဖြစ် ပြုံး၍သာ ပြောဆိုခဲ့၏။
ဝမ်ရှန်းအား အိမ်တော်ထိန်း ကိုယ်တိုင် သူနှင့်သင့်တော်သည့် အိမ်တစ်လုံး ရှာပေးမည်ဖြစ်ပြီး သူ့အား သုံးရက် စောင့်ခိုင်းကြောင်းနှင့် သုံးရက် ကြာပြီးနောက်တွင် ထိုအိမ်တော်ထိန်း ကိုယ်တိုင် သူ့အား လာရှာမည် ဖြစ်ကြောင်းကိုလည်း ပြောပြခဲ့၏။
ရွှေဒင်္ဂါးများ၏ အရောင်သည် နေရာအနှံ့ကို လင်းလက် စေနိုင်ပေသည်။ သူနေထိုင်ခဲ့သည့် ကမ္ဘာကြီး ကဲ့သို့ ဤကမ္ဘာသည်လည်း အတူတူပင်ဖြစ်၏။ အိမ်တော်ထိန်း ကိုယ်တိုင် ရှာပေးမည် ဟူသည့် အတွက်ကြောင့် ထိုအိမ်သည် ဆိုးတော့ဆိုးမည် မဟုတ်ပေ။
ဝမ်ရှန်း မြို့အတွင်းပိုင်းသို့ သွားချင်ရသည့် အကြောင်းပြချက်သည် လုံခြုံရေး အတွက်ဖြစ်သည်။ မြို့တွင်းပိုင်း သာလျှင် တကယ့် ဝူရုံမြို့အစစ် ဖြစ်၏။ မြို့အပြင်ပိုင်းတွင် လှုပ်ရှား တိုက်ခိုက်ရဲသည့် လူများ ရှိနေနိုင်သော်လည်း မြို့အတွင်းပိုင်းမှာမူ မည်သူကမှ လူမသတ်ရဲကြသည်မှာ အမှန်ပင်။
နောက်ထပ် တစ်ချက်မှာ ဂျင်ဒီတားမြစ် နယ်မြေကြောင့်ဖြစ်၏။ ပြောရမည် ဆိုလျှင် အိမ်ရှာရာ၌ ဝမ်ရှန်း၏ တောင်းဆိုချက်သည် အမြဲတမ်း ဂျင်ဒီနယ်မြေနှင့် နီးနေရန်သာ ဖြစ်သည်။ သူ ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်သွားသည့် အချိန်မှသာ တိုက်ပွဲဝိညာဉ်မှ သူ့အား သတိပေးခြင်းဖြစ်၏။ အပြင်ဘက်တွင် ထိုဝိညာဉ်သည် မည်သည့် သတိပေးချက်မျိုးမှ မထုတ်ပြန်ပေ။
လုံခြုံရေး အတွက်ဖြစ်စေ၊ ကျင့်စဉ်ကျင့်ကြံရန် အတွက်ဖြစ်စေ ဝမ်ရှန်းသည် ဂျင်ဒီနယ်မြေ အတွင်း၌သာ နေထိုင် လေ့ကျင့် ချင်ပေသည်။
သတင်းလာပို့သည့် လူသည် သဘောကောင်းကာ ဝမ်ရှန်းသည် ပို၍ပင် သဘောကောင်း ပေးလိုက်၏။ ဤသို့ တစ်ခေါက် လာလိုက်ရုံဖြင့် ဝမ်ရှန်းသည် သူ့အား ရွှေဒင်္ဂါးတစ်ပြား ပေးခဲ့သည်။ ထိုအခြင်းအရာသည် ထိုလူ၏ မျက်နှာအား အပြုံးများဖြင့် ပိုမိုတောက်ပ သွားစေခဲ့တော့သည်။
ကြေးစားခန်းမ အတွင်းမှ အလုပ်များ၏ ၈၀ ရာခိုင်နှုန်းသည် ရွှေဒင်္ဂါးတစ်ပြားထက် လျော့နည်းပေသည်။ ထို့ကြောင့် သူသည် ဤသို့ တစ်ခေါက်လာခြင်း၌ ရသည့် ငွေကြေးသည် ကြေးစားခန်းမ အတွင်းမှ အလုပ်၏ ဝင်ငွေထက် ၈၀ ရာခိုင်နှုန်း ပိုများနေပြီ ဖြစ်၏။
“သခင်လေး၊ သခင်လေး ကောင်းကောင်း အနားယူလို့ ရပါတယ်။ ဒီရက်တွေမှာ သခင်လေးကို ဘယ်သူမှ ထိရဲမှာ မဟုတ်ဘူး”
စာပို့သမားသည် ရွှေဒင်္ဂါး ရလိုက်သည့် အချိန်တွင် ပို၍ပင် ပျော်ရွှင်သွားခဲ့၏။ သူသည် ဝမ်ရှန်းအား ပို၍ပင် လေးစား ကြည်ညိုသွားကာ ဝမ်ရှန်းအား သတင်းကောင်းများ ပိုမိုပြောပြ လိုက်တော့၏။
“သခင်လေး ဟိုနေ့က ခြေတံရှည်ရှည် အမျိုးသမီးနဲ့ ချစ်ကျွမ်းဝင်သွားမယ် ဆိုရင်တောင် အဲ့လို အမျိုးသမီးမျိုး ကြိုက်သလောက် ခေါ်သွားလို့ရတယ်။ သခင်လေး သူတို့ကို ထိတွေ့လို့ ရအောင် ကျွန်တော် ကူညီပေးလို့ရတယ်၊ သခင်လေး စိတ်ကျေနပ် စေရမယ်လို့ ကျွန်တော် အာမခံပါတယ်”
စာပို့သမား၏ မျက်နှာချိုသွေးသည့် စကားများကို ကြားလိုက်ရသောအခါ ဝမ်ရှန်းသည် သူ့နဖူးကိုယ်သူ ရိုက်ပစ်ချင်စိတ်ပင် ပေါက်သွားကာ ပြောစရာ စကားများ လုံးဝ ဆွံ့အသွားခဲ့တော့သည်။
ဘုရားစူးပါရဲ့၊ သူသည် ထိုအမျိုးသမီးကို သူမ၏ ခြေထောက်များက လှပကြောင်း ဒီတိုင်း ရိုးရိုးသားသားသာ ပြောလိုက်ခြင်း ဖြစ်၏။ ဤသဘောမျိုး သက်ရောက် သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ထိုအမျိုးသမီးသည် အလွန် အန္တရာယ်များသည့် ကြေးစား တစ်ယောက်ပင်ဖြစ်၏၊ သူ ထိုအမျိုးသမီးကို အမှန်တကယ် သူ့အိမ်သို့ မခေါ်သွားရဲပေ။ မဟုတ်လျှင် သူ၏ခေါင်း ဘယ်အချိန် ပြတ်သွားမှန်းတောင် သူ သိလိုက်မည် မဟုတ်ပေ။
သို့သော် ထိုစကားသည် ဝမ်ရှန်းအား တစ်နည်းအားဖြင့် ကျေနပ်မှုကို ဖြစ်စေခဲ့သည်။ အနည်းဆုံးတော့ အချိန်မရွေး သူ့အား အာရုံစိုက် ကြည့်နေသည့် လူများ ရှိနေသေးပေသည်။ သူ ထိုခြေတံရှည်နှင့် အမျိုးသမီးအား ပြောလိုက်သည့် စကားကိုပင် သူတို့စိတ်ထဲ၌ မှတ်ထားကြလေ၏။
အဆိပ်ဖြေဆေးသည် နှစ်ရက်ဆက်တိုက် သောက်ရမည်ဖြစ်၏။ ထိုကြားထဲတွင် ဝိညာဉ်စွမ်းအားကို သုံးကာ လှုပ်ရှား၍ မရသေးပေ။ ဝမ်ရှန်းသည် သမားတော်၏ ညွှန်ကြားချက်အတိုင်း ဂရုတစိုက် လိုက်နာကာ တစ်နေကုန် အနားယူလိုက်၏၊ သူ၏ အသားဆိုင်ကိုပင် မဖွင့်ခဲ့ပေ။ ဒုတိယမြောက်ညတွင် သူ နောက်ထပ် အဆိပ်ဖြေဆေး တစ်လုံးကို သောက်လိုက်သည်။
မည်သူမှ သူ့အပေါ် ဘာလှုပ်ရှားမှုမှ မလုပ်ရဲသောကြောင့် ထိုနေ့ညတွင် ဝမ်ရှန်းသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်၏။ မနက် ထလာသည့် အချိန်တွင် သူသည် ပင်ပန်းမှုများ အားလုံး ပျောက်ကွယ်သွားကာ လန်းဆန်း တက်ကြွနေသည်ဟု ခံစားလိုက်ရ၏။
လူကြီးမင်းဖုန်း၏ အဆိပ်ဖြေဆေးသည် အလွန် အစွမ်းထက်ပေသည်။ ဝမ်ရှန်းသည် သူ၏ခန္ဓာကိုယ် သက်သောင့်သက်သာ ဖြစ်သွားသည်ကို ခံစားနေရ၏။ ယခင်က လေ့ကျင့်စဉ် အချိန်များ၌ ဝမ်ရှန်းသည် တစ်စုံတစ်ခုက ပိတ်ဆို့ နေသည်ဟု အမြဲတမ်း ခံစားနေခဲ့ရပြီး ယခုအချိန်တွင် သူ ထိုကဲ့သို့ မခံစားရတော့ချေ။
ဝမ်ရှန်း တင်ပျဉ်ခွေ ထိုင်ကာ ယွမ်ဝိညာဉ် နယ်မြေ အတွင်းသို့ ဝင်ရောက် လိုက်သည်။ ၁၀၂၄ ကောင်သော ချီဝမ်နဂါးများသည် ဖျတ်လတ် တက်ကြွစွာ ရှိနေကြဆဲ ဖြစ်သည်။ ထိုချီဝမ်နဂါးများ၏ ကိုက်ဖြတ် ဝါးမျိုခြင်း အောက်တွင် သာမန်မျက်စိဖြင့် ကြည့်လျှင် ကြီးမားသည့် တောင်သည် အရွယ်အစား သိသိသာသာ မပြောင်းလဲ သွားသော်လည်း အနည်းငယ်မျှ ကျုံ့သွားသည်ကိုတော့ ဝမ်ရှန်း ရှင်းရှင်းလင်းလင်း ခံစားမိပေသည်။
ဟိုအရင်ရက်များက ထိုတောင်၏ အရွယ်အစားမှာ မပြောင်းလဲဟု ဝမ်ရှန်း ခံစားနေခဲ့ရသည်မှာ အဆိပ် အကြွင်းအကျန်ကြောင့် ဖြစ်နိုင်၏။ သို့သော် ယခုအချိန်တွင် ထိုအဆိပ် အကြွင်းအကျန်များကို ဖယ်ရှားလိုက်ပြီး ဖြစ်သည်။
ကျင့်စဉ် အခြေခံသည်လည်း နောက်တစ်ကြိမ် စတင် တိုးတက်လာခဲ့ပြီ ဖြစ်သည်။ အရှိန်က အလွန် နှေးကွေးသော်လည်း ယခုအချိန်တွင် ရှေ့ကိုသာ ဆက်သွားနေကာ နောက်ပြန်ဆုတ်ခြင်း သို့မဟုတ် ရပ်နေခြင်းမျိုး မရှိတော့ပေ။
ဤအရာသည် အမှန်ပင် ဝမ်ရှန်း သောက်ခဲ့သည့် ဆေး၏ အာနိသင်ဖြစ်၏။ လက်ရှိတွင် ချီဝမ်နဂါး အရေအတွက်သည် အကန့်အသတ် ရောက်သွားကာ ဆက်လက် ခွဲထုတ်၍ မရနိုင်သည့်တိုင် သူ၏ ယွမ်ဝိညာဉ် အဆင့်မြင့်တက် သွားပါကလည်း ပြဿနာကြီးတစ်ခု မဟုတ်တော့ပေ။ ထို့ပြင် အခြားသူများ သိသွားလျှင်လည်း ကိစ္စမရှိတော့ပေ။
မည်သို့ပင်ဆိုစေကာမူ တော်ဝင်သမားတော်၊ ဆေးဆရာ၊ ဝိညာဉ်သန့်စင်သူနှင့် အဆိပ်ဆေးဆရာတို့နှင့် အဆိပ်အကြောင်း ဆွေးနွေး တိုင်ပင်မှုများကို လူတော်တော်များများ သိကြပေသည်။
သို့သော် ဝမ်ရှန်းသည် သူကိုယ်သူ အလွန် အရေးကြီးသည့် အကြောင်းအရာ တစ်ခုခုကို သတိမမူဘဲ ဖြစ်နေသကဲ့သို့ ရေးတေးတေး ခံစားမိနေ၏။ ထိုအရာက ဘာလဲဆိုတာကို သူ မမှတ်မိပေ။ ထို့ကြောင့် သူသည် အလွန်ကို ကသိကအောက်ဖြစ်ကာ နေမထိထိုင်မသာ ဖြစ်နေလေသည်။
***