အပိုင်း ၁၂၅
ကံကောင်းခြင်း ဆေးပြားအကြောင်းသတင်း (၂)
လူများစွာ၏ အာရုံစိုက်ခြင်းကို ခံနေရသော်လည်း ဝမ်ရှန်းသည် အိမ်တော်ထိန်းအား အလုပ်များ ပေးလိုက်သည်။ အိမ်တော်ထိန်းသာ လုပ်ပေးမည်ဆိုလျှင် မည်သည့် ဆိုးကျိုးမှ မဖြစ်နိုင်ပေ။
ဤသည်မှာ မည်မျှထိ အလုပ်ရှုပ်နိုင်သည် ဆိုသည်အား ဝမ်ရှန်း ဂရုမစိုက်ပေ။ မည်သို့ပင်ဆိုစေ အိမ်တော်ထိန်းသည် ဤများပြားလှသည့် ရွှေဒင်္ဂါးများကို သိမ်းယူရန် မမေ့လျော့မည်မှာ သေချာပေသည်။
ထိုအချိန်တွင် အိမ်တော်ထိန်းက မည်မျှယူ၍ လုပ်မည် ဆိုသည့် အပေါ်သာ မူတည်၏။ ရွှေဒင်္ဂါး တစ်သောင်းခန့်က မြို့အရှင်စံအိမ်မှ အိမ်တော်ထိန်းအား အမြင်ကြည်အောင် လုပ်နိုင်လိမ့်မည်ဟု ဝမ်ရှန်း အခိုင်အမာ ယုံကြည်ပေသည်။
ဝမ်ရှန်း၏ စကားအား ကြားလိုက်ရသောအခါ အိမ်တော်ထိန်း၏ စိတ်ထဲတွင် အကျေနပ်ကြီး ကျေနပ်နေမိ၏။ ဝမ်ရှန်း၏ စီစဉ်မှုသည် သူ့အား အလွန် စိတ်ကျေနပ်မှု ရှိစေပေသည်။ ထိုအစီအစဉ်သည် သူ့အား စိတ်အေးစေကာ မြို့အရှင်ကိုလည်း စိတ်သက်သာအောင် လုပ်ပေးနိုင်သည့် အစီအစဉ်ပင်ဖြစ်၏။
ဝူရုံမြို့တွင် ဤကဲ့သို့ ပြုမူနိုင်သည့်လူမျိုး များများစားစား သိပ်မရှိပေ။ လူများ အားလုံးသည် သူတို့ကိုသူတို့ သန်မာသည်ဟု ထင်သောကြောင့် အထက်စီးဆန်ကာ ကောင်းကင်အား မော်ကြည့်နေကြခြင်း ဖြစ်၏။
သို့သော် ဝမ်ရှန်းကဲ့သို့ အမှန်တကယ် ဉာဏ်ပြေးသည့် လူတစ်ယောက်သည် တစ်ချက် ကြည့်လိုက်ရုံဖြင့် ဤဝူရုံမြို့တွင် မည်သူက တကယ့်သခင် အစစ် ဆိုသည်ကို မြင်နိုင်ခဲ့သည်။ ဤကဲ့သို့ ဉာဏ်ကောင်းသည့် လူတစ်ယောက်သည် ဝူရုံမြို့တွင်း၌ အိမ်တစ်လုံးရရှိရန် နည်းနည်းသော်မျှ မခက်ခဲပေ။
ဝုန်း….
ဝမ်ရှန်း ထိုကဲ့သို့ ပြောလိုက်သည်နှင့် ထိုနေရာ၌ ရှိနေသည့် လူအုပ်ကြီးသည် အိမ်တော်ထိန်းနားသို့ သွားကာ စတင် စာရင်း ပေးလိုက်ကြတော့သည်။ ဝမ်ရှန်းကမူ ဘာမှလုပ်စရာ မလိုဘဲ လွတ်လပ်နေခဲ့၏။
ဝမ်ရှန်းသည် လုဝမ်ဟုန်၏ ဖိတ်ကြားမှုဖြင့် သူ့အား စစ်ဆေးကြည့်ရှု ပေးခဲ့ကြသည့် လူအချို့သည် နှင့်အတူ တော်ဝင်ရတနာစံအိမ် အနောက်ဘက်ရှိ ဧည့်ခန်းသို့ ထွက်ခွာသွားသည်။
ဝိုင်နှင့် အစားအသောက် အချို့ စားသောက်ပြီး နောက်တွင် တော်ဝင်သမားတော်နှင့် ဆေးဆရာတို့ စတင် အလုပ်ရှုပ် ကြတော့သည်။ ရတနာစံအိမ်၏ လှုပ်ရှားမှုများသည် အလွန် မြန်ဆန်ပေသည်။ သူတို့သည် ဝမ်ရှန်းတို့ စားသောက်နေစဉ် အတွင်းမှာပင် လိုအပ်သည့် ပစ္စည်းများကို ယူလာနိုင်ခဲ့ပြီ ဖြစ်သည်။
နှစ်ပေါင်းငါးရာ သက်တမ်းရှိသည့် သွေးဂျင်ဆင်းနှင့် စတုတ္ထအဆင့် ရှိသည့် သားရဲ အမျိုးအစား အားလုံး ရောက်လာပြီ ဖြစ်၏။ ထိုအရာများကို ဝမ်ရှန်း ကိုယ်တိုင် စုစည်းမည် ဆိုလျှင် အချိန်တစ်ခုတော့ ကြာပေလိမ့်မည်။
သို့သော် ရတနာစံအိမ် ကဲ့သို့သော လုပ်ငန်းကြီး အတွက်မူ ထိုပစ္စည်းများသည် သူတို့၏ ကုန်လှောင်ရုံ အတွင်း၌ အသင့်ရှိနေသည့် ပစ္စည်းများပင် ဖြစ်သည်။ ရတနာစံအိမ်သည် သူတို့ထံတွင် ပစ္စည်းအချို့ လိုအပ်နေသည် ဆိုပါက တော်ဝင်ရတနာ စံအိမ်နှင့် စကားအချို့ ဆွေးနွေးပြီး လိုအပ်သည့် ပစ္စည်းများကို တော်ဝင်ရတနာ စံအိမ်၏ ကုန်လှောင်ရုံ အတွင်းမှ ထုတ်ပေးလိုက်သည်။
ဆေးပြားများ သန့်စင်ခြင်းသည် တော်ဝင်သမားတော်နှင့် ဆေးဆရာတို့ ပူးတွဲ လုပ်ဆောင်ရန် လိုအပ်၏။ ထိုအချိန်တွင် ဝိညာဉ်သန့်စင်သူသည် ဝင်ပါစရာ မလိုပေ။ သို့သော် သူကိုယ်တိုင်သည်လည်း တော်ဝင်ရတနာစံအိမ်မှ လူတစ်ယောက်ပင် ဖြစ်သည်။
ထိုနေရာတွင် လူကြီးမင်းဖုန်းလည်း ရှိနေသေးပေသည်။ လူကြီးမင်းဖုန်းသည် စားသောက်ပြီးနောက် ဝမ်ရှန်းအား နှုတ်ဆက်ကာ အဆိပ်ဖြေဆေး ပြင်ရန် ထွက်ခွာသွားလေသည်။
သူသည် သူလိုအပ်သည့် မည်သည့် ဆေးပစ္စည်းကိုမဆို မြို့အရှင်စံအိမ်၌ တောင်းဆို၍ ရပေသည်။ သူလိုအပ်သည့် ပစ္စည်းမှာ မြို့အရှင်စံအိမ်၌ မရှိခဲ့ပါက မြို့အရှင်စံအိမ်သည် သူ့အား ဝူရုံမြို့အတွင်းရှိ မည်သည့် နေရာမှမဆို ပစ္စည်းများ ရွေးချယ်ခွင့် ပေးမည်ဖြစ်၏။
ဝမ်ရှန်းမှ သူ့၏ခြံဝန်းသို့ ပြန်အနားယူ နေစဉ်တွင် အားလုံးသည် လုပ်စရာ ရှိသည်များကို သွက်သွက်လက်လက် လှုပ်ရှားနေခဲ့ကြ၏။ နောက်တစ်နေ့ မနက်ခင်း အစောပိုင်း၌ လူကြီးမင်းဖုန်းသည် အဆိပ်ဖြေဆေး နှင့်အတူ ဝမ်ရှန်း၏ အိမ်ပေါက်ဝသို့ ရောက်လာခဲ့တော့သည်။
အမှန်အတိုင်း ပြောရမည်ဆိုလျှင် ဝမ်ရှန်း၏ ခန္ဓာကိုယ်တွင်းမှ အဆိပ်သည် မပြင်းပေ၊ ထိုအဆိပ်ကို လျစ်လျူရှု ထား၍ပင်ရ၏။ သို့သော် အဆိပ်မြူခိုး တောအုပ်အတွင်းမှ အဆိပ်များကို ဖြေရန်အတွက် သူ သောက်ခဲ့သည့် အဆိပ်ဖြေ ဆေးပြားက အစာမကြေကာ သူ၏ခန္ဓာကိုယ် အတွင်း ကြွင်းကျန် နေခြင်းသာ ဖြစ်သည်။
အဆိပ်ဖြေဆေး ကျွမ်းကျင်သည့် ဆေးဝါးပညာရှင် တစ်ယောက်သည် လိုအပ်သည့် ပစ္စည်းများကို ပြင်ဆင်ကာ တစ်ညအတွင်း ဆေးဖော်စပ် နိုင်သည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
လူကြီးမင်းဖုန်းသည် ကျောက်စိမ်းပုလင်း တစ်ပုလင်း ယူလာကာ ထိုထဲတွင် ပဲစေ့အရွယ်အစားရှိ အဆိပ်ဖြေဆေးပြား ဆယ်ပြား ပါရှိပေသည်။ လူကြီးမင်းဖုန်းသည် ထိုကျောက်စိမ်း ပုလင်းကို ဝမ်ရှန်းအား ပေးလိုက်ပြီး သောက်ရမည့် အညွှန်းနှင့် မသောက်မီ ကြိုတင် ကာကွယ်ရမည့် အရာများကို ပြောပြလိုက်သည်။
ထို့နောက် သူသည် ဝမ်ရှန်း ဆေးသောက်သည်ကို မစောင့်ကြည့်တော့ဘဲ ဆေးပုလင်း ပေးပြီးသည်နှင့် ထွက်သွားခဲ့၏။
ဤအဖြစ်အပျက်မျိုးသည် ဝူရုံမြို့၌ ဖြစ်နေကျ အရာတစ်ခုပင်ဖြစ်၏၊ နောက်ဆုံး အနေဖြင့် ဆေးပြားကို စမ်းသပ် စစ်ဆေးကြည့်ရန် လိုအပ်သေးပေသည်။ ဝမ်ရှန်းသည် ဆေးပြားများ ရလာသည့် အချိန်တွင် ထိုဆေးပြားများကို သေချာပေါက် ဒီတိုင်း သောက်မည် မဟုတ်ပေ။
ပထမအဆုံး အနေဖြင့် ဆေးပြားများက အဆိပ်ရှိမရှိကို သူ စစ်ဆေးရမည် ဖြစ်၏။ ဤကဲ့သို့ ပြုလုပ်ခြင်းသည် ယုံကြည်မှု ကင်းမဲ့ခြင်း မဟုတ်ပေ၊ သတိရှိခြင်းပင်ဖြစ်၏။
ဤနေရာသည် ဝူရုံမြို့ဖြစ်သည်။ ထို့ပြင် လူကြီးမင်းဖုန်းသည် ဝမ်ရှန်း ယုံကြည်ရသည့် လုပ်ဖော်ကိုင်ဖက် တစ်ယောက် မဟုတ်ပေ။
သို့သော် အဘက်ဘက်မှ တွက်ကြည့်မည် ဆိုလျှင်လည်း လူကြီးမင်းဖုန်းက သူ့ကိုယ်သူ ဒုက္ခတွင်းထဲသို့ ဆွဲချမည် မဟုတ်သည်ကို ဝမ်ရှန်း ယုံကြည်ပေသည်။
ပထမဆုံး အချက်မှာ မြို့အရှင်သည် သူ့ကို ဝမ်ရှန်းအား ထိခိုက်အောင် ဘယ်တော့မှ လုပ်ခွင့်ပြုမည် မဟုတ်ပေ။ ဒုတိယ အနေဖြင့် အဓိက မိသားစုများနှင့် ကလန်များသည်လည်း ထိုကဲ့သို့ လုပ်ခွင့်ပြုမည် မဟုတ်ပေ။ နောက်ဆုံးတွင် သူတို့သည် ဝမ်ရှန်းအား လွတ်လပ်ခွင့် ပေးလိုက်ပြီဖြစ်၏။
ယခုအချိန်တွင် လူကြီးမင်းဖုန်းသည် ဝမ်ရှန်းအား သေလောက်သည့် အဆိပ် ခတ်ခဲ့ပါက ထိုလူများသည် သူ့အား အစိတ်စိတ် အမြွှာမြွှာ ဆွဲဆုတ် ကြပေလိမ့်မည်။
ဝမ်ရှန်း၏ ခန္ဓာကိုယ် အတွင်းရှိ အဆိပ်အား နှိမ်နှင်းရန် ဆေးလုံး နှစ်လုံးတည်းနှင့် လုံလောက်ပြီဖြစ်၏။ ဝမ်ရှန်းကို ဆေးလုံးဆယ်လုံး ပေးရခြင်းမှာ ဝမ်ရှန်းသည် ကျန်သည့် ဆေးလုံးများကို စစ်ဆေးရာ၌ အသုံးပြုရန် ဖြစ်ပေသည်။
လူကြီးမင်းဖုန်းသည်လည်း အလွန် ဉာဏ်ကောင်း လှသည်။ မည်သို့နှင့်မျှ သူသည် မစွန့်စားချင်ပေ။
ဝမ်ရှန်းသည် ဆေးပြားများကိုယူကာ တော်ဝင်ရတနာစံအိမ်နှင့် ရတနာစံအိမ်သို့ ဦးတည် သွားလိုက်၏။ ထို့နောက် ဆေးလုံးကို စစ်ဆေးရန် အတွက် တစ်နေရာကို တစ်လုံးစီ ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ဝမ်ရှန်းသည် ဆေးပြား နှစ်ပြားကိုလည်း သူ၏အခန်း အတွင်း၌ ချန်ထားခဲ့သေးပေသည်။ ဆေးပြား နှင့်အတူ ဤအရာများက အဆိပ်ဖြေဆေးပြားများ ဖြစ်ကြောင်းကိုပါ မှတ်စုတို ထားထားလိုက်၏။
ဤဆေးပြားများသည် သူထံသို့ ရောက်လာခဲ့သည့် ထူးဆန်းသော မိန်းမစိုးအတွက် ဖြစ်သည်။ တော်ဝင် မိသားစုသည်လည်း ဤအခွင့်အရေးကို လက်လွတ်မခံဘဲ သူပြောခဲ့သည့် နည်းလမ်းကို သေချာပေါက် စိတ်ဝင်စားလိမ့်မည်ဟု ဝမ်ရှန်း ယုံကြည်ပေသည်။ ထို့ကြောင့် သူတို့သည် ဆေးပြားကို ကူညီစစ်ဆေး ပေးရမည်မှာ ပုံမှန်ပင်ဖြစ်၏။
ဝမ်ရှန်း တော်ဝင်ရတနာ စံအိမ်နှင့် ရတနာစံအိမ်မှ ပြန်ရောက်ချိန်တွင် အခန်းအတွင်း၌ ထားခဲ့သည့် ဆေးပြားနှစ်ပြားသည် ဘာအစအနမှ မရှိဘဲ ပျောက်ကွယ် သွားပြီဖြစ်၏။
ဝမ်ရှန်းသည် သူ၏ခြံဝန်း အတွင်း၌သာ တစ်နေကုန် စောင့်နေလိုက်၏။ ညနေခင်း ရောက်သည့် အချိန်တွင် ရတနာစံအိမ်နှင့် တော်ဝင်ရတနာ စံအိမ်တို့သည် အရာအားလုံး အဆင်ပြေကြောင်း လူလွှတ်ပြီး သတင်းပါး လာကြသည်။
ထိုစံအိမ်နှစ်ခုမှ လူများ ထွက်ခွာ သွားပြီးနောက် ဝမ်ရှန်း တစ်ဖက်သို့ လှည့်ကြည့်ကာ ရေးတေးတေး ပြုံးလိုက်၏။ ထို့နောက် သူသည် မီးဖိုခန်းသို့ သွားကာ ရေနွေး တည်လိုက်ပြီး ရေနွေးခရားအား သယ်ကာ အခန်းအတွင်းသို့ ပြန်လာလိုက်သည်။
“ဒီအဘိုးကြီးက သူ့ကိုယ်သူ ပြိုင်ဘက်ကင်းလို့ ထင်နေတာ၊ ဒါပေမယ့် နှစ်ခေါက်လုံး မင်းက ငါ့ကို ရှာတွေ့နေခဲ့တာပဲ”
ဝမ်ရှန်း ယခင် မြင်ခဲ့ဖူးသည့် မိန်းမစိုးသည် အခန်းအတွင်းရှိ ပုခက် ကုလားထိုင်ပေါ်၌ ထိုင်ကာ ဇိမ်ခံနေဟန်ဖြင့် မျက်လုံးများ မှိတ်ထားနေ၏။ သူသည် ဝမ်ရှန်း အခန်းအတွင်းသို့ ဝင်လာမည်ကို စောင့်နေကာ သူ အထဲသို့ ရောက်လာသည်နှင့် ဖြည်းညင်းစွာ ပြောလိုက်သည်။
ထို့နောက် သူသည် စားပွဲခုံပေါ်ရှိ လက်ဖက်ရည်ခွက်အား လက်ညှိုး ထိုးပြကာ ဝမ်ရှန်းအား ရေနွေးငှဲ့ရန် အချက်ပြလိုက်၏။
ဝမ်ရှန်းသည်လည်း နာခံစွာဖြင့် ရေနွေး ငှဲ့လိုက်ကာ စားပွဲအခြားတစ်ဖက်၌ ထိုင်လိုက်သည်။ ထို့နောက် သူ ဘာမှမပြောခဲ့ပေ။ ထိုမိန်းမစိုးမှ ပြောလာမည်ကိုသာ စောင့်နေလိုက်၏။
“ဘာမှမဖြစ်ဘူး”
ဝမ်ရှန်း ဘာကို စောင့်နေသည်အား သိကာ မိန်းမစိုးမှ တိုက်ရိုက် ပြောလိုက်သည်။
“ယုံယုံကြည်ကြည် သောက်လို့ရတယ်”
“ကျေးဇူးတင်ပါတယ်”
ဝမ်ရှန်း ဘာမှ များများစားစား မပြောခဲ့ပေ၊ သူသည် ကျေးဇူးတင်ကြောင်းကိုသာ ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်၏။
“လျှို့ဝှက်ချက်ကို လူအနည်းအကျဉ်း လောက်နဲ့ပဲ ဖော်ပြလို့ရတဲ့ နည်းလမ်းလည်း ရှိပါတယ်”
မိန်းမစိုးမှ ဝမ်ရှန်း၏ လုပ်ရပ်များအား ရုတ်တရက် ဝေဖန်လိုက်သည်။
“ဒါပေမယ့်၊ မင်းက အဲ့အထက်တန်းလွှာ မိသားစုတွေကို ပိုပြီး ခွန်အား ကြီးမားလာအောင် လုပ်ဖို့အတွက် လူအများ ကြားမှာပဲ ကြေညာလိုက်ဖို့ မကြောက်ခဲ့ဘူးပဲ ဟုတ်လား”
ဝမ်ရှန်း ပြုံးလိုက်၏၊ သူသည် ဤမေးခွန်းကို ပြန်ဖြေစရာပင် မလိုပေ။ မိန်းမစိုးက သူ၏အတွေးကို နားလည်နိုင်သည်ဟု သူ ယုံကြည်ပေသည်။
ဝမ်ရှန်းက ပြန်မဖြေဘဲ ပြုံးရုံသာ ပြုံးလိုက်သည်ကို မြင်လိုက်ရသောအခါ မိန်းမစိုးသည်လည်း သူ၏စိတ်ထဲ၌ ပြုံးလိုက်၏။ သူစိုးရိမ်နေသည့် အရာသည် ယခုအချိန်၌ ဖြစ်နေသည့် တကယ့် ပြဿနာတစ်ခုပင် ဖြစ်၏။
အထက်တန်းလွှာ မိသားစုများက ပို၍ အင်အားကြီးလာလေ တော်ဝင်မိသားစုက ပို၍ အားနည်းသွားလေ ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ဖြစ်လာအောင် လုပ်၍မရကြောင်း ဝမ်ရှန်းမှ နားလည်နေသည့် အတွက်ကြောင့် သူတို့လည်း ဘာမှစိုးရိမ်နေစရာ မလိုတော့ပေ။
“လူကြီးမင်းဖုန်းရဲ့ အဆင့်က မဆိုးဘူး။ သူက အဆိပ်ကို ရှာတွေ့နိုင်ခဲ့ပြီး ကုသပေးတယ် ဆိုမှတော့ သူက သူ့နည်းလမ်းအတိုင်း သူ လုပ်မှာပဲ”
မိန်းမစိုးသည် သူလိုချင်သည့် အဖြေကို နားလည်ခဲ့ပြီ ဖြစ်သည့် အတွက်ကြောင့် ထိုကိစ္စနှင့် ပတ်သက်ပြီး ဘာမှ ဆက်မပြောခဲ့တော့ပေ။ သူသည် လက်ဖက်ရည်အား တစ်ကျိုက် သောက်လိုက်ပြီး ထွက်ခွာသွားရန် ပြင်လိုက်၏။
“ကံကောင်းခြင်း ဆေးပြား ဘယ်မှာရှိလဲဆိုတာ တော်ဝင်မိသားစုက သိလား”
ဝမ်ရှန်းမှ ရုတ်တရက် ထမေးလိုက်၏။ မည်သို့ပင် ဖြစ်စေကာမူ ဝမ်ရှန်း၏ လေ့ကျင့်သည့် အချိန်သည် တိုတောင်းကာ သူသည် ယွမ်ဝိညာဉ် စွမ်းအား၏ အထောက်အပံ့ကိုလည်း အချိန်တိုအတွင်း ရရှိခဲ့ခြင်းဖြစ်၏။ ဤအချက်သည် သံမဏိကဲ့သို့ ခိုင်မာသည့် အချက်ဖြစ်ကာ ပြောင်းလဲ၍ မရပေ။
သို့သော် ကံကောင်းခြင်း ဆေးပြားအကြောင်း သိရမည်ဆိုလျှင် ဝမ်ရှန်းသည် သူ၏ခန္ဓာကိုယ်အား ပြုပြင်ကုသနိုင်ရန် တစ်ပြားနှစ်ပြား လောက်တော့ ရချင်ပေသည်။
“မင်းက အဲ့ဆေးပြား အကြောင်းကို တကယ်ပဲ တွေးရဲတယ်ပေါ့”
မိန်းမစိုးမှ ခါးသီးစွာ ပြုံးလိုက်၏။
သို့သော် သူသည် ဝမ်ရှန်းအား မဖုံးကွယ်ထားပေ။
“ကံကောင်းခြင်း ဆေးပြားက တကယ်ပဲ ရှိတယ်။ ဒါပေမယ့် အဲဒါက တချို့လျှို့ဝှက်ဂိုဏ်းတွေနဲ့ ရှေးမိသားစုတွေရဲ့ လက်ထဲမှာပဲ ရှိမှာပဲ။ အဲဒါကို ရချင်တာလား… မလွယ်ဘူးကွ။ မင်း ဂျင်ဒီနယ်မြေထဲက အရာတွေကို ရောင်းဝယ် ဖောက်ကားချင်စိတ် မရှိရင် အဲ့ဒါတွေကို ရနိုင်မှာ မဟုတ်ဘူး”
***