Switch Mode

Chapter – 123

ရုတ်တရက် ရောက်လာသည့် ပျော်ရွှင်မှု (၂)

အပိုင်း ၁၂၃
ရုတ်တရက် ရောက်လာသည့် ပျော်ရွှင်မှု (၂)

အဆိပ်အကြောင်း ရှာဖွေစစ်ဆေးသည့် ဖြစ်စဉ် တစ်လျှောက်လုံးတွင် ဝမ်ရှန်းသည် ဤလူကြီးမင်းဖုန်း၏ စနစ်တကျ စစ်ဆေးမှုနှင့် စမ်းသပ် စစ်ဆေးမှုများကို တွေ့မြင်ခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် ထိုသူ၏ အဆင့်က မနိမ့်ဟု သူ ပြောနိုင်ပေသည်။

အထူးသဖြင့် အဆုံးသတ်ခါနီးတွင် သူသည် ဝမ်ရှန်း၏ ခန္ဓာကိုယ် အတွင်း၌ ရှိနေသည့် အဆိပ်မှာ ဘယ်အဆိပ်မျိုး ဖြစ်သည်ကို သိကြောင်း သိသာပေသည်။ သို့သော် သူမပြောခဲ့ပေ။ ဤအခြေအနေမျိုးတွင် ဝမ်ရှန်းသည် အခြားတစ်ယောက်ကို ရှာကာ ဘာလို့ အချိန်ဖြုန်း နေတော့မည်နည်း။

ဝမ်ရှန်း အတွက်မူ ပြင်ဆင်ရန် မလုံလောက်သည်ဖြစ်စေ၊ သို့မဟုတ် ပြည့်လျှံလွန်း နေသည်ဖြစ်စေ ထိုအရာများ အားလုံးထက် အဓိက ပြဿနာမှာ သူ၏ခန္ဓာကိုယ် အတွင်း၌ ရှိနေသည့် အဆိပ် အကြွင်းအကျန်က ပျောက်ကွယ် မသွားသေးခြင်းနှင့် အခြေမခိုင်နေခြင်းတို့ ဖြစ်သည်။ ထိုနှစ်ခုသည် အဓိကထား လုပ်ဆောင်ရမည့် အရာများပင် ဖြစ်၏။

လူကြီးမင်းဖုန်းသည် ဝမ်ရှန်းအား အဆိပ်ဖြေရာ၌ ကူညီပေးနိုင်၏၊ ထို့ကြောင့် ထိုကိစ္စနှင့် ပတ်သက်၍ ဝမ်ရှန်း စိုးရိမ်စရာ မလိုပေ။ သူသည် အဆိပ်ကို အရင်ဖြေရန် ရွေးချယ်လိုက်၏။ မည်သို့ပင်ဆိုစေ အဆိပ်ဖြေခြင်းသည် မြန်လေ ပိုကောင်းပင် ဖြစ်သည်။

အခြားတစ်ဖက်တွင် အခြေမခိုင်ခြင်း ကိစ္စနှင့် ပတ်သက်၍လည်း စိုးရိမ်စရာ မရှိပေ။ သူသည် ဤအဆင့်၌ အချိန်အတော် ကြာနေခဲ့ပြီ ဖြစ်ပြီး ဝိညာဉ် စွမ်းအားများကို ခန္ဓာကိုယ်အား ဖြည်းဖြည်းခြင်း ဓာတ်ဖြည့်ခိုင်းကာ ခန္ဓာကိုယ်နှင့် လိုက်လျောညီထွေ ဖြစ်အောင် တဖြည်းဖြည်း လုပ်မည်ဆိုလျှင် ဤပြဿနာကိုလည်း ရှင်းနိုင်ပေသည်။

ဝမ်ရှန်းအား လိုအပ်တဲ့ အရာများကို ပြောဆိုရန် ထိုလူ၏ ပါးစပ် လှုပ်ရှားလိုက်သည့် အခိုက်အတန့်မှာပင် ထိုနေရာ၌ ရှိနေသည့် လူများအားလုံး စိတ်လှုပ်ရှား သွားကြသည်။

သူတို့ ကြားသိလိုသည့် ဝမ်ရှန်းထံမှ အဖြေကို လူကြီးမင်းဖုန်းမှ မေးရန် လူဘယ်နှယောက်ပင် မျှော်လင့်စောင့်စား နေကြသနည်း။

ဝမ်ရှန်း၏ ပြောလိုက်သည့်အရာကို လူကြီးမင်း ဖုန်းမှလည်း စဉ်းစားလိုက်သည်။ ဝမ်ရှန်းသာ ဝူရုံမြို့မှ သာမန် ကြေးစား တစ်ယောက်သာဆိုလျှင် သူ အလွယ်တကူ ပြန်ဖြေရန် လွယ်ပေသည်။ ရွှေဒင်္ဂါးများ လုံလုံလောက်လောက် ရရှိခဲ့မည် ဆိုလျှင်ပင် သူသည် နောက်ထပ် ရာနှင့်ချီ အနည်းငယ် ထပ်တောင်း၍ ရပေသည်။

သို့သော် ယခုအချိန်တွင် သူ၏ဉီးတည်ချက်မှာ ဝမ်ရှန်း၌ ရှိနေသောကြောင့် လတ်တလော အခြေအနေ တစ်ခုလုံးက လုံးဝ ကွဲပြားသွားပြီ ဖြစ်သည်။ ဝမ်ရှန်းထံတွင် လျှို့ဝှက်ချက် များစွာရှိကာ ဘယ်တစ်ခုကို ရွေးချယ်ရမလဲ ဆိုသည်အား သူ မသိပေ။

သာမန်လူ တစ်ယောက်မှ ပထမအဆင့် ဝိညာဉ်သခင် ဖြစ်လာသည့် လျှို့ဝှက်ချက်၊ ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ထွက်သွားလာ နိုင်သည့် လျှို့ဝှက်ချက်၊ ဤနှစ်ခုသည် အရေးအကြီးဆုံး ဖြစ်ပေသည်။

သို့သော် လူကြီးမင်းဖုန်းသည် သူ ထိုအရာများကို မေးမည် ဆိုလျှင် အဖြေ တိတိကျကျ ရရှိမည် မဟုတ်ကြောင်း သူ သိ၏။ ဒါအပြင် ဘယ်သူကများ ဤကဲ့သို့ မေးခွန်းမျိုး မေးကာ သူတို့ကိုယ်သူတို့ အန္တရာယ်တွင်းထဲ ရောက်အောင် လုပ်မည်နည်း။

စတုတ္ထအဆင့်၊ ပဥ္စမအဆင့်နှင့် ဆဌမအဆင့် သားရဲများကို သတ်ဖြတ်နိုင်သည့် နည်းလမ်းကို မေးလျှင်ရော…

ဤမေးခွန်းမျိုးကိုတော့ ကြိုးစားကြည့်၍ ရနိုင်လောက်ပေသည်။ သို့သော် အဖြေက စိတ်ပျက်စရာ ကောင်းနေမည်ကိုတော့ သူ စိုးရိမ်မိ၏။ ဘာပဲပြောပြော ဝမ်ရှန်း၏ အဖြေသည် လက်နက်ပစ္စည်း အမျိုးအစား တစ်မျိုးမျိုးပေါ် မူတည်သည့် အဖြေမျိုး ဖြစ်နေနိုင်ပေသည်။

ပစ္စည်းကို လိုချင်ရင်ရော…

ဤမေးခွန်းသည် အစောတုန်းမှ မေးခွန်းနှစ်ခုနှင့် အတူတူပင်ဖြစ်၏။ သူသည် သူ့အသက်ကိုသူ ကယ်နိုင်သည့် အချိန်တွင် အခြားသူများ ရန်ရှာလာနိုင်သည့် အကြောင်းအရာမျိုးကို ဘယ်လိုလုပ် အဖြစ်ခံနိုင်မည်နည်း။

ဂျင်ဒီတားမြစ်နယ်မြေ အတွင်း၌ မည်သည့်အရာများ ရှိနေသနည်း ဟူသည့် မေးခွန်းမျိုး ဆိုလျှင် …

ဤမေးခွန်းမျိုးကိုတော့ မေး၍ ရပေသည်။ ဝမ်ရှန်းသည် သူ မြင်ခဲ့ရသည့် အရာများကိုသာ ပြောပြရမည်ဆိုပါက တကူးတက ငြင်းဆန်မည် မဟုတ်ပေ။

ယခုလေးတင် သူသည် ထိုနယ်မြေမှ အကြောင်းအရာ တချို့အကြောင်းကို ပြောခဲ့ပေသည်။ ဝမ်ရှန်း၏ စကားများကို နားထောင်ပြီးနောက် အဆိပ်မြူခိုး တောအုပ်၏ အခြေအနေက ဘယ်လိုမျိုးလဲ ဆိုသည်ကို ထိုနေရာ၌ ရှိနေသည့် လူများအားလုံး ခန့်မှန်း နိုင်သွားကြပြီ ဖြစ်၏။

လူကြီးမင်းဖုန်းသည် သူ မေးမည့် မေးခွန်းနှင့် ဝမ်ရှန်း ဖြေလာနိုင်သည့် အဖြေများ အကြောင်းကို စဉ်းစား ချင့်ချိန် ကြည့်လိုက်သည်။ အစကတည်းက လက်တွေ့ဖြစ်သည့် ရွှေဒင်္ဂါး ကဲ့သို့ အရာမျိုးကို သူ ဘယ်တုန်းကမှ အတွေး မပေါ်ချေ။

လူကြီးမင်းဖုန်း တုံ့ဆိုင်းနေသည်ကို မြင်လိုက် ရသောအခါ မြို့အရှင်စံအိမ်မှ အိမ်တော်ထိန်းသည်ပင် သူ့အတွက် အနည်းငယ် စိုးရိမ်လာခဲ့သည်။ သူသည် ထိုလူအား စဉ်းစားချင့်ချိန်ရန် သတိပေးလိုက်ချင်၏။ သို့သော် သူ ထိုကဲ့သို့ လုပ်လိုက်မည် ဆိုလျှင် သူသည် မြို့အရှင် စံအိမ်အား မျက်နှာပျက်အောင် လုပ်မိသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ထိုလူအား သတိမပေးဘူး ဆိုလျှင်လည်း ထိုလူသည် ဤကဲ့သို့ ကောင်းမွန်လှသည့် အခွင့်အရေးမျိုးနှင့် လွဲချော် သွားမည်ကို သူ စိုးရိမ်မိ၏။ ယခုအချိန်တွင် မြို့အရှင်စံအိမ်မှ အိမ်တော်ထိန်း၏ စိုးရိမ်ပူပန်မှုများကို သူ၏မျက်နှာ ထက်၌ပင် ရှင်းရှင်းလင်းလင်း မြင်နေရပေသည်။

ကံကောင်းသည်က လူကြီးမင်း ဖုန်းသည်လည်း သူ့ဘာသာသူ မစဉ်းစားနိုင်တော့ဘဲ အိမ်တော်ထိန်းအား အကြံဉာဏ် တောင်းချင်စိတ် ပေါက်သွားခဲ့လေ၏။ ထို့ကြောင့် သူ အိမ်တော်ထိန်းအား မော့ကြည့် လိုက်သည့် အခိုက်အတန့်တွင် အိမ်တော်ထိန်း၏ မျက်နှာ အမူအရာကို မြင်လိုက်ရပြီး သူ တစ်ခဏတာ ကြောင်အ သွားခဲ့သည်။

လူကြီးမင်းဖုန်း သူ့အား မော့ကြည့်လာသည်ကို မြင်လိုက်ရသောအခါ ထိုအိမ်တော်ထိန်း အလွန် ပျော်ရွှင် သွားခဲ့သည်။ သူသည် လူကြီးမင်းဖုန်းအား ထောက်ခံသည့် အကြည့်ဖြင့် ကြည့်ကာ သူ့အား ထုတ်ဖော် ပြောဆိုရန် မသိမသာ ခေါင်းညိတ် ပြလိုက်၏။

အိမ်တော်ထိန်း၏ ထောက်ခံသည့် အကြည့်က သူ့အား စိတ်ငြိမ် သွားစေကာ လူကြီးမင်းဖုန်းသည် သိပ်ပြီး မတွန့်ဆုတ် နေတော့ပေ။ ထို့နောက် သူ စိတ်သက်သာရာ ရစွာ သက်ပြင်း ချလိုက်ပြီး အခြေအနေကို သူ့ဘာသာသူ တွေးတောလိုက်သည်။

မည်သို့ပင် ဆိုစေကာမူ သူသည် မေးခွန်း မေးလိုက်ရုံသာ ဖြစ်၏။ ဝမ်ရှန်း ဖြေမဖြေကတော့ ဝမ်ရှန်း၏ အပိုင်း ဖြစ်သွားပြီ ဖြစ်သည်။ အဓိက က သူမေးစရာ ရှိသည်ကို မေးရမည်သာ ဖြစ်၏။

နောက်ပိုင်းတွင် ဝမ်ရှန်းသည် အဆိပ်ဖြေရန် အတွက် အခြား အဆိပ်ဖြေဆေး ဆရာတစ်ယောက်ကို ရှာလိုက်မည် ဆိုလျှင်လည်း ပြဿနာ ကြီးကြီးမားမား မဟုတ်ပေ။ ဝမ်ရှန်း မိနေသည့် အဆိပ်သည် အသက်အန္တရာယ် ပေးနိုင်သည့် အဆိပ်မျိုး မဟုတ်ချေ။

ထို့ကြောင့် အခြား အဆိပ်ဖြေဆေး ဆရာတစ်ယောက်ကို ရှာလိုက်မည် ဆိုလျှင်ပင် ဤလုပ်ရပ်သည် အိမ်တော်ထိန်း အပါအဝင် အခြား မည်သူ့ကိုမှလည်း စော်ကားရာ ရောက်မည် မဟုတ်ပေ။

“သခင်လေးက သာမန်လူ တစ်ယောက် အဖြစ်ကနေ ပထမအဆင့် ဝိညာဉ်သခင်အဖြစ် ဘယ်လိုလုပ် အဆင့်တက် သွားတာလဲ ဆိုတာကို သိချင်တယ် ဆိုရင်ရော အဆင်ပြေလား မသိဘူး”

လူကြီးမင်းဖုန်းမှ ပြုံးကာ မေးလိုက်၏။

ထိုမေးခွန်း ထွက်လာသည်နှင့် အိမ်တော်ထိန်းသည် ပထမဦးဆုံး စိတ်သက်သာရာရစွာ သက်ပြင်း ချလိုက်တော့သည်။

သူသည် ဝမ်ရှန်း မမြင်နိုင်သည့် နေရာတွင် လူကြီးမင်းဖုန်းအား အဆင်ပြေကြောင်း ခေါင်းညိတ် ပြလိုက်၏။ ဤမေးခွန်းသည် မေးခွန်းကောင်း တစ်ခုပင်ဖြစ်၏။ အကျိုးစီးပွား တစ်ခု လုပ်ဆောင်ခြင်းသည် တစ်စုံတစ်ခုကို အကျိုးအမြတ်ရအောင် ပြန်တောင်းခြင်းပင် ဖြစ်၏။ စီးပွားရေး တစ်ခုကို စေတနာ သဒ္ဒါတရားများဖြင့်သာ ပြုလုပ်၍ မရပေ။

လူအများမှာ ထိုမေးခွန်းကို ပို၍ စိတ်ဝင်စား သွားခဲ့ကြသည်။

အခြား ရည်ရွယ်ချက်များ ရှိနေသည့် ဝိညာဉ်သန့်စင်သူ အပါအဝင် ထိုနေရာ၌ ရှိနေသော တော်ဝင်သမားတော်နှင့် ဆေးဆရာများကို ဆေးကုသမားတော်များ အဖြစ် မြင်နိုင်ပေသည်။ ထို့ပြင် ဤကိစ္စ တစ်ခုလုံးသည် လုဝမ်ဟုန်မှ ဝမ်ရှန်းအပေါ် ကျေးဇူးကြွေး တင်ချင်သည့် အတွက်ကြောင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်မှာလည်း ပြောစရာပင် မလိုပေ။ ဘေးမှကြည့်နေသည့် လူ ဆယ်ပုံကိုးပုံခွဲခန့် ကလည်း ဝမ်ရှန်းအား စိတ်ဝင်စားကြပေသည်။

ထိုအချိန်တွင် အားလုံး၏ အကြည့်များသည် ဝမ်ရှန်းပေါ်သို့ ကျရောက်သွားကာ ဝမ်ရှန်း မည်သို့ ပြန်ဖြေမည်ကို စောင့်မျှော် နေလိုက်ကြ၏။

ဤမေးခွန်းကို ပြန်ဖြေရန် ဝမ်ရှန်းက သဘောတူမည်လား၊ မတူဘူးလား…

ဝမ်ရှန်း၏ အဖြေမှတစ်ဆင့် အားလုံးသည် သူတို့ အဆင့်တက်နိုင်ချေ ရှိမရှိကို ခန့်မှန်းနိုင်ပေသည်။

“ပြေပါတယ်”

လူများအားလုံး မမျှော်လင့်စွာပင် ဝမ်ရှန်းသည် တွန့်ဆုတ်မှု မရှိဘဲ သဘောတူ လိုက်၏။ ထိုအဖြေ ထွက်လာသည်နှင့် ထိုနေရာ တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

အားလုံးသည် စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။ ဝမ်ရှန်းထံမှ ဤနည်းလမ်း ရရှိရန်အတွက် လူဘယ်လောက်မျှပင် ခေါင်းခြောက်ခံ၍ စဉ်းစားခဲ့ရသနည်း။

အချို့ဆိုလျှင် သူ့အား သတ်ရန် ကြေးစားများပင် စေလွှတ် ခဲ့သေးပေသည်။

သို့သော် သူတို့သည် ထိုနည်းလမ်းကို အဆိပ်ဖြေဆေး ဆရာအတွက် ဝမ်ရှန်း၏ အဖိုးအခအဖြစ် သက်ရောက်သည့် တန်ပြန်မှုမှှ သိရလိမ့်မည်ဟု မမျှော်လင့် ထားကြပေ။

ဤအကြောင်းကို အစောကတည်းက သိထားမည်ဆိုလျှင် ထိုတော်ဝင် မိသားစုများသည် မည်သည့် အတွက်ကြောင့် ထိုအကျိုးမရှိသည့် နည်းလမ်းများကို အသုံးပြုခဲ့တော့မည်နည်း။

ဝမ်ရှန်းသည် သူ့အတွက် လုံလောက်အောင် အကျိုးရှိသည်ဆိုလျှင် ထိုနည်းလမ်းကို ထုတ်ဖော် ပြောကြားမည်ပင်ဖြစ်၏။

“အာ၊ မပြေဘူး ဆိုရင်လည်း…”

လူကြီးမင်းဖုန်းသည် ပျော်ရွှင်မှုက ဤကဲ့သို့ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူသည် ဝမ်ရှန်းက ငြင်းလိမ့်မည်ဟု ထင်ထားခဲ့ခြင်းဖြစ်၏။ သူသည် မယုံကြည်နိုင်ဟန်ဖြင့်-

“ပြေ… ပြေတယ်လား”

လူကြီးမင်းဖုန်းသည် ကြောင်အ သွားပြီး တစ်ပြိုင်တည်း ဆန့်ကျင်ဘက် အကြောင်းအရာ နှစ်ခုကို ဆက်တိုက် အထစ်ထစ် အငေါ့ငေါ့ ထွက်သွားကာ သူ့ကိုယ်သူပင် သတိမထားမိလိုက်ချေ။ ရိုးရှင်းသည့် စကားလုံးလေး သုံးလုံးသည် သူ့အား စကားထစ် သွားအောင် လုပ်နိုင်ခဲ့ပေ၏။

 “ဒါပေါ့”

အတည်ပြုဟန်ဖြင့် ဝမ်ရှန်းမှ နောက်တစ်ကြိမ် ခေါင်းညိတ်ကာ ပြောလိုက်၏။ သို့သော် သူသည် ချက်ချင်းပင် –

“ဒါပေမယ့် လူကြီးမင်းဖုန်း တစ်ယောက်တည်းပဲ သိလို့ရတယ်”

“အစ်ကိုဝမ်…”

လုဝမ်ဟုန် ထိတ်လန့်သွားကာ ဝမ်ရှန်းအား အလျင်အမြန် သတိပေးလိုက်၏။ ဝမ်ရှန်းသည် သေချာ မစဉ်းစားဘဲ အခြေအနေကို ရှုပ်ထွေးသွားအောင် လုပ်မိသွားမည်ကို သူ စိုးရိမ်မိသွားခြင်း ဖြစ်သည်။

“အဆင်ပြေပါတယ်”

ဝမ်ရှန်းမှ လုဝမ်ဟုန်အား ပြုံးကာ ပြောလိုက်၏။

“အစ်ကိုလုလည်း ဒီအကြောင်းကို သိချင်တယ်ဆိုရင် အစ်ကိုလုနဲ့ လင်းအာတို့လည်း နားထောင်လို့ ရပါတယ်”

ဤကဲ့သို့ဆိုလျှင် သူသည် လုဝမ်ဟုန်၏ ကျေးဇူးကြွေးအား ပြန်ဆပ်ပြီးရာလည်း ရောက်သွားပြီ ဖြစ်သည်။

ဝမ်ရှန်းမှ ထိုကဲ့သို့ ပြောလာခြင်း ဖြစ်သည့် အတွက်ကြောင့် လုဝမ်ဟုန်သည်လည်း အခြား ဘာပြောနိုင်တော့မည်နည်း။ သူသည် တုံ့ဆိုင်းစွာ ခေါင်းညိတ် လိုက်ရတော့သည်။

“အစ်ကိုဝမ်”

လုဝမ်ဟုန်၏ စိုးရိမ်တကြီး အော်ဟစ်သံပင် မငြိမ်သေး ဝမ်ရှန်းသည် သူနှင့်ရင်းနှီးသည့် အသံတစ်သံကို နောက်တစ်ကြိမ် ကြားလိုက်ရ၏။ မော့ကြည့်လိုက်သည့် အချိန်တွင် ထိုလူသည် ဝူရုံမြို့ရှိ ရတနာစံအိမ်မှ ဆိုင်ပိုင်ရှင် ဖြစ်ကြောင်း ဝမ်ရှန်း တွေ့လိုက်ရသည်။

“ရတနာစံအိမ်က ကျွန်တော့်ကို လိုအပ်တဲ့ ပစ္စည်းတွေ အကုန်လုံးကို ကူရှာပေးမယ်ဆိုရင် ရတနာ စံအိမ်ကလည်း လူနှစ်ယောက်အထိ လာနားထောင်လို့ ရပါတယ်”

ဝမ်ရှန်းသည် အခြားသူများကို အလကားတော့ ပြောပြမည် မဟုတ်ပေ။

ဘာပဲပြောပြော သူသည် ထိုသတင်းကို ထုတ်ဖော် ရောင်းချတော့မည် ဖြစ်၏၊ သူသည် သိုးတစ်ကောင်ကို မောင်းထုတ်ကာ သိုးအုပ် တစ်အုပ်လုံးအား အကျိုးသက်ရောက် စေလိုက်ခြင်းပင် ဖြစ်၏။ အရာအားလုံးကို တဲ့တိုးပင် ဖြေရှင်းလိုက် သောကြောင့် ပြဿနာ တက်မည်ကိုလည်း မစိုးရိမ်ရပေ။

“အစ်ကိုဝမ်၊ ကျုပ်တို့လည်း နားထောင်ချင်ပါတယ်။ ဘာပြန်ပေးရမလဲ”
***

ဝမ်ရှန်းမှ ကြီးမားသည့် အရောင်းအဝယ် ပြုလုပ်တော့မည် ဖြစ်ကြောင်း သိမြင်လိုက်ရ သောအခါ အခွင့်အရေးကို လက်လွတ်သွားမည် စိုးရိမ်သောကြောင့် ထိုနေရာ၌ ရှိနေသည့် စိတ်မရှည်သော လူများမှ မေးလိုက်တော့သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset