Switch Mode

Chapter – 122

ရုတ်တရက် ရောက်လာသည့် ပျော်ရွှင်မှု (၁)

အပိုင်း ၁၂၂
ရုတ်တရက် ရောက်လာသည့် ပျော်ရွှင်မှု (၁)

ကံကောင်းခြင်း ဆေးပြားဆိုတာက ဘာလဲ …

ပြောရမည်ဆိုလျှင် အခြားလူများလည်း ထိုအကြောင်း သိချင်ကြပေသည်။

ဤဆေးပြားသည် ဒဏ္ဍာရီလာ ဆေးပြားတစ်ခု ဖြစ်၏။ ထိုဆေးပြားသည် လူများကို ပြန်လည် မွေးဖွား လာစေသကဲ့သို့ ဆံပင်များ ပြန်ပေါက်စေကာ ခြင်ဆီကိုပင် သန့်စင်ပေးနိုင်၏။

ထိုဆေးပြားသည် အရည်အချင်း မရှိသည့် အမှိုက်လို လူတစ်ယောက်ကိုပင် ဝိညာဉ်သခင် တစ်ယောက်အဖြစ် အပြည့်အဝ မြှင့်တင် ပေးနိုင်ပေသည်။ ထို့အပြင် ထိုဆေးပြားသည် ပါရမီရှင် တစ်ယောက်ကို မကောင်းဆိုးဝါး တစ်ကောင် အဖြစ်လည်း ပြောင်းလဲ ပစ်နိုင်၏။

မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲ ခံရသည့် လူများသည် မကောင်းဆိုးဝါး ၁၀၀၀ ထဲမှာပင် တစ်ဦးတည်း ကွဲထွက်နိုင်သည့် မကောင်းဆိုးဝါးမျိုး ဖြစ်သည်။ ဒဏ္ဍာရီလာ ဆေးပြားများ ၉၉၉၉ ပြား ရှိသည်ဟု ပြောကြ၏၊

သို့သော် ထိုဆေးပြားက အမှန်တကယ် ရှိမရှိကို မည်သူမှမသိပေ။

ထိုနေရာ၌ ရှိနေသည့် လူများသာမက တော်ဝင်သမားတော်သည်ပင် ထိုဆေးပြားက အမှန် ရှိမရှိ တကယ် မသိပေ။ ထိုကံကောင်းခြင်း ဆေးပြားသာ အမှန်ပင် ရှိသည်ဆိုပါက ဝမ်ရှန်း၏ အဆိပ်မိသည့် ပြဿနာမှာ ကြီးကြီးမားမား မဟုတ်တော့ပေ။

တော်ဝင်သမားတော်ပင် ရှင်းပြစရာ မလိုပေ။ လင်းအာသည် အဆင်သင့် ရှိနေသည့် စွယ်စုံကျမ်းပင် ဖြစ်၏။ သူမ ရှိနေလျှင် ဝမ်ရှန်းသည် ဒဏ္ဍာရီလာ ကံကောင်းခြင်း ဆေးပြား အကြောင်းကို နားမလည်နိုင်စရာ အကြောင်းမရှိပေ။

သို့သော်ငြားလည်း ဤဆေးပြားသည် မည်သည့် နေရာ၌ ရှိနေသည်ကို မည်သူမှ မသိပေ။ ထို့ပြင် ဆေးပြားသည် မည်သည့် ပုံသဏ္ဌာန် ရှိသည်ကိုလည်း မသိပေ။ ကံကောင်းခြင်း ဆေးပြားသည် နာမည်ရှိသော်လည်း  ထိုဆေးပြား အကြောင်းကို တစ်ဉီးတစ်ယောက်သော်မျှ ဘာမှ ဂဃနဏ မသိထားကြချေ။

ကံကောင်းခြင်း ဆေးပြားသည် အလွန် ထူးခြားသည့် ဆေးပြား တစ်ခုများလား…

အားလုံးသည် ကံကောင်းခြင်း ဆေးပြားဟုသာ ကြားဖူး၏။ သို့သော် ထိုဆေးပြားကို အသုံးပြုသည့် လူများအကြောင်းကို အဘယ်သူမှ မကြားဖူးခဲ့ခြင်းပင်။ ဤသို့ဆိုလျှင် မည်သူက ထိုဆေးပြား အကြောင်း စေ့စေ့ငုံငုံ သိပါမည်နည်း။

ထို့ကြောင့် အနှစ်ချုပ် ပြောရမည်ဆိုလျှင် ကံကောင်းခြင်း ဆေးပြားသည် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု တစ်မျိုးသာဖြစ်၏။ ထိုဆေးပြားက အမှန်တကယ် ရှိမရှိ၊ ဆေးပြားပုံစံနှင့် ထိုဆေးပြားက အမှန်တကယ် အသုံးဝင်မဝင် စသည့် အကြောင်းအရာတို့ကို တစ်ဉီးတလေမျှ မသိကြသည်မှာ အမှန်ပင် ဖြစ်တော့သည်။

တော်ဝင် သမားတော် ရှင်းပြချက်များကို ဝမ်ရှန်း ကောင်းကောင်း နားလည်ပေသည်။ သူသည် ကံကောင်းခြင်း ဆေးပြားအကြောင်းကို တွေးဖို့ရန်ပင် မလိုအပ်ချေ။ လူများသည် ထိုဆေးပြားကို ရှာမည့်အစား မြေတွင်းတူးပြီး ကမ္ဘာမြေအောက် သွားခြင်းကသာ ပို၍ လွယ်ကူ ပေလိမ့်မည်။

“ကျွန်တော်သာ သခင်လေးဆိုရင် သက်တမ်း ပိုကြာတဲ့ ဆေးပင်တွေနဲ့ အဆင့်ပိုမြင့်တဲ့ သားရဲတွေကို သုံးဖို့ တွေးမှာ မဟုတ်ဘူး”

မမျှော်လင့် ထားစွာပင် အားလုံး တည်ငြိမ်သွားသည့် အချိန်တွင် တော်ဝင်ဆေးဆရာသည် အစောပိုင်းမှ ဝမ်ရှန်း၏ မေးခွန်းအား တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

“ဘာလို့လဲ”

ဝမ်ရှန်းမှ ချက်ချင်း ပြန်မေးလိုက်၏။ ထိုတော်ဝင် ဆေးဆရာ၏ စကားကြောင့် ဝမ်ရှန်း သာမက တော်ဝင်သမားတော်၊ ဝိညာဉ်သန့်စင်သူနှင့် အဆိပ်ဆေးဆရာ အပါအဝင် ထိုနေရာ၌ ရှိနေသည့် လူများအားလုံး ကြောင်အ သွားခဲ့သည်။

“သခင်လေး တတိယအဆင့် သားရဲတစ်ကောင်ရဲ့ အသားကို စားဖူးလား”

ထိုဆေးဆရာမှ ပြန်မဖြေသေးဘဲ ဝမ်ရှန်းအား မေးခွန်း မေးလိုက်သည်။

ဝမ်ရှန်း ခေါင်းညိတ် ပြလိုက်၏။ သူ စုန့်ရန်၊ စုန့်လောင်ယုတို့ နှင့်အတူ သတ်ခဲ့သည့် မြွေမသည် တတိယအဆင့် အထွတ်အထိပ် ဖြစ်သည်။ ပြီးလျှင် ထိုအချိန်တွင် ထိုတောင်ကြား အတွင်း၌ သူသည် ထိုမြွေသားကို တော်တော်များများ စားခဲ့ပေသည်။

“စတုတ္ထအဆင့် သားရဲရဲ့ အသားကိုရော စားဖူးလား”

ထိုဆေးဆရာမှ နောက်တစ်ကြိမ် မေးလိုက်၏။

ဤကိစ္စနှင့် ပတ်သက်ပြီး ပြောစရာပင် မလိုပေ။ သူ မြွေနှစ်ကောင်အား သတ်ခဲ့သည့် အချိန်တွင် မြွေမသည် တတိယအဆင့်ဖြစ်ကာ မြွေထီးသည် စတုတ္ထအဆင့် ဖြစ်၏။ သူသည် ထိုမြွေအထီး၏ အသားကိုလည်း ကီလိုဂရမ် ရာနှင့်ချီ စားခဲ့ပေသည်။

“အမှန်အတိုင်း ပြောရမယ်ဆိုရင် သခင်လေးရဲ့ အဆင့်နဲ့ဆိုရင် သခင်လေးက အချိန်တို အတွင်းမှာပဲ ပထမအဆင့်ကို ရောက်အောင် လုပ်လို့ ရပါတယ်။ ပြီးတော့ စတုတ္ထအဆင့် သားရဲတစ်ကောင်ရဲ့ အသားကို စားတာက ကန့်သတ်ချက်ကို ရောက်သွားပြီပဲ”

ပြဿနာအား ဖြေရှင်းရာတွင် ဤဆေးဆရာနှင့် တော်ဝင် သမားတော်တို့သည် ရှုမြင်ပုံ ရှုထောင့်ခြင်း မတူကြပေ။ သူသည် ဝမ်ရှန်းအတွက် နောက်ထပ် ပြဿနာ တစ်ခုကို ဆွဲထုတ် ပြလိုက်၏။

“ကျွန်တော် သိသလောက်ဆိုရင် သခင်လေးက ပဥ္စမအဆင့် သားရဲရဲ့ အသားကိုလည်း စားဖူးတယ်မလား”

ထိုဆေးဆရာသည် အခြေအနေကို ပြောပြပြီးနောက် နောက်မေးခွန်း တစ်ခုကို မေးလိုက်သည်။

ဝမ်ရှန်းသည် ပဥ္စမအဆင့် သားရဲ၏ ခြေထောက်သားများကို ရောင်းချခဲ့ပြီး ဖြစ်၏၊ သို့သော် အခြား အစိတ်အပိုင်းများမှ အသားများကို ဝမ်ရှန်း စားခဲ့သည်မှာလည်း မနည်းပေ။

“ပဥ္စမအဆင့် ဆိုတာက တကယ်ပဲ ကန့်သတ်ချက်ကို ကျော်သွားပြီ”

ဆေးဆရာမှ သက်ပြင်းချကာ ပြောလိုက်၏။

“အဲ့ဒါက နည်းနည်းလေး အလောတကြီး ဆန်လွန်းသွားတယ်။ အဲ့လိုက မလုပ်သင့်သေးဘူး။ နားလည်လား”

ဆေးဆရာမှ ထိုကဲ့သို့ ပြောလာသည်နှင့် ဝမ်ရှန်း နားလည် သွားခဲ့သည်။ ဝမ်ရှန်း သာမက ထိုနေရာ၌ ရှိနေသည့် အခြားလူများ အားလုံးလည်း နားလည် သွားခဲ့ကြ၏။

ကောင်းမွန်သည့် အစားအသောက်များသည် ကောင်းသည်ထက် ပို၏၊ သို့သော် ကောင်းမွန်သည့်အပြင် သင့်တော်သည့် အစားအစာ ဖြစ်မှသာ အကောင်းဆုံး ဖြစ်မည်ဖြစ်သည်။

သာမန်လူများ အနေဖြင့် ပထမအဆင့် သားရဲ၏ အသားများကိုသာ စားသင့်သည်။ စားသင့်သည့် အဆင့်ထက် ကျော်လွန်သည့် သားရဲများ၏ အသားကို စားမည်ဆိုလျှင် သူတို့သည် အစာမကြေခြင်းကို ခံစားရမည် ဖြစ်သည်။

အစာမကြေခြင်းဟု ဆိုရာတွင် ဤနေရာတွင် အစာအိမ် အတွင်း၌ အစာမကြေခြင်းကို ဆိုလိုခြင်း မဟုတ်ပေ၊ ဝိညာဉ်စွမ်းအားက အစာမကြေခြင်းကို ဆိုလိုခြင်းဖြစ်၏။

“ဟုတ်တယ်၊ အဲ့ဒါပဲ”

တော်ဝင်သမားတော်မှလည်း ခေါင်းညိတ်ကာ ပြောလိုက်၏။

“မင်းရဲ့ခန္ဓာကိုယ်က အရမ်းတွေ တက်ကြွတာကို ကြည့်ပြီး အဲဒါက အဆိပ်ရဲ့ လှုံ့ဆော်တာကို ခံရတာကြောင့် ပုံရိပ်ယောင်တွေ ထင်ဟပ် လာတာလို့ ထင်နေတာ။ ဟုတ်တယ် ဒီလို ပြဿနာမျိုးလည်း ရှိနေသေးတာပဲ၊ ဝိညာဉ်စွမ်းအားကို တောင့်မခံနိုင်တာကလည်း အခုလို ပြဿနာမျိုး ဖြစ်လာနိုင်တယ်။ ဒါပေမယ့် အခုလို ပြဿနာနဲ့ ဆိုရင် သခင်လေး ဝမ်းနှုတ်တဲ့ နည်းကိုလည်း သုံးလို့မရဘူး”

ဝမ်ရှန်းသည် ကိုယ်တွင်း အာဟာရဓာတ် ချို့တဲ့ခြင်းကို ပြန်လည် ဖြည့်တင်းရန် လိုအပ်၏၊ သို့သော် သူ၏ ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအားများ ကလည်း ပြည့်နှက်နေသည်။ ဤပြင်းထန်သည့် တက်ကြွမှုကိုလည်း ဖယ်ရှားပစ်၍ မရပေ။ ဤပြဿနာကို ကိုင်တွယ်ရန် ခက်ခဲလှပေသည်။

“ဆေးဖော်စပ်တဲ့ အညွှန်းနဲ့ ပတ်သက်ပြီးတော့ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် သတိထားရမယ့် အရာတွေ ရှိသေးတယ်”

ဆေးဆရာသည်လည်း အလွန် အတွေ့အကြုံ ရှိလှပေသည်။ ပထမဆုံး အနေဖြင့် သူသည် တော်ဝင် သမားတော်၏ ဆေးညွှန်းကို အတည်ပြု လိုက်၏။

“ဆေးဖော်စပ်တဲ့ ပစ္စည်းတွေကို ရှာတဲ့နေရာမှာ ပစ္စည်းတွေရဲ့ အဆင့်တွေက ဒီမှာဖော်ပြထားတဲ့ အဆင့်တွေထက် ကျော်လို့မရဘူး။ အဆင့်ပိုမြင့်တဲ့ သားရဲအသားနဲ့ သက်တမ်း ပိုကြာတဲ့ ဆေးပင်တွေက သခင်လေးအတွက် အကျိုးရှိချင် ရှိနိုင်ပါတယ်။ ဒါပေမယ့် အခုအချိန် အတွက်တော့ မဟုတ်သေးဘူး”

တော်ဝင် သမားတော်လည်း နားထောင်လျက် လေးလေးနက်နက် စဉ်းစားကာ ခေါင်းညိတ် လိုက်၏၊ အစောပိုင်းတွင် သူသည် အလွန် ရိုးရှင်းစွာ တွေးမိသွားခြင်း ဖြစ်သည်။ ယခုအချိန်တွင် အားပိုပြင်းသည့် ဆေးများသည် ဝမ်ရှန်းအတွက် သင့်တော်မည် မဟုတ်ပေ။ ဘေးတစ်ခုခုသာ ဖြစ်သွားပါက ပြန်ကုသရန် ပြဿနာက ပိုကြီး သွားပေလိမ့်မည်။

ဝမ်ရှန်း စိတ်ထဲ၌ ခါးသီးစွာ ပြုံးလိုက်၏။ ဤကဲ့သို့ အဖြေမျိုး ထွက်လာလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။ သို့သော် ဂျင်ဒီနယ်မြေအတွင်းသို့ ထပ်ဝင်မည် ဆိုလျှင် ဝမ်ရှန်းသည် အားနည်းနေ၍ မရပေ။ ထို့ကြောင့် ယခုအချိန်တွင် သူ ရွေးချယ်စရာ မရှိပေ။ သူသည် အဆိပ်အား ကုသရန် အတတ်နိုင်ဆုံး ကြိုးစားမှုသာ ပြုရပေတော့မည်။

“အမှန်တိုင်း ပြောပေးပါ၊ သခင်လေး ဆဌမအဆင့် သားရဲတစ်ကောင်ရဲ့ အသားကိုရော စားခဲ့ဖူးလား”

ရုတ်တရက် ဆေးဆရာမှ သိချင်စိတ်ဖြင့် မေးလိုက်သည်။

“အဲ့ဒါက…”

ဝမ်ရှန်း တစ်ခဏ စဉ်းစားကာ တဖြည်းဖြည်းချင်း ခေါင်းညိတ် လိုက်၏။

“စားခဲ့ဖူးပါတယ်”

ထိုစကား ကြားလိုက် ရသောအခါ ထိုနေရာ၌ ရှိနေသည့်လူအုပ်ကြီး အံ့သြသွားခဲ့သည်။ သို့သော် ကြေးစားခန်း အတွင်း ဝမ်ရှန်း လျော်ကြေး ပေးရာ၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ချက်ချင်း အမှတ်ရသွားကာ သူတို့ နားလည် သွားတော့၏။

ထိုခုအချိန်တွင် ထိုနေရာ၌ မြို့အရှင်စံအိမ်မှ အိမ်တော်ထိန်းလည်း ရှိနေပေသည်။ သူသည် ဝမ်ရှန်း ရာပြတ်ထံ၌ ရောင်းချမည့် ကြယ်ခြောက်ပွင့် ညအမှောင်ယံ ကြယ်ဝံပုလွေ၏ သွားစွယ်များကို သူကိုယ်တိုင် သိမ်းယူခဲ့ခြင်းဖြစ်၏။ ထိုသွားစွယ်များသည် အတု မဟုတ်ပေ။ ဝမ်ရှန်းထံတွင် ညအမှောင်ယံ ကြယ်ဝံပုလွေ၏ သွားစွယ်များ ရှိနေသည် ဆိုမှတော့ ထိုဝံပုလွေ၏ အသားများက ဘယ်လိုလုပ် မရှိဘဲ မစားသုံးပဲ နေနိုင်မည်နည်း။

ဤအချက်ကြောင့်ပင် ဝမ်ရှန်းသည်လည်း မဖုံးမကွယ်ဘဲ အမှန်အတိုင်း ပြောလိုက်သည်။ ဘာပဲပြောပြော ဤအကြောင်းအရာသည် သူ သွားစွယ်များအား ရောင်းချသည်ကို မြင်ခဲ့သည့်လူ မည်သူမဆို ခန့်မှန်း ကြည့်နိုင်သည့် အကြောင်းအရာ ဖြစ်သည်။ ထို့ကြောင့် ဖုံးကွယ်ထားစရာ မလိုပေ။

“သတ္တမအဆင့် သားရဲရဲ့ အသားရော၊ စားဖူးလား”

ဆေးဆရာ၏ မျက်လုံးများ အရောင်လက် သွားကာ ဝမ်ရှန်း၏ အဖြေအား စိတ်အား ထက်သန်စွာ စောင့်နေလိုက်၏။

ယခုအချိန်တွင် ဝမ်ရှန်း ခေါင်းထပ် မညိတ်တော့ပေ။ သူသည် မစားဖူးကြောင်း ခေါင်းခါ၍ ပြောလိုက်၏။

ဆဌမအဆင့် သားရဲ၏ အသားသည်ပင် လူများအား ဘဝင်မကျ ဖြစ်နေစေပြီ။ သူသာ သတ္တမအဆင့် သားရဲ၏ အသားကို စားဖူးသည်ဆိုလျှင် ယခုအချိန်မှစ၍ သူ့အတွက် အေးချမ်းသည့် အချိန်များ ရှိနိုင်တော့မည် မဟုတ်ဟု သတ်မှတ်၍ ရပေသည်။

ဝမ်ရှန်းမှ အခိုင်အမာ ငြင်းဆို လိုက်သော်လည်း ယုံကြည်ရန် ခက်နေကြသည်။ ဤရက်များတွင် ဝမ်ရှန်းသည် သူတို့အတွက် အံ့သြစရာ ကောင်းသည်များကို တစ်ခုပြီးတစ်ခု ယူဆောင် လာပေးခဲ့၏။ ထိုထဲတွင် သူတို့အားလုံး ယခင်က တစ်ခေါက်မှ မတွေးရဲသည့် အရာများပင် ပါဝင်ပေသည်။ သတ္တမအဆင့် သားရဲ၏ အသားက ထိတ်လန့် အံ့သြစရာ ကောင်းသော်လည်း ဝမ်ရှန်း အတွက်မူ ထိုအရာက မဖြစ်နိုင်ခြင်း မဟုတ်ပေ။

အခြေအနေများက ပြောင်းလဲသွားသည့် အတွက်ကြောင့် နောက်ထပ် အချိန် အနည်းငယ်ကြာ ထပ်မံ ဆေွးနွေးပြီး နောက်တွင် ဆေးကုသသည့် အစီအစဉ် နောက်တစ်ကြိမ် ပြောင်းလဲ သွားခဲ့သည်။

ကံကောင်းစွာပင် ကြီးကြီးမားမား မပြောင်းလဲသွားခြင်း ဖြစ်သည်။ ရှေးဉီးစွာ အဆိပ် အရင် ဖြေရမည်ပင် ဖြစ်သည်။ ထို့နောက်တွင် တော်ဝင် သမားတော်ပေးသည့် ဆေးညွှန်းကို အသုံးပြုရမည် ဖြစ်၏။

ဟုတ်ပါသည်၊ နောက်တစ်ကြိမ် ဆွေးနွေး တိုင်ပင်မှု ပြီးနောက် ဆေးညွှန်းမှ ပစ္စည်းတစ်မျိုး နှစ်မျိုး ခန့်သည်လည်း ပြောင်းလဲ သွားခဲ့ပေသည်။

“အားလုံးပဲ ကြိုးစားပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်”

စစ်ဆေးစမ်းသပ်မှု ပြီးနောက်တွင် ဝမ်ရှန်းသည် တော်ဝင်သမားတော်၊ ဆေးဆရာနှင့် ဝိညာဉ်သန့်စင်သူတို့အား ကျေးဇူးတင်စကား ဆိုလိုက်သည်။ ထို့နောက် သူသည် လုဝမ်ဟုန် ဘက်လှည့်ကာ သူ့ကိုလည်း ကျေးဇူးတင်စကား ပြောလိုက်၏။

“အစ်ကိုလု၊ အစ်ကိုရဲ့ ကြင်နာမှုအတွက်လည်း ကျေးဇူးတင်ပါတယ်။ နောက်ပိုင်းကျ ကျွန်တော် သေချာပေါက် ပြန်ဆပ်ပါ့မယ်”

ဤသုံးယောက်သည် အစကတည်းက ဝမ်ရှန်းအား ကူညီရန် အတွက် လုဝမ်ဟုန်မှ ဖိတ်ကြားထားသည့် လူများဖြစ်သည်။ ဝမ်ရှန်းသည် ဤအကူအညီကို လက်ခံခဲ့သည့် အတွက် လုဝမ်ဟုန်အား ကျေးဇူး ပြန်ဆပ်ရမည်ပင် ဖြစ်သည်။

အခြားသူများ အတွက်မူ ကျေးဇူးတင်စကား ပြောလျှင် လုံလောက်ပြီ ဖြစ်၏။ လုဝမ်ဟုန်က သူတို့သုံးယောက်ကို ကုခနှုန်း အဘယ်မျှ ပေးမည် ဆိုသည်က လုဝမ်ဟုန် အပိုင်းပင် ဖြစ်သည်။

 “ဒီကလူကြီးမင်းက…”

ဝမ်ရှန်း အဆိပ်ဆေးဆရာ ဘက်သို့ လှည့်ကာ စကားစပြောမည့် အချိန်မှာပင် အခြားတစ်ဖက်မှ စပြောလိုက်၏။

“ကျွန်တော့်မျိုးရိုး နာမည်က ဖုန်း ပါ”

“ဟုတ်ကဲ့ပါ … လူကြီးမင်း ဖုန်း … ”

ထို့နောက် ဝမ်ရှန်းသည် အဆိပ်ဆေးဆရာအား လေးနက်စွာ ပြောလိုက်သည်။

“ကျွန်တော့် ကိုယ်ပေါ်က အဆိပ်အတွက် လူကြီးမင်းဖုန်းကိုပဲ ဒုက္ခပေး ရတော့မှာပါပဲ။ ဘာတွေပဲလိုလို၊ လူကြီးမင်းဖုန်း ပြောလို့ရပါတယ်”
***

Comment

Leave a Reply

Options

not work with dark mode
Reset