အပိုင်း ၁၂၁
အဖြေများ (၂)
အဆိပ်ဖြေဆရာမှ –
“ဒီအဆိပ်က ချက်ချင်း သေစေနိုင်တဲ့ အဆိပ်ငွေ့မျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် အဆိပ်ကို သခင်လေးရဲ့ ခန္ဓာကိုယ်ထဲကနေ အမြစ်ပြတ် မဖယ်ရှား ပစ်ရသေးဘူး။ အဲဒါကြောင့် သခင်လေးရဲ့ လက်ရှိ ခန္ဓာကိုယ်က အားနည်းနေပြီး ကျင့်စဉ်ကိုလည်း အဆင့်တက်လို့ မရ ဖြစ်နေတာပါ”
ဤသုံးသပ်ချက်ကို နားထောင် လိုက်ရသောအခါ အခြားသူများ မဆိုထားနှင့် ဝမ်ရှန်းသည်ပင် ကြောင်အ သွားခဲ့၏။
ဤအရာက ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။ ယခုအချိန်တွင် သူသည် ဖျတ်လတ် တက်ကြွနေပေသည့်ပြင် သူ၏ဝိညာဉ် အဆင့်သည်လည်း အနည်းငယ် တက်လာခဲ့ပြီ ဖြစ်၏။ သူက ဘာလို့ အားနည်း နေရမည်နည်း။ ဤလူများ အားလုံးသည် အရည်အချင်း မရှိသည့် လူများဖြစ်မည်ပင်။
ယခုတစ်ကြိမ်တွင် လူသုံးယောက်တည်း မဟုတ် လူလေးယောက်သည် အတူတကွ အဖြေရှာ တိုင်ပင်နေကြပြီ ဖြစ်သည်။ အချိန်အတန် ကြာပြီးနောက် တော်ဝင် သမားတော်သည်လည်း ဝမ်ရှန်းအား သူ ယွမ်ဝိညာဉ်နှင့် မည်သည့် အချိန်၌ ထိတွေ့ခဲ့ပုံနှင့် မည်သည့် အချိန်၌ စတင် လေ့လာခဲ့သည်ကို ဂရုစိုက် သေချာစွာ စ၍မေးမြန်း လိုက်၏။
ထိုအကြောင်းအရာများကို သိရှိနားလည် သွားပြီးနောက်တွင် သူတို့ နောက်တစ်ကြိမ် ဆွေးနွေး အဖြေရှာ လိုက်ကြသည်။
“ကျုပ် အကြောင်းအရင်းကို သိပြီ”
သူတို့လေးယောက် တစ်ခဏတာ ဆွေးနွေး တိုင်ပင်ပြီး နောက်ဆုံး၌ တော်ဝင်သမားတော်မှ စိတ်သက်သာရာ ရစွာ ပြုံးလိုက်၍ ပြောလိုက်သည်။
ဝမ်ရှန်းသည်လည်း နားစွင့်ကာ တော်ဝင်သမားတော်ထံမှ အဓိပ္ပာယ် မရှိသည့် အဖြေများ ပြောလာမည်ကို စောင့်ဆိုင်း နေလိုက်သည်။
လုဝမ်ဟုန်နှင့် လင်းအာ အပါအဝင် သူတို့အား အပျော်သဘောဟန်ဖြင့် ကြည့်နေကြသည့် ခန်းမအတွင်းမှ လူများသည်လည်း ပြောလာမည့် ထိုအဖြေအား အမှန်ပင် စောင့်ဆိုင်း နေကြခြင်း ဖြစ်သည်။ သူတို့သည် စကားလုံး တစ်လုံးတလေ လွဲသွားမည်ကို စိုးရွံ့သည့်အလား အသက်ပင် ရဲရဲမရှူရဲကြပေ။
“ပထမဆုံး အနေနဲ့၊ သခင်လေးရဲ့ ဝိညာဉ်ကို ထိတွေ့တဲ့ အချိန်က တိုတောင်း လွန်းတယ်၊ အဲဒါကြောင့် ရလဒ်အနေနဲ့ ဒါက ချို့တဲ့မှုကို ဖြစ်ပေါ်စေခဲ့တယ်”
တော်ဝင် သမားတော်သည် သူ၏မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ ဝမ်ရှန်းအား စတင် ရှင်းပြလိုက်၏။
ဤကမ္ဘာမှ လူများသည် ကျင့်စဉ် ကျင့်ကြံမည်ဟု ဆုံးဖြတ်ချက် ချလိုက်ပြီဆိုလျှင် သူတို့သည် အသက် ဆယ်နှစ်မှစ၍ ဝိညာဉ် ပေါင်းစပ်ခြင်းနှင့် ထိတွေ့ရမည် ဖြစ်သည်။ ပြီးလျှင် ဝိညာဉ်၏ အလိုအလျောက် တုံ့ပြန်မှုပေါ် မှီခိုကာ ဝိညာဉ် စွမ်းအားများကို အလိုအလျောက် စုပ်ယူရမည်ဖြစ်၏၊
နောက်ဆုံး၌ ဝိညာဉ်အဆင့်သည် ပထမအဆင့်သို့ မြင့်တက်သွားသည့် အချိန်ထိတိုင် ထိုကဲ့သို့ ပြုလုပ်ရမည် ဖြစ်သည်။ အရည်အချင်းရှိသည့် လူတစ်ယောက် ဖြစ်ခဲ့လျှင်ပင် ဝိညာဉ်ကမ္ဘာအား ခွဲခြမ်းစိတ်ဖြာပြီး တည်ဆောက်ရန် အတွက် အနည်းဆုံး နှစ်ဝက်နီးပါး ကြာမြင့်ပေသည်။
စုန့်ရန်သည် ပါရမီရှင် တစ်ယောက်ဖြစ်ခဲ့၏၊ သို့သော် သူမသည် ဝိညာဉ်နယ်မြေကို သူမဘာသာသူမ တည်ဆောက်ရန် အတွက် နှစ်ဝက်မျှ ကြာမြင့်ခဲ့ပေသည်။
ဝမ်ရှန်းမှာမူ ဘယ်လောက် ကြာမြင့်ခဲ့သနည်း…
မူလဝိညာဉ်၏ ဝိညာဉ် အကျိုးအပဲ့ကို မြင်ရန် အတွက် ၁၂ နာရီပင် မကြာမြင့်ခဲ့ပေ။ ထို့ပြင် ကျိုးပဲ့နေသည့် ဝိညာဉ်အား ပြန်လည် ပြင်ဆင်ခြင်းနှင့် မူလယွမ်ဝိညာဉ် နယ်မြေ တည်ဆောက်ရာတွင်လည်း လဝက်သာ ကြာမြင့်ခဲ့၏။
ဤကဲ့သို့ ကြီးမားသည့် အချိန် ကွာဟမှုသည် သူ၏အခြေက မခိုင်ကြောင်း ဆိုလိုခြင်းပင်ဖြစ်၏။ ပါရမီရှင် တစ်ယောက် သို့မဟုတ် ပါရမီရှင်ကဲ့သို့ အတွေးရှိသည့် လူမျိုးသည်ပင် ဤကျင့်စဉ်မျိုးကို အချိန်တို အတွင်း လုပ်ဆောင်၍ မရပေ။
သာမန်လူ တစ်ယောက်သည် သူ၏ဝိညာဉ်ကို အချိန်အတော်ကြာ ပြုစုပျိုးထောင်ခြင်းက ရှေ့လျှောက် လေ့ကျင့်ရန်အတွက် ခိုင်မာသည့် အခြေခံပေါ် မှီခို၍ ရသည်ဟု ဆိုလိုခြင်းပင် ဖြစ်၏။ အချိန်ပိုကြာလေ အခြေပိုခိုင်လေဟု ဆိုလိုခြင်း မဟုတ်ပေ။
အနည်းဆုံး လုပ်ဆောင်မှု တစ်ခုတော့ ရှိရပေမည်။ သတ်မှတ်ထားသည့် အချိန် အတိုင်းအတာထက် လျော့နည်း၍ မရပေ။
ဝမ်ရှန်း၏ အမှားသည် သူ့ကျင့်စဉ်ကို အချိန်မတိုင်မီ စတင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူ၏ ကျင့်စဉ်မှာလည်း တိုတောင်းလွန်း လှပေသည်။
ဝမ်ရှန်းသည် ထိုအချိန်တွင် ကူယွမ်ဆေးပြားပေါ် မှီခိုကာ ဝိညာဉ်စွမ်းအား အများအပြား စုပ်ယူခဲ့သော်လည်း အချိန်မတိုင်မီ အဆင့်တက်ခဲ့ခြင်းက နေရာများစွာ၌ လစ်ဟာ စေခဲ့လေသည်။
ဝမ်ရှန်းသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုက အလွန် မြင့်မားနေပြီး ထိုအချိန်တွင် ဝိညာဉ်စွမ်းအားက သူ့ခန္ဓာကိုယ်မှ ဒဏ်ရာ များစွာကို ကုသပေးခဲ့သည်တိုင် သူသည် အချို့အရာများ၌ လစ်ဟာမှု ရှိနေသည်။
တိုက်ပွဲမှ ရခဲ့သည့် ဒဏ်ရာများက ပြဿနာ မဟုတ်ပေ။ အကြီးဆုံး ပြဿနာမှာ အဆိပ်သင့် နေခြင်းပင်ဖြစ်၏။ မြူခိုးတောအုပ် အတွင်းတွင် ဝမ်ရှန်းသည် ကာဗွန်စစ်ထုတ်ခြင်း မျက်နှာဖုံးကို အသုံးပြုခဲ့သော်လည်း ပဥ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက်ကိုပင် သေစေခဲ့သည့် အဆိပ်ငွေ့ အများအပြားကို သူ ရှူရှိုက်ခဲ့ရသည်။
ဤအဆိပ်ငွေ့ ပမာဏသည် သေစေနိုင်လောက်သည့် အဆင့်အထိ မရောက်ခဲ့ပေ။ အဆိပ် ဖြေဆေးများက တော်တော်များများ သက်သာ သွားစေခဲ့သော်လည်း၊ အကျိုးအာနိသင် မထိရောက်သည်လည်း ရှိနေပေသည်။
မည်သို့ပင်ဆိုစေ ထိုအဆိပ်ငွေ့သည် ပဥ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက်ကိုပင် သေဆုံးသည်အထိ ဖြစ်စေခဲ့သော ပြင်းထန် အဆိပ်ငွေ့ ဖြစ်သည်။
ဝမ်ရှန်းသည် ထိုအဆိပ်ငွေ့ကို သက်သာ သွားခဲ့သည်တိုင် သူ၏ခန္ဓာကိုယ် အတွင်း၌ ကျန်ရှိနေသည့် တစ် ရာခိုင်နှုန်းသော အဆိပ်ငွေ့သည် ဝမ်ရှန်း၏ ခန္ဓာကိုယ်အား စတင်၍ ဆိုးကျိုး သက်ရောက် လာနေပြီ ဖြစ်၏။
“ပထမအဆင့်ကနေ အဆင့်ပြန်ကျ သွားပြီးတဲ့နောက်မှာ အရင် နည်းလမ်းအတိုင်း ဘယ်လောက်ပဲ လေ့ကျင့်လေ့ကျင့် ပထမအဆင့်ကို ပြန်တက်လို့ မရတော့ဘူးလို့ သခင်လေး ခံစားရလား”
ဝိညာဉ်သန့်စင်သူမှ မေးလိုက်သည်။
သူ၏ချီဝမ်နဂါးများက ကြီးမားသော တောင်အား မဝါးမျိုနိုင်သည့် မြင်ကွင်းကို ပြန်စဉ်းစားမိကာ ဝမ်ရှန်း ခေါင်းညိတ် လိုက်သည်။
“အဲဒါပဲ”
တော်ဝင်သမားတော်မှ ခေါင်းညိတ်လိုက်ပြီး ဆက်၍ ရှင်းပြလိုက်သည်။
“သူ့ခန္ဓာကိုယ်ရဲ့ ပြင်းထန်တဲ့ တက်ကြွမှုကို ကြည့်မယ်ဆိုရင် ဒါက တကယ်ပဲ အဆိပ်ငွေ့ရဲ့ လှုံ့ဆော်မှုတွေ၊ အတွင်းပိုင်း ချို့ယွင်းမှုတွေ၊ အဆိပ်မိတာတွေ၊ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ အကျိုးအာနိသင် သိပ်မရှိတဲ့ ကုသမှုတွေကြောင့် ဖြစ်လာခဲ့တဲ့ ပုံရိပ်ယောင် အမှားအယွင်းပဲ။ ဒါတွေကြောင့် ပြန်လည် သက်သာလာပြီးတဲ့ နောက်တောင်မှ သွေးနဲ့ဝိညာဉ် စွမ်းအားက မစွမ်းဆောင်နိုင် ဖြစ်သွားတယ်၊ ပြီးတော့ ကျင့်စဉ်အဆင့်လည်း ကျသွားတယ်။ ပြောရမယ်ဆိုရင် အဲလို ကံဆိုးမှုတွေထဲက ကံကောင်းမှု တစ်ခုလို့ ပြောလို့ရတာက အသက်အန္တရာယ် မရှိနေတာပဲ”
ဝမ်ရှန်း ဤအချက်များကို စဉ်းစားနေသည့် အချိန်တွင် လုဝမ်ဟုန်မှ စိုးရိမ်တကြီး မေးလိုက်၏။
“အဲဒါဆိုရင် အစ်ကိုဝမ်ရဲ့ ခန္ဓာကိုယ်က ကုလို့ရနိုင်သေးလား”
“ရတယ်”
တော်ဝင်သမားတော်မှ တိကျစွာ ဖြေလိုက်သည်။ ထို့နောက် ချက်ချင်း ထပ်ပေါင်း၍ ပြောလိုက်၏။
“မှန်ကန်တဲ့ ဆေးပင်တွေကို ရှာနိုင်မယ် ဆိုရင်တော့ ရတယ်”
ထိုအဖြေကြားမှ စိတ်သက်သာရာ ရသွားဟန်ရှိသည့် လုဝမ်ဟုန်နှင့် ကြောင်အနေဟန် ရှိသေးသည့် ဝမ်ရှန်းတို့အား ကြည့်ကာ တော်ဝင်သမားတော်သည် သူ မပြောတော့ဟု တွေးထားသည့် အရာကို ပြောရန် ဆုံးဖြတ်လိုက်သည်။
“ဒီအဆိပ်ကို ဒီအဘိုးကြီး တစ်ယောက်တည်း ကုသဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး၊ ဒီကဆရာ ကူညီပေးဖို့ လိုပါတယ်”
သူသည် မြို့အရှင်စံအိမ်မှ အဆိပ်ဆေးဆရာအား ညွှန်ကာ ပြောလိုက်၏။
ထိုအဆိပ်ဆေး ဆရာသည် မျက်နှာသေဖြင့်သာ ရပ်နေကာ စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူ၏ပုံစံကို ကြည့်ခြင်းအားဖြင့် သူ လှုပ်ရှားချင်စိတ် ပေါက်လာအောင် ဘာနဲ့မှ လာဘ်ထိုး၍ မရကြောင်း သိသာပေသည်။
“အဲဒါအပြင် သာမန် ဆေးဝါးပစ္စည်းတွေက ဝိညာဉ်စွမ်းအားနဲ့ သွေးတွေကို ပြန်လည် ဖြည့်တင်းဖို့ လုံလောက်အောင် မကောင်းမွန်ဘူး”
တော်ဝင်သမားတော်သည် ဝမ်ရှန်းအား စော်ကားရာ ရောက်မည်ကို မကြောက်ခဲ့ပေ၊ သူသည် မပြောဘဲ ဖုံးကွယ်ထားမှသာ ဝမ်ရှန်းအပေါ် အမှားကျူးလွန်ရာ ရောက်မည်ဖြစ်၏။ ထို့ကြောင့် လိုအပ်သည့် ပြောစရာရှိသည်တို့အား ရှင်းလင်းပြတ်သားစွာ ပြောပြလိုက်သည်။
“အနည်းဆုံးတော့ သက်တမ်း ၅၀၀ ရှိတဲ့ သွေးဂျင်ဆင်းပင် တစ်ပင်၊ စတုတ္ထအဆင့် ဝက်ဝံသားရဲ တစ်ကောင်ရဲ့သည်းခြေ၊ စတုတ္ထအဆင့် ပင်လယ်လိပ် တစ်ကောင်၊ စတုတ္ထအဆင့် မြွေသားရဲ တစ်ကောင်ရဲ့ သွေး ၂၅ ကီလိုဂရမ် လိုတယ်။ အဲဒါတွေ ပေါင်းစပ်ထားတဲ့ ဆေးတွေကို သောက်တဲ့ အချိန်မှာ စတုတ္ထအဆင့် သားရဲတစ်ကောင်ရဲ့ အသားကို နေ့တိုင်း စားပေးတာကလည်း အကောင်းဆုံးပဲ”
“ဒီအဘိုးကြီးက ဆေးဝါး ဖော်စပ်နည်းကိုပဲ ပြောပြလို့ ရပါတယ်၊ ဆေးတွေကို သန့်စင်တာကတော့ ဆေးဆရာ အစ်ကိုကြီးနဲ့ ဆိုင်သွားပါပြီ”
တော်ဝင်သမားတော်သည် တော်ဝင်ဆေးဆရာအား ကြည့်ကာ –
“မှန်ကန်တဲ့ ဆေးတွေကို မရှာနိုင်ဘူးဆိုရင် အချိန်တော့ ကြာသွားမှာပဲ။ ဆေးပင်က တတိယအဆင့် ဖြစ်ဖို့တော့ လိုတယ်။ အကုန်လုံးကို ရှာတွေ့ဖို့ဆိုရင် အနည်းဆုံး တစ်နှစ်ကြာလောက်ကာမယ်၊ ဒါပေမဲ့ နှစ်နှစ် သုံးနှစ်လောက် ကြာမယ် ဆိုရင်တောင် အဆင်ပြေပါတယ်၊ သခင်လေးက ငယ်ပါသေးတယ်၊ အဲ့အချိန် အတွင်းမှာ အခြေခိုင်အောင် ပြန်ပြီး တည်ဆောက်လို့ ရတာပေါ့”
“ဒါက အသက်နဲ့ ဆိုင်တဲ့အရာပဲ၊ အကုန်လုံးကို တစ်ချက်တည်းနဲ့ လုပ်လိုက်လို့ မရဘူး”
တော်ဝင်သမားတော်၏ စကားများသည် အလွန် ကျိုးကြောင်းဆီလျော် လှပေသည်။
“ကံကောင်းတာက အခု သခင်လေးက ပထမအဆင့်ပဲ ရှိသေးတယ်။ ဒီထက်သာ အဆင့်မြင့်မယ် ဆိုရင် သခင်လေးကို ကုသဖို့က သိပ်ပြီး လွယ်လှမှာတော့ မဟုတ်ဘူး”
“ကံကောင်းခြင်း ဆေးပြားကို ရှာနိုင်မယ် ဆိုရင်တော့၊ အစောတုန်းက ပြောခဲ့တဲ့ အရာတွေ အားလုံးကို မေ့လိုက်လို့ ရပါတယ်”
အဆုံးသတ်တွင် တော်ဝင်သမားတော်မှ အကြံပေး လိုက်သည်။
“ဘာပဲဖြစ်ဖြစ် အဆိပ်ဖြေဖို့က ပထမ ဦးစားပေးပါပဲ”
နောက်ဆုံးတွင် အားလုံးသည် အဖြေကို သိသွားကြကာ ဝမ်ရှန်းအား သနားကရုဏာ သက်သွားခဲ့ကြသည်။
လိုအပ်သည့် ပစ္စည်းများသည် အလွယ်တကူ မရရှိနိုင်သည့် စတုတ္ထအဆင့် ပစ္စည်းများ ဖြစ်သည်။ ယခုအချိန်တွင် သူတို့သိထားသည့် ဝမ်ရှန်းသည် ဝိညာဉ်အဆင့်ပင် မရှိသေးသည့် သာမန်လူ တစ်ယောက်သာ ဖြစ်၏။ ထို့ကြောင့် သူ ဘယ်လိုလုပ် လုပ်နိုင်မည်နည်း။
“အဆင့်ပိုမြင့်ပြီး သက်တမ်း ပိုကြာတဲ့ ပစ္စည်းတွေကို ရှာနိုင်မယ် ဆိုရင်ကော”
အားလုံး တွေးထားသကဲ့သို့ ဝမ်ရှန်းသည် မချင့်မရဲဖြစ်ကာ စိတ်ဓာတ် မကျသွားခဲ့ပေ။ ပြောင်းပြန်ပင် သူသည် အားလုံး တွေးပင် မတွေးထားသည့် မေးခွန်းကိုသာ မေးလိုက်၏။
ဝမ်ရှန်း ထိုမေးခွန်း မေးလိုက်သည့် အချိန်တွင် အားလုံး ကြောင်အ သွားခဲ့သည်။ ဝမ်ရှန်းသည် ဤလိုအပ်ချက်များကို ဖြည့်ဆည်း နိုင်မည် မဟုတ်ဟု သူတို့အားလုံးက တွေးနေကြပြီးဖြစ်၏။
သို့သော် ဝမ်ရှန်းသည် အဆင့်ပိုမြင့်သည့် ပစ္စည်းများကို ရှာနိုင်ရင်ကော ဟု မေးခဲ့သည်။ ထိုအရာက ဖြစ်နိုင်ပါ၏လော…
သူတို့အားလုံး ခေါင်းများ ချာချာလည် သွားခဲ့သည်။ သူတို့သည် ယုံကြည်ရန် ခက်ခဲသည့် မေးခွန်းတစ်ခုကို ကြားလိုက်ရခြင်းပင်တည်း။
“အဲ့လိုဆိုရင် သေချာပေါက် ဆေးအာနိသင်က ပိုကောင်းတာပေါ့၊ လိုအပ်တဲ့ အချိန်ပမာဏ ကလည်း အနည်းဆုံး နှစ်ဆလောက် လျှော့သွားမှာပဲ”
တော်ဝင်သမားတော်မှ မယုတ်မလွန် ပြန်ဖြေလိုက်သည်။ ဘာပဲပြောပြော သူသည် ဆေးပစ္စည်းများကို ပြင်ဆင်ရာ၌ တာဝန်မရှိပေ၊ ဘာလုပ်သင့်ကြောင်းကို အခြားသူများအား ပြောပြခြင်းသာ ဖြစ်၏။
“ကံကောင်းခြင်း ဆေးပြား ဆိုတာကရော ဘာလဲခင်ဗျ”
တော်ဝင်သမားတော်၏ အဖြေကြောင့် ဝမ်ရှန်း အလွန် ကျေနပ်သွားကာ နောက်ဆုံး အဖြေဖြစ်သည့် ကံကောင်းခြင်း ဆေးပြားအကြောင်း ထပ်မေးလိုက်သည်။
***