Switch Mode

Chapter – 119

အရေးအကြီးဆုံးနေရာ (၂)

အပိုင်း ၁၁၉
အရေးအကြီးဆုံးနေရာ (၂)

အားချီ၏ ခြေထောက်များသည် တကယ်ကို လှပလွန်း၏။ ထိုခြေတံများသည် သွယ်လျ ဖြောင့်တန်းကာ ကမ္ဘာမြေပေါ်၌ ဝမ်ရှန်း မြင်တွေ့ခဲ့ဖူးသည့် ထိပ်တန်း မော်ဒယ်များနှင့် ဘယ်လောက်မှ သိပ်မကွာပေ။ သို့သော် သူပြောလိုက်သည့် စကားသည် သူ့အပေါ် အားချီ၏ အမြင်မှာ အလွန်ဆိုးဝါး သွားစေတော့သည်။

သူမသည်လည်း သူမ၏ ရှည်လျားသော ခြေတံများကို သဘောကျပါသည်။ သို့သော် ဝမ်ရှန်းက တဏှာရာဂဖြင့် ပြောခြင်းဖြစ်သည်ဟု တွေးကာ ဝမ်ရှန်း ထိုကဲ့သို့ ပြောလာသည်ကို သူမ မကြိုက်ပေ။ ဤလူသည် သူမ၏ ရန်သူဖြစ်၏၊ ထို့ကြောင့် ဝမ်ရှန်းအပေါ် ထားရှိသည့် သူမ သတ်ဖြတ်လိုမှုသည် ချက်ချင်းပင် ထိပ်ဆုံးထိ မြင့်တက် သွားခဲ့တော့သည်။

သို့သော် ဝမ်ရှန်းသည် ဘာမှထပ်မပြောတော့ပေ၊ သူသည် အသားလှီးခုံပေါ်၌ ရှိနေသည့် ဓားမြှောင်ပေါက် အရာအတွင်းသို့သာ ဓားမြှောင်ကို ပေါ့ပါးစွာ စိုက်ထည့် လိုက်သည်။ ထိုအမူအရာသည် အားချီ၏ ဝမ်ရှန်းအပေါ် မုန်းသည့် အမုန်းတရားကို များစွာ တိုးပွား သွားစေခဲ့တော့၏။

သို့သော် ယခုချိန်သည် တိုက်ခိုက်မှု စတင်ရန် အချိန်ကောင်း မဟုတ်သေးပေ။

အားချီသည် သူမထံ၌ မည်သည့် ဟာကွက်မှ မရှိကြောင်း သူမကိုယ်သူမ သိသည်။ သို့သော် သူမ ဘာမှ စမပြောရသေးခင်မှာပင် ဝမ်ရှန်းသည် သူမအား ပထမဆုံး မြင်သည်နှင့် မှတ်မိခဲ့သည်။ သူသည် သူမ၏ သတ်ဖြတ် လိုစိတ်များကိုလည်း မြင်နိုင်ခဲ့၏။

ထိုအရာများသည် အားချီအား သူမကိုယ်သူမ ယုံကြည်မှုများ များစွာ လျော့ကျ သွားစေခဲ့သည်။ သူမသည် ဝမ်ရှန်း၏ အင်္ကျီစအား ဆုပ်ကိုင်ကာ သူမကို ဘာလို့ မှတ်မိနေတာလဲဟု မေးလိုက်ချင်၏၊ သို့သော် ဘာပဲပြောပြော ဤအတွေးသည် မဖြစ်နိုင်သည့် အိပ်မက်တစ်ခုသာ ဖြစ်လေသည်။

အားချီ ထွက်သွားသည်ကို ဝမ်ရှန်း ကြည့်လိုက်သည့် အခိုက်အတန့်၌ သူ့ဆိုင်ရှေ့သို့ နောက်ထပ် လူတစ်ယောက် ရောက်လာခဲ့သည်။

အစောပိုင်းမှ အဖြစ်အပျက်များ အားလုံးကို မြင်တွေ့ လိုက်ရသည့် ဤလူသည် အသားဝယ်ရန် အတွက် ဤနေရာသို့ လာခဲ့ခြင်း မဟုတ်ပေ။ အမှာစကား ပါးရန်အတွက် ရောက်လာခဲ့ခြင်း ဖြစ်၏။  လုဝမ်ဟုန် ဖိတ်ကြားထားသည့် တော်ဝင် သမားတော်နှင့် ဆေးဆရာများ ရောက်လာပြီဖြစ်ကာ ဝမ်ရှန်း အချိန်ရပါက တော်ဝင်ရတနာ စံအိမ်သို့လာရန် လာပြောခြင်းပင် ဖြစ်သည်။

အလွန် အကွက်ကျသည့် စီစဉ်မှုပင်။ လုဝမ်ဟုန်သည် သူကိုယ်တိုင် မလာခဲ့ပေ။ ဝမ်ရှန်း သူတို့ထံသို့ အချိန်မရွေးလာ၍ ရကြောင်းကိုသာ သတင်းစကား ပါးလိုက်ခြင်းဖြစ်၏။ ဤအရာသည် လုဝမ်ဟုန်က ရိုင်းပျသောကြောင့် လူစားလွှတ်လိုက်ခြင်း မဟုတ်ပေ။ ဝမ်ရှန်းအား မျက်နှာသာ ပေးခြင်းပင်ဖြစ်၏။

လုဝမ်ဟုန် ကိုယ်တိုင် လာခဲ့မည်ဆိုလျှင် ဝမ်ရှန်းသည် ချက်ချင်း သူနှင့် လိုက်မလာပါက လုဝမ်ဟုန် အရှက်ကွဲ သွားပေလိမ့်မည်။ စကားပါးရန် အခြားလူ တစ်ယောက်ကို စေလွှတ် လိုက်ခြင်းသည် ဝမ်ရှန်းအား သူတို့ထံသို့ လာမည့်အချိန်ကို သူ့စိတ်ကြိုက် ဆုံးဖြတ် ခိုင်းလိုက်ခြင်းပင် ဖြစ်၏။ ထိုအရာသည် အတင်းအကြပ် ဖိတ်ကြားခြင်းထက် ပို၍ ကောင်းမွန်ပေသည်။

အခြားတစ်ဖက်က သူ့အား မျက်နှာသာ ပေးခဲ့သည့် အတွက်ကြောင့် ဝမ်ရှန်းသည်လည်း ပြန်၍ မျက်နှာသာပေးရန် ဆုံးဖြတ်လိုက်၏။ ချက်ချင်းပင် သူသည် သူ၏အသားဆိုင်ကို သန့်ရှင်းရေး လုပ်ကာ ဆိုင်ပိတ်လိုက်ပြီး တော်ဝင်ရတနာ စံအိမ်ထံသို့ သွားလိုက်သည်။

ဝမ်ရှန်း ထိုနေရာသို့ ရောက်သွားသည့် အချိန်တွင် တော်ဝင် အင်ပါယာစံအိမ်ရှိ အရောင်းခန်းမမှ လူများသည် ကြိုရောက် နေကြပြီဖြစ်၏။ သူတို့သည် တော်ဝင်ရတနာ စံအိမ်မှ ပစ္စည်းများကို သယ်ယူမည့်ဟန်ရှိ၏၊ သို့သော် အမှန်မှာမူ သူတို့သည် သတင်းကြားရန် စောင့်နေကြခြင်း ဖြစ်သည်။

ဝမ်ရှန်းအား လာပြောသွားသည့် တော်ဝင်ရတနာ စံအိမ်မှလူသည် ဝမ်ရှန်းအား တီးတိုး ကပ်ပြောသွားခဲ့ခြင်း မဟုတ်ပေ။ သူသည် ပုံမှန်အသံ၊ ပုံမှန်လေသံဖြင့်သာ ပြောသွားခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် ထိုနေရာ၌ ရှိနေသည့် လူများသည်လည်း သူပြောသည့် စကားများကို အရှင်းသား ကြားရပေသည်။ ထိုစကား ကြားလိုက်ရသည့် အချိန်တွင် အများစုသည် သူတို့ကိုယ် သူတို့ ကျိန်ဆဲ လိုက်ကြတော့၏။

သူတို့သည် ဝမ်ရှန်းထံ၌ မျက်နှာသာ ရရန်အတွက် တော်ဝင် သမားတော်များကို အသုံးပြုရန် မည်သည့် အတွက်ကြောင့် မစဉ်းစားမိခဲ့ကြသနည်း…

ယခုအချိန်တွင် ထိုအခွင့်အရေးကို တော်ဝင်ရတနာ စံအိမ်မှ ရယူသွားပြီဖြစ်သည်။

ဝမ်ရှန်းနှင့် တော်ဝင်ရတနာ စံအိမ်သည် ထိုအကြောင်းကို လျှို့ဝှက်ထားရန် စိတ်ကူးမရှိပေ။ သူတို့သည် လူမြင်ကွင်း၌ ဤအကြောင်း ပြောခဲ့ခြင်းဖြစ်၏၊ ထို့ကြောင့် မည်သူမဆို ကြားနိုင်ပေသည်။ ဤအရာသည် ဝမ်ရှန်းအတွက် သာလျှင် မဟုတ်ပေ တော်ဝင်ရတနာ စံအိမ်အတွက်လည်း ကောင်းပေသည်။

သို့မဟုတ်ပါက ဝမ်ရှန်းဖြစ်စေ၊ တော်ဝင်ရတနာ စံအိမ်ဖြစ်စေ သူတို့သည် အင်အားစု များစွာ၏ စုပေါင်း ဖိနှိပ်ခြင်းကို ခံရနိုင်ခြေ ရှိပေသည်။ ယခုကဲ့သို့ လူအများကြား ပြောလိုက်သည့် အချိန်တွင် ထိုကဲ့သို့ စိုးရိမ်စရာ မလိုတော့ပေ။

ပြောရမည်ဆိုလျှင် တော်ဝင် သမားတော်သည် ယမန်နေ့၌ ရောက်နေခြင်း ဖြစ်သည်။ တော်ဝင်သမားတော် သာလျှင် မဟုတ်ပေ တော်ဝင် ဆေးဆရာနှင့် ဝိညာဉ် သန့်စင်သူတို့လည်း ပါပေသည်။ ဝမ်ရှန်းသည် သူတို့အဆင့်နှင့် ပတ်သက်၍ ဘာမှ သိမထားပေ။

သို့သော် လုဝမ်ဟုန်သည် အလေးအနက် ထားခဲ့၏။ ဤပုဂ္ဂိုလ် သုံးယောက်သည် အဆင့်တော့ မနိမ့်ပေ။ အနည်းဆုံးတော့ သူတို့နှင့် သက်ဆိုင်ရာ ကျွမ်းကျင်မှု နယ်ပယ်တွင် သူတို့သည် သေချာပေါက် နာမည်ကြီးပေသည်။

လုဝမ်ဟုန် စီစဉ်ပေးထားသည့် ခန်းမအတွင်းတွင် သူတို့ သုံးယောက်လုံး ရောက်နေပြီဖြစ်ကာ ဝမ်ရှန်းအား ထိုင်စောင့် နေလိုက်ကြ၏။ ဝမ်ရှန်း သူ့ဆိုင်ကို ပိတ်ကာ ထွက်လာခဲ့ပြီ ဖြစ်ကြောင်းကို သူတို့ သတင်းရခဲ့ဟန် ရှိသည်။ ဤစီစဉ်မှုသည် အလွန် ဂရုတစိုက် ရှိလှပေသည်။

“ရောက်လာပေးတဲ့ အတွက် လူကြီးမင်းတို့ကို ကျေးဇူးတင်ပါတယ်”

ဝမ်ရှန်းမှ ယဉ်ကျေးပျူငှာစွာ ပြောလိုက်သည်။ ဤနေရာတွင် ဝမ်ရှန်းသည် သူတော်ကောင်း ယောင်ဆောင်နေခြင်း မဟုတ်ပေ။ ကုန်ကျစရိတ်အတွက် လုဝမ်ဟုန်မှ တာဝန်ရှိသည် ဆိုလျှင်ပင် ဝမ်ရှန်းသည် သူ၏ ပြုမူပြောဆိုပုံက ယဉ်ကျေးသိမ်မွေ့ရန် လိုအပ်ပေသည်။

“ကိစ္စမရှိပါဘူး”

တော်ဝင် သမားတော်နှင့် ဆေးဆရာများ နေ့စဉ် ကြုံတွေ့ နေရသည့် လူနာများသည် တော်ဝင် မိသားစုဝင်များ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် စိတ်ရှည်သည်းခံရန် ယခင်ကတည်းက လေ့ကျင့် လာခဲ့ကြပြီးသား ဖြစ်၏။ ယခုအချိန်တွင် ဝမ်ရှန်းက ယဉ်ကျေးပျူငှာ သောကြောင့် သူတို့သည်လည်း ယဉ်ကျေးစွာသာ ပြန်လည် တုံ့ပြန်လိုက်ကြသည်။

ဝိညာဉ်သန့်စင်ရေး သခင်သည် ကျန်သည့် နှစ်ယောက်ထက် အဆင့်အတန်း ပိုမြင့်၏။ ဤခရီးစဉ်တွင် သူသည် ဘာမှ သိပ်မပြောခဲ့ပေ။ ခေါင်းညိတ် ခေါင်းခါခြင်း မျိုးသာရှိခဲ့၏။

သို့သော် ဝမ်ရှန်းက ယဉ်ကျေးပျူငှာ သောကြောင့် သူတို့ စိတ်ချမ်းသာရာ ရသွားခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ယဉ်ကျေးသည့် လူမျိုးသည် မောက်မာ ရိုင်းစိုင်းသည့် လူမျိုးနှင့် အလုပ် လုပ်ရခြင်းထက် ပို၍ စိတ်လက် ချမ်းသာစရာ ကောင်းပေသည်။

တော်ဝင် သမားတော်၏ အကြံပေးချက် အတိုင်း ဝမ်ရှန်းသည် ထိုင်ခုံတစ်ခုံ၌ ထိုင်ကာ လက်တစ်ဖက် ဆန့်ထုတ်လိုက်ပြီး ထိုသမားတော်အား စစ်ဆေး စေလိုက်သည်။ သမားတော်သည် ဝမ်ရှန်း၏ သွေးခုန်နှုန်းကို စမ်းသပ်နေစဉ်တွင် သူ့အား ပါးစပ်ဟခိုင်းကာ လျှာထုတ် ခိုင်းလိုက်၏။ ထိုကဲ့သို့ လုပ်ပြီးသွားနောက် ဝမ်ရှန်းအား မေးခွန်းများ စတင် မေးမြန်း လိုက်တော့သည်။

သတင်းကြားသည့် လူများသည် အစပိုင်း၌ သူတို့ ထင်ကြသည်မှာ ဝမ်ရှန်းက အလွန် နာမကျန်း ဖြစ်နေခြင်းဖြစ်သည်ဟု ထင်ကြသည်။ ထို့ကြောင့် တော်ဝင်ရတနာ စံအိမ်မှ တော်ဝင်သမားတော်နှင့် ဆေးဆရာများကို ဖိတ်ကြားခဲ့ခြင်းဟု သူတို့ ယုံကြည်ခဲ့ကြသည်။

သို့သော် တော်ဝင် သမားတော်၏ မေးခွန်းများကို ကြားလိုက်ရသည့် အချိန်၌ ဝမ်ရှန်းထံတွင် ပြဿနာ ရှိနေသည်မှာ သူ၏ကျန်းမာရေး မဟုတ်ဘဲ၊ ကျင့်စဉ် ဖြစ်နေကြောင်း အားလုံး နားလည် သွားကြတော့သည်။

ဝမ်ရှန်းသည် သူ ဝိညာဉ်အဆင့် ပထမအဆင့် ရောက်ပြီ ဖြစ်ကြောင်းကို မဖုံးကွယ်တော့ပေ။ ပြောရမည်ဆိုလျှင် ဖုံးကွယ် ထားစရာလည်း ဘာအကြောင်းမှ မရှိပေ။ စုန့်မိသားစုမှ လူများသည်လည်း စုန့်ရန်နှင့် စုန့်လောင်ယုတို့ မှတစ်ဆင့် သူ့အကြောင်းကို သိနေလောက်ပြီ ဖြစ်သည်။

သို့သော် ထိုအရာကို ဤကဲ့သို့ ဖုံးကွယ်ထား၍ မရသည့် အခြေအနေ ရောက်မှ ပြောပြခြင်းက ပို၍ ကောင်းပေသည်။ ထို့ကြောင့်သာ ယခု တစ်လျှောက်လုံးတွင် လူများသည် သူ၏ကျင့်စဉ်၌ ပြဿနာ ရှိနေသည်ဟု ထင်နေခဲ့ကြခြင်းဖြစ်၏။

ဝမ်ရှန်းက ပထမအဆင့် ဝိညာဉ်သခင် ဖြစ်ကြောင်း သိလိုက်ရသောအခါ ထိုနေရာ၌ ရှိနေသည့် လူများအားလုံး၏ မျက်လုံးများ အရောင်လက် သွားခဲ့သည်။ ဤအခွင့်အရေးသည် ဝမ်ရှန်းက သာမန်လူ တစ်ယောက် အဖြစ်မှ ဝိညာဉ်အဆင့် ပထမအဆင့်သို့ ဘယ်လိုလုပ် မြင့်တက် သွားတာလဲ ဆိုသည်ကို မတော်တဆ သိရှိနိုင်မည့် ကောင်းမွန်သော အခွင့်အရေး တစ်ခုပင်ဖြစ်၏။

ထို့ကြောင့် ဤအခွင့်အရေးမျိုးကို မည်သူက လက်လွတ် ခံမည်နည်း…

ထိုအခန်းအတွင်း၌ ရှိနေသည့် လူများ အားလုံးသည် စကားလေး တစ်ခွန်းပင် လွတ်သွားမည်ကို စိုးရိမ်နေကြကာ အသားကုန် နားစွင့် ထားကြတော့သည်။

နှမြောစရာ ကောင်းသည်မှာ မေးခွန်းမေးသည့် သမားတော်သည် ပထမအဆင့်မှ သာမန်လူ တစ်ယောက်အဖြစ် အဆင့်ကျသွားသည့် အခြေအနေ အကြောင်းကိုသာ ပြောနေခဲ့ခြင်း ဖြစ်၏။ သူသည် ဝမ်ရှန်းက သာမန်လူ အဖြစ်မှ ပထမအဆင့် ဝိညာဉ်သခင်အဖြစ် ဘယ်လို ပြောင်းလဲ သွားတာလဲဆိုသည်ကို မမေးခဲ့ပေ။

ပြီးလျှင် ဝမ်ရှန်း၏ အဖြေများသည်လည်း အတူတူပင် ဖြစ်၏၊။ သူတို့သည် ပထမအဆင့်မှ သာမန်လူအဖြစ် ပြောင်းလဲသွားသည့် အကြောင်းကိုသာ ပြောဆိုနေကြပြီး သာမန်လူအဖြစ်မှ ပထမအဆင့်အထိ အဆင့်တက် သွားသည့် အကြောင်းကို အရိပ်အမြွက်လေးပင် မပြောခဲ့ကြပေ။ ထို့ကြောင့် နားထောင်နေသည့် လူများသည် မရိုးမရွ လာကြတော့၏။ သို့သော် သူတို့ ဘာမှ မတတ်နိုင်ကြပေ။

တော်ဝင်သမားတော် စစ်ဆေးပြီးနောက် ဝိညာဉ်သန့်စင်သူမှ စစ်ဆေးရမည့် အလှည့်ဖြစ်သည်။ ထိုဝိညာဉ်သန့်စင်သူ ရှာတွေ့သွားမည့် အရာအတွက် ဝမ်ရှန်း မကြောက်နေပေ။ ဘာပဲပြောပြော သူ၏ဝိညာဉ် နယ်ပယ်တွင် ချီဝမ်နဂါးပေါင်း တစ်ထောင်ကျော် ရှိနေသော်ငြား ဝိညာဉ်ကြေးမုံ ပေါ်၌ပင် ငါးကြင်းတစ်ကောင်သာ ပေါ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူ ဘာကို ကြောက်နေရမည်နည်း။

ဝိညာဉ်သန့်စင်သူသည် အစီအရင် တစ်ခုပြင်ဆင်ကာ ဝမ်ရှန်းအား အတွင်း၌ ရပ်ခိုင်းလိုက်သည်။ ထို့နောက် အစီအရင်အား အသက်သွင်းလိုက်၏။ လူအများရှေ့၌ ဖြစ်နေသည့် အတွက်ကြောင့် ဝမ်ရှန်းသည် ထိုဝိညာဉ် သန့်စင်သူက လှည့်ကွက်များ သုံးမည်ကို ဝမ်ရှန်း မကြောက်ပေ။ လုဝမ်ဟုန်သည် အရူးမဟုတ်ပေ၊ သူက ဝမ်ရှန်းအား ပြဿနာကို အဖြေကူရှာ ပေးချင်သည့် အချိန်တွင် ဝမ်ရှန်းအား ဉာဏ်နီဉာဏ်နက် ဆင်မည့် ဝိညာဉ်သန့်စင်သူမျိုးကို ရှာရန် မဖြစ်နိုင်ပေ။

ထိုနေရာတွင် အစီအရင်နှင့် ချိတ်ဆက်နေသည့် ကြေးမုံတစ်ခုလည်း ရှိနေသည်။ ဝမ်ရှန်း ထင်ထားသည့် အတိုင်းပင် အစီအရင် အသက်ဝင်သွားသည့် အချိန်တွင် ထိုဝိညာဉ် ကြေးမုံပေါ်၌ ငါးကြင်းတစ်ကောင်၏ ပုံရိပ်သာ ထွက်ပေါ်လာခဲ့သည်။

သို့သော် ဤငါးကြင်း၏ ပုံစံသည် ကြေးစားခန်းမ အတွင်း၌ ကြည့်ခဲ့သည့် ကြေးမုံပေါ်မှ ငါးကြင်းထက် ပို၍ပင် သနားစရာ ကောင်းနေ၏။ ငါးကြင်းသည် တစ်ဝက် လစ်ဟာနေခြင်းပင် ဖြစ်သည်။

ကျိုးပဲ့နေသည့်ဝိညာဉ်၊ ဤဝိညာဉ်သည် ဝိညာဉ်အဆင့်ပင် မရှိနေပေ။ ဤအရာသည် ဝမ်ရှန်း၏ အစောဆုံးနှင့် ရှေးအကျဆုံး ဝိညာဉ်အခြေအနေပင် ဖြစ်၏။ ဤဝိညာဉ်ကြေးမုံသည် ပို၍အဆင့်မြင့်ကြောင်း သိသာပေသည်။ သို့သော် ဤကြေးမုံသည်လည်း ဤအဆင့်အထိသာ မြင်နိုင်ပေသည်။

ဝိညာဉ်သန့်စင်သူမှ ဝမ်ရှန်းအား မေးသည်မှာ ထိုအချိန်၌ ဤကျိုးပဲ့နေသည့် ဝိညာဉ်အား မည်ကဲ့သို့ ပြင်ဆင်ခဲ့ကြောင်း၊ ဤဝိညာဉ်အား အဆင့်တက်အောင် လုပ်ရာ၌ မည်ကဲ့သို့ ခံစားခဲ့ရကြောင်း အစရှိသဖြင့်ဖြစ်၏။

ဝမ်ရှန်းသည်လည်း မဖုံးကွယ်ဘဲ အမှန်အတိုင်းသာ ဖြေလိုက်သည်။ သူသည် ပိုင်ယွမ်ဆေးပြား အချို့ကို ဝါးမျိုလိုက်၏၊ ထို့နောက် အသေးစိတ် ရှင်းပြလိုက်သည်။ ဝမ်ရှန်းသည် သူ၏ကျိုးပဲ့နေသည့် ဝိညာဉ်ကို မည်ကဲ့သို့ ပြုလုပ်ပြင်ဆင်ကြောင်းနှင့် ထိုကျိုးပဲ့နေခြင်းကို ပြည့်ဝသွားအောင် လုပ်ပြီးသည်နှင့် ဤငါးကြင်းကို ကြီးမားသည့် ငါးကြင်းတစ်ကောင် ဖြစ်အောင် မည်ကဲ့သို့ ပြောင်းလဲပစ်မည် ဆိုတာကိုပါ ရှင်းပြလိုက်သည်။

ဝမ်ရှန်းသည် ထိုကဲ့သို့ ရှင်းပြနေရာမှ ဝိညာဉ်အဆင့် ပထမအဆင့်သို့ ရောက်ရန် အနည်းငယ်သာ လိုတော့သည့် အချိန်တွင် ရပ်လိုက်ကာ ဘာမှဆက် မပြောခဲ့တော့ပေ။

တစ်လုံးတလေလေးပင် လွတ်သွားမည်ကို စိုးရိမ်ကာ ဂရုတစိုက် နားထောင်နေကြသည့် လူများသည် တန်းလန်း ဖြစ်သွားကြကာ အလွန် အသည်းယား သွားခဲ့ကြ၏။ သူတို့သည် ဝမ်ရှန်းထံသို့ သွားကာ သူ ဆက်ပြောရန်အတွက် ရိုက်နှက်ချင်ပစ်စိတ်သာ ပေါက်သွားခဲ့ကြတော့သည်။

အရေးအကြီးဆုံး နေရာရောက်သည့် အချိန်မှာမှ သူ ဘာလို့ ရပ်လိုက်ရသနည်း…

***

Comment

Leave a Reply

Options

not work with dark mode
Reset