Switch Mode

Chapter – 118

အရေးအကြီးဆုံးနယ်မြေ (၁)

အပိုင်း ၁၁၈
အရေးအကြီးဆုံးနယ်မြေ (၁)

ဝမ်ရှန်း၏ ဘဝသည် အလွန်ကို သာယာအေးချမ်း နေခဲ့၏။ သူသည် သားရဲများ၏ အသားများကို စတင် စုစည်းနေပြီ ဖြစ်သည့် အတွက်ကြောင့် နေ့တိုင်းနီးပါး သူ့ထံသို့ သားရဲအသေတို့ကို လာရောက် ရောင်းချသည့် လူများ ရှိသည်ပင်။

သေးငယ်သည့် စီးပွားရေး တစ်ခုသည် ပိုက်ဆံ ဘယ်လောက်မှ သိပ်မရပေ၊ တစ်ခါတစ်ရံတွင်  အချို့ အစိတ်အပိုင်းများကို ရောင်းချ၍ မရသောကြောင့် ရှုံးပင် ရှုံးသွားနိုင်၏။ ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် ဤစီးပွားရေးဖြင့် ဘယ်လောက်မှ မချမ်းသာ သွားနိုင်ပေ။ အသက်ဆက် ရှင်ရုံမျှသာ ရှာနိုင်မည်ဖြစ်၏။

ဝူရုံမြို့တွင် အင်အားကို အသုံးပြုကာ အခြားသူများကို အနိုင်ကျင့်သည့် လူများလည်း ရှိပေသည်။ အထူးသဖြင့် အချိန်တစ်ခု ကြာပြီးနောက် သူတို့ ပစ်မှတ်ထားသည့် လူအကြောင်းကို အသေးစိတ် သိရပြီဆိုလျှင် သူတို့သည် ထိုလူအား ဖိနှိပ်ရန် အမြဲတမ်း ကြိုးစားလေတော့၏။ ထို့နောက် သူတို့အား ကာကွယ် စောင့်လျှောက်ခအဖြစ် ငွေညှစ်တောင်းတော့သည်။

သို့သော် ဝမ်ရှန်းဘက်တွင် ဤကဲ့သို့ ကိစ္စရပ်မျိုး တစ်ခုမှ မဖြစ်ပွားသေးချေ။

ဝမ်ရှန်းက သာမန်လူ တစ်ယောက်သာ ဖြစ်ကြောင်း အားလုံးသိကြ၏၊ သို့သော် မည်သူကမှ သူ့ဆိုင်သို့ လာ၍ သူ့အား ကာကွယ် စောင့်ရှောက်ခ ဆိုပြီး မတောင်းကြပေ။ ဝိညာဉ် အဆင့်နိမ့်သည့် လူများက မလုပ်ရဲကြခြင်း ဖြစ်ပြီး ဝိညာဉ်အဆင့် မြင့်သည့် လူများကမူ အထင်သေးကာ မလုပ်ကြခြင်းဖြစ်၏၊ ထို့ကြောင့် ဝမ်ရှန်း၏ ဘဝသည်လည်း တည်ငြိမ်အေးချမ်း နေခဲ့တော့သည်။

နေ့တိုင်း သူသည် သူ့ဆိုင် အတွင်းရှိ ပုခက် ကုလားထိုင်ပေါ်၌ ထိုင်လျှင်ထိုင် မဟုတ်လျှင် သူ၏ခြံဝန်း အတွင်း၌ ထူးဆန်းသည့် အရာများကို လုပ်နေတတ်သည်။ အချို့လူများသည် သူ လုပ်နေသည့် အရာများကို ကြည့်နေကြသော်လည်း ဘာလို့ အဲ့လိုလုပ်နေသည်အား နားမလည်ကြချေ။

သူ လုပ်သည့် အရာများသည် ရိုးရှင်းသည့် လှုပ်ရှားမှုများသာ ဖြစ်၏။ လေ့ကျင့်ခြင်း အတွက် မည်သည့် အကျိုးရလဒ်မှ ရှိစေဟန် မပေါ်ပေ။ ထို့ကြောင့် သူ ဘာတွေလုပ်နေသနည်း… သို့မဟုတ် ဤနည်းလမ်းများက ဝမ်ရှန်း ကျင့်စဉ် လေ့ကျင့်သည့် နည်းလမ်းပေလော…

ဝမ်ရှန်းအား လေ့လာ စောင့်ကြည့်နေကြသည့် လူများသည်လည်း ရက်အနည်းငယ် ကြာသည်အထိ ဝမ်ရှန်းအတိုင်း လိုက်လုပ်ခဲ့ကြသည်။ သို့သော် ဤလှုပ်ရှားမှုများက ခန္ဓာကိုယ် ကြံ့ခိုင်သန်မာမှုကို အကျိုးပြုသော်လည်း လှုပ်ရှားမှု သို့မဟုတ် အခြားအရာများ၌ အကျိုးမရှိကြောင်း သူတို့ သိခဲ့ရ၏။

အထူးသဖြင့် သူတို့၏ ကျင့်စဉ်များ အတွက်ဖြစ်သည်။ သူ၏ လှုပ်ရှားမှုများသည် လုံးဝကို အဓိပ္ပာယ်မရှိပေ။

တစ်ခါတစ်ရံတွင် ဝမ်ရှန်းသည် ပုံစံတစ်မျိုးတည်းကို တစ်နာရီကြာအောင် နေနေတတ်၏။ အချို့လူများသည်လည်း ထိုအတိုင်း လိုက်လုပ်ခဲ့ကြပေသည်။

အချို့သည် ဤအရာက နာမည် မရှိဆုံး ရှေးသိုင်း ပညာရပ်တစ်ခု ဖြစ်ကြောင်းကို ရှာတွေ့ခဲ့ကြ၏။ အသေအချာ လေ့လာ စောင့်ကြည့်ပြီးနောက် ဝမ်ရှန်း အပေါ်၌ မည်သူမှ ဘာသံသယမှ မရှိတော့ပေ။ ဝမ်ရှန်း၏ ဝိညာဉ်သည် ဝိညာဉ်အဆင့်သို့ မရောက်သေးကာ သူသည် ဤသေးနုပ်သည့် လေ့ကျင့်မှုများကိုသာ လေ့ကျင့်၍ရကြောင်း သူတို့ သေချာသွားခဲ့ကြသည်။

ဝိညာဉ်အဆင့် အရာတွင်ဖြစ်စေ၊ စီးပွားရေးတွင်ဖြစ်စေ ဝမ်ရှန်းသည် အလွန်ကို တည်ငြိမ် အေးချမ်းနေခဲ့၏။ အလွန် တည်ငြိမ် နေသောကြောင့် သူ့ထံမှ တစ်ခုခု သိချင်နေသည့် လူများပင် စိတ်မရှည် ဖြစ်လာကြတော့သည်။ လူငယ်တစ်ယောက်သည် တစ်နေကုန် ဘယ်မှ မသွားဘဲနှင့် ခြံထဲ၌သာ ဘယ်လိုလုပ် နေနိုင်နေသနည်း…

အပေါ်ယံ တည်ငြိမ်နေမှု အောက်တွင် ဝမ်ရှန်း၏ ဝိညာဉ် နယ်မြေသည် လုံးဝကို မတည်ငြိမ် နေခဲ့ပေ။ ထောင်နှင့်ချီသည့် ချီဝမ်နဂါးများသည် ကြီးမားသည့် တောင်ကို အပြင်းအထန် ကိုက်ဖြတ် နေကြ၏၊ ဝိညာဉ်နယ်မြေ တစ်ခုလုံးကလည်း ပွက်ပွက်ဆူနေသည့် အိုးတစ်လုံးနှင့် တူနေတော့သည်။ တိုက်ပွဲ ဝိညာဉ်သည်ပင် ဘေး၌သာ ရပ်နေခဲ့ရ၏။

ကြီးမားသည့် တောင်၏ အစိတ်အပိုင်း တစ်ခုကို ကိုက်ဖြတ် ဝါးမျိုပြီး ဖြစ်သော်လည်း အကုန်လုံး ခြုံငုံကြည့်မည် ဆိုလျှင် ထိုတောင်သည် နည်းနည်းလေးပင် ပြောင်းလဲသွားဟန် မရှိပေ။ ထိုတောင်က သူ့ဘာသူ ကြီးလာနေတာလားဟုပင် ဝမ်ရှန်း သံသယ ဝင်မိသွားခဲ့၏။

မဟုတ်လျှင် ဤအချိန်မျှအထိ ကိုက်ဖြတ်မှုတွင် တောင်သည် အဘယ်သို့ မပြောင်းလဲဘဲ နေမည်နည်း။

သို့သော် ယခုအချိန်တွင် ထိုမေးခွန်းကို စဉ်းစားနေရန် အချိန်မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် အခြားပြဿနာ တစ်ခု ရှိနေပေသည်။ ချီဝမ်နဂါး၏ အရွယ်အစားသည် ပိုမို ကြီးမားလာပြီ ဖြစ်၏။ သို့သော် ကြီးမားသည့် တောင်၏ အရွယ်အစားက မပြောင်းလဲ သွားခဲ့ပေ။ ယခုလို အခြေအနေတွင် ဝမ်ရှန်းသည် နောက်တစ်ကြိမ် အဆင့်တက်ရန် လိုအပ်နေပြီဟုသာ ပြော၍ ရပေသည်။

ဝမ်ရှန်းသည် ချီဝမ်နဂါးကို နောက်တစ်ကြိမ် ထပ်ခွဲရန် လိုအပ်၏၊ မဟုတ်လျှင် သူသည် ပထမအဆင့် ဝိညာဉ်သခင် ဖြစ်ကြောင်းကို ဖုံးကွယ် ထားနိုင်တော့မည် မဟုတ်ပေ။

သို့သော် အဓိက ပြဿနာကြီးမှာ လက်ရှိ ချီဝမ်နဂါး အရေအတွက်သည် ဝမ်ရှန်း ထိန်းချုပ်နိုင်သည့် အကန့်အသတ်သို့ ရောက်နေပြီ ဖြစ်၏။ ထပ်ခွဲထွက်လာမည့် ချီဝမ်နဂါး အသေးစားများကို သူ ထိန်းချုပ်နိုင်ရန် မဖြစ်နိုင်တော့ပေ။

ဝမ်ရှန်းသည် အလုပ်လုပ် နေရင်းဖြင့်ပင် ဤပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို စဉ်းစားနေခဲ့သည်။ သို့သော် သူသည် သူ့နည်းသူ့ဟန်ဖြင့် ကြံဆရမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူအများ၏ ကျင့်စဉ် အတွေ့အကြုံများသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ အကျိုးသက်ရောက်မှု မရှိလုနီးပါး ဖြစ်သောကြောင့်ပင် ဖြစ်သည်။

ထိုနေ့ ဝမ်ရှန်းသည် ဆိုင်ဖွ့င့်ရန် ပြင်နေစဉ် လူတစ်ယောက်သည် ဝမ်ရှန်း၏ အသားဆိုင်ထံသို့ ဦးတည် လျှောက်လာကာ ဝမ်ရှန်း၏ ကြီးမားသော အသားလှီးခုံရှေ့၌ ရပ်လိုက်သည်။

“ဒီအသားကို ၁၀ ပေါင် လိုချင်တယ်”

အသံသည် အလွန်ချိုသာကာ ထိုနေရာ၌ ရှိနေသည့် လူများကို သူ့အား အလိုအလျောက် မော့ကြည့်လာစေခဲ့၏။

သို့သော် ဝမ်ရှန်းသည် ခြွင်းချက် ဖြစ်ပြီး ခေါင်းပင် မော့မလာခဲ့ပေ။ သူသည် အသားလှီးခုံပေါ်၌ စိုက်နေသည့် ဓားမြှောင်ကိုသာ ဆွဲထုတ်ကာ ထိုဈေးဝယ်သူမှ မှာယူသည့် အပိုင်းအား လှီးဖြတ် ပေးလိုက်သည်။ ထို့နောက် အသားကို ချိန်ခွင်ပေါ် တင်ကာ အလေးချိန် ချိန်လိုက်၏။

“ရွှေဒင်္ဂါး ငါးပြားပါ ခင်ဗျ”

အလေးချိန် ချိန်ပြီးနောက် ဝမ်ရှန်းသည် အသားကို သန့်ရှင်းသည့် အဖြူရောင် ဆီစာရွက်ဖြင့် ထုတ်ပေးလိုက်သည်။

ဖြူဖွေး သွယ်လျသည့် လက်တစ်ဖက် အရှေ့သို့ ထွက်လာခဲ့ကာ ဝမ်ရှန်း၏ လက်တွင်းမှ အသားထုပ်ကို ယူရန်ပြင်လိုက်၏။ သို့သော် ထိုအချိန်မှာပင် ဝမ်ရှန်း၏လက် အနည်းငယ် တွန့်သွားခဲ့သည်။

“အသားဝယ်မယ်ဆို အသားပဲဝယ်၊ စာရင်းဇယား ရှုပ်အောင် လာမလုပ်နဲ့”

ဝမ်ရှန်း၏အသံသည် တိုးလျသော်လည်း အခြားတစ်ဖက်မှ ရှင်းရှင်းလင်းလင်း ကြားရပေသည်။

“ငါ တကယ်ပဲ လူမသတ်ချင်ဘူး။ အဲဒါကြောင့် ငါ့ကို တွန်းအား လာမပေးစမ်းနဲ့”

ထိုအချိန်မှသာ ဝမ်ရှန်းသည် ခေါင်းမော့ပြီး အခြားတစ်ဖက်မှ လူအား ကြည့်လိုက်၏။ သူ့ရှေ့မှ အမျိုးသမီးသည် အနက်ရောင် ဝတ်ရုံတစ်ခုကို ခြုံထားသည့် အမျိုးသမီး တစ်ယောက် ဖြစ်သည်။ ဝမ်ရှန်း၏ စကားကြောင့် သူမ၏လှုပ်ရှားမှုများ လမ်းတစ်ဝက်၌ ရပ်တန့် သွားခဲ့သည်။ သို့သော် သူမသည် ဘာမှမသိ နားမလည်ဟန်ဖြင့် ဝမ်ရှန်းအား အပြစ်ကင်းစင်သည့် မျက်ဝန်းတစ်စုံဖြင့်သာ ကြည့်လိုက်၏။

“ငါတို့ တွေ့ဖူးတယ်”

ဝမ်ရှန်း အားချီအား စုန်ဆန် ကြည့်လိုက်သည်။ ထို့နောက် “ရှင်းလင်မြို့ တော်ဝင်ရတနာ စံအိမ်ရဲ့ တံခါးပေါက်မှာ ငါ စတုတ္ထမြောက် သိုက်အကြီးအကဲကို မသတ်ခင်က မင်းကို မြင်ခဲ့ဖူးတာပဲ”

ထိုအချိန်တွင် အားချီ၏ မျက်လုံးများ ချက်ချင်း အေးစက်သွားကာ အပြစ်ကင်းစင်သည့် အကြည့်များလည်း ချက်ချင်း ပျောက်ကွယ် သွားတော့သည်။ ထိုကဲ့သို့ ဆိုလျှင်ပင် သူမ၏ မျက်ဝန်းများ၏ အလှတရားက မပျောက်ပျက် သွားသေးပေ။

“ငါက မှတ်ဉာဏ် ကောင်းပါတယ်ကွ”

ဝမ်ရှန်းသည် သူ၏ အခြားလက်ညှိုးဖြင့် သူ့ခေါင်းကိုသူ ထိုးပြကာ –

“မင်းက ငါ့ရှေ့မှာ ပေါ်လာဖို့ အဝတ်အစားတောင် မလဲခဲ့ဘူးပဲ။ ဒါကတော့ တော်တော်ကို မကောင်းတဲ့ အကြံပဲ”

“မင်းက သိုက်မိသားစုက မဟုတ်ဘူးဆိုရင် ငါ မင်းကို ဘာမှ မလုပ်တော့ဘူး”

ဝမ်ရှန်းမှ ဆက်ပြောလိုက်သည်။

“မင်းရဲ့ အဝတ်အစားအရဆိုရင် မင်းက အဲ့အချိန်တုန်းက ငါ့နောက်လိုက်ခဲ့တဲ့ လူတွေနဲ့ တစ်ဖွဲ့တည်းပဲ နေမှာ။ ငါ သူတို့ကို အခွင့်အရေး ပေးပြီးသား၊ ဒါပေမယ့် သူတို့က ငါ့နောက် ဆက်လိုက် လာခဲ့တယ်။ အဲ့ဒါကြောင့် ငါ သူတို့ကို သတ်ဖို့ပဲ ကျန်တော့တာပဲ။ ကြိုက်သလို ကလဲ့စား ချေလို့ရတယ်၊ ဒါပေမယ့် ငါ အလုပ် လုပ်နေတုန်းတော့ မရဘူး”

ယခုအချိန်တွင် အားချီ၏ မျက်လုံးများသည် မီးပွင့်မတတ် စူးရှနေပြီဖြစ်၏။ သို့သော် စိတ်ထဲတွင်လည်း သူမ အလွန် ထိတ်လန့် အံ့သြနေသည်။ သူမသည် ဝမ်ရှန်းကို အမှန်တကယ် သူမကိုယ်တိုင် လေ့လာခဲ့ဖူး၏။ ဝမ်ရှန်း ရှင်းလင်မြို့မှ မထွက်ခွာမီ တော်ဝင်ရတနာ စံအိမ်တံခါးဝတွင် ဝမ်ရှန်း ပြောခဲ့သည်မှာ မှန်ပေသည်။

ထိုအဖြစ်အပျက် ဖြစ်ပျက်သွားသည်မှာ လအနည်းငယ် ကြာနေပြီဖြစ်၏၊ သို့သော် ထိုအချိန်၌ သူမ ဘာဝတ်ထားသည်ကအစ ဝမ်ရှန်း တကယ်ကို မှတ်မိနေခဲ့သည်။ ဤကဲ့သို့သော မှတ်ဉာဏ်မျိုးသည် ကြောက်စရာ ကောင်းပေသည်။ ထိုအရာသည် ဝမ်ရှန်းက မှတ်ဉာဏ် ကောင်းသည် ဟုသာ တစ်ခုတည်း ရည်ညွှန်းနေခြင်း မဟုတ်ပေ။

ဝမ်ရှန်းအနေဖြင့် ပြောရမည်ဆိုလျှင် သူသည် ကမ္ဘာမြေပေါ်တွင် လေ့ကျင့်မှု ပေါင်းစုံ လေ့ကျင့်ခဲ့ရ၏။ ထိုထဲတွင် ရာနှင့်ချီသည့် လူများကြားတွင် ပစ်မှတ် တစ်ခုကို စက္ကန့် အနည်းငယ်အတွင်း ရှာရသည့် လေ့ကျင့်မှုများလည်း ပါဝင်ပေသည်။ ထိုလေ့ကျင့်မှု အပြီးတွင် ဤကဲ့သို့ ခွဲခြမ်းစိတ်ဖြာ နိုင်စွမ်းသည် ဝမ်ရှန်း၏ ပင်ကိုစွမ်းရည်တစ်ခု ဖြစ်လာခဲ့တော့၏။

ဝမ်ရှန်းသည် အားချီ၏ လက်ရှိ အဝတ်အစားများပေါ် အခြေခံကာ တအဲ့နှင့်သူမတို့မှာ တစ်ဖွဲ့တည်း ဖြစ်ရမည်ဟု ကောက်ချက် ချလိုက်ခြင်းဖြစ်၏။

ဝမ်ရှန်း ထိုကဲ့သို့ ပြောလာသည့် အတွက်ကြောင့် အားချီ ဝမ်ရှန်းအား အနည်းငယ်မျှ ချီးကျူး မိသွားပေသည်။ တအဲ့သည် သူ၏နောက်ယောင်ခံ လိုက်သည့် နည်းလမ်းက ထက်မြက်သည်ဟု သူကိုယ်သူ ယုံကြည်ထားခဲ့၏၊ သို့သော် ဝမ်ရှန်းက သူ့အား ယခင် ကတည်းက ရှာတွေ့ခဲ့ခြင်း ဖြစ်သည်ဟု သူ ထင်ထားမည် မဟုတ်ပေ။ ထို့ကြောင့်သာလျှင် သူ သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ဤအခြေအနေမျိုးတွင် အားချီသည် ဝမ်ရှန်းအား လုပ်ကြံရန် အောင်မြင်နိုင်ချေ မရှိပေ။ ဝမ်ရှန်း၏ ကြိုတင်ကာကွယ်မှု အောက်တွင် သူတို့နှစ်ယောက်လုံး သေသွားလျှင်ပင် အကောင်းဆုံး ရလဒ်ဖြစ်နေပြီ ဖြစ်၏။ အားချီသည် ဝမ်ရှန်း၏ ငရဲမီးတောက် အတွင်းသို့ မကျရောက်ချင်ပေ။ သူမသည် သေလည်း မသေချင်သေးပေ။

ထိုကဲ့သို့ စဉ်းစားပြီးနောက်တွင် သူမသည် အခြားလက်တစ်ဖက်ကို လှုပ်ရှားကာ ဝမ်ရှန်း၏ အသားလှီးခုံပေါ်သို့ ရွှေဒင်္ဂါးငါးပြား ချပေးလိုက်သည်။ ဝမ်ရှန်းသည်လည်း သူ့လက်ထဲ၌ ကိုင်ထားသည့် အသားထုပ်ကို အားချီ ဆန့်ထားသည့် အခြား လက်တစ်ဖက်ထဲသို့ ထည့်ပေးလိုက်၏။ အရောင်းအဝယ် ပြီးဆုံးသွားပြီဖြစ်သည်။

အားချီ အသားကိုယူကာ လှည့်ထွက်သွားရန် ပြင်လိုက်၏။ ထိုအချိန်မှာပင် ဝမ်ရှန်းသည် ပြုံးကာ-

“ကောင်မလေး”

ဝမ်ရှန်း၏အသံကို ကြားလိုက်ရသည့် အချိန်တွင် အားချီ ကြောင်အ သွား၏။ ထို့နောက် သူမသည် တစ်ဖက်သို့ လှည့်ကာ ဝမ်ရှန်းအား သတိဖြင့် ကြည့်လိုက်သည်။

“ဘာမှတော့ မဟုတ်ပါဘူး၊ မင်း ခြေထောက်တွေက တော်တော် လှတယ်လို့ ပြောမလို့”
***

Comment

Leave a Reply

Options

not work with dark mode
Reset