အပိုင်း ၁၁၇
အသားရောင်းရခြင်းရည်ရွယ်ချက် (၂)
အသားများကို လှီးဖြတ်နေစဉ် တစ်လျှောက်တွင် ဝမ်ရှန်းသည် အကြောင်းအရာ များစွာကို လေ့လာနိုင်ခဲ့၏။ အထက်တွင် ဖော်ပြခဲ့သည့် ခန္ဓာကိုယ် ဖွဲ့စည်း တည်ဆောက်ပုံများသည် အခြေခံအကျဆုံး အရာများသာ ဖြစ်သည်။
ဝမ်ရှန်းသည် သားရဲများ၏ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ အချို့ကို လေ့လာကာ ထိုသားရဲများ၏ ရှင်သန် နေထိုင်ပုံနှင့် အလေ့အကျင့်… အစရှိသည့် အရာများကိုပင် လေ့လာသုံးသပ် နိုင်ခဲ့၏။
အလိုလိုသိသည့် အသိများအပြင် သူ အခြားနေရာများမှ ဝယ်ယူ ဖတ်ရှုဖူးခဲ့သည့် သားရဲများ အကြောင်းနှင့် သားရဲများ၏ အလေ့အကျင့် ကြောင်းများကို ထပ်ပေါင်း ထည့်လိုက်သည့် အချိန်တွင် ဝမ်ရှန်းသည် သားရဲတစ်ကောင် အကြောင်းကို အတွင်းအပြင် မချွင်းမချန် အမှန်တကယ် နားလည်သွားခဲ့သည်။
သားရဲတစ်ကောင်၏ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ အကြောင်းကို သိသည့်အချိန်တိုင်း၊ သားရဲများ၏ ရှင်သန်နေထိုင်ပုံ အလေ့အကျင့်များကို ခန့်မှန်းနိုင်သည့် အချိန်တိုင်း အနာဂတ်တွင် ဝမ်ရှန်း အသက်ရှင်နိုင်မည့် အခွင့်အရေးသည် အနည်းငယ် ပို၍ များသွားပြီဖြစ်၏။
ဝမ်ရှန်းသည် သူ၏ဘဝ တစ်လျှောက်လုံးတွင် အချို့သော သားရဲ အမျိုးအစားများနှင့် ဘယ်သောအခါမှ ကြုံတွေ့ရမည် မဟုတ်သည်မှာ ဖြစ်ကောင်းဖြစ်နိုင်၏။ သို့သော် ဤသည်တို့ကိုသာ သူ သိထားမည်ဆိုလျှင် ထိုသားရဲများနှင့် ကြုံတွေ့ခဲ့ရသည့်တိုင် ရင်ဆိုင် သတ်ဖြတ်နိုင်ရန် နည်းလမ်း ရှိနေမည် ဖြစ်သည်။
အားလုံး၏အမြင်တွင် ဝမ်ရှန်း၏ အသားရောင်းချသည့် နည်းလမ်းသည် အမှန်တကယ်ကို တစ်မူထူးခြားလှ၏။ သူသည် အစိတ်အပိုင်းကို ခွဲခြမ်းစိတ်ဖြာကာ အသားကောင်းများကို ဈေးကြီးကြီးဖြင့် ရောင်း၍ မကောင်းသည့် အပိုင်းများကို ဈေးလျှော့ ရောင်းချလိုက်သည်။
ထို့ကြောင့် ဈေးဝယ်သည့် လူများသည် သူတို့ လိုချင်သည့် အစိတ်အပိုင်းကို စိတ်တိုင်းကျ ရွေးချယ်၍ ရပေသည်။ ဤစနစ်သည် သူတို့အားလုံးကို လုံးဝ ကွဲပြားသည့် ဈေးဝယ်ခြင်း အတွေ့အကြုံကို ရရှိစေပေသည်။
ဉာဏ်ကောင်းသည့် လူများသည် ချက်ချင်းပင် ဝမ်ရှန်းဆိုင်ထံသို့ သွားကာ သူတို့သိသလောက် အကောင်းဆုံး အပိုင်းများကို ရွေးချယ် ဝယ်ယူလိုက်ကြ၏။ အနည်းငယ် ဈေးကြီးသော်လည်း သားရဲတစ်ကောင်လုံးကို ဝယ်ယူခြင်းထက်တော့ ဈေးတန်ပေသည်။ သူတို့သည် သားရဲတစ်ကောင်လုံးကိုလည်း မဝယ်နိုင်သူများလည်း ရှိပေသည်။
အချို့လူများသည် နှေးကွေးနေမှုကြောင့် အခြားသူတို့ အကောင်းဆုံး အစိတ်အပိုင်းများကို ရွေးချယ်ပြီးသွားသည့် အချိန်မှာမှ လှုပ်ရှားလိုက်ကြ၏။ ထိုအချိန်တွင် သူတို့လိုချင်သည့် အကောင်းဆုံး အပိုင်းများမှာ ကုန်သွားပြီဖြစ်သည်။
အဓိက အစိတ်အပိုင်းများကို မဝယ်လိုက်ရသည်မှာ နှမြောစရာပင် ဖြစ်၏၊ သို့သော် အခြားတစ်ဖက်တွင် ကျန်သည့် အပိုင်းများသည် မကောင်းသော်လည်း ထိုအရာများသည် ဈေးတော့မချိုပေ…
ဤဝူရုံမြို့တွင် ဘဝက ဘာလို့ အလွန် ခက်ခဲနေရသနည်း၊ ကုန်ဈေးနှုန်း ကြီးသောကြောင့်ပင် မဟုတ်ပါလား…
သိပ်မကောင်းသည့် အသားများကို အနည်းငယ်သာ ဈေးသက်သက်သာသာဖြင့် ဝယ်ယူနိုင်သည်မှာလည်း ဆိုးတော့ မဆိုးလှပေ။
ရလဒ်အနေဖြင့် အကောင်းဆုံး မဟုတ်သည့် အသားများကိုလည်း ရောင်းချနိုင်ခဲ့၏။ ကျန်နေသေးသည့် အသားများ အတွက်မူ ဝမ်ရှန်း အလောမကြီးပေ။ မည်သို့ပင်ဆိုစေ ဤအသားများသည် ပထမအဆင့် သားရဲများ၏ အသားများဖြစ်သည်။ ထိုအသားများသည် အလွယ်တကူဖြင့် မပုပ်သိုးလွယ်ပေ။ ဤနေရာ၌ ထားထားလျှင် သူ့ဘာသာသူ တဖြည်းဖြည်းချင်း ရောင်းကုန် သွားမည်ပင်ဖြစ်၏။
ပထမအဆင့် သားရဲ၏ ကျန်သည့် အသားများကို ချိတ်၌ ချိတ်ဆွဲလိုက်ကာ ဝမ်ရှန်းသည် ဒုတိယအဆင့် သားရဲကို သန့်ရှင်းရေး စလုပ်လိုက်၏။ ပထမအဆင့် သားရဲအား လုပ်ဆောင် သကဲ့ပင်ဖြစ်၏၊
အရင်ဆုံး သားရဲအား စစ်ဆေးသည်။ ထို့နောက် အသေအချာ ကိုင်တွယ် စမ်းသပ်ကြည့်ကာ အပြင်ဘက်မှနေ၍ နှံ့နှံ့စပ်စပ် နားလည်အောင် လုပ်လိုက်၏။ ပြီးသည်နှင့် တစ်ပိုင်နက် အရေခွံနွှာကာ အစိတ်အပိုင်းများကို ခွဲခြမ်းစိတ်ဖြာ လိုက်ပြီး အသားများ နွှာလိုက်သည်။
လုပ်သွားသည့် လုပ်ဆောင်ချက် တစ်ခုလုံးသည် ကြည့်၍ ကောင်းကာ အသားဆိုင်ပေါက်ဝ၌ ကြည့်နေသည့် လူများအား အဆုံးအထိ စိတ်ဝင်တစား ဆွဲခေါ် သွားနိုင်ခဲ့ပေသည်။
ထိုစိတ်ဝင်စားစရာ ကောင်းသည့် လုပ်ဆောင်ချက်ကြောင့် ဈေးဝယ်များသည် ဝမ်ရှန်း၏ ဆိုင်ထံသို့ ပိုမို ရောက်ရှိ လာခဲ့ကြသည်။ ဝမ်ရှန်း အသားများကို ဖြတ်တောက် ပြီးသည်နှင့် ဈေးဝယ်များသည် ချက်ချင်းပင် အလျှိုလျှို ဝယ်လိုက်ကြတော့သည်။
ဝမ်ရှန်းသည် အသားများကို ရောင်းနိုင်သလောက် ရောင်းလိုက်၏။ သူသည် အသားများကို လက်ထဲ၌ အကျန်မခံဘဲ ကျန်သည့် အသားများကို ဈေးနှုန်း လျော့ကာ ရောင်းချ လိုက်တော့သည်။
ပထမအဆင့်နှင့် ဒုတိယအဆင့် သားရဲများသည် တန်ဖိုး သိပ်မရှိပေ။ တစ်ကီလိုကို ငွေဒင်္ဂါး အချို့သာရရှိ၏၊ ရွှေဒင်္ဂါးပင် မရနိုင်ချေ။ သို့သော် ထောင်နှင့်ချီသည့် ငွေဒင်္ဂါးများကို စုစည်းလိုက်သည့် အချိန်တွင် ဒါဇင်နှင့်ချီသည့် ရွှေဒင်္ဂါးများ ရရှိနိုင်ပေသည်။
ရွှေဒင်္ဂါးတစ်ဒါဇင် ပမာဏသည် မများပေ။ သို့သော် ဘေးအန္တရာယ် ကင်းကင်းနှင့် အခြေတည်တံ့စွာ ပိုက်ဆံရှာနိုင်ခြင်းက ဓားသွားပေါ်မှ သွေးစက်ကို လျက်ကာ ပိုက်ဆံရှာခြင်း ထက်တော့ များစွာပို၍ အာမခံချက် ရှိပေသည်။
ဝမ်ရှန်းသည် သူ၏ဆိုင်ကို ဖွင့်ကာ သူ၏စီးပွားရေးသည်လည်း တဖြည်းဖြည်းချင်း တည်ငြိမ်လာခဲ့၏။ ဈေးဝယ်သူရှိသည့် အချိန်တွင် ဝမ်ရှန်းသည် အသား ထရောင်း လိုက်သည်။ ဈေးဝယ် မရှိသည့် အချိန်တွင် ပုခက်ကုလားထိုင် ပေါ်၌သာ သက်သောင့်သက်သာ လဲလျောင်း နေလိုက်၏။ အရာအားလုံးသည် သူ့ဟာနှင့်သူ အဆင်ပြေနေဟန် ရှိပေသည်။
သို့သော် ဝမ်ရှန်း ပုခက် ကုလားထိုင်ပေါ်၌ လဲနေသည့် အချိန်တွင် သူ၏ယွမ်ဝိညာဉ်က ပေါက်ကွဲမတတ် ပွက်ပွက် ဆူနေသည်ကို မည်သူမှ မသိပေ။ ချီဝမ်နဂါး တစ်ထောင်ကျော်သည် ထောင်နှင့်ချီသည့် အသားစား ငါးများကဲ့သို့ တောင်အား အသည်းအသန် ကိုက်စား နေခဲ့ကြ၏။ တစ်ချိန်တည်းမှာပင် ဝိညာဉ် စွမ်းအားများကိုလည်း စုပ်ယူနေခဲ့ပေသည်။ သူတို့သည် တစ်ခဏလေးမျှပင် မရပ်နားခဲ့ကြပေ။
ယခုအချိန်တွင် ဝမ်ရှန်း နောက်ထပ် ပြဿနာ တစ်ခုကို ရင်ဆိုင်နေရ၏။ ချီဝမ်နဂါးများက တောင်လတ်ကို ဝါးမျိုပြီး နောက်တွင် သူ၏ခန္ဓာကိုယ်သည် များစွာ ကြီးထွားလာပြီ ဖြစ်၏၊ ယခင်ကထက် နှစ်ဆ ပိုမိုကြီးထွားလာခြင်း ဖြစ်သည်။
မူလကျင့်စဉ် အဆင့်ဖြင့် တွက်ကြည့်မည် ဆိုလျှင် ဝမ်ရှန်းသာ ဂရုမစိုက်ခဲ့လျှင် ဤချီဝမ်နဂါးသာ အနည်းငယ် ပိုကြီးလာမည် ဆိုပါက အပြင်လူများသည် ဝမ်ရှန်း၏ ကျင့်စဉ်အဆင့်ကို ပထမအဆင့်အဖြစ် မြင်တော့မည် ဖြစ်သည်။
ဝမ်ရှန်းသည် သူသာ သူ၏ကျင့်စဉ်အဆင့်ကို မပြသချင်ပါက သူ့ထံတွင် နည်းလမ်း တစ်ခုသာရှိ၏။
သူ၏ဝိညာဉ်ကို နောက်တစ်ကြိမ် ခွဲထုတ်ရန် ဖြစ်သည်။ လက်ရှိ ၁၀၂၄ ခုကို ၂၀၄၈ အဖြစ် ခွဲထုတ်ရမည် ဖြစ်သည်။ နှစ်ဆ တိုးလိုက်ခြင်းက ချီဝမ်နဂါး၏ ခွန်အားကို နှစ်ဆ လျော့ကျသွားစေမည် ဖြစ်သည်။
ထို့ကြောင့် အပြင်ပိုင်းမှ ကြည့်မည်ဆိုလျှင် ဝမ်ရှန်းသည် ပုံမှန်လူ တစ်ယောက်သာ ဖြစ်နေဆဲ ဖြစ်မည်ပင်။
သို့သော် ၂၀၄၈ ခု မဆိုထားနှင့် ၁၀၂၄ ခု ခွဲခြင်းသည်ပင် အတော် ပြဿနာ များခဲ့ပေသည်။ ယခုအချိန်တွင် ဝမ်ရှန်းသည် သူ၏အကန့်အသတ်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်၏၊
ကျင့်စဉ်အဆင့် ပြောင်းလဲခြင်း မဖြစ်ပေါ်စေရန် အတွက် ဝမ်ရှန်းသည် သူ၏ဝိညာဉ်ကို နောက်တစ်ကြိမ် ခွဲထုတ်ရန်၊ သူ၏အသိစိတ်ကို နောက်တစ်ကြိမ် ခွဲထုတ်ရပေမည်။
တစ်ချိန်တည်းမှာပင် မိသားစု အသီးသီးမှ စေလွှတ်လိုက်သည့် အထူး ကိုယ်စားလှယ် များသည်လည်း ဝူရုံမြို့သို့ လာရာလမ်းပေါ်သို့ ရောက်နေကြပြီ ဖြစ်သည်။ ယခုအချိန်တွင် ဝူရုံမြို့ရှိ ကလန်များ အားလုံးနီးပါးသည် ဝမ်ရှန်အား ရန်စရန် အမိန့်မပေးခံရတော့ပေ။
ပြောင်းပြန်ပင် ဝမ်ရှန်းနှင့် ကောင်းမွန်သည့် ဆက်ဆံရေး ရရှိရန်သာ ပြုလုပ် ခိုင်းကြ၏။ ကျန်သည့် ကိစ္စများထက် ထိုအရာကိုသာ ပိုပြီး အာရုံစိုက် လုပ်ဆောင် ခိုင်းကြတော့သည်။
ဂျင်ဒီ တားမြစ် နယ်မြေသည် သူတို့အတွက် အလွန် အရေးပါသည့် နယ်မြေဖြစ်သည်။ နှစ်ပေါင်း ရာနှင့်ချီသည်အထိ သူတို့သည် ထိုနယ်မြေ အတွင်းသို့ ဝင်ရောက်ရန် ကူကယ်ရာမဲ့ နေခဲ့ကြ၏။ နောက်ဆုံးတွင် တစ်စုံတစ်ယောက်သည် ထိုနယ်မြေမှ ထွက်ကာ ဝူရုံမြို့သို့ လာရောက် နိုင်ခဲ့ပြီဖြစ်၏။ မည်သို့ပင် ဖြစ်နေပါစေ၊ အဓိက မိသားစုများသည် ဝမ်ရှန်းနှင့် ရင်းနှီးစေရန် နည်းလမ်း ရှာကြပေလိမ့်မည်။
ဝမ်ရှန်းနှင့် သူတို့မိသားစုကြားမှ အမုန်းတရား မည်မျှပင် ကြီးမားစေကာမူ ဂျင်ဒီနယ်မြေ ရှေ့တွင် ဝမ်ရှန်း ခေါင်းညိတ် လိုက်သည်နှင့် အရာအားလုံး လိုက်လျော ကျေအေးပေးမည် ဖြစ်သည်။
အဓိက မိသားစုများအပြင် ရတနာစံအိမ်မှ အမျိုးသမီး ပိုင်ရှင်သည်လည်း ဝူရုံမြို့သို့ လာရာလမ်း၌ ရောက်နေပြီ ဖြစ်၏။
ဤနေရာတွင် ရတနာစံအိမ်နှင့် အင်ပါယာ ရတနာစံအိမ်တို့ အနည်းငယ် နောက်ကောက် ကျသွားခဲ့သည်။ ဝမ်ရှန်းသည် ဝူရုံမြို့သို့ လာရန်အတွက် ဂျင်ဒီနယ်မြေကို အမှန်တကယ် ဖြတ်သန်းနိုင်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
ထို့ကြောင့် သူတို့သည် အခွင့်အရေးအား လက်လွှတ် သွားခဲ့ကြသည်။ သို့သော် ပိုင်ရှင်အမျိုးသမီးသည် သတင်းကြားသည်နှင့် သူမ၏ အခြားအလုပ်ကိစ္စများကို ပစ်ထားကာ ဝူရုံမြို့ထံသို့ ချက်ချင်း ထွက်လာခဲ့လိုက်တော့သည်။
အင်ပါယာ ရတနာစံအိမ်သည်လည်း အချိန်ဖြုန်း မနေခဲ့ပေ။ နောက်ဆုံးအကြိမ် ဝမ်ရှန်း သူ၏ခန္ဓာကိုယ်အား စစ်ဆေးခြင်း၌ ကူညီရန် အင်ပါယာ သမားတော်နှင့် ဆေးဆရာများကို ရှာဖွေမည်ဟု ပြောခဲ့ခြင်းက အပြောသက်သက် ပြုလုပ်ခဲ့ခြင်း မဟုတ်ပေ။
ယခုအချိန်တွင် အင်ပါယာ သမားတော်နှင့် ဆေးဆရာသည် ညအမှောင်ယံတွင် ခရီးနှင်ကာ ဝူရုံမြို့သို့ ဦးတည် သွားနေကြသည်။ ထို့အပြင် အင်ပါယာ ရတနာစံအိမ်မှ လူများထဲတွင် ဝိညာဉ်သန့်စင်သူ တစ်ယောက်လည်း ပါဝင်သေးပေ၏။
ဤလူများ ဝူရုံမြို့သို့ ရောက်သည်နှင့် လုဝမ်ဟုန်သည် ဝမ်ရှန်းကို ဖိတ်ကြားကာ ထိုအင်ပါယာ သမားတော်နှင့် ဆေးဆရာကို ဝမ်ရှန်း၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်အား စစ်ဆေးကြည့်ရှု ခိုင်းမည်ဖြစ်၏။
ထိုအခိုက်အတန့်တွင် ဝူရုံမြို့နှင့် ဝေးကွာသည့် ခြံဝန်းတစ်ခု အတွင်းတွင် အနက်ရောင်ဝတ်ရုံ ခြုံထားသည့် အမျိုးသမီး တစ်ယောက်သည် ခက်ထန်သည့် မျက်လုံးများဖြင့် သူမ၏လက်နက်ကို ဂရုတစိုက် စစ်ဆေးနေခဲ့သည်။
သွယ်လျသည့် ခန္ဓာကိုယ်ရှိသည့် ထိုအမျိုးသမီးကိုသာ ဝမ်ရှန်း မြင်လိုက်မည် ဆိုလျှင် သူ သူမကို ယခင် မြင်ဖူးသည်ဟု သေချာပေါက် တွေးမိပေလိမ့်မည်။
ဟုတ်ပါသည်၊ သူ တိုက်စီရီအား သတ်ခဲ့ပြီးနောက် သူသတ်ခဲ့သည့် နားရွက် ကြီးမားသည့် တအဲ့နှင့် ခန္ဓာကိုယ် ကြီးမားသည့် တရှုံးတို့သာ အသက်ရှင် နေဦးမည်ဆိုလျှင် ဤအနက်ရောင် ဝတ်ရုံနှင့် အမျိုးသမီးသည် သူတို့၏ခေါင်းဆောင် အာချီဖြစ်ကြောင်း သူတို့ သေချာပေါက် မှတ်မိပေလိမ့်မည်။
အာချီသည် ဖီးနစ်အကြောင်း စုံစမ်းချင်သောကြောင့် တအဲ့နှင့် တရှုံးတို့ကို ချန်ထားခဲ့ကာ ပြန်သွားခဲ့သည်။ သို့သော် သူတို့နှစ်ယောက်လုံးသည် ဝမ်ရှန်း၏ လက်တွင်း၌ သေဆုံးခဲ့ရ၏။ တအဲ့နှင့် တရှုံးတို့သည် အာချီ၏ လက်အောက်ငယ်သားများ ဖြစ်ရုံသာမက ငယ်ရွယ်စဉ်၌ သူမ၏ ကစားဖော် ကစားဖက်များလည်း ဖြစ်ခဲ့ကြပေသည်။ သူတို့ သုံးယောက်သည် အတူတကွ ကြီးပြင်းလာခဲ့ခြင်း ဖြစ်၏၊ အာချီသည် သူတို့နှစ်ယောက်၏ သေဆုံးမှုကို ဘယ်တော့မှ အလကား အဖြစ်ခံမည် မဟုတ်ပေ။
***