အပိုင်း ၁၁၆
အသားရောင်းရခြင်းရည်ရွယ်ချက် (၁)
ဝမ်ရှန်း တိုက်ခိုက်သည်ကို မည်သူမှ မမြင်ဖူးပေ၊ သို့သော် ဝမ်ရှန်း အသားများကို ကျွမ်းကျွမ်းကျင်ကျင် လှီးဖြတ်နေသည်ကို ကြည့်နေရခြင်းသည်ပင် မျက်စိပသာဒ ဖြစ်စရာ ကောင်းသည်ဟု ပြောရပေမည်။
ဝမ်ရှန်း အသားလှီးဖြတ်သည့် ပုံစံသည် အလွန်စေ့စပ် သေချာတိကျလှ၏။ ပထမဆုံး အနေဖြင့် သူသည် အရေခွံကို ချွတ်ကာ ဘေးတစ်ဖက်၌ ချိတ်ဆွဲ ထားလိုက်သည်။ ထို့နောက် ဗိုက်ကို ဖွင့်ဖောက်ကာ အတွင်းရှိ ကလီစာများကို အပြည့်အဝ ရှင်းထုတ်လိုက်၏။
သုံး၍ရသည့် အပိုင်းများကို အသားလှီးခုံပေါ်သို့ တင်ကာ သုံး၍မရသည့် အပိုင်းများကို အသားလှီးခုံ အောက်ရှိ သံပုံးထဲသို့ ထည့်လိုက်သည်။
သူသည် အသားလှီးခုံကို တစ်ခေါက် အသုံးပြုပြီးသည့် အချိန်တိုင်း ရေနွေးပူဖြင့် တစ်ကြိမ်လောင်းချပြီး ဆေးကြောလေ့လည်း ရှိ၏။ ထို့ကြောင့် လူများသည် ညစ်ပတ်သည်ဟု မခံစားရဘဲ အသားဝယ်ယူရန် ပို၍ စိတ်ချလက်ချ ရှိပေသည်။
သားရဲ၏ ခန္ဓာကိုယ်ပေါ်မှ သွေးများကိုလည်း နေရာအနှံ့ ပက်ဖြန်းလိုက်၏။ ဝမ်ရှန်းသည် အသားကို အတုံးလိုက်လှီးဖြတ်ခြင်း မဟုတ်ဘဲ အသားများကို နွှင်ယူခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏လက်ထဲမှ အနက်ရောင် ဓားမြှောင်ကို ကျွမ်းကျင်စွာ လှုပ်ရှားကာ အရိုးများမှ အသားများကို ပေါ့ပါးစွာ လှီးထုတ် ဖြတ်တောက် ပစ်လိုက်၏။
ထို့နောက် အစိတ်အပိုင်း တစ်ခုချင်းစီမှ အသားများကို ဖယ်ရှား ပစ်လိုက်ကာ အမျိုးအစား အမျိုးမျိုး ခွဲခြားလိုက်သည်။ စားသုံး၍ မရသည့် အပိုင်းများကို အမှိုက်ပုံးထဲသို့ တစ်ခါတည်း တန်းပစ်ထည့်ကာ စားသုံး၍ ရသည့် အပိုင်းများကို အခြားတစ်ဖက်၌ ပုံထားလိုက်၏။ အစမှအဆုံးထိ သူ၏လှုပ်ရှားမှုများသည် သန့်ရှင်းကာ သပ်ရပ် သေသပ်လှပေ၏။
နာရီဝက်ပင် ကြာလိုက်ပေ၊ ကမ္ဘာပေါ်မှ သာမန် ဝက်တစ်ကောင်ထက် ကီလိုဂရမ် တစ်ရာ နှစ်ရာကျော် အလေးချိန်ရှိသည့် သားရဲတစ်ကောင်သည် သေသပ်သည့် အသားပုံအဖြစ် ပြောင်းလဲသွားခဲ့သည်။ အရိုးများမှာလည်း သန့်ရှင်းသည့် အသားလှီးခုံ၏ တစ်ဖက်တစ်ချက်၌ ပုံလျက်ရှိနေ၏။
ဝမ်ရှန်း၏ ဆိုင်အပြင်ဘက်တွင် သူ့အားကြည့်နေသည့် လူပေါင်း များစွာရှိ၏။ ထိုကြည့်နေသည့် လူများထဲတွင် အတွေ့အကြုံ နုသည့်လူများ မပါပေ။ ထို့ကြောင့် အားလုံးသည် ဝမ်ရှန်း၏ လုပ်ဆောင်မှုများကို ဆိုင်တံခါးပေါက်ဝမှနေ၍ အတူတကွ ကြည့်နေလိုက်ကြသည်။
ဝမ်ရှန်း၏ လှုပ်ရှားမှုများသည် အလွန် မျက်စိပသာဒ ရှိလှ၏။ သို့သော် ဤကဲ့သို့ ဖြစ်ရခြင်းမှာ ဓားမြှောင် ထက်နေခြင်း တစ်ခုတည်းကြောင့် မဟုတ် ဝမ်ရှန်းက သားရဲ၏ ခန္ဓာကိုယ်နှင့် အကျွမ်းဝင် နေခြင်းကြောင့်လည်း ပါပေသည်။
ထိုအဖြစ်အပျက်များကို မြင်လိုက်ရသည့် အချိန်တွင် ဘေးမှကြည့်နေသည့် လူများသည် အစပိုင်း၌ ဝမ်ရှန်းက သားရဲ၏ ခန္ဓာကိုယ်ကို မည်သည့် အတွက်ကြောင့် အထပ်ထပ်အခါခါ ဂရုတစိုက် စစ်ဆေးကြည့်ရှုခဲ့ကြောင်း နားလည် သွားခဲ့ကြသည်။
ဝမ်ရှန်းသည် သားရဲ၏ အရိုးအဆစ် တည်ဆောက်ပုံများနှင့် ရင်းနှီးရန်အတွက် သားရဲ၏ ခန္ဓာကိုယ် တစ်ခုလုံးကို နှိပ်နှယ်ပေးခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း သူတို့ သိသွားခဲ့ကြ၏။
ဟုတ်ပါတည်၊ ထိုနေရာ၌ ရပ်ကြည့်နေသည့် လူအများစု၏ အမြင်တွင် ဝမ်ရှန်းသည် ဤအသားဆိုင်ကို သူ၏ကိုယ်ပိုင် စီးပွားရေးအဖြစ် အမှန်တကယ် လုပ်ဆောင်ချင်နေခြင်း ဖြစ်သည်ဟု မြင်နေကြ၏။
ဝမ်ရှန်းသည် တန်ဖိုးမရှိသည့် လူတစ်ယောက်ဖြစ်ကာ အနည်းငယ် ချမ်းသာရုံဖြင့် အန္တရာယ် ကင်းနေပြီဟု ထင်နေကြောင်းနှင့် အတားအဆီးများကို ဖြတ်ကျော်ကာ အရှေ့သို့ ဆက်တက်ရဲသည့် သတ္တိမရှိဟု အချို့က ထင်ကြပေသည်။
ဤလူများသည် ဝူရုံမြို့သို့ ထွက်ပြေး လွတ်မြောက်လာခါစ၊ ဝူရုံမြို့၏ ရက်စက် ကြမ်းကြုတ်မှုများကို နားမလည်သေးသည့် လူသစ်များ မဟုတ်ပေ။ သူတို့သည် စိတ်လှုပ်ရှားစရာ ကောင်းသည့် အရာများကို ကြည့်ရန်အတွက် ဝူရုံမြို့သို့ ရောက်လာခဲ့ကြသည့် မည်သည့် ဖိအားမှ မရှိသော လူများသာ ဖြစ်ပေသည်။ ဝူရုံမြို့တွင် တစ်နှစ်ကျော် နေထိုင်လာခဲ့ကြသည့် လူများအားလုံး ဝမ်ရှန်း၏ အပြုအမူကို ကျိတ်၍ ချီးကျူးလိုက်ကြသည်။
ဒုက္ခအားလုံးကို ဖြတ်ကျော် လာနိုင်ခဲ့ပြီး ဝူရုံမြို့သို့ လွတ်မြောက်လာသည့် ဝိညာဉ်သခင် တစ်ယောက်သည် နတ်ဘုရားအား စိန်ခေါ်ရဲကာ ကောင်းကင်ထိတိုင် ထိုးတက်နိုင်သည်ဟု ခံစားရသည့် ဝိညာဉ်သခင် တစ်ယောက် မဟုတ်တော့ပေ။ သူတို့သည် သေသေချာချာ စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိရန်လိုအပ်ပေသည်။
ဝူရုံမြို့သို့ ရောက်လာပြီးနောက် အထက်ပါ ပုံစံအတိုင်း တွေးနေဦးမည်ဆိုလျှင် အမှန်တကယ်ကို ရူးသွပ်သည့် အရူးတစ်ယောက်ပင် ဖြစ်၏။ ဝူရုံမြို့သည် နေရာကောင်း တစ်ခုမဟုတ်ချေ၊ ရောက်လာပြီးနောက် အေးအေးဆေးဆေး ထိုင်၍ အနားယူနေနိုင်သည့် ကောင်းကင်ဘုံ တစ်ခုလည်း မဟုတ်ပေ။ ထိုအရာများနှင့် ဆန့်ကျင်စွာပင် ဝူရုံမြို့သို့ ရောက်လာသည့် အချိန်သည် ဒုက္ခများအားလုံး စတင်ရာ အချိန်ပင်ဖြစ်၏။
ဝိညာဉ်သခင်များသည်လည်း အသက်ရှင် ရပ်တည်ရန် လိုအပ်ပါသည်။ ထို့ပြင် ကျင့်စဉ်ကျင့်ကြံရန် အတွက်ကလည်း အခြေခံပစ္စည်းများ လိုအပ်၏။ ဝိညာဉ်သခင် တစ်ယောက်သည် မည်မျှပင် သန်မာနေပါစေ သူ ဝူရုံမြို့သို့ ရောက်လာသည့် အချိန်တွင် သူသည် ဝူရုံမြို့၏ အရာရာ တန်ကြေးမြင့်မားမှုကို လက်ခံရမည်ပင်ဖြစ်၏။
ငွေကြေးဥစ္စာများဖြင့် ကောင်းမွန်စွာ ထွက်ခွာလာသည့် လူများသည် အနည်းဆုံး ရက်အနည်းငယ်တော့ ခံချင်ခံနိုင်ပေသည်။ သို့သော် ဘာမှမပါရှိဘဲ ရောက်လာသည့် လူများသည် ပိုက်ဆံရှာရန် အတွက် ချက်ချင်း နည်းလမ်း ကြံဆရမည်ဖြစ်၏။
အသစ်ရောက်လာသည့် ဝိညာဉ်အဆင့်မြင့်သည့် လူများသည် ခွန်အားကြီးမားကာ လူများကို သတ်သည့် အလုပ်အား ပေါ့ပါ့ပါးပါး လုပ်ဆောင်ရုံဖြင့် ထောင်နှင့်ချီသည့် ရွှေဒင်္ဂါးများကို ရရှိနိုင်သည်ဟု ထင်ကြပေလိမ့်မည်။
သို့သော် လက်တွေ့တွင် ထိုကဲ့သို့ မဟုတ်ပေ၊ ကြေးစားခန်းမသို့ ရောက်လာသည်နှင့် သူတို့ လုပ်နိုင်သည့် လူသတ်သည့် အလုပ်က အလွန် နည်းပါးကြောင်း သူတို့ တွေ့ရပေလိမ့်မည်။
ပထမဆုံး အနေဖြင့် ဝူရုံမြို့အပြင်မှ ပစ်မှတ်များသည် သတ်ဖြတ်ရန် အတွက် ခွန်အား ကြီးမားလှသည်။ သူတို့ ကိုယ်တိုင်ပင် ထိုအပြင်မှ လူများ၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံရသည့်အတွက် ဝူရုံမြို့သို့ ထွက်ပြေးလာခဲ့ခြင်း မဟုတ်ပါလား…
ထို့ကြောင့် သူတို့သည် ဝူရုံမြို့ အပြင်သို့ ထွက်သည်နှင့် နောက်တစ်ကြိမ် ထပ်မံ သတ်ခံရနိုင်ခြေ ရှိပေသည်။ အထူးသဖြင့် အသစ်ရောက်လာသည့် လူများပင်ဖြစ်၏။ သူတို့သည် ဝူရုံမြို့သို့ ရောက်လာသည်မှာ မကြာသေးသောကြောင့် သူတို့အား လိုက်သတ်သည့် လူများသည် အချိန်တစ်ခုအထိ မြို့အပြင်၌ သေချာပေါက် စောင့်နေကြပေလိမ့်မည်။
ထိုကဲ့သို့ဆိုလျှင် ဝူရုံမြို့ အတွင်းမှာပင် ပိုက်ဆံရှာ ရပေမည်။ လူသစ်တစ်ယောက် ဖြစ်နေမည်ဆိုလျှင် သူသည် ဝူရုံမြို့၌ တစ်နှင့်ချီ ကြာအောင် နေထိုင်ခဲ့သည့် ထိုဝါရင့် ပုဂ္ဂိုလ်များထက် သာနေမှ ရပေလိမ့်မည်။
အလုပ်တစ်ခုကို ယူလိုက်သည်နှင့် မြားထိပ်များက သူ့ထံသို့ တည့်တည့် ဦးတည်လာမည် ဖြစ်သည်။ ထိုကဲ့သို့ဆိုလျှင် သင်သည် မသေရုံတမယ် အရေခွံ နွှင်ခံရပေလိမ့်မည်။
ထို့ကြောင့်ပင် အသက်ရှင်သန် နေထိုင်နိုင်သည့် လူများသည်သာ ဝူရုံမြို့၏ ရက်စက်ကြမ်းကြုတ်မှုနှင့် လက်တွေ့ အမှန်တရားကို ခံစားနိုင်သည့် အရည်အချင်း ပြည့်မီပေသည်။
ထိုအချိန်မှသာ ဘဝ၏ ခက်ခဲကြမ်းတမ်းမှုကို နားလည်ပြီး အသက်ရှင် ရပ်တည်မှုအတွက် သေးငယ်သည် ဆိုသည့်တိုင် စီးပွားရေးလုပ်ငန်း တစ်ခုရှိနေခြင်းက ဘယ်လောက်ပင် တန်ဖိုးရှိကြောင်း သင်ခန်းစာများ လုံလောက်စွာ သင်ယူတတ်မြောက် ပြီးသွားပြီဖြစ်၏။
ယေဘုယျအားဖြင့် ဝူရုံမြို့သို့ ရောက်လာသည့် လူသစ်များသည် သူတို့ဘာသာသူတို့ ရုန်းကန်ကြရပေသည်။ ဆွေမျိုးများ မရှိဘဲနှင့် သို့မဟုတ် လုံလောက်သည့် အကြောင်းပြချက် မရှိဘဲနှင့် မည်သို့မည်ပုံ ရှင်သန် နေထိုင်ရမည်ကို မည်သူမှ လာရောက် ပြောပြပေးမည် မဟုတ်ပေ။
မည်သူကမှလည်း ကူညီပေးမည် မဟုတ်။ ဘဝက အရာအားလုံး သင်ကြား ပေးသွားမည်ဖြစ်၏၊ ဘယ်လို အသက်ရှင် နေထိုင်ရမလဲ ဆိုသည်ကို ကိုယ့်ဘာသာကိုယ် သင်ယူသွားရမည် ဖြစ်သည်။
ဝမ်ရှန်းကိုလည်း ပြောပြသင်ကြား ပေးသည့်လူ မည်သူမှမရှိပေ။ သို့သော် ဝမ်ရှန်းသည် ဤမြို့၏ ရက်စက် ကြမ်းကြုတ်ပုံကို နားလည်နေဟန်ရှိ၏။ သူသည် ဤနေရာ၌ စတင် အခြေကျသည်နှင့် သေးငယ်သည့် ကိုယ်ပိုင် စီးပွားရေးတစ်ခု ချက်ချင်း စတင် လုပ်ဆောင်ခဲ့သည်။
ထိုကဲ့သို့ လုပ်ဆောင် လိုက်ခြင်းအားဖြင့် ပထမဆုံး သူသည် ငွေရေးကြေးရေး အတွက် စိုးရိမ်စရာ မလိုတော့ပေ။ ထို့ကြောင့် ပူပန်ကြောင့်ကြမဲ့စွာ စွမ်းအင် ကျင့်စဉ်များ ဆက်လက် ကျင့်ကြံနိုင်ပြီး အဆင့်တက်နိုင်သည့် အခွင့်အရေးများကိုလည်း ရရှိလာမည် ဖြစ်သည်။
ထို့ကြောင့် ဝါရင့်ပုဂ္ဂိုလ်များ၏ အမြင်တွင် ဝမ်ရှန်း၏ လုပ်ဆောင်ပုံများသည် ချီးကျူးစရာ ကောင်းနေ၏။ လူငယ်တစ်ယောက် ဤကဲ့သို့ စိတ်တည်ငြိမ်နေဖို့က ရှားပါးပေသည်။ ဝမ်ရှန်း၏ ၁၈ နှစ်အရွယ် မျက်နှာနောက်တွင် တိုက်ပွဲများနှင့် ရင်းနှီး ကျွမ်းဝင်သည့် အသက် ၃၀ အရွယ် လူလတ်ပိုင်း တစ်ယောက် ရှိကြောင်းကို မည်သူမှ မသိပေ။
သူသည် စိတ်တည်ငြိမ်၊ စိတ်ရှည်ရေးနှင့် စည်းမျဉ်း စည်းကမ်းများကို ဦးစားပေးသည့် အေ့စ်စနိုက်ပါ တစ်ယောက် ဖြစ်ကြောင်းကိုလည်း မည်သူမှ သိနားလည်ကြမည် မဟုတ်ပါချေ။
ထိုအရာများ အားလုံးသည် ထိုဝါရင့် ပုဂ္ဂိုလ်များ အမြင်နဲ့ ထင်မြင်ချက်သာ ဖြစ်သည်။ မည်သူကမှ ဝမ်ရှန်း၏ တကယ့် ရည်ရွယ်ချက် အစစ်အမှန်ကို အမှန်တကယ် နားမလည်ကြပေ။
ဤကမ္ဘာမှ လူများသည် အသက်ရှင် ရပ်တည်ရန်အတွက် အဓိက လိုအပ်ချက်မှာ ဝိညာဉ်အဆင့်၊ အမျိုးမျိုးသော ကျင့်စဉ်များနှင့် လက်နက်များ ဖြစ်သည်ဟုထင်ကြ၏။ သို့သော် ဝမ်ရှန်းက ထိုကဲ့သို့ မဟုတ်ပေ။ သူသည် ဤအရာများသာ လိုအပ်သည်ဟု မတွေးပေ။ ဤကမ္ဘာကြီး၌ လစ်ဟာနေသည့် အရာတစ်ခုကိုလည်း သူ မြင်မိပေသည်။
ဝမ်ရှန်းသည် သူ၏ကမ္ဘာပေါ်၌ စနိုက်ပါ သင်တန်း တက်ရောက်စဉ်တွင် အသေးစိတ် သင်ကြားပေးသည့် ခန္ဓာဗေဒသင်တန်း တက်ခဲ့ရ၏။
ထိုသင်တန်း၏ ရည်ရွယ်ချက်မှာ လူသားခန္ဓာကိုယ်၏ ဖွဲ့စည်း တည်ဆောက်ပုံအပြင်၊ မည်သည့် နေရာက သေစေနိုင်သည့် နေရာများဖြစ်ကြောင်း၊ မည်သည့် နေရာများက ဒဏ်ရာရလွယ်ကြောင်း၊ မည်သည့်နေရာများက အနာကျင်ဆုံး ဖြစ်ကြောင်း အစရှိသဖြင့် ခန္ဓာကိုယ်နှင့် ပတ်သက်သည့် အချက်အလက်များကို အသေးစိတ် တိတိကျကျ နားလည် သဘောပေါက်စေရန် ဖြစ်သည်။
ထို့ပြင် ထိုအချက်များ အားလုံးကို စစ်ပွဲနှင့် လူသတ်ရာ၌ ပြန်လည် အသုံးချရန်ဖြစ်၏။
ဤကမ္ဘာပေါ်မှ လူများသည်လည်း ဤအချက်များအကြောင်း သိချင်သိကြပေလိမ့်မည်။ သို့သော် ဤနေရာတွင် ထိုအကြောင်းများကို အသေးစိတ် သင်ကြားပေသည့် ခန္ဓာဗေဒသင်တန်း မရှိကြောင်းတော့ သေချာပေသည်။
ဂျင်ဒီနယ်မြေအတွင်းသို့ ဝင်ရောက်ဖို့ဆိုလျှင် သင်သည် သားရဲအမျိုးအစား အားလုံး၏ အကြောင်း လုံလုံလောက်လောက် နားလည်ထားရန် လိုအပ်၏။ ထို့အပြင် သားရဲများ၏ အလေ့အကျင့်များ၊ သူတို့၏ ခန္ဓာကိုယ် တည်ဆောက်ပုံ၊ သူတို့၏ သေစေနိုင်သော နေရာများ အစရှိသဖြင့် ခန္ဓာကိုယ်နှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း နားလည်ရန် လိုအပ်ပေသည်။
ထို့ကြောင့် ဝမ်ရှန်းသည် သူ၏ဈေးဆိုင်တွင် သားရဲများ၏ အလောင်းများကို အသေးစိတ် ခွဲခြမ်းလေ့လာရန် အတွက် ကြေးစားခန်းမတွင် အလုပ်အပ် ထားခဲ့ခြင်းပင်ဖြစ်၏။
သူသည် ဤအရာများ အားလုံးကို ဂျင်ဒီတားမြစ် နယ်မြေအတွင်းသို့ ဝင်ရောက်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်နေခြင်း ဖြစ်သည်။ အပြင်လူများသည် ဝမ်ရှန်းက သားရဲကောင်များကို လှီးဖြတ်ကာ အစိတ်အပိုင်းများကိုသာ ခွဲခြမ်း ရောင်းချခြင်း ဖြစ်သည်ဟု မြင်ချင်မြင်နိုင်ပေသည်။
သို့သော် ထိုကဲ့သို့ လုပ်နေစဉ်တွင် ဝမ်ရှန်းသည် သားရဲများ၏ ခန္ဓာကိုယ် ဖွဲ့စည်း တည်ဆောက်ပုံများကို နားလည် သဘောပေါက်အောင် လေ့လာနေခြင်း ဖြစ်ကြောင်းကိုတော့ သူတို့ မသိကြမည် မဟုတ်ပါချေ။
***