အပိုင်း ၁၁၅
ဖြတ်လမ်းနည်းဖြင့် ပိုက်ဆံရှာခြင်း (၂)
လူများသည် ဝမ်ရှန်းက ရိုးသားသည့် လက်သမား ဆရာအတွက် ငွေပေါက်ရအောင် ပြုလုပ်ပေးခြင်း ဖြစ်သည်ဟု တွေးချင်တွေးနိုင် ကြပေသည်။ သို့သော် အဖြစ်အပျက်အား သေချာ တွေးကြည့်မည် ဆိုလျှင် ဤကဲ့သို့ ရိုးသားသည့် လက်သားဆရာ တစ်ယောက်သာ အမှန်ဖြစ်ပါက ဝူရုံမြို့အတွင်းတွင် သူသည် သုံးရက်ပင် အသက်ရှည်မည် မဟုတ်ပေ။ ထို့ကြောင့် ထိုအတွေးသည် အလွန်ရူးမိုက်ရာ ကျပေသည်။
ဝူရုံမြို့အတွင်းရှိ လူများအားလုံး ခွေးတစ်ကောင် ကြောင်တစ်မြှီး သို့မဟုတ် အခြားအရာ တစ်ခုခုသည် တစ်စုံတစ်ယောက်ကို မတော်တဆ မြင်ခဲ့သည်ဆိုလျှင် ထိုလူသည် ထူးချွန် ထက်မြက်သည့် ကြေးစား တစ်ယောက်ပင်ဖြစ်၏။
ထူးချွန် ထက်မြက်သည် ဆိုသည့် အတွက်ကြောင့် သူတို့သည် ရိုးသားဟန် မျက်နှာနှင့် အခြားသူများကို သတိလျော့ပါး သွားအောင် အလွယ်တကူ လုပ်နိုင်ပေသည်။
လက်သမား ဆရာသည် ဝမ်ရှန်းအား ရွှေဒင်္ဂါးငါးရာကို ပေးခဲ့ရသော်လည်း သူသည်လည်း အကျိုးအမြတ် ရရှိခဲ့သေးပေသည်။ ဝမ်ရှန်း သူ့အား မှာယူခဲ့သည့် ကုလားထိုင်အား သူသည် အလုံး ၈၀ ကျော် ရောင်းချရခဲ့ကာ သူ့အတွက် အကျိုးအမြတ် အနေဖြင့် ရွှေးဒင်္ဂါး ၃၀၀ ရရှိခဲ့ပေသည်။ သစ်သားဖိုးနှင့် လက်ခ အတွက်မူ ထိုအရာများသည် သေးငယ်သည့် ပမာဏသာဖြစ်၏။
ရိုးသားသည့် လက်သမားဆရာသည် ဤရွှေဒင်္ဂါးများကို အခြားသူများထက် ပို၍ လက်လွတ်မခံချင်ပေ။ သို့သော် သူ ထိုကဲ့သို့လုပ်၍ မရကြောင်းကိုလည်း သူ သိပေ၏။
အဆင့်ငါး ကြေးစားအဆင့်သည် နိမ့်ကျသည့် အဆင့်မဟုတ်ပေ… သူသည် လောင်းကြေး၌ ရှုံးနိမ့်ခဲ့သည့် လူဖြစ်၏။ ထို့ကြောင့် ဤပမာဏကိုသူ ပေးရပေမည်။ ပျက်ကွက်၍မရချေ။
မဟုတ်လျှင် မနက်ဖြန်တွင် သူ၏ပရိဘောဂ ဆိုင်သည်လည်း လင်ဘ၏ ကုန်လှောင်ရုံကဲ့သို့ မီးလောင် ပြာကျသွားမည်ကို သူ စိုးရိမ်မိပေသည်။
ထိုအချိန်တွင် ဝမ်ရှန်း မှာယူထားသည့် ပရိဘောဂ ပစ္စည်းအကြောင်းကို အခြားလူများလည်း သိသွားပြီဖြစ်သည်။ သို့သော် သူတို့ အားလုံးကို မျက်လုံးပြူး သွားစေသည်မှာ ထိုအရာသည် အမှန်တကယ်ကို ကုလားထိုင် တစ်လုံး ဖြစ်နေခြင်းပင် ဖြစ်၏။
သို့သော်ငြား ကုလားထိုင်၏ ပုံစံမှာ တစ်နည်းတစ်ဖုံ ထူးဆန်းနေခဲ့သည်။ အောက်ဘက်တွင် ခုံးနေသည့် သစ်သားရှိကာ ထိုပေါ်တွင် ထိုင်၍ရသလို အရှေ့အနောက် လွဲယမ်း၍လည်း ရသည်။ ဝမ်ရှန်းက ထိုအရာကို ပုခက် ကုလားထိုင် ခေါ်သည်ဟု ပြော၏။
ယခုအချိန်တွင် ဝမ်ရှန်း သူ၏ဆိုင်အတွင်း၌ ထိုင်နေခဲ့သည်။ အသစ်ကဲ့သို့ သစ်လွင် တောက်ပနေသည့် သံအသားလှီးခုံ နောက်တွင် ပုခက် ကုလားထိုင်ပေါ်၌ ထိုင်နေကာ ရှေ့နောက် လွဲယမ်းနေ၏။
စိတ်လက် ကြည်လင်ဟန်ဖြင့် မျက်လုံးများကိုလည်း မှိတ်ထားနေခဲ့သည်။ အပြင်ဘက်မှ နေရောင်သည်လည်း သူ၏ခန္ဓာ ကိုယ်ပေါ်သို့ ဖြာကျနေခဲ့၏။ တစ်ချက် ကြည့်လိုက်ရုံဖြင့် ဝမ်ရှန်းမှာ အလွန်ပင် သက်သောင့်သက်သာ ရှိနေသည်ကို မြင်နိုင်ပေသည်။
သူ ထိုပုံစံဖြင့်ပင် အချိန်အတော်ကြာ ရှိနေခဲ့၏။ ဝမ်ရှန်း၏ စိတ်ထဲမှ စိတ်အတွေးများကို မည်သူမှ လိုက်မမီနိုင်ပေ။
သူ ဘာတွေးနေလဲ ဆိုသည်ကို မည်သူမှ မသိပေ။ သို့သော် အတွင်းလူများကတော့ ဝမ်ရှန်းက အကြံထုတ်နေခြင်း ဖြစ်သည်ကို သိပေသည်။ သူသည် ဤပုခက်ကုလားထိုင် အတွက် ပိုက်ဆံ မပေးရရုံ သာမက ဘာမှမလုပ်ဘဲနှင့် ရွှေဒင်္ဂါး ၅၀၀ ပင် ရရှိခဲ့သေးပေသည်။
အားလုံးသည် ရာနှင့်ချီသည့် ရွှေဒင်္ဂါး အနည်းငယ် ရရှိရေးအတွက် တစ်ယောက်ယောက်ကို သတ်ခြင်း၊ သို့မဟုတ် သားရဲတစ်ကောင်ကောင်ကို သတ်ခြင်းနှင့် အခြားကိစ္စများကို လုပ်ဆောင်ခြင်းတို့၌ သူတို့အသက်ကို စွန့်စားခဲ့ကြရ၏။
သို့သော် ဝမ်ရှန်းသည် အပြင်သို့ တစ်ချက် ထွက်လိုက်ရုံဖြင့် အမှန်တကယ်ကို ရွှေဒင်္ဂါး ၅၀၀ ရရှိခဲ့သည်။ ထို့ကြောင့် အခြားလူတို့သည် သူ့အား ဘယ်လိုလုပ် မနာမလိုဘဲ နေနိုင်မည်နည်း။
မည်သူ့ကိုမှလည်း အပြစ်တင်၍ မရပေ။ ဤကဲ့သို့ ရိုးရှင်းသည့် ကိစ္စမျိုးကို သေချာ တွေးကြည့်မည် ဆိုလျှင် မည်သူ့ကိုမှ အပြစ်တင်စရာ မရှိချေ။ လက်သမား ဆရာသည်ပင် ဝမ်ရှန်းအား ရွှေဒင်္ဂါးများကို လိုလိုလားလား ပေးအပ်ခဲ့ခြင်း ဖြစ်သည်၊ ထို့ကြောင့် အခြားလူများက ဘာပြောနိုင်မည်နည်း။
ဝမ်ရှန်း မှာယူခဲ့သည့် ပစ္စည်းအကြောင်းကို သိချင်သောကြောင့် ပုခက် ကုလားထိုင်ကို လိုက်မှာယူမိခဲ့သည့် လူများသည် အမှန်တရား သိပြီးနောက်တွင် သူတို့သည် အံသာ ကြိတ်နိုင်ကြတော့၏။ သူတို့သည် ဝမ်ရှန်းအား ဆွဲထုတ်ပြီး ရိုက်နှက်ခွင့်ရလျှင် ကောင်းမည်ဟု တွေးမိလိုက်ကြသည်။
ပြဿနာမှာ မည်သူမှ ထိုကဲ့သို့ မလုပ်ရဲခြင်း ဖြစ်၏။ လက်သမား ဆရာမှ ထိုပုခက် ကုလားထိုင်ကို သူတို့အား လာပို့မည့် အချိန်အား စောင့်နေခြင်းသာ သူတို့ တတ်နိုင်တော့သည်။
လက်သမား ဆရာသည်လည်း တစ်ညလုံး ကုလားထိုင်များကို အလျင်အမြန် ပြုလုပ်လိုက်သည်။ မနက်မိုးလင်းသည့် အချိန်တွင် သူသည် ကုလားထိုင် အလုံး ၈၀ ကျော် ပြုလုပ်ပြီးသွားပြီ ဖြစ်ကာ မှာယူထားသည့် မိသားစု အသီးသီးထံသို့ အလျင်အမြန် ပို့ဆောင် ပေးလိုက်တော့၏။
သူတို့သည် ဝမ်ရှန်း မှာယူသကဲ့သို့သော ကုလားထိုင်ကို ဝယ်ယူခဲ့ပြီးဖြစ်သည်။ သို့သော် သူတို့ ဘာလုပ်နိုင်တော့မည်နည်း။ ထိုင်ရုံသာ ရှိတော့၏။ ဤကဲ့သို့ ထိုင်လိုက်သည့် အခိုက်အတန့်မှာပင် …
“ဟေး… ဒီကုလားထိုင်က တကယ်ကို သက်သောင့်သက်သာ ရှိတယ်ဟ…”
တစ်ဝက်ချ လှဲပြီးနောက် အပေါ်သို့ ပြန်လွဲ တက်လာခြင်းက အိပ်ရာထက်၌ လှဲခြင်း သို့မဟုတ် သာမန်ကုလားထိုင် တစ်လုံးပေါ် ထိုင်ခြင်းထက် အမှန်တကယ်ကို သက်သောင့်သက်သာ ရှိလှပေသည်။
အတွေးထက်သည့် လူများသည် ဤပစ္စည်းဖြင့် သူတို့၏ အကြီးအကဲများအား စိတ်ကျေနပ်အောင် လုပ်ရန် အလျင်အမြန်ပင် တွေးလိုက်မိကြ၏။
အတွေးနှေးသည့် လူများမှာ သူတို့ကိုယ်တိုင် ထိုပစ္စည်း၏ သက်သောင့်သက်သာ ဖြစ်မှုကို အပြည့်အဝ ခံစားပြီးနောက်မှသာ ထိုအတွေးမျိုး တွေးမိသွားခဲ့ကြသည်။
ထိုပုံစံဖြင့် နောက်တစ်ည မကူးခင်မှာပင် ပုခက်ကုလားထိုင်၏ ပုံစံသည် အဆင့်မြင့် ရုံးများထံသို့ ရောက်ရှိ သွားတော့၏။
ထိုကိစ္စအကြောင်း ကြားပြီးပြီးချင်းတွင် ဝူရုံမြို့၏ မြို့အရှင်စံအိမ်မှ ကုလားထိုင် အလုံး ၅၀ မှာယူခဲ့၏။
မြို့အရှင် စံအိမ်မှ အားလုံးနီးပါး မှာယူခဲ့ကြခြင်းဖြစ်ကာ အချို့သည် အခြားသူများကို လက်ဆောင်ပေးရန် အတွက်ပင် မှာယူခဲ့ကြသေးလေသည်။
ဤအကြိမ်သည် ပစ္စည်းမှာယူသည့် ပထမဆုံး အသုတ်သာဖြစ်ပြီး နောက်ပိုင်းတွင်လည်း ထပ်လာဦးပေမည်။
ထိုမှာယူမှုများသည် ဝမ်ရှန်း မှာယူခဲ့သည့် ထိုပရိဘောဂဆိုင်သို့သာ ရောက်ရှိ သွားခဲ့သည်။ ထိုပုခက်ကုလားထိုင်အား ပြုလုပ်ရာတွင် သူသည် အတော်ဆုံးနှင့် အရည်အချင်း အရှိဆုံးပင်ဖြစ်၏။
အခြားပရိဘောဂ ဆရာများသည်လည်း ထိုကုလားထိုင် ပုံစံအတိုင်း လိုက်လုပ် နိုင်ပေသည်။ သို့သော် သူတို့သည် ကုလားထိုင် များစွာ ပြုလုပ်ခဲ့ပြီးဖြစ်သည့် လက်သမား ဆရာလောက်တော့ သေချာပေါက် အရည်အချင်း မရှိပေ။
ထို့ကြောင့် အခြားလူများသည် ထိုလက်သမား ဆရာထံ၌သာ မှာယူကြတော့သည်။ သူတို့သည် အကောင်းဆုံး သစ်သား အမျိုးအစားများဖြင့် မှာယူကာ ကုန်ကျမည့် ရွှေဒင်္ဂါးများကို ထည့်မတွက်ကြပေ။
လက်သမားဆရာသည် ဝမ်ရှန်းကြောင့် ရွှေဒင်္ဂါး ၃၀၀ အကျိုးအမြတ် ရရှိကာ ကျေနပ်ပျော်ရွှင်ဆဲမှာပင် နောက်ထပ် များပြားသည့် အမှာစာများ ရောက်ရှိလာခဲ့သည်။ ထိုမှာယူမှုများကို တွက်ချက် ကြည့်လိုက်သည့် အချိန်တွင် အသားတင် အမြတ်အနေဖြင့် သူ ရွှေဒင်္ဂါး ထောင်နှင့်ချီ ရရှိမည်ဖြစ်၏။
ဤအရာသည် လူသတ်ခြင်းထက် ပို၍လွယ်ကူကာ အကျိုးအမြတ်လည်း ပိုမိုများပြားပေသည်။
ဤအမှာများသည် ဝမ်ရှန်းကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ဝမ်ရှန်းမှ မပြောသော်လည်း သူသည် နောက်တစ်ကြိမ် ရွှေဒင်္ဂါး ၅၀၀ ထုပ်ပိုးကာ ဝမ်ရှန်း၏ ဆိုင်သို့ ပို့လိုက်သည်။
သူတို့အား ကြည့်နေသည့် သူတို့၏ အိမ်နီးနားချင်း ရှေ့မှာပင် သူသည် ရင်ဘတ်ကို ပုတ်ကာ ကြွေးကြော်လိုက်၏။
အနာဂတ်တွင် ဝမ်ရှန်းသာ ပရိဘောက ပစ္စည်းတစ်ခုခု လိုချင်သည်ဆိုလျှင် သူလိုချင်သည့် ပုံစံကို ပြောလိုက်ရုံသာ ဖြစ်၏။ သူသည် အကောင်းဆုံးသစ်သား၊ အကောင်းဆုံး အရည်အသွေးဖြင့် ပိုက်ဆံ တစ်ပြားမှမယူဘဲ လုပ်ပေးမည်သာ ဖြစ်သည်။
ဝမ်ရှန်းသည် သူ၏အသားဆိုင်တွင် အစွယ်များနှင့် အသားများကို လာရောက် ဝယ်သူသည့် လူများထံမှ ပိုက်ဆံများ ရခြင်းမှလွဲ၍ အခြား ဝင်ငွေပေါက် မရှိပေ။ သို့သော် ယခုအချိန်တွင် ဤပုခက် ကုလားထိုင်သည် ဝမ်ရှန်းအား ထိုင်နေရုံဖြင့် ရွှေဒင်္ဂါး တစ်ထောင် ရရှိစေခဲ့၏။
“သူက ပိုက်ဆံတွေကို ဓားပြတိုက်နေတာပဲ”
လင်းအာမှ မှတ်ချက် ပြုလိုက်၏။ ဝမ်ရှန်း အကြောင်းကြားသည့် အချိန်တွင် သူမသည် ဝမ်ရှန်းအား မည်သို့မည်ပုံ ဖော်ပြရမလဲပင် မသိတော့ပေ။ သူမသည် ဝမ်ရှန်းအား ဓားပြဟုသာ ပြောနိုင်တော့၏။
ဟုတ်ပါသည်၊ လင်းအာသည် အလွန်ကို မကျေမနပ် ဖြစ်နေလေသည်။ ဤကဲ့သို့သော အကြံမျိုးနှင့် ဆိုလျှင် သင်သည် ရက်အနည်းငယ် အတွင်းတွင် ရွှေဒင်္ဂါး မြောက်မြားစွာ စုစည်း ရှာဖွေနိုင်ပြီဖြစ်၏၊
ထို့ကြောင့် ဤအကြံကို ဘာလို့ နုံအသည့် လက်သမားဆရာအား ပေးနေမည်နည်း။ အင်ပါယာ ရတနာစံအိမ်ကို ပေးလိုက်မည်ဆိုလျှင် ပိုမကောင်းသွားဘူးလား။
“ဒီလိုပစ္စည်းမျိုးကို အတုခိုးဖို့ ဆိုတာက လွယ်လွန်းတယ်၊ အဲဒါကြောင့် သူက မြန်မြန်ဆန်ဆန်ပဲ လုပ်လိုက်တာပဲ”
လုဝမ်ဟုန်မှ ပြုံးကာ ပြောလိုက်၏။
ဘာပဲပြောပြော ဝမ်ရှန်း ငွေရှာသည့် နည်းလမ်းသည် ကြားရသည့် လူများ အားလုံးကို အံ့သြတကြီး ဖြစ်စေပေသည်။ အားလုံး၏ အကြည့်အောက်တွင် ဝမ်ရှန်းသည် ပုခက် ကုလားထိုင်ပေါ် တိတ်တဆိတ် ထိုင်နေကာ သူ့ထံသို့ သားရဲများ လာရောက် ရောင်းချမည်ကို စောင့်နေခဲ့၏။
ဝမ်ရှန်းက မလှုပ်မယှက် ရှိနေသည်ကို မြင်လိုက်ရသောအခါ သူ့အား စောင့်ကြည့်နေသည့် လူများသည် စတင်၍ အတွေးများ လာခဲ့တော့သည်။
မကြာမီတွင် လူအချို့သည် ဝမ်ရှန်း ကြေးစားခန်းမ၌ ကြေငြာထားသည့် အလုပ်အရ အဆင့်နိမ့် သားရဲများ၏ အလောင်းများဖြင့် သူ့ထံသို့ ရောက်လာခဲ့ကြသည်။
ယခုအကြိမ်သည် သူတို့ ဝမ်ရှန်းအား စမ်းသပ်ခြင်းသာ ဖြစ်၏။ ထို့ကြောင့် မည်သည့် အဆင့်မြင့်သားရဲမှ ယူလာစရာ မလိုပေ။ ပထမအဆင့်နှင့် ဒုတိယအဆင့် သားရဲများဖြင့်ပင် လုံလောက်ပြီဖြစ်၏။
တစ်ချက် ကြည့်လိုက်ရုံဖြင့် အမဲလိုက်သမားများအဖြစ် သိသာသည့် လူနှစ်ယောက်သည် သားရဲတစ်ကောင်ဆီ သယ်လာခဲ့ကာ ဝမ်ရှန်းဆိုင်ရှေ့၌ ချလိုက်သည်။
အဆင့်နိမ့် သားရဲများသာ ဖြစ်သော်လည်း ဝမ်ရှန်းသည် လျစ်လျူမရှုခဲ့ပေ။ သူ့ဆိုင်ရှေ့တွင် ကြော်ငြာဘုတ် တစ်ခု ထောင်ထားကာ ထိုပေါ်တွင် အင်ပါယာ ရတနာစံအိမ်နှင့် ရတနာစံအိမ်တို့မ ှရောင်းချသည့် အမျိုးမျိုးသော သားရဲအသားများ၏ ဈေးနှုန်းများကို ဖော်ပြထားသည်။ မြေပြင်ပေါ်တွင်လည်း ကျောက်တုံးများဖြင့် ခြစ်ထားကာ သူ ပြန်ပေးမည့် ဈေးနှုန်းများကို တွက်ချက် ဖော်ပြထား၏။
ထိုဈေးနှုန်းကို ကြည့်လိုက်သောအခါ အမဲလိုက်သမား နှစ်ယောက်သည် မည်သည့် ကန့်ကွက်စရာမှ မရှိပေ။ သူတို့သည် ဝမ်ရှန်းအား စမ်းသပ်ရန် အတွက် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်၏၊
ရွှေဒင်္ဂါးများ အတွက် ရောက်လာခဲ့ခြင်း မဟုတ်ပေ။ ထို့ကြောင့် အပေးနှင့်အယူ မျှကာ အရောင်းအဝယ် ပြီးဆုံးသွားခဲ့သည်။ သူတို့နှစ်ယောက် ထွက်သွားသည့် အချိန်တွင် ဝမ်ရှန်း၏ ဈေးဆိုင်နား၌ ဆိုင်ဖွင့်ထားသည့် လူများသည်လည်း ဝမ်ရှန်းက ဘယ်လောက် ပေးလဲဆိုတာ သူတို့အား မေးကြည့်လိုက်သည်။
အံ့သြစရာ ကောင်းစွာပင် ဝမ်ရှန်းသည် သူ တွက်ချက်ထားသည့် အတိုင်း ပေးခဲ့ခြင်းပင် ဖြစ်သည်။ ထိုအခါ အားလုံး ကြောင်အ သွားခဲ့သည်၊ ဝမ်ရှန်းက ဘယ်လို တွက်ချက် လိုက်သနည်း…
ဘာလို့ အလွန် လျင်မြန် နေရသနည်း…
ဝမ်ရှန်းသည် အားလုံး၏ အံ့သြတကြီး ဖြစ်နေမှုကို လျစ်လျူရှု ထားလိုက်သည်။ သို့သော် သားရဲကို ရရှိပြီးနောက်တွင် သူသည် ပုခက်ကုလားထိုင်ပေါ်၌ အနားမယူ နေတော့ပေ။ ပထမအဆင့် သားရဲကို သားလှီးခုံပေါ်သို့ တင်လိုက်၏။
ဝမ်ရှန်းသည် ထိုသားရဲကို ပုံမှန်အတိုင်းပဲ မလှီးဖြတ်ခဲ့ပေ။ အရင်ဆုံး သူသည် ထိုသားရဲ၏ ခန္ဓာကိုယ် တစ်ခုလုံးကို သေချာဂရုတစိုက် စစ်ဆေးကြည့် လိုက်သည်။ အကြိမ်ကြိမ်အခါခါ သေချာစစ်ဆေး ပြီးနောက် သူသည် ထိုသားရဲကို ခေါင်းစ ခြေဆုံး ပွတ်သပ်ကာ နှိပ်နှယ်လိုက်၏။
ထို့နောက် သူ့လက်ကို ခါလိုက်သည့် အချိန်တွင် သူ့လက်ထဲ၌ အနက်ရောင် ဓားမြှောင်တစ်ချောင်း ပေါ်လာခဲ့သည်။
အားလုံး၏ စိတ်ဝင်တစား ကြည့်နေသည့် အကြည့်အောက်မှာပင် ဝမ်ရှန်းသည် မူးနောက်စရာ ကောင်းပြီး တွေဝေမိန်းမောစရာ ကောင်းသည့် လုပ်ဆောင်ချက်ကို နောက်တစ်ကြိမ် ပြုလုပ်လိုက်တာ့သည်။
***