အပိုင်း ၁၁၄
ဖြတ်လမ်းနည်းဖြင့် ပိုက်ဆံရှာခြင်း (၁)
ကြေးစားခန်းမ အတွင်းသို့ ရောက်သည်နှင့် ဝမ်ရှန်းသည် သူ ကြေးစားအဖြစ် မှတ်ပုံတင်ခဲ့သည့် ထောင့်သို့ တည့်တည့် လျှောက်သွားလိုက်သည်။ မှတ်ပုံတင်ပေးသည့် အစ်မကြီးသည် ထိုနေရာ၌ ထိုင်နေဆဲဖြစ်၏။
မနက်စောစောတွင် ထိုနေရာ၌ လူ များများစားစား မရှိသေးပေ။ ဝမ်ရှန်းသည် ထိုအမျိုးသမီးအား ပြုံး၍နှုတ်ဆက်ကာ သူမရှေ့၌ ထိုင်လိုက်၏။
“ဒီမှာ၊ ရှင့်ရဲ့ ကြေးစားတံဆိပ်ပြား”
ထိုအမျိုးသမီးသည်လည်း ဝမ်ရှန်းအား ပြုံး၍ နှုတ်ဆက် လိုက်သည်။ သို့သော် ယခုအချိန်တွင် ထိုအပြုံးထဲ၌ မည်သည့် အဓိပ္ပာယ်မှ မပါရှိနေပေ။ ဝမ်ရှန်း သူ့မရှေ့၌ ထိုင်လိုက်သည်နှင့် သူမသည် ဝမ်ရှန်းအား ငွေရောင်ကြေးစား တံဆိပ်ပြားတစ်ခု ထုတ်ပေးလိုက်သည်။
အနောက်၌ ရှိနေသည့် စာလုံးနှစ်လုံးမှ လွဲ၍ ကျန်သည့် အရာများ အားလုံးသည် အခြားတံဆိပ်ပြားများနှင့် အတူတူပင်ဖြစ်၏။
“ဒီစာလုံးနှစ်လုံးက ရှင်ပြောတဲ့ ရှင့်နာမည်ဝှက် အထီးကျန် ဝံပုလွေ ဆိုတာပဲ”
ထိုအစ်မကြီးသည် ဝမ်ရှန်းအား တစ်ချက်၊ ထိုစာလုံးနှစ်လုံးအား တစ်ချက်ကြည့်ကာ ပြောလိုက်၏။
“အားလုံးရဲ့ တံဆိပ်ပြားမှာ သူတို့ နာမည်ဝှက်တွေ ရှိတယ်”
“နာမည်တွေကို ပုံတူကူးရင်ကော”
ရုတ်တရက် ဝမ်ရှန်းသည် ရယ်စရာ ကောင်းသည့် အကြံတစ်ခုအား တွေးလိုက်မိကာ မေးလိုက်၏။
“ကူးတော့လည်းကူးပေါ့၊ ဘာလုပ်လို့ရမှာလဲ”
အစ်ကြီးမှပြုံး၍ ရှင်းပြလိုက်၏။
“ဒါပေမယ့် ဒီထဲမှာ ရိုက်နှိပ်ထားတဲ့ ယွမ်ဝိညာဉ်က မတူဘူး။ ငါတို့က နာမည်ကို မကြည့်ဘူး၊ အဲ့ဝိညာဉ်ကိုပဲ ကြည့်တာ”
ထိုသို့ ပြောပြီးသည်နှင့် အစ်မကြီးမှ ဝမ်ရှန်းအား အပ်တစ်ချောင်း ပေးလိုက်သည်။ ထို့နောက် ထိုအပ်ဖြင့် သူ၏လက်ချောင်းထိပ်ကို ဖောက်ကာ တံဆိပ်ပြားပေါ်သို့ သွေးစက်ချရန် ဝမ်ရှန်းအား ပြောလိုက်သည်။
ဤအရာသည် သွေးစက်ချခြင်းဖြင့် ဝိညာဉ်အမှတ်အသား ချန်ရစ်ခြင်း ဖြစ်ကြောင်း ဝမ်ရှန်း သိပေသည်။ ချက်ချင်းပင် သူ ထိုအစ်မကြီး ပြောသည့်အတိုင်း လုပ်လိုက်သည်။
ဝမ်ရှန်း ထိုကဲ့သို့ ပြုလုပ်ပြီးသည်နှင့် အစ်မကြီးမှ အလွန် လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူမသည် သွေးစက်ချထားသည့် ကြေးစားတံဆိပ်ပြားကို စားပွဲပေါ်ရှိ ရှုပ်ထွေးသော ပုံစံကွက် တစ်ခုပေါ်သို့ ချက်ချင်း တင်လိုက်သည်။ ထိုအချိန်မှာပင် ကြေးစားတံဆိပ်ပြားမှ သွေးစက်အား အပြည့်အဝ စုပ်ယူလိုက်ကာ မည်သည့် အစအနမှပင် မကျန် ပျောက်ကွယ် သွားခဲ့၏။
“ဒါက ရိုက်သွင်းထားတဲ့ ဝိညာဉ်ကို ရှာဖို့အတွက် သုံးတဲ့ အစီအရင် နည်းလမ်းပဲ”
ဝမ်ရှန်းမှ ထိုရှုပ်ထွေးသည့် ပုံစံကွက်အား စိုက်ကြည့် နေသည်ကို တွေ့လိုက် ရသောအခါ အစ်မကြီးမှ ပြုံး၍ သူ့အား ရှင်းပြလိုက်သည်။ ဝမ်ရှန်းသည် လူသစ်ဖြစ်သောကြောင့် သူ ဤအရာများကို နားလည်ဦးမည် မဟုတ်ပေ။
“ပြီးတော့ရော ဘာလုပ်စရာ လိုသေးလဲ”
ဝမ်ရှန်းမှ သူ၏ကြေးစား တံဆိပ်ပြား အသစ်ကို ကိုင်လျက် မေးလိုက်၏။
“နောက်ဆုံးတစ်ခု ကျန်သေးတယ်”
အစ်မကြီးသည် ခပ်ပြုံးပြုံးဖြင့် ဝမ်ရှန်း၏ လက်တွင်းမှ တံဆိပ်ပြားကို ပြန်ယူကာ စတင်၍ ရေးမှတ်လိုက်၏။
“ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ရှင် လုပ်ခဲ့တဲ့ တာဝန်တွေကို ထည့်ပေါင်း ရဦးမယ်။ ပြီးရင်တော့ အားလုံးပြီးပါပြီ”
“ပြီးခဲ့တဲ့ နှစ်ရက်က တာဝန်တွေ ဟုတ်လား”
ဝမ်ရှန်း ကြောင်အ သွားခဲ့သည်။ ပြီးခဲ့သည့် နှစ်ရက်တွင် သူ မည်သည့် တာဝန်များကို လုပ်ဆောင်ခဲ့သနည်း… တစ်ခုမှမရှိပေ…
“တခြားလူ တစ်ယောက်က လင်ဘနဲ့ တခြားလူတွေရဲ့ ခေါင်းတွေအတွက် ဆုကြေးငွေ ထုတ်ထားသေးတယ်”
ထိုအစ်မကြီးသည် ကြောင်အနေသည့် ဝမ်ရှန်းအား ကြည့်ကာ ပြုံး၍ ရှင်းပြလိုက်သည်။
“ပြီးတော့ ရှင့််အိမ်ရှေ့မှာ သတ်ခဲ့တဲ့ လူတွေကလည်း အလိုရှိစာရင်းက နာမည်ကြီးတွေပဲ။ အခု သူတို့အားလုံး သေသွားပြီ။ အဲဒါကြောင့် အဲ့ဆုကြေးတွေ အကုန်လုံးကို ရှင်ရမှာပဲ။ တာဝန်ကို မစခင်မှာ တာဝန်ကို လက်ခံတဲ့ လုပ်ရိုးလုပ်စဉ်တွေ မလုပ်ခဲ့ဘူး ဆိုပေမယ့် အဲ့လူတွေရဲ့ ခေါင်းကို ဒီနေရာကို ယူလာနိုင်သ၍ အဲ့ဆုကြေးတွေကို ရှင် ရတာပဲ။ ဒါပေမယ့် အခု ရှင်က အဲ့ခေါင်းတွေကို ဒီနေရာကို မယူလာဘူး ဆိုရင်တောင် သူတို့ခေါင်းတွေကို ဘယ်သူဖြတ်ခဲ့တာလဲဆိုတာ အားလုံး သိနေကြကတာပဲ”
လင်ဘနှင့် အခြားသူများကို သတ်ခြင်းမှ ဤအကျိုးကျေးဇူးများ ရရှိခဲ့သည်တဲ့လား။ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ဝမ်ရှန်း မထင်ထားခဲ့ပေ။
သို့သော် ထိုမိန်းမစိုးမှ ချန်ရစ်ထားခဲ့သည့် လက်ဆောင်များ သည်လည်း သူ ဆုကြေးငွေ ရရှိမည့်အထဲ ပါနေ၏။ ထိုအချက်သည် ဝမ်ရှန်းအား အနည်းငယ် အရှက်ရ သွားစေခဲ့တော့၏။
သို့သော် ဤကဲ့သို့ ကောင်းမွန်သည့် အရာမျိုးကို ဝမ်ရှန်း ငြင်းပယ်မည် မဟုတ်ပေ။
ထိုလူများ၏ သေဆုံးမှုသည် အစကတည်းက ဝမ်ရှန်း ခေါင်းပေါ်သို့ ကျရောက်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော လူမျိုးကို သတ်ခြင်းမှ ရရှိလာသည့် အကျိုးအမြတ်များကို ထိုမိန်းမစိုးသည်လည်း လောကဘတကြီး လိုချင်နေမည် မဟုတ်ပေ။
ကြေးစားရမှတ်များ အပြင် ဆုကြေးငွေများလည်း ရှိပေသည်။ ဝမ်ရှန်း အံ့သြသွားရသည်မှာ လင်ဘနှင့် သူ၏လူ ဒါဇင်ကျော်နှင့် သူ့တံခါးရှေ့မှ ခေါင်းလေးငါးလုံး ခန့်သည် အမှန်တကယ်ကို ရွှေဒင်္ဂါး သုံးလေးထောင်ခန့် ရရှိစေခဲ့ခြင်းပင်ဖြစ်၏။
ဟုတ်ပါသည်၊ လူများကို သတ်ခြင်းသည် အကျိုးအမြတ်များစွာ ရရှိစေ၏။ ရွှေုဒင်္ဂါး တစ်ပြားသည် အပြင်ဘက်မှ လူများအတွက် နှစ်လ သုံးလခန့် အလုပ်လုပ်မှ ရရှိသည့် ဝင်ငွေဖြစ်သည်။ သို့သော် လူဒါဇင်ခန့် သတ်ခြင်းက ဝင်ငွေများစွာ ရရှိစေကာ ထို့အတွက်ကြောင့်လည်း ကြေးစားများ၏ ဝင်ငွေသည် တကယ်ကို များပြားရခြင်း ဖြစ်ပေသည်။
သို့သော် အချိန်တစ်ခုအထိ ဝမ်ရှန်းသည် လူများကို သတ်ခြင်းဖြင့် ဝင်ငွေရှာမည် မဟုတ်ပေ။ ဘာပဲပြောပြော သူသည် ဂျင်ဒီနယ်မြေ အတွင်း၌ အကြောက်အရွံ့မရှိ သွားလာနိုင်ပြီဖြစ်၏၊ ဒီအပြင် ဝူရုံမြို့တွင် သူသည် ခြေကုပ်တစ်နေရာ ရရှိခဲ့ပြီဖြစ်သည်။ ဝမ်ရှန်း လုပ်ရမည့် ပထမဆုံး အရာမှာ အေးအေးချမ်းချမ်းဖြင့် ကျင့်စဉ်ကျင့်ကြံရန်ဖြစ်၏။
ယွမ်ဝိညာဉ် နယ်မြေ အတွင်းရှိ နောက်ဆုံး ကျန်နေသည့် တောင်ကို အချိန်တိုအတွင်း ဝါးမျိုနိုင်ရန် ကြိုးစားကာ နောက်တစ်ဆင့်သို့ တက်ရန် လုပ်ဆောင်ရမည် ဖြစ်သည်။
“အချိန်အတော်ကြာ လုပ်ရတဲ့ တာဝန်မျိုး အပ်လို့ရလား”
ဝမ်ရှန်းမှ အလုပ်တစ်ခု အပ်ချင်ကာ အစ်မကြီးအား မေးလိုက်သည်။
“ဘာပြဿနာမှ မရှိပါဘူး”
ထိုအမျိုးသမီးသည် ဝမ်ရှန်းအား တာဝန်များ ကြေညာထားသည့် ဒုတိယထပ်သို့ သူမကိုယ်တိုင် ခေါ်သွားလိုက်သည်။
“အချိန်ကြာ လုပ်ရတဲ့ အလုပ်မျိုး အပ်ချင်လို့”
ဝမ်ရှန်းမှ အထဲ၌ ရှိနေသည့် ဝန်ထမ်းအား ပြောလိုက်သည်။ ထို့နောက် ကြေးစားတံဆိပ်ပြားကို ထိုဝန်ထမ်းအား ပေးလိုက်၏။
“တစ်လလောက်ပေါ့၊ အဆင့်အမျိုးမျိုးရှိတဲ့ သားရဲတွေရဲ့ ကိုယ်အင်္ဂါ အပြည့်အစုံကို ဝယ်မယ်။ ဒီနေရာမှာ ပေါက်ဈေးထက် ၉၀ ရာခိုင်နှုန်း ပိုရောင်းဝယ်လို့ ရတယ်မလား”
သေချာပေါက် ရပေသည်၊ မရစရာ ဘာအကြောင်း ရှိမည်နည်း…
ဝူရုံမြို့တွင် ဈေးနှုန်းသည် အပြင်ထက် ဆယ်ဆရှိ၏။ လူတစ်ယောက်သည် သားရဲတစ်ကောင်ကို အမဲလိုက်နိုင်ခဲ့မည် ဆိုလျှင် သူတို့သည် ထိုသားရဲကို အချိန်ယူကာ သူတို့ဘာသာ သူတို့ ရောင်း၍ရ၏၊ သို့မဟုတ် ရာပြတ်မှ ကြိုက်သလို ဈေးခေါ်၍ရသည့် ကြေးစားခန်းမ၌ ရောင်းချလည်း ရပေသည်။ ထိုကဲ့သို့ မဟုတ်လျှင် အင်ပါယာ ရတနာစံအိမ်နှင့် ရတနာစံအိမ်၌လည်း ရောင်းချ၍ရ၏၊
သို့သော် ထိုနေရာမှ ရာပြတ်များ၏ ခေါင်းပုံဖြတ်သည့် စွမ်းရည်သည် ကြေးစားခန်းမမှ ရာပြတ်ထက် အစပေါင်း ဆယ်နှင့်ချီ ပို၍ဆိုးဝါးပေသည်။
အချို့သည် သူတို့ကိုယ်တိုင် ရောင်းချသည်မှ လွဲ၍ လတ်တလော ပေါက်ဈေး၏ တစ်ဝက်ဈေးနှင့် ရောင်းနိုင်ပေသည်။
ဝမ်ရှန်းသည် လတ်တလော ပေါက်ဈေး၏ ၉၀ ရာခိုင်နှုန်းဖြင့် လေလံတင်ခဲ့၏။ ထိုကဲ့သို့ ဆိုလျှင် လူများသည် သူတို့၏ သားကောင်များကို ဝမ်ရှန်းထံသို့ ရောင်းချချင်ကြ ပေလိမ့်မည်။ အထူးသဖြင့် ဤအလုပ်သည် ကြေးစားခန်းမ၌ ကြေညာထားသည့် အလုပ်ဖြစ်သည်။ ကြေးစားခန်းမမှ အာမခံချက်ရှိသည့် အတွက်ကြောင့် ပိုက်ဆံမရမည့် ကိစ္စနှင့် ပတ်သက်ပြီး စိုးရိမ်စရာ မရှိတော့ပေ။
ဝမ်ရှန်း ဘာလုပ်ချင်နေတာလဲ ဆိုတာကို ထိုအစ်မကြီးလည်း နားမလည်ပေ။ အမှန်အားဖြင့် ဝမ်ရှန်းသည် သူ၏အသားဆိုင်ကို လည်ပတ်ရန်အတွက် အသားများ လိုချင်ခြင်း ဖြစ်နိုင်၏။ အဆင့်ငါး ကြေးစား တစ်ယောက်သည် တကယ်ပဲ အသားဆိုင်တစ်ဆိုင် ဖွင့်တော့မည်လား…
အားလုံး နားမလည်နိုင် ဖြစ်နေကြသည့် အချိန်မှာပင် ဝမ်ရှန်းသည် ထိုအလုပ်အပ်ကာ ကြေးစားခန်းမမှ ထွက်လာခဲ့လိုက်၏။ ထို့နောက် သူသည် အင်ပါယာ ရတနာစံအိမ်နှင့် ရတနာစံအိမ်တို့ထံ သွားကာ သားရဲအသား အမျိုးအစားများ အားလုံး၏ ဈေးနှုန်းကို မေးလိုက်သည်။
ထို့နောက် ခြံဝန်းသို့ ပြန်လာကာ သူ၏ဆိုင်ကို ဖွင့်လိုက်၏။ ထို့နောက် ဆိုင်ထဲ၌ ထိုင်ကာ သူ့အား လာရောက် ရောင်းချမည့် အသားများကို စောင့်နေလိုက်သည်။
အချိန်အတော် ကြာသည်အထိ မည်သူမှ မလာသောကြောင့် ဒီတိုင်းကြီး ထိုင်နေရခြင်းကို ဝမ်ရှန်း နေမထိ ထိုင်မသာ ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူသည် အပြင်သို့ ထွက်ကာ လက်သမားတစ်ဦး၏ ဆိုင်တွင်းသို့ ဝင်သွားပြီး တစ်စုံတစ်ခုအား မှာယူလိုက်ပြီး သူ့ဆိုင်သို့ ပြန်လာလိုက်၏။
ဝမ်ရှန်း ထွက်သွားသည်နှင့် ထိုလက်သမား၏ဆိုင် ချက်ချင်း လူစည်ကား သွားခဲ့သည်။ အနည်းဆုံး ဒါဇင်နှင့်ချီသည့် လူများ အဆက်မပြတ် ရောက်လာခဲ့ကာ သူတို့သည် ဈေးဝယ်ဟန်ဖြင့် ဝမ်ရှန်း မှာယူသွားသည့် ပစ္စည်းအကြောင်းကိုလည်း မေးမြန်းလိုက်ကြသည်။
ထိုကဲ့သို့ အမေးခံလိုက်ရသည့် အချိန်တိုင်း ရိုးသားသည့် လက်သား၏ မျက်နှာထက်တွင် လှောင်ပြောင်သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သို့သော် သူသည် သူတို့မေးမြန်းသည့် မေးခွန်းအကြောင်းကို မခြွင်းမချန် ပြန်ဖြေခဲ့ပေ၏။
ဝမ်ရှန်းက ဤနေရာတွင် ပရိဘောဂအချို့ လာရောက် မှာယူသွားခြင်း ဖြစ်ကြောင်း ပြောပြလိုက်သည်။ သူ ထိုပစ္စည်းပို့မည့် အချိန်တွင် သူတို့လည်း လိုချင်သည်ဆိုလျှင် သူတို့အတွက်လည်း တစ်ထပ်တည်း တူသည့် ပစ္စည်းများ ပြုလုပ်ပေး၍ ရကြောင်းကိုလည်း ပြောလိုက်၏။
ရလဒ်အနေဖြင့် ထိုလက်သမား ဆရာသည် နေ့တစ်ဝက် အတွင်းမှာပင် ဝမ်ရှန်း မှာယူခဲ့သည့် ပစ္စည်းနှင့် ပုံစံတူညီသည့် ပစ္စည်းများ ရာနှင့်ချီ ရောင်းချခဲ့ရပေသည်။
နေ့လယ်ပိုင်း၌ လက်သမား ဆရာသည် ဝမ်ရှန်း မှာယူထားသည့် ပစ္စည်းနှင့်အတူ ရွှေဒင်္ဂါး ငါးရာကိုယူကာ ဝမ်ရှန်း၏ဆိုင်သို့ သွားလိုက်၏။
“ဒါက ဆရာမှာထားတဲ့ ကုလားထိုင်ပါ”
ယခုအချိန်တွင် လက်သမားဆရာ၏ မျက်နှာအမူအရာသည် အလွန်ကို မချင့်မရဲ ဖြစ်နေသည်ဟု ပြော၍ရပေသည်။ သူသည် ရွှေဒင်္ဂါးများ ထည့်ထားသည့် အိတ်ကို လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်ကာ ဝမ်ရှန်းအား ပေးလိုက်သည်။
“ဒါက ရွှေဒင်္ဂါးငါးရာပါ”
ထိုလက်သမားဆရာ စိတ်ညစ် သွားခဲ့သည်။ ဝမ်ရှန်းသည် ကုလားထိုင် တစ်ခုမှာယူရန် သူ့ဆိုင်သို့ ရောက်လာခဲ့သည်။ ပြီးလျှင် သူ့ထိုင်ခုံလိုမျိုး ထိုင်ခုံ ၅၀ ကျော်ကို တစ်လုံးလျှင် ရွှေဒင်္ဂါး ဆယ်ပြားဖြင့် ရောင်းချ၍ ရလိမ့်မည်ဟု သူ လောင်းခဲ့၏။
ထိုအရေအတွက်ကျော်လျှင် သူသည် ဝမ်ရှန်းအား ရွှေဒင်္ဂါးငါးရာ ပေးရမည် ဖြစ်သည်။ မဟုတ်လျှင်တော့ ဝမ်ရှန်းမှ သူ့အား ရွှေဒင်္ဂါးငါးရာ ပေးမည်ဖြစ်၏။ သို့သော် ယခုအချိန်တွင် သူ ရွှေဒင်္ဂါးငါးရာ ယူလာခဲ့ရပြီဖြစ်သည်။
***