အပိုင်း ၁၁၃
နောင်တရနေသည့် အင်အားကြီး မိသားစုများ (၂)
စုန့်သခင်မလေး၏ သတို့သားလောင်းသည် စုန့်မိသားစု၏ မိသားစုဝင်ပင် ဖြစ်၏၊ ထို့ကြောင့် သူလုပ်သည့် အရာအားလုံးသည် စုန့်မိသားစု အတွက်လည်း အကျိုးကျေးဇူး ရှိပေမည်။ စုန့်မိသားစုက လူလွတ်ကာ ဝမ်ရှန်းအား နှစ်ကြိမ်တိတိ သတ်ရန် ကြိုးစားခဲ့သည် ဆိုသည်မှာလည်း အဓိပ္ပာယ် မရှိ အမှန်တရား မဟုတ်ဟု သတ်မှတ်ရပေမည်။
ယခင် အချိန်များတွင် ဝမ်ရှန်းသည် လိုက်လံ သတ်ဖြတ် ခံရမည်ကို စိုးရိမ်သည့်အတွက် အမြဲတမ်း အနည်းငယ် သတိထားနေခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ထို့ကြောင့်သာ သူသည် စုန့်မိသားစုအား မတော်တဆ ထိခိုက် ဒဏ်ရာရအောင် လုပ်ခဲ့မိခြင်း ဖြစ်နိုင်၏။ ဤအရာမှသာ အမှန်တရားဖြစ်သည်။
သူတို့အားလုံးသည် မိသားစုများ ဖြစ်ကြသည်၊ အချေအတင် ဖြစ်စရာ ကိစ္စများ ရှိလာသည်ဆိုလျှင် သူတို့သည် သူတို့မိသားစုတွင်း၌သာ အရာအားလုံး ပြောဆိုဖြေရှင်း၍ ရပေသည်။
ထိုအခိုက်အတန့်တွင် စုန့်ရန်သည် သီးသန့်ကျင့်စဉ် ကျင့်ကြံနေဆဲဖြစ်၏။ အဖြစ်အပျက် အကြောင်းအရာတို့ကို သူမ ဘာမျှမသိသေးပေ။ သို့သော် မိသားစုအတွင်းတွင် သူမ၏ ဂုဏ်သတင်းသည် နှစ်ဆမြင့်တက် သွားပြီဖြစ်၏။
သူတို့သည် ကျင့်စဉ် ကျင့်ကြံခြင်းအတွက် လိုအပ်သည့် အရင်းအမြစ် အမျိုးအစားများ အားလုံးကို စုန့်ရန် ကျင့်ကြံသည့် နေရာသို့ ပို့ပေးသည့်အပြင် ဒါဇင်နှင့် ချီသည့် အစေခံများကိုပင် ပို့ပေးခဲ့သေးသည်။
ထို့ပြင် သူတို့ သခင်မအား အချိန်မရွေး ခစားနိုင်ရန် အသင့်စောင့် နေကြ၏။ ထိုအခိုက်အတန့်တွင် စုန့်ရန်ထံ၌ တာဝန် ထမ်းဆောင်နေသည့် စုန့်လောင်ယုသည်လည်း အဆင့်အတန်း အလွန် မြင့်တက် သွားခဲ့သည်။
အကြီးအကဲ ကိုးဦး တွေ့ဆုံမှုမှနေ၍ ဝမ်ရှန်းအား အကောင်းဆုံး သိမ်းသွင်းရန်နှင့် သူ၏ပြဿနာများ အားလုံးကို ကူညီဖြေရှင်းပေးရန် ဝူရုံမြို့၌ ရှိနေသည့် သူတို့ စုန့်မိသားစု၏ ခေါင်းဆောင်အား မှာကြားချက် ထွက်လာခဲ့သည်။
အရေးအကြီးဆုံး အရာမှာ ဝမ်ရှန်းသည် စုန့်ရန်၏ သတို့သားလောင်း ဖြစ်ကြောင်း တစ်ကမ္ဘာလုံး သိအောင် လုပ်ရန်ဖြစ်၏။
စုန့်မိသားစုမှ ဝမ်ရှန်းအား သူတို့ မိသားစုအတွင်းသို့ ဆွဲသွင်းရန် အားစိုက် လုပ်ဆောင် နေစဉ်တွင် အခြားထိပ်သီး မိသားစု နှစ်ခုဖြစ်သည့် သိုက်မိသားစုနှင့် ရှီမိသားစုတို့သည် သတင်း ကြားကြားခြင်း၌ ထိတ်လန့် တုန်လှုပ် သွားကြကာ သူတို့၏ လုပ်ရပ်များ အတွက် နောင်တရ သွားခဲ့ကြသည်။
ဂျင်ဒီတားမြစ် နယ်မြေ…
ထိုနယ်မြေ တစ်ခုလုံးသို့ ဝင်ထွက် သွားလာနိုင်သည့် စွမ်းရည်…
ထိုထဲတွင် သိုက်စီရီအား သတ်ဖြတ်နိုင်သည့် ကြီးမားသော စွမ်းဆောင်ရည်၊ ဝူရုံမြို့မှ လင်ဘအား သတ်ဖြတ်နိုင်ခဲ့မှုနှင့် ပဥ္စမအဆင့်နှင့် ဆဌမအဆင့် သားရဲများကို သတ်ဖြတ်နိုင်ခဲ့ခြင်း တို့ကိုပင် ထည့်မတွက်ထားပေ။
ဤကဲ့သို့သော လူမျိုးက သူတို့မိသားစုနှင့် ဘယ်လိုလုပ် ရန်သူဖြစ်လာ၍ ရမည်နည်း…
သိုက်မိသားစုသည် သိုက်ဟွမ်နှင့် သိုက်စီရီတို့၏ အုတ်ဂူများကို ချက်ချင်းပင် သွားတူးဖော် ပစ်ချင်စိတ် ပေါက်သွားခဲ့သည်။ ထိုနှစ်ယောက်၏ အုတ်ဂူများသည် ဘိုးဘေး အုတ်ဂူများနှင့် အတူတူသာ မဟုတ်ခဲ့လျှင် သူတို့မှာ ထိုကဲ့သို့ ပြုလုပ်ပြီးဖြစ်၏။
အတော်ကို စိတ်ရှုပ်စရာ ကောင်းလှပေသည်… သူတို့သည် ဘာ့အတွက်ကြောင့် ရေရှည်ကို မမြင်နိုင်ခဲ့ဘဲ ဂျင်ဒီနယ်မြေအား လွတ်လပ်စွာ ဖြတ်သန်း သွားလာနိုင်သည့် လူနှင့် ရန်သူ ဖြစ်လာခဲ့ရသနည်း။
သူတို့မိသားစုထံသို့ သိုက်ဟွမ် အသက်နှင့်ရင်းပြီး ကြယ်ကိုးပွင့် ဝိညာဉ်ကို ယူဆောင် လာနိုင်ခဲ့ခြင်းက ကောင်းမွန်သည့် အောင်မြင်မှု ဖြစ်သော်လည်း ထိုကြယ်ကိုးပွင့် ဝိညာဉ်သည် ဂျင်ဒီနယ်မြေမှ လျှို့ဝှက်ချက်များနှင့် ယှဉ်လျှင် ဘာမျှ အရေးမပါတော့ချေ။
ဝမ်ရှန်းသည် သိုက်မိသားစုဝင်များအား သတ်ခဲ့သည့်လူ ဖြစ်သည်။ သူတို့ နှစ်ဖက်ကြားမှ ရန်ငြိုးသည် ဖြေရှင်းရန် ခက်ခဲလှပေသည်။ သို့သော် သူတို့ မိသားစုများထက် ရှီမိသားစုက ပို၍ပင် စိတ်ဓာတ် ကျနေလေသည်။
လင်ချွမ်းမြို့မှ ရှီမိသားစုသည် ဝမ်ရှန်းအား မည်ကဲ့သို့ ဖိအား ပေးခဲ့သနည်း။ ထိုအချက်ကို အခြားမိသားစုများ သိရန် မဆိုထားနှင့် ရှီမိသားစု ကိုယ်တိုင်ပင် ဂဃနဏ မသိခြင်းပင်။
အဖြစ်မှန်မှာမူ လက်သန်းလောက်ပင် မကြီးမားသည့် အသေးအဖွဲ ကိစ္စလေး အတွက်နှင့် အခြားသူများကို သွားအနိုင်ကျင့်သည် လက်ထောက် ရှီလီကြောင့်ပင် ဖြစ်သည်။ ထိုမှတစ်ဆင့် သူတို့သည် သူတို့မိသားစု၏ အဖိုးတန် ရတနာမြေပုံကို အခိုးခံရသည့် အတွက်ကြောင့် ဝမ်ရှန်းနောက် အသည်းအသန် လိုက်ခဲ့ကြသည်။
ဝမ်ရှန်းသည် သူတို့အား လာရောက်၍ ကလဲ့စား ပြန်ချေစရာပင် မလိုပေ။ ဝမ်ရှန်းသည် ရှီလီရှင်းအား သေမတတ် ရိုက်နှက်ခဲ့ပြီးဖြစ်၏။ သို့သော် ဤကိစ္စသည် ဤမျှလောက်နှင့် ပြီးဆုံးသွားပြီဟု ထင်လိုက်လျှင် မှားသွားပြီဖြစ်၏။
လင်ချွမ်းမြို့တွင် ရှီမိသားစုသည် သူတို့၏ အဖိုးထိုက်တန်သော ရတနာမြေပုံ မရှိတော့ချေ၊ ထို့ကြောင့် သူတို့မိသားစုသည် အဓိက အင်အားကြီး မိသားစုစာရင်းထဲ၌ ပါဝင်ရန် အရည်အချင်း မပြည့်မီတော့ပေ။
ရှီမိသားစု၏ ဂိုဏ်းလေးဂိုဏ်းသည် လင်ချွမ်းမြို့မှ နှင်ထုတ် ခံလိုက်ရပြီး မြို့အစွန်ဘက်ရှိ သေးငယ်သော မြို့တစ်မြို့ထံသို့ စေလွှတ် ခံလိုက်ရသည်။ ထိုသေးငယ်သည့် မြို့သည် များပြားလှသည့် ရှီမိသားစု အဖွဲ့ဝင်များကို ဘယ်တော့မှ အလုံအလောက် ထောက်ပံ့နိုင်မည် မဟုတ်ပေ။
တစ်စုံတစ်ယောက်သည်သာ ရတနာမြေပုံကို ပြန်လာပေးမည် ဆိုလျှင် ရှီမိသားစု ခေါင်းဆောင်သည် ဆုကြေးငွေ အတော်အသင့်မျှ ပေးနိုင်ပေသည်။ ထိုပမာဏသည် အနည်းဆုံးတော့ ကြွယ်ဝချမ်းသာ သွားအောင် လုပ်ပေးနိုင်၏။
သို့သော် ယခုအချိန်တွင် သူတို့သည် မြေပုံကို ပြန်မရခဲ့သည့်အပြင် ပိုင်နက်နယ်မြေ ရရှိရန် မြို့စွန်မြို့ဖျားတွင် သားရဲများနှင့် တိုက်ခိုက် နေရသည်။
ယခုအချိန်တွင် ဝမ်ရှန်းမှာ ဂျင်ဒီတားမြစ် နယ်မြေအား ဝင်ထွက် သွားလာနိုင်သည့် အရည်အချင်းရှိကြောင်း ဖော်ပြခဲ့ပြီးဖြစ်၏၊
ထို့ကြောင့် မည်သည့်လူက သူ့အား လိုက်လံသတ်ဖြတ်ရန် ဖိအားပေးတော့မည်နည်း…
မည်သည့် မိသားစုကများ သူ့အား ဧည့်သည်အဖြစ် မဆက်ဆံပဲ နေရဲမည်နည်း…
မည်သို့ပင်ဆိုစေ… ယခုအချိန်တွင် စုန့်မိသားစုသည် အတိတ်မှ အမှားများကို ပြန်လည် ပြင်ဆင်ရန်နှင့် ဝမ်ရှန်းကို သူတို့မိသားစုဝင် အဖြစ် တရားဝင် ကြေညာရန် အာရုံစိုက် လုပ်ဆောင် နေခဲ့ကြသည်။
မိသားစု အကြီးအကဲများသည် အလွန် နောင်တရနေကြကာ သူတို့သည် ဖြစ်ပြီးသမျှ အမှားတို့ကို အတိတ်၌သာ ထားခဲ့လိုက်ကြသည်။ သို့သော် ရှီမိသားစုနှင့် သိုက်မိသားစုတို့သည် ဘာမှမလုပ်နိုင်ဘဲ နောင်တသာ ရနေခဲ့ကြတော့၏။
ဤမိသားစုများ အပြင် နောင်တရနေသည့် အခြားမိသားစုများလည်း ရှိသေးပေသည်။ ထိုထဲတွင် တန်မိသားစု၊ ချူမိသားစု၊ ရှားမိသားစု၊ ဂန်မိသားစုနှင့် ဖန်းမိသားစုတို့လည်း အပါအဝင်ပင် ဖြစ်၏။
ဤသေးငယ်သည့် မိသားစုများသည် သူတို့၏မိသားစု ခေါင်းဆောင်မှစ၍ အကြီးအကဲများအထိ လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း သူတို့၏ မျက်နှာထက်၌ အပြုံးအရယ် တစ်ချက်ပင် မရှိကြပေ။
စုန့်မိသားစု၊ ရှီမိသားစုနှင့် သိုက်မိသားစုတို့သည် ဝမ်ရှန်းနှင့် ပထမဦးဆုံး ပဋိပက္ခဖြစ်ခဲ့သည့် မိသားစုများ ဖြစ်သည်ဟု ပြော၍ရပေသည်။ သို့သော် သူတို့ မိသားစုများသည် ထိုကဲ့သို့ဖြစ်အောင် မတော်တဆ ပြုလုပ်မိခဲ့ကြခြင်း ဖြစ်၏။
ဝမ်ရှန်းထံတွင် သာမန်လူ တစ်ယောက်ကို ပထမအဆင့် ဝိညာဉ်သခင် တစ်ယောက် ဖြစ်လာအောင် ပြုလုပ်ပေးနိုင်သည့် နည်းလမ်းရှိကြောင်း ကောလာဟလများ ကြားပြီးနောက် သူတို့သည် လောဘကြီးစွာဖြင့် ထိုနည်းလမ်းအား လိုချင်ခဲ့ကြသည်။
ယခု ပြန်စဉ်းစား ကြည့်လိုက်လျှင် သူတို့သည် ထိုကဲ့သို့ မလုပ်ခဲ့သင့်ပေ… သူတို့ ထိုကဲ့သို့ လုပ်ခဲ့မိကြသည့် အဓိကအချက်မှာ မည်သည့်အရာ ဖြစ်သနည်း…
အဆင့်မြင့် ဝိညာဉ်သခင်များမှ တွေးကြည့်လိုက်သည့် အချိန်တွင် ဝမ်ရှန်း၏ နည်းလမ်းသည် သူတို့မိသားစု၏ လျှို့ဝှက်စာကြည့်တိုက် အတွင်း၌ ရှိသည့် ကျင့်စဉ် တိုးတက်ရေး နည်းလမ်းနှင့် အတူတူပင်ဖြစ်၏။
အစပိုင်း၌ သူတို့သည် ဝမ်ရှန်းထံ၌ ရှိနေသည့် အရာမှာ ထူးကဲသည်ဟု ထင်မြင်လျက် လိုချင်စိတ် ဖြစ်သွားခဲ့ကြခြင်း ဖြစ်သည်။ ထိုအရာက သူတို့ထံ၌လည်း ရှိနေသည်ကို သူတို့ မတွေးမိခဲ့ကြပေ။
ထိုအချက်မှာ နှမြောစရာ၊ ဝမ်းနည်းစရာပင် ဖြစ်ပေသည်။ အစကတည်းက သူတို့သည် မည်သည့် အတွက်ကြောင့် သတိလက်လွတ်ဖြင့် ဝမ်ရှန်းအား သတ်ရန် ဝိညာဉ်သခင်များ စေလွှတ်ခဲ့ရသနည်း။
သူတို့သည် ထိုအကြောင်းပြချက် တစ်ခုတည်းဖြင့် ဝမ်ရှန်းအား သတ်ရန် လုပ်ဆောင်ခဲ့ကြခြင်း မဟုတ်ပေ။ ပုဂ္ဂိုလ်ရေးအရ ပြောမည်ဆိုလျှင် ထိုအရာသည် စုန့်မိသားစု၊ ရှီမိသားစုနှင့် သိုက်မိသားစု ကဲ့သို့သော အင်အားကြီး မိသားစုများနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်ရန် အတွက် မျက်နှာလို မျက်နှာရ လုပ်ခြင်းဟု ပြောလို့ ရပေသည်။
ဝမ်ရှန်း နောက်သို့ လိုက်သည့် အချိန်တွင် သူတို့သည် အကြီးအကဲ အဆင့်ဖြစ်သည့် ပဥ္စမအဆင့် ဝိညာဉ်သခင်များနှင့် သူတို့မိသားစုမှ လက်ရွေးစဉ်များကိုပါ ခေါ်ဆောင် သွားခဲ့သေးသည်။ သို့သော် သူတို့သည် ဝမ်ရှန်းအား ထိခိုက်အောင်ပင် မလုပ်နိုင်ခဲ့ချေ။
ပြောရမည်ဆိုလျှင် ဝမ်ရှန်းက ဂျင်ဒီတားမြစ် နယ်မြေ အတွင်းသို့ ဝင်ရောက် သွားသည့် အတွက်ကြောင့် အထက်တန်းလွှာ မိသားစုများသည် သူတို့၏ အဆင့်မြင့် ဝိညာဉ်သခင်များကို အတော်များများ ဆုံးရှုံးသွားခဲ့ရပေသည်။
သို့သော် ယခုအချိန်တွင် ဝမ်ရှန်းနှင့် သူတို့ကြားမှ ရန်ငြိုးကို ပြေလည်အောင် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို မသိနိုင်အောင် စိုးရိမ်နေကြတော့၏။
သို့မဟုတ်ပါက အဓိက မိသားစု တစ်စုစုသည် ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရောက်ရန် အခွင့်အရေး ရသွားပြီး ကျန်သည့် မိသားစုများက ဝင်ခွင့်မရခဲ့လျှင် ထိုဝင်ခွင့်ရသည့် မိသားစုသည် အထူးမိသားစု ဖြစ်လာမည်ဖြစ်၏။
ထိုအချိန်တွင် ကျန်သည့် အဓိကမိသားစုများနှင့် အခြားမိသားစုများသည် ပျော်ရွှင်ကြတော့မည် မဟုတ်ပေ။
အဓိကအင်အားစု ငါးခုအတွင်း၌ မပါဝင်သည့် ဂန်မိသားစု၊ ဖန်းမိသားစုနှင့် ချူမိသားစုတို့သည်ပင် ထိုအခြေအနေကို မြင်လိုက်ရမည် ဆိုလျှင် သူတို့လည်း ပျော်ရွှင်မည် မဟုတ်ပေ။ သူတို့သည် အဓိက အင်အားစုငါးခုမှ အဓိက အင်အားစု ခြောက်ခုအဖြစ် တိုးလာကာ ထိုခြောက်ခုမြောက်မှာ သူတို့မိသားစု ဖြစ်လာရန်ကိုသာ မြင်ချင်ကြပေသည်။
ဝမ်ရှန်းက မိသားစု အဖွဲ့ဝင်များကို သတ်ခဲ့မည် ဆိုပါလျှင်…
အဓိက မိသားစုများသည် နှစ်ပေါင်းများစွာ ကြာသည်အထိ အချင်းချင်း ပေါ်ပေါ်ထင်ထင်ရော၊ ပုန်းလျှိုးကွယ်လျှိုးပါ တိုက်ခိုက် နေခဲ့ကြ၏၊ ထိုထဲတွင် သတ်ဖြတ်မှုများ ပါဝင် နေခဲ့သေးသည်ပင်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ တွေ့ဆုံမှုပြီးလျှင် သူတို့သည် ပူးပေါင်းသင့်လျှင် ပူးပေါင်း၊ တိုက်ခိုက်သင့်လျှင် တိုက်ခိုက်ကြသည် မဟုတ်ပါလား…
သူတို့အဖွဲ့များက ဘယ်လောက်ပဲ ထိတ်လန့် နောင်တ ရနေကြသည်ဖြစ်စေ ဝူရုံမြို့ရှိ အဓိက မိသားစုဝင်တို့၏ လူများသည် နောက်ဆုံး အမိန့်များကို ရရှိခဲ့ပြီဖြစ်၏၊
ထို့ကြောင့် သူတို့သည် ဝမ်ရှန်းနှင့် မိတ်ဆွေဖွဲ့ရန် အတွက် အကောင်းဆုံး ကြိုးစားအားစိုက် ထုတ်နေကြပြီ ဖြစ်သည်။ မိတ်ဆွေဖွဲ့ရန် မဖြစ်နိုင်သော်ငြား ရန်သူဖြစ်အောင် လုပ်၍မရပေ။ ထိုအားစိုက်ထုတ်မှုများ အားလုံးသည် ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ခွင့်ရသည့် အခွင့်အရေးတစ်ရပ် ဖြစ်၏။
ထိုအကြောင်းအရာကြောင့် ဝမ်ရှန်း ဝူရုံမြို့၌ ဒုတိယအကြိမ်မြောက် နှိုးထလာသည့် အချိန်တွင် မည်သူကမှ သူ့အား ရန်လိုသည့်ပုံ မပြသခဲ့တော့ပေ။
ကြေးစားခန်းမ၏ အမိန့်အာဏာသည် အလွန် မြင့်မားပေသည်။ ယမန်နေ့၌ ကြေစားခန်းမသို့ မြို့အရှင်စံအိမ်မှ အိမ်တော်ထိန်း ရောက်ရှိလာပြီး နောက်တွင် မည်သည့် အခြေအတင်ကိစ္စမှ မဖြစ်ပျက်ခဲ့တော့ပေ။
ပေးချေရမည့် လျော်ကြေးများကို ပေးပြီးနောက်တွင် ဝမ်ရှန်းထံ၌ ရွှေဒင်္ဂါး တစ်သောင်းပင် ပိုနေခဲ့၏။ လင်ဘ၏ ကုန်လှောင်ရုံအား မီးလောင်ပြာကျအောင် လုပ်ခဲ့သည့် အမှုကို အကောင်းမွန်ဆုံး ဖြေရှင်း ပြီးသွားခဲ့လေပြီ။ အနာဂတ်တွင် ထိုကိစ္စနှင့် ပတ်သက်၍ မည်သည့် ပြဿနာမှ ရှိတော့မည် မဟုတ်ပေ။
မြို့အရှင်စံအိမ်မှ အိမ်တော်ထိန်းက ဝမ်ရှန်းအား မျက်နှာပေးခဲ့ခြင်းကြောင့် ဝမ်ရှန်းအပေါ် ကြေးစားခန်းမ၏ ဆက်ဆံပုံမှာလည်း အလွန် သိသာစွာ ပြောင်းလဲသွားခဲ့၏။
ဝမ်ရှန်း ကြေးစားခန်းမမှ မထွက်ခင်တွင် ထိုနေရာမှ ဝန်ထမ်း တစ်ယောက်သည် ဝမ်ရှန်း၏ ကြေးစားတံဆိပ်ပြားက စိတ်ဝင်စားစရာ ကောင်းမည် ဖြစ်ကြောင်းနှင့် တံဆိပ်ပြားကို မနက်ဖြန် မနက်စောစော၌ လာယူ၍ရကြောင်း လောကွတ်ပြု ပြောခဲ့သည်။
ထို့ကြောင့် နောက်နေ့ မနက်တွင် ဝမ်ရှန်းသည် မနက်စောစော ထကာ မနက်စာ စားပြီးသည်နှင့် ကြေးစားခန်းမသို့ ဦးတည် သွားလိုက်သည်။ ထိုနေရာသို့ သွားနေရင်းဖြင့် ဝမ်ရှန်း သူ၏အနာဂတ် အစီအစဉ်များအကြောင်း စဉ်းစားကြည့်လိုက်၏။
အချိန်တစ်ခု ရောက်လာပြီးနောက် ဝမ်ရှန်းသည် ဤကမ္ဘာ၌ ခြေကုတ်တစ်ခု ရလာခဲ့ပြီဖြစ်၏၊ သို့သော် သူသည် ဝူရုံမြို့ အတွင်း၌သာ ထိုင်ပြီး စားသောက် မနေနိုင်ပေ။ သူ့ဘဝတွင် သူသည် အမြဲတမ်း ဝင်ငွေလိုအပ်၏၊
တစ်ချိန်တည်းမှာပင် သူသည် သူ၏ကျင့်စဉ်ကိုလည်း မနှောင့်နှေးအောင် ကြိုးစား ရပေဉီးမည်။ အိပ်မက်ထဲမှ မိန်းကလေးအား ရှာဖွေသည်ကို ရပ်ပစ်မည် မဟုတ်ပေ။ သို့သော် သူသည် သိသိသာသာလည်း ရှာဖွေမည်မဟုတ်၊ တိုးတိုးတိတ်တိတ်သာ ရှာဖွေမည်ဖြစ်သည်။
ဝူရုံမြို့အတွင်းမှ လူအချို့သည် သတင်း အချက်အလက် ပြည့်စုံကာ ထိုမိန်းကလေး အကြောင်းကို စုံစမ်းချင်ပါက သူတို့ထံ၌ စုံစမ်း၍ ရလောက်ပေသည်။
ကြေးစားခန်းမထံသို့ ဦးတည် သွားနေစဉ်တွင် ဝမ်ရှန်းသည် သူ ဘာလုပ်သင့်လဲ ဆိုသည်ကို ရုတ်တရက် တွေးမိသွားလေ၏။
***