Switch Mode

Chapter – 112

နောင်တရနေသည့် အင်အားကြီးမိသားစုများ (၁)

အပိုင်း ၁၁၂
နောင်တရနေသည့် အင်အားကြီးမိသားစုများ (၁)

ဟင်…

အိမ်တော်ထိန်း၏ စကားကို ကြားလိုက်ရသောအခါ ထိုနေရာ၌ ရှိနေသည့် လူများအားလုံး ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ ထိုရှည်လျားသည့် သွားစွယ် နှစ်ချောင်းသည် အမှန်တကယ်ပဲ ကြယ်ခြောက်ပွင့် ညအမှောင်ယံ ကြယ်ဝံပုလွေ၏ သွားစွယ်များတဲ့လား… ဘုရားရေ…

ထိုသွားစွယ် နှစ်ချောင်း၏ တန်ကြေးကိုတော့ မည်သူမှ ဂရုမစိုက်ပေ။ အမှန်အတိုင်း ပြောရမည်ဆိုလျှင် ဤသွားစွယ် နှစ်ချောင်းအတွက် ရွှေဒင်္ဂါး ငါးသောင်းသည် သေချာပေါက်ကို ပုံမှန်တန်ကြေးထက် များစွာပို၏။

ပုံမှန်ဈေးနှုန်းအရ ဆိုလျှင် ရှည်လျားသည့် သွားစွယ် နှစ်ချောင်းသည် ရွှေဒင်္ဂါး အများဆုံး သုံးထောင် လေးထောင်ခန့်သာ ရှိပေသည်။ လေလံတင်မည် ဆိုလျှင်တောင် အမြင့်ဆုံး အနေဖြင့် လေးထောင်ကျော်ခန့်သာ ရနိုင်၏။

သို့သော် ဤနေရာသည် ဝူရုံမြို့ဖြစ်၏။ ဤနေရာတွင် ပစ္စည်းများ၏ တန်ဖိုးသည် ပြင်ကမ္ဘာထက် ဆယ်ဆရှိပေသည်။ ဟုတ်ပါသည်၊ ထိုအရာသည် ရောင်းကြေးသာ ဖြစ်၏၊ ဝယ်ကြေး မဟုတ်ပေ။ ဝူရုံမြို့တွင် စီးပွားရေး လုပ်သည့် လူများ အားလုံးသည် ခေါင်းပုံဖြတ် အမြတ်ကြီးစားသည့် လူများပင်ဖြစ်သည်။

ထို့ကြောင့် ရွှေဒင်္ဂါး ငါးသောင်းသည် သွားစွယ်များ၏ မူလတန်ဖိုးထက် ဆယ်ဆကျော် ပိုမိုများပြားပေသည်။ ဤတန်ကြေးသည် ယခုလေးတင် ထိုရာပြတ် ပြုလုပ်ခဲ့သည့် ဗြောင်ကျသော အပြုအမူများ အတွက် မြို့အရှင်စံအိမ်မှ တောင်းပန်မှု တစ်ခုအဖြစ်လည်း သတ်မှတ်၍ ရပေသည်။

သို့သော် ယခုအချိန်တွင် မည်သူကမှ ထိုအကျင့်ပျက် ခြစားသည့် ရာပြတ်အကြောင်း၊ သို့မဟုတ် သွားစွယ်များ၏ များပြားသည့် တန်ကြေး အကြောင်းကို ဂရုမစိုက်ကြတော့ပေ။

အားလုံး၏ စိတ်ထဲတွင် အတွေး တစ်ခုတည်းသာ ရှိနေ၏။ ထိုအရာမှာ ဤသွားစွယ်များက ဆဌမအဆင့် သားရဲတစ်ကောင်၏ သွားစွယ်များ ဖြစ်သည် ဟူသည့် အချက်ပင် ဖြစ်၏။

ယခင်တွင် ဝမ်ရှန်းသည် ပဥ္စမအဆင့် သားရဲများ၏ သွားစွယ်များကို ရောင်းချခဲ့၏။ ယခုအချိန်တွင် သူသည် ကြယ်ခြောက်ပွင့့် ညအမှောင်ယံ ကြယ်ဝံပုလွေ၏ သွားစွယ် နှစ်ချောင်းကို ထုတ်ယူခဲ့သည်။ ဤအချက်မှာ ဝမ်ရှန်းသည် ဆဌမအဆင့် သားရဲတစ်ကောင်ကို သတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလား…

ဝမ်ရှန်း၏ လက်ရှိ အဆင့်သည် ဝိညာဉ်အဆင့် အတွင်း၌ပင် မဝင်ရောက်သေးသည့် သာမန်လူ တစ်ယောက်သာ ဖြစ်၏။ သူသည် ပထမအဆင့်ပင် မရောက်သေးသည့် သာမန်လူ တစ်ယောက်လည်း ဟုတ်ပေသည်… ယခင်တွင် ထိုကဲ့သို့သော လူမျိုးသည် အားလုံး၏ အမြင်ထဲ၌  အမှိုက်တစ်ခုသာ ဖြစ်၏။

ထိုအရာသည် သူတို့၏ ထင်ကြေး ခန့်မှန်းချက် သက်သက် မဟုတ်ပေ။ ယမန့်နေ့က ဝမ်ရှန်းသည် ယွမ်ကြေးမုံဖြင့် စစ်ဆေးခြင်းကို ခံခဲ့ရပေသည်။ ထိုဖြစ်စဉ် အစမှ အဆုံးအထိ ဝမ်ရှန်း၏ အော်ရာသည် သာမန်လူ တစ်ယောက်၏ အော်ရာသာ ဖြစ်ခဲ့၏။

ထိုနေရာတွင် လူများစွာ၊ မျက်လုံးပေါင်းများစွာ ရှိနေသည့် အတွက်ကြောင့် သူတို့ အားလုံးက အကြည့်မှားခဲ့ခြင်းတော့ မဟုတ်နိုင်ပေ။

ဝိညာဉ်အဆင့်ထဲသို့ပင် မဝင်ရောက်သေးသည့် သာမန်လူ တစ်ယောက်မှ ဆဌမအဆင့် သားရဲတစ်ကောင်ကို သတ်ခဲ့သည်တဲ့လား…

ဤအရာသည် ဖြစ်နိုင်ပါရဲ့လား…

ဝမ်ရှန်း ဝူရုံမြို့သို့ မရောက်လာသေးခင် အချိန်အထိ ထိုအရာသည် မဖြစ်နိုင်သည့် အရာတစ်ခုပင် ဖြစ်၏။ သို့သော် ဝမ်ရှန်း ဝူရုံမြို့သို့ ရောက်လာပြီး နောက်တွင် ထိုအရာသည် ဆွေးနွေးစရာ ဖြစ်လာခဲ့သည်။

ဝိညာဉ်အဆင့် အတွင်းသို့ပင် မဝင်ရောက်သေးဘဲ ပထမအဆင့် ဝိညာဉ်သခင် တစ်ယောက်ကို သတ်နိုင်ရန် ဖြစ်နိုင်ပါရဲ့လား၊ မဖြစ်နိုင်ဘူးမလား… သို့သော် ဝမ်ရှန်းသည် သတ်ခဲ့၏…

ဒုတိယအဆင့် ဝိညာဉ်သခင်ကိုရော သတ်နိုင်မည်လား၊ မသတ်နိုင်ဘူးမလား… သို့သော် ဝမ်ရှန်းသည် သတ်ခဲ့၏…

စတုတ္ထ အထွတ်အထိပ် အဆင့် ဝိညာဉ်သခင်ကိုရော သတ်ရန် ဖြစ်နိုင်ပါမည်လား၊ မဖြစ်နိုင်ဘူးမလား… စတုတ္ထအဆင့် ဝိညာဉ်သခင်ဖြစ်သည့် လင်ဘသည် မည်ကဲ့သို့ သေဆုံးခဲ့ရသနည်း…

ပဥ္စမအဆင့် ဝိညာဉ်သခင်များကိုလည်း သတ်နိုင်ပါမည်လား၊ မသတ်နိုင်ဘူးမလား…

သို့သော် ဝမ်ရှန်းအား သတ်ရန်သွားသည့် အဖွဲ့အား ဦးဆောင်ခဲ့သော ပဥ္စမအဆင့် ဝိညာဉ်သခင်များသည် ယခုအချိန်၌ သူတို့ ဘယ်ရောက်သွားပြီလဲ ဆိုတာကို မည်သူမှ မသိပေ။ ဝမ်ရှန်းမှ ပဥ္စမအဆင့် သားရဲ၏ ခြေထောက်များကို ထမ်းကာ ဂျင်ဒီနယ်မြေ အတွင်းမှ ထွက်လာခဲ့မှာလည်း ပုံရိပ်ယောင် တစ်ခုမဟုတ်ပေ။

ထို့ကြောင့် ထိုကဲ့သို့ ဝိညာဉ်အဆင့်ပင် မဝင်ရောက်သေးသည့် လူမျိုးသည် ဆဌမအဆင့် သားရဲတစ်ကောင်ကို သတ်နိုင်မည်လား၊ မသတ်နိုင်ဘူးမလား…

ထိုကဲ့သို့ ဆိုလျှင် ယခုအချိန် ဝမ်ရှန်း၏ လက်တွင်း၌ ရှိနေသည့် ကြယ်ခြောက်ပွင့် ညအမှောင်ယံ ကြယ်ဝံပုလွေ၏ ရှည်လျားသော သွားစွယ်များကို မည်ကဲ့သို့ ရှင်းပြမည်နည်း။

သူတို့သည် ဆဌမသားရဲအား ဝမ်ရှန်းမည်သို့ သတ်ဖြတ်ခဲ့သည်ကို သူတို့မျက်လုံးများဖြင့် ကိုယ်တိုင် မမြင်ခဲ့ရချေ။ သို့သော် ယခုအချိန်တွင် သက်သေ တစ်ခုလုံး သူတို့ မျက်စိရှေ့၌ ရှိနေပြီဖြစ်၏။ ထို့ကြောင့် သူတို့ထံတွင် ဘာပြောစရာ ကျန်တော့မည်နည်း။

မြို့အရှင်စံအိမ်မှ အိမ်ထောင်ထိန်းက ထိုပစ္စည်းကို အကြည့်မှား သွားခြင်းများလား။ ထိုအချက်ကိုတော့ စဉ်းစားစရာပင် မလိုချေ…

ယနေ့တွင် ဤလူ ဝမ်ရှန်းသည် အားလုံးအတွက် အံ့အားသင့် စရာပင်ဖြစ်၏။ သူတို့သည် အလွန်ထိတ်လန့် အံ့အားသင့်နေကြကာ လိပ်ပြာလွင့်မတတ်ပင် ဖြစ်နေကြလေသည်။ ဤပုံစံ အတိုင်းသာ ဆက်သွားနေမည် ဆိုလျှင် မနက်ဖြန်တွင် ဝမ်ရှန်းက နဝမအဆင့် သားရဲကို သတ်နိုင်သည် ဟူသည့် ကောလာဟလများ ထွက်ပေါ် လာပေလိမ့်မည်။

သို့သော် အများစုသည် ဝမ်ရှန်း ယူဆောင်လာသည့် အံ့အားသင့်စရာ ကောင်းသည့် အရာများကို သဘောကျကြပေသည်။ အံ့သြစရာများ ပို၍ ထွက်ပေါ်လာလေ ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရောက်နိုင်ခြေက ပို၍ မြင့်မားလေဖြစ်၏။

ဝမ်ရှန်းမှ အားလုံးအတွက် အံ့အားသင့်စရာများကို ပိုမို ယူဆောင်လာရန် မျှော်လင့်နေသည့် လူများ ဘယ်နှယောက်ပင် ရှိမည်ဆိုသည်မှာ ပြော၍ မရနိုင်ပေ။

အဓိက ကလန်များ၏ ခေါင်းဆောင်များနှင့် အကြီးအကဲများသည် စာပို့ငှက်ဖြင့် ပို့လိုက်သည့် သတင်းများကို ရကြပြီးဖြစ်၏။ ယနေ့ညတွင် ဝူရုံမြို့မှ လူအများစုသည် တစ်ညလုံးနီးပါး မအိပ်ကြပေ။ ထို့အတူပင် အင်အားကြီး မိသားစုများမှ ထိပ်သီး ခေါင်းဆောင် များသည်လည်း တစ်ညလုံး မအိပ်ခဲ့ကြပေ။

ဝမ်ရှန်းသည် ဂျင်ဒီနယ်မြေအား ဖြတ်ကာ ဝူရုံမြို့သို့ ရောက်လာဟု သတင်းကြားစဉ် အခိုက်အတန့်က အဓိက မိသားစုများမှ အကြီးအကဲများမှာ အတုအယောင် သတင်းဟုသာ ထင်ခဲ့ကြသည်။

ဝမ်ရှန်း ဂျင်ဒီတားမြစ် နယ်မြေမှ လွတ်မြောက်သွားသည် ဟူသည့် အချက်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။ ဝူရုံမြို့ရှိ သူတို့လူသည် သတင်းအမှား ပို့ပေးခဲ့ခြင်းသာ ဖြစ်ရပေမည်။ ထိုသတင်း တင်ပြချက်ထဲတွင် လုံလောက်သည့် အသေးစိတ် အချက်အလက်များ မပါဝင်ပေ။ ထိုစဉ်က ဝမ်ရှန်းသည်လည်း နောက်ပိုင်း ကိစ္စရပ်များကို မပြုလုပ်ရသေးချေ။

ထို့နောက်တွင် ဝူရုံမြို့၌ ရှိနေကာ အချို့သည် ကိုယ်တိုင်ပင် ဝမ်ရှန်းအား သွားစောင့် ကြည့်ခဲ့ကြသည်။ ယမန်နေ့ည၌ လောင်ကျွမ်းခဲ့သည့် မီးတောက်နှင့် ယနေ့တွင် ကြေးစားခန်းမ၌ ဝမ်ရှန်းက ကြယ်ခြောက်ပွင့် ညအမှောင်ယံ ကြယ်ဝံပုလွေ၏ သွားစွယ်များ ထုတ်ယူ လာသည်ကို မြင်လိုက်ကြရသည်။

သူတို့သည် သူတို့စိတ်တွင်း၌ မည်မျှပင် ခါးသီးနေပါစေ လွန်ခဲ့သည့် နှစ်ရက် အတွင်း၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များ အကြောင်းကို အသေးစိတ် ရေးမှတ်ကာ စာပို့ငှက်များကို အသုံးပြုပြီး သူတို့၏ ခေါင်းဆောင် အသီးသီးထံသို့  ထပ်မံ ပေးပို့လိုက်သည်။

ထိုအခိုက်အတန့်၌ စုန့်မိသားစုတွင် အကြီးအကဲ ကိုးယောက်သည် အစည်းအဝေး ခန်းမအတွင်း စုဝေးနေကြကာ စာပို့ငှက် သယ်ဆောင်လာခဲ့သည့် စာကို တစ်ယောက်ပြီး တစ်ယောက် ဖတ်ကြည့် နေခဲ့ကြသည်။

လွန်ခဲ့သည့် နှစ်များ အတွင်းတွင် ဤအကြိမ်သည် အကြီးအကဲ ကိုးယောက်လုံး အတူတကွ စုဝေးကြသည့် ပထမဆုံး အကြိမ်ပင်ဖြစ်၏။

“ဒီသတင်းက မှန်ရဲ့လား”

တတိယမြောက် အကြီးအကဲမှ မေးလိုက်သည်။ ဝူရုံမြို့ရှိ သူတို့၏ လက်အောက် ငယ်သားများက ဝမ်ရှန်းအကြောင်း သတင်းများကို နှစ်ရက် ဆက်တိုက် ပေးပို့ခဲ့ပြီးသည့်တိုင် သူသည် မယုံကြည်နိုင်သေးပေ။

“သူတို့က ငါတို့ကို ဘာလိမ်စရာ လိုလို့လဲ”

ပဥ္စမမြောက် အကြီးအကဲမှ ခြောက်သွေ့သည့် အပြုံးဖြင့် ပြန်ဖြေလိုက်သည်။ တတိယမြောက် အကြီးအကဲ ကဲ့သို့ပင် သူသည်လည်း ခေါင်းဆောင် နေရာအား ငမ်းငမ်းတက် လိုချင်နေကာ နည်းလမ်း ပေါင်းစုံဖြင့် စုန့်ရန်အား ဖိအားပေး နေခဲ့သူဖြစ်သည်။

သို့သော် ယခု ဤသတင်းကို တွေ့ပြီးနောက်တွင် သူသည် ယခင်အချိန်များ၌ ရူးမိုက်သည့် အရာများကို လုပ်ခဲ့ခြင်း ဖြစ်ပါလားဟု ခံစားလိုက်ရတော့၏။

ပြောရမည်ဆိုလျှင် စုန့်မိသားစုသည် သိုက်မိသားစုနှင့် ရှီမိသားစုကဲ့ပင် ဝမ်ရှန်းအား နှစ်ကြိမ်တိုင်တိုင် လိုက်လံ သတ်ဖြတ်ခဲ့ဖူး၏။ ပိုပြီး ရယ်စရာ ကောင်းနေသည်မှာ ဝမ်ရှန်းသည် စုန့်ရန်သခင်မလေး ကြေညာထားသည့် သူမ၏ သတို့သားလောင်း ဖြစ်နေဆဲ ဖြစ်သည်။

သူတို့သာ ဒီတိုင်းနေမည် ဆိုလျှင် ဝမ်ရှန်းကို သူတို့ စုန့်မိသားစုမှ ပိုင်ဆိုင်မည်ဖြစ်၏။ သို့သော် သူတို့သည် နှစ်ကြိမ်တိတိပင် ဝမ်ရှန်းအား လုပ်ကြံ သတ်ဖြတ်စေခဲ့သည်။

“ဒီဝမ်ရှန်းက စုန့်ရန်သခင်မရဲ့ သတို့သားလောင်း၊ ငါတို့ စုန့်မိသားစုရဲ့ သားမက်လောင်းပဲ”

ထိုနေရာ၌ ရှိနေသည့် အသက်အကြီးဆုံးနှင့် ရာထူးအကြီးဆုံး အကြီးအကဲမှ စားပွဲခုံအား ခေါက်ကာ ပြောလိုက်သည်။

အကြီးအကဲများ၏ မျက်နှာအမူအရာ ပေါင်းစုံကို ကြည့်ပြီးနောက် ပထမ အကြီးအကဲမှ တည်ငြိမ်စွာဖြင့်- “နောက်ကျရင် တခြား မိသားစုတွေက ဘာတွေပဲ ပြောလာပါစေ ဝမ်ရှန်းအကြောင်း ပြောတာနဲ့၊ သူက ကျုပ်တို့ စုန့်မိသားစုရဲ့ သားမက်လောင်း၊ စုန့်ရန်သခင်မရဲ့ သတို့သားလောင်းပဲ။ သခင်မ ထွက်လာတာကို စောင့်ကြမယ်၊ ပြီးရင် ရက်တစ်ရက် ရွေးပြီး သူတို့ကို လက်ထပ်ထိမ်းမြား ပေးလိုက်မယ်”

“တခြား ဘာကိစ္စကိုမှ တွေးစရာမလိုဘူး”

ပထမ အကြီးအကဲသည် တတိယ အကြီးအကဲနှင့် ပဥ္စမအကြီးအကဲတို့၏ မျက်နှာအား တည့်တည့်ကြည့်ကာ ပြောလိုက်၏။ သူတို့ နှစ်ယောက်သည် စုန့်ရန်အား မောင်းထုတ်ရန် သိသိသာသာပင် ကြိုးစားနေကြခြင်း ဖြစ်သည်။

“ရန်လေးသာ လက်ထပ်သွားမယ် ဆိုရင် သူမက မိသားစုကိစ္စတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေစရာ မလိုတော့ဘူး။ သူမ ယောက်ျားနားပဲ ကပ်နေလို့ရပြီ”

တတိယ အကြီးအကဲနှင့် ပဥ္စမ အကြီးအကဲတို့ ဘာမှ မပြောခဲ့ကြပေ။ သူတို့ လိုချင်သည်မှာ စုန့်ရန်က သူတို့မိသားစု အရေးကိစ္စများကို ဝင်ရောက် မစွက်ဖက်ရန်သာ ဖြစ်၏။ အကြီးအကဲက ထိုသို့ ပြောလာလေရာ သူတို့ ကျေနပ်သွားကြသည်။

အတိတ်တွင် သူတို့သည် စုန့်ရန်အား အမှန်တကယ် မသတ်နိုင်ခဲ့ပေ။ သို့သော် ယခုအချိန်တွင် ဝမ်ရှန်းက သူမ၏ သတို့သားလောင်း ဖြစ်ကြောင်း စုန့်ရန်မှ ဝန်ခံခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သူမသည် ဝမ်ရှန်းအား လက်ထပ်ရပေမည်။

“ဒါပေမယ့် ရန်လေးက လက်ထပ်သွားတယ် ဆိုပေမယ့် သူမက စုန့်မိသားစုထဲမှာ ရှိနေတုန်းပဲ”

ပထမ အကြီးအကဲသည် အခြားသူများအား ကြည့်ကာ တည်တံ့သည့် မျက်နှာထားဖြင့်ပင် ဆက်ပြောလိုက်သည်။

“ဒီတော့ ဝမ်ရှန်းက ငါတို့ စုန့်မိသားစုရဲ့ သားမက်ပဲ၊ ကြားကြလား”

“ဟုတ်တယ်၊ အဲ့လိုပဲဖြစ်ရမှာပဲ…”

အကြီးအကဲများ အားလုံး တစ်ပြိုင်နက်တည်း ခေါင်းညိတ် လိုက်ကြသည်။ ဟုတ်ပါသည်၊ အခြေအနေများက ထိုကဲ့သို့သာ ဖြစ်သင့်ပေသည်…
***

Comment

Leave a Reply

Options

not work with dark mode
Reset