အပိုင်း ၁၁၁
ကိုယ့်ကိုယ်ကိုယ် မှန်ကန်ကြောင်းပြောဆိုခြင်း (၂)
သူ့လက်ထဲမှ သွားများသည် မြင်နေကျ သွားစွယ်များ ကဲ့သို့ မဟုတ်ပေ။ ပုံမှန် သားရဲ သွားစွယ်များသည် ကွေးကောက်ကာ အခုံးက ကြီးမားပြီး အလွန် ထူထပ်၏။ သို့သော် သူ့လက်ထဲမှ သွားစွယ်သည် ချွန်ထက်ကာ ဖြောင့်တန်းနေပြီး အခြားမည်သည့် ပုံစံနှင့်မှ ပုံတူမရှိပေ။
ပြောရမည်ဆိုလျှင် အားလုံးသည် ဝမ်ရှန်းက ပဥ္စမအဆင့် သားရဲများကို သတ်ခဲ့သည်ဟု ထင်နေကြခြင်းဖြစ်၏၊ ထို့ကြောင့် ဤသွားစွယ်များသည်လည်း ပဥ္စမအဆင့် သားရဲများ၏ သွားစွယ်များ ဖြစ်လိမ့်မည်ဟု သူတို့ တွေးလိုက်ကြသည်။
သို့သော် ရာပြတ်သည် သွားစွယ်များကို စစ်ဆေးလိုက်သည်နှင့် သွားစွယ်များက အဲ့လောက် မရိုးရှင်းကြောင်း သူ သိလိုက်ရသည်။
ပဥ္စမအဆင့် သားရဲများက ဤကဲ့သို့သော အော်ရာမျိုး ရှိနေရန် မဖြစ်နိုင်ပေ။ ရာပြတ်သည် သူ ဤဝူရုံမြို့၌ နေထိုင်ခဲ့သည်မှာ အချိန်အတော် ကြာပြီဖြစ်၏။ စတုတ္ထအဆင့်နှင့် ပဥ္စမအဆင့် သားရဲများကို သူ ဘယ်လောက်တောင် တွေ့ခဲ့ဖူးပြီလဲ ဆိုသည်ကိုပင် မသိနိုင်တော့ချေ။
သားရဲများသည်လည်း သူအဆင့်နှင့်သူ အော်ရာများ ရှိပေသည်။ သို့သော် ဤသွားစွယ်များ၌ ရှိနေသည့် အော်ရာသည် ပဥ္စမအဆင့်သားရဲ၏ အော်ရာ မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ရာပြတ်သည် ဘာမှဆက် မပြောရဲတော့ချေ။ သူသည် ရှည်လျားသည့် သွားစွယ်တစ်ချောင်းကို ယူကာ မျက်နှာသေဖြင့် အချိန်အတော်ကြာ ဂရုတစိုက် စစ်ဆေးကြည့်ရှု လိုက်၏။
သူထံမှ မည့်သည့် စကား တစ်ခွန်းတလေသော်မှ ထွက်မလာခဲ့ပေ။ တစ်ချောင်းကို စစ်ဆေးပြီးနောက် သူသည် သူ့ဘေးတွင် ရပ်နေသည့် ဝန်ထမ်းလက်တွင်း၌ ရှိနေသော နောက်ထပ် သွားစွယ်တစ်ချောင်းကို ယူကာ နောက်တစ်ကြိမ် ဂရုတစိုက် စစ်ဆေးကြည့်ရှု လိုက်သည်။
ရာပြတ်သည် သွားစွယ်များကို စတင် စစ်ဆေးသည့် အချိန်ကတည်း အံတင်းတင်း ကြိတ်ထားကာ သူ၏မျက်နှာသည်လည်း လူသေတစ်ယောက်ကဲ့သို့ တည်တင်း နေခဲ့သည်။ ထို့ပြင် မပျော်မရွှင် ဖြစ်နေဟန်ဖြင့် သုန်မှုန် နေခဲ့လေ၏။
“ဘယ်လောက်တောင် စုတ်ပြတ်နေလိုက်တဲ့ ပစ္စည်းတွေလဲ။ မင်းက မကောင်းမကန်းတွေ ယူလာပြီး ဝူရုံမြို့မှာ လာလိမ် ရဲနေတယ်ပေါ့ ဟမ်”
ရာပြတ်သည် စိတ်ထဲ၌ ဗြောင်းဆန် နေသော်လည်း သူသည် ထိုအရာကို သူ၏မျက်နှာထက်၌ မပေါ်စေပေ။ သူသည် အထင်သေးသည့် စကားလုံးများဖြင့် –
“ပစ္စည်းတွေက တော်တော်ကို ညံ့တယ်ကွ၊ အရည်အသွေး မလုံလောက်ဘူး”
ထိုကဲ့သို့ ပြောသော်လည်း သူသည် ရှည်လျားသည့် သွားစွယ် တစ်ချောင်းကို လက်နှစ်ဖက်လုံးဖြင့် တင်းကျပ်စွာ ဆုပ်ကိုင် ထားဆဲဖြစ်ကာ သွေးကြောများပင် ထောင်ထနေပြီဖြစ်၏။
ထိုနေရာ၌ ရှိနေသည့် လူများ အားလုံးသည် အရူးများ မဟုတ်ကြပေ။ သူတို့ အားလုံးသည် ရန်သူ၏ အားနည်းချက်ကို ရှာဖွေကာ အေးစက်စွာ တိုက်ခိုက် တတ်ကြသည့် ကြေးစားများပင် ဖြစ်သည်။ ထိုကြောင့် ရာပြတ်၏ ဟန်ဆောင်နေသည့် ပုံစံကို သူတို့ သတိမထားမိဘဲ မနေပေ။
သို့သော် မည်သူမှ ဘာမှမပြောခဲ့ချေ။ ဤအရာသည် ဈေးကွက်ကို ကြိုးကိုင် ခြယ်လှယ်ခြင်း၏ သင်္ကေတပင်ဖြစ်၏။ ထို့ပြင် သူသည် မြို့အရှင်စံအိမ်မှ လူဖြစ်သည်။ ထို့ကြောင့် သူ ယခုလိုမျိုး ပြုမူနေခြင်းသည် မြို့အရှင်မှ ဝမ်ရှန်းအား သင်ခန်းစာ ပေးချင်နေခြင်း များလားဟု သူတို့အားလုံး တွေးလိုက်ကြသည်။
ဝူရုံမြို့ အတွင်းတွင် သူတို့သည် အထက်တန်းလွှာ မိသားစုနှင့် တော်ဝင်မိသားစု၏ ဆန္ဒများကို လျစ်လျူရှု၍ရ၏၊ သို့သော် မြို့အရှင်၏ ဆန္ဒကိုမူ သူတို့ မလိုက်နာ၍ မရပေ။ မဟုတ်လျှင် ဝူရုံမြို့မှ နှင်ထုတ် ခံရသည်နှင့် အပြင်ဘက်တွင် သူတို့ခေါင်းကို လိုချင်နေသည့် လူများ ရှိနေပေသည်။
ထို့ကြောင့် လူအများစုသည် မြို့အရှင်အား သည်းခံကြရ၏၊ မသည်းခံ၍လည်း မရချေ။ မြို့အရှင်ကို စိတ်ကျေနပ်အောင် မလုပ်နိုင်ဘူးဆိုလျှင် သူတို့၏ သေနေ့သည် သူတို့ထံ စောစီးစွာ ရောက်ရှိ လာပေလိမ့်မည်။
ရာပြတ်သည် ဝမ်ရှန်းအား ဖိနှိပ်ရန် သေချာနေသည်ကို မြင်လိုက် ရသောအခါ ယခုလေးတင် အသံတိုးတိုးဖြင့် ဝမ်ရှန်းအား သတိပေးခဲ့သည့် ခပ်ဝဝနှင့် လူသည်ပင် ဝမ်ရှန်းနှင့် အနည်းငယ် ကွာဝေးသည် အနောက်သို့ လျင်မြန်စွာ ဆုတ်သွားလိုက်သည်။
အခြား မည်သူကမှလည်း ထထွက်ပြီး အကူအညီ မပေးချင်ကြတော့ပေ။ ဝမ်ရှန်းက ဤကိစ္စကို မည်သို့မည်ပုံ ကိုင်တွယ် ဖြေရှင်းမလဲ ဆိုသည်ကိုသာ သူတို့အားလုံး ကြည့်နေလိုက်ကြ၏။
“အရည်အသွေး မလုံလောက်ဘူး ဟုတ်လား”
ဤကဲ့သို့သော ရလဒ်မျိုး ထွက်ပေါ် လာလိမ့်မည်ဟု ဝမ်ရှန်း မထင်ထားခဲ့ပေ။ သူချက်ချင်းပင် ဒေါသ ထွက်သွားခဲ့၏။ သို့သော် သူသည် ဘာမှမပြောဘဲ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ –
“ကျုပ် မှားသွားတာပဲ။ အဲဒါတွေပြန်ပေး။ ဒီ့ထက် တန်ဖိုးရှိတဲ့ ပစ္စည်းနဲ့ ကျုပ် ပြန်လဲပေးမယ်”
ထို့နောက် သူ ရာပြတ်ထံမှ ရှည်လျားသည့် သွားစွယ် နှစ်ချောင်းကို ပြန်ယူရန် ပြင်လိုက်သည်။ ဝမ်ရှန်း၏ စကားကို ကြားလိုက် ရသောအခါ ထိုနေရာ၌ ရှိနေသည့် လူများအားလုံး အံ့သြသွားခဲ့ကြသည်။
သူ၏စကားထဲတွင် မြို့အရှင်အား ဖီဆန်သည့် စကားလုံးများ တစ်လုံးမှ မပါဝင်နေပေ။ အရည်အသွေး မလုံလောက်ဘူး ဆိုလျှင် ပို၍ တန်ဖိုးကြီးမားသည့် ပစ္စည်းနှင့် လဲလှယ်ပေးမည်ဟု ပြောခဲ့၏။
ဤအရာသည် ပုံမှန် မဟုတ်ပါလား…
ဝမ်ရှန်းက မြို့အရှင်အား ဦးညွှတ် လိုက်သည်ဟုပင် ပြော၍ရပေသည်။ သူ၏ယခု တုံ့ပြန်ချက်ထက် ပိုမိုကောင်းမွန်သည့် အရာမရှိတော့ပေ။
သို့သော် ရာပြတ်သည် ထိုရှည်လျားသည့် သွားစွယ် နှစ်ချောင်းကို ဆုပ်ကိုင်ထားကာ မလွတ်ပေးချင်ပေ။ ပြောရမည် ဆိုလျှင် ထိုစကားကို ပြောပြီးနောက် သူ နောင်တပင် ရသွားခဲ့သည်။ ယခုအချိန်တွင် သူသည် ရူးမိုက်လွန်းသည့် အတွက် သူ့ကိုယ်သူ အော်ဟစ်ရမည်လား သို့မဟုတ် ကိုယ့်ကိုယ်ကိုယ်သာ ပါးနှစ်ချက်လောက် ချလိုက်ရမလား ဆိုသည်ကို သူ မသိတော့ပေ။
ဝမ်ရှန်း ပေးလာသည့် ပစ္စည်းနှင့် ဝမ်ရှန်း၏ အနေအထားတို့ကို ကြည့်၍ မြို့အရှင်စံအိမ်၌ ပျံ့နှံ့နေသည့် ကောလာဟလ များမှာ မှန်နေကြောင်း ရာပြတ် သိလေပြီ။ ဝမ်ရှန်းသည် ဝူရုံမြို့ကို အန္တရာယ်များသည့် ဂျင်ဒီတားမြစ် နယ်မြေဘက်မှ ရောက်ရှိလာခဲ့ခြင်း၊ သူ့အား လိုက်လံ သတ်ဖြတ်ခဲ့သည့် ဝိညာဉ်သခင်များ လက်ထဲမှပင် လွတ်မြောက်ခြင်းတို့မှာ အမှန်ပင်ဖြစ်ပေမည်။
မြို့အရှင်က ဝမ်ရှန်းအား ဖိနှိပ်ချင်သည် ဟူသည့် ကောလာဟလ များကိုတော့ မှန်မမှန် သူ မသိပေ။ ထိုအရာကို သူသည်လည်း ကောလာဟလ အဖြစ်သာ ကြားခဲ့ရခြင်း ဖြစ်သည်။ မြို့အရှင် ကိုယ်တိုင် ထုတ်ဖော် ပြောဆိုသည်ကို ကြားခဲ့ရခြင်း မဟုတ်ပေ။
သူ့လက်ထဲ၌ ရှိနေသည့် ပစ္စည်းများက ပဥ္စမအဆင့် သားရဲ၏ သွားစွယ်များ ဖြစ်နေသည် ဆိုလျှင်တော့ မည်သည့် ပြဿနာ ကြီးကြီးမားမားမှ မရှိပေ။ ထိုအရာသည် ပဥ္စမအဆင့် သားရဲတစ်ကောင်မျှသာ ဖြစ်သည်။
သို့သော် ထိုကဲ့သို့ ဆိုလျှင်ပင် ပဥ္စမအဆင့် သားရဲနှင့် ပဥ္စမအဆင့် ဝိညာဉ်သခင်ကြားမှ ကွဲပြားမှုသည် တစ်ကမ္ဘာလောက် ကြီးမားပေသည်။ ထိုနှစ်ခုသည် အဆင့်ခြင်း တူနေခဲ့သော်ငြား လူသားများသည် ပဥ္စမအဆင့် ခွန်အားများအပြင် စဉ်းစားဆင်ခြင်တတ်သည့် အသိဉာဏ် ရှိသေး၏။
သို့သော် ယခုအချိန်တွင် ပြဿနာမှာ ဤသွားစွယ်များသည် ပဥ္စမအဆင့်သားရဲ၏ သွားစွယ်များ မဟုတ်နေခြင်းဖြစ်၏၊ အမှန်အားဖြင့် သွားစွယ်များသည် ဆဌမအဆင့် သားရဲများ၏ သွားစွယ်များပင်။
ရာပြတ်သည် သူ၏ခန့်မှန်းချက်သာ မှန်မည်ဆိုလျှင် ဤသွားစွယ်များသည် ဆဌမအဆင့် သားရဲဖြစ်သည့် ကြယ်ခြောက်ပွင့် ညအမှောင်ယံ ကြယ်ဝံပုလွေ၏ သွားစွယ်များပင် ဖြစ်ပေသည်။
ဝမ်ရှန်းသည် ဆဌမအဆင့် ညအမှောင်ယံ ကြယ်ဝံပုလွေ၏ သွားစွယ်များကို ယူလာနိုင်ခဲ့သည်။
ဤအရာသည် ဘာကိုဆိုလိုခြင်း ဖြစ်သနည်း…
ဆိုလိုသည်မှာ ဝမ်ရှန်းသည် ဂျင်ဒီနယ်မြေကို နယ်မြေအစွန်းမှနေ၍ ဖြတ်လျှောက် လာခဲ့ခြင်း မဟုတ်ဘဲ၊ သူသည် ထိုနယ်မြေ၏ အဓိကအပိုင်းကို တည့်တည့် ဖြတ်လျှောက် လာခဲ့ခြင်းပင်ဖြစ်၏။
မြို့အရှင်သာ ထိုအကြောင်း သိသွားမည်ဆိုလျှင် သူသည် ဝမ်ရှန်းအား ဖိနှိပ်ချင်သည့် အကြောင်းကို ဘယ်တော့မှ ပြောခဲ့မည် မဟုတ်ပေ။ ပြောခဲ့မိလျှင်ပင် သူသည် ထိုစကားကြားသည့် လူများအားလုံးကို သေချာပေါက် သတ်ဖြတ် ပစ်မည်ဖြစ်၏။
ထို့နောက် ဝမ်ရှန်းကို သူ၏ လက်အောက် ငယ်သားများက သူတို့စိတ်ဆန္ဒဖြင့် သူတို့ဘာသာသူတို့ ပြုမူခြင်း ဖြစ်သည်ဟု ပြောပေလိမ့်မည်။ ထို့နောက် သူသည် ဝမ်ရှန်းနှင့် ရင်းနှီးမှု ရယူရန် သူကိုယ်တိုင် ထွက်လာ ပေလိမ့်မည်။
ထို့ပြင် ရာပြတ်သည် မြို့အရှင်က ဝမ်ရှန်းအား ဖိနှိပ်ချင်သည်ဟု တွေးသည်မှာလည်း ကောလာဟလ ယုံကြည်ကာ သူ၏ကိုယ်ပိုင် အတွေးဖြစ်၏။ သူသည်လည်း အခြားသူများ ကဲ့သို့ ဝမ်ရှန်းအား ဖိနှိပ်ချင်သောကြောင့် ဆင်ခြင်ဉာဏ် မဲ့သွားခြင်း ဖြစ်သည်။
သို့သော် သူ့အတွက် အဆိုးဆုံး အရာမှာ ဝူရုံမြို့သို့ ထွက်ပြေး လွတ်မြောက်လာသည့် လူချင်းအတူတူ ဝမ်ရှန်းက အခြားလူများနှင့် ကွဲပြားနေကြောင်းကို မေ့လျော့သွားခြင်းပင်။
အခြားလူများသည် ဝူရုံမြို့ကို နေရာအနှံ့မှ ထွက်ပြေး လာခဲ့ခြင်းဖြစ်သည်။ သို့သော် ဝမ်ရှန်းသည် ဝူရုံမြို့ကို ဂျင်ဒီနယ်မြေဘက်ရှိ ဝင်ပေါက်မှ ဝင်ရောက် လာခဲ့ခြင်း ဖြစ်၏။ ဤနှစ်ခု၏ အဓိပ္ပာယ်သည် မိုးနှင့်မြေကဲ့သို့ ကွာခြားပေသည်။
ညအမှောင်ယံ ကြယ်ဝံပုလွေ၏ ရှည်လျားသော သွားစွယ် နှစ်ချောင်းသည် မေးခွန်းများစွာ အတွက် အဖြေများ ဖြစ်နေပြီ ဖြစ်၏။
ထိုစဉ် ဝမ်ရှန်း ပြောလိုက်သည်မှာ သူသည် ပို၍ တန်ဖိုးကြီးမားသည့် အရာကို ထုတ်ပေး နိုင်သည်ဟု ပြောခဲ့သည်။ သူသာ အမှန်တကယ်ပဲ ကြယ်ခြောက်ပွင့် ညအမှောင်ယံ ကြယ်ဝုံလွေ၏ သွားစွယ်ထက် ပိုမို တန်ဖိုးကြီးမားသည့် အရာကို ထုတ်ယူလာခဲ့မည် ဆိုလျှင် ဘာဖြစ်သွားနိုင်သနည်း…
ထိုကဲ့သို့ တွေးမိကာ ရာပြတ် ခေါင်းငုံ့ သွားခဲ့သည်။ ယခုအချိန်တွင် သူသည် ဝမ်ရှန်းအား အထက်စီး ဆန်သည့် အကြည့်ဖြင့်ပင် မကြည့်နိုင်တော့ချေ။
သွားစွယ် နှစ်ချောင်းအား ကိုင်ထားသည့် သူ၏လက်များ တုန်ယင် လာခဲ့ကာ သူ၏ခေါင်းနှင့် ခန္ဓာကိုယ်တွင်လည်း ချွေးစေးများ ထွက်လာခဲ့တော့သည်။
တစ်ခဏ ကြာပြီးနောက် ရာပြတ်သည် သူ နှုတ်ဆိတ်နေ၍ မရတော့ကြောင်း ခံစားလိုက်ရ၏။ ဘာပဲဖြစ်ဖြစ် သူသည် ဤကိစ္စကို ကိုင်တွယ်ရမည် ဖြစ်သည်။
ထိုကဲ့သို့ တွေးကာ ရာပြတ်သည် အံကြိတ်လိုက်ပြီး အနည်းငယ် တောင်းပန်သည့် လေသံဖြင့် –
“လူကြီးမင်း၊ ခဏနေပါဦး။ ဒီအဘိုးကြီးက မျက်လုံးမှုန်ပြီး နားလည်မှု လွဲသွားတာလည်း ဖြစ်နိုင်တာပဲ။ ဒီအဘိုးကြီး နောက်တစ်ခေါက်လောက် ထပ်စစ်ကြည့် ပါဦးမယ်”
“မလိုတော့ဘူး…”
ထိုအချိန်တွင် ဘေးဘက်မှ နေ၍ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအသံပိုင်ရှင်သည် အချိန်ကိုက် ရောက်လာခဲ့သည့် မြို့အရှင်စံအိမ်မှ အိမ်တော်ထိန်းပင် ဖြစ်၏။
ဝမ်ရှန်းသည် သူ မြို့တွင်းသို့ ဝင်လာခဲ့စဉ် အချိန်၌ ဤလူအား မြင်ခဲ့ဖူးပေသည်။ ခန်းမတွင်းသို့ ရောက်သည်နှင့် အိမ်တော်ထိန်းသည် ဝမ်ရှန်းအား ပြုံး၍ ခေါင်းညိတ်ပြကာ ရာပြတ်ထံသို့ သွားလိုက်သည်။
ထိုအသံအား ကြားလိုက်ရနှင့် တစ်ပြိုင်နက် ခေါင်းငိုက်စိုက် ကျနေသည့် ရာပြတ် မယုံကြည်နိုင်ဟန်ဖြင့် ခေါင်းထောင် လာခဲ့သည်။ ဝမ်ရှန်းအား ပြုံးပြနေသည့် မြို့အရှင်စံအိမ်မှ အိမ်တော်ထိန်းအား မြင်လိုက်ရသည့် အချိန်တွင် သူ၏မျက်နှာ တစ်ခုလုံး မည်းမှောင် သွားတော့သည်။
“သွားပြီ…”
တုန်ယင်စွာဖြင့် သူသည် ရှည်လျားသည့် သွားစွယ် နှစ်ချောင်းကို အိမ်တော်ထိန်းအား ပေးလိုက်သည်။ ထို့နောက် မြို့အရှင်စံအိမ်၏ အိမ်တော်ထိန်းမှ သူ့အား ပြောသည့် အသံအား ကြားလိုက်ရသည်။
“မင်းက ရာပြတ် တစ်ယောက်ဖြစ်နေပြီး အရည်အချင်းကို မရှိဘူး။ နောက်နှစ်နှစ်ထိ ပညာတွေ ပြန်သွား သင်ယူစမ်း…”
ပြောရမည်ဆိုလျှင် အိမ်တော်ထိန်းသည် သူ့အား မသတ်ဘဲ ပညာသင်ယူရန် စေလွှတ် လိုက်ခြင်းသည်ပင် သတင်းကောင်း ဖြစ်နေပြီဖြစ်၏။ သူ အိမ်တော်ထိန်းအား အလွန် ကျေးဇူးတင် သွားခဲ့သည်။
ထိုနောက် ရာပြတ်သည် အိမ်တော်ထိန်း၏ ညင်သာသော အသံအား ကြားလိုက်ရသည်။
“ကြယ်ခြောက်ပွင့် ညအမှောင်ယံ ကြယ်ဝံပုလွေရဲ့ သွားစွယ်နှစ်ချောင်း၊ ဒီနှစ်ခုက ရွှေဒင်္ဂါး ငါးသောင်းနဲ့ ညီမျှတယ်။ ဧည့်သည်က ဒီဈေးကို လက်ခံနိုင်ပါသလား”
***