Switch Mode

Chapter – 110

ကိုယ့်ကိုယ်ကိုယ် မှန်ကန်ကြောင်း ပြောဆိုခြင်း (၁)

အပိုင်း ၁၁၀
ကိုယ့်ကိုယ်ကိုယ် မှန်ကန်ကြောင်း ပြောဆိုခြင်း (၁)

ဝမ်ရှန်းသည် လမ်းမဘက် မျက်နှာမူသည့် သေးငယ်သော ဆိုင်တစ်ဆိုင်နှင့် အခန်းသုံးခန်း အပြင် မီးဖိုချောင် တစ်ခုပါဝင်သည့် အိမ်တစ်အိမ်နှင့် ခြံဝန်း တစ်ခုကို ရွှေဒင်္ဂါး သုံးထောင်ဖြင့် ဝယ်ယူခဲ့သည်။ ထိုဈေးနှုန်းသည် မနည်းပေ။

ဝမ်ရှန်းသည် ကုန်လှောင်ရုံအား မီးရှို့ရာ၌ ကုန်လှောင်ရုံအပြင် ကုန်လှောင်ရုံနှင့် ကပ်လျက် အိမ် ၅ အိမ်ကိုပါ မီးလောင်ကျွမ်း စေခဲ့၏။

ထိုအိမ်များသည် အရွယ်အစားများ ကလည်း တစ်အိမ်နှင့် တစ်အိမ် မတူညီပေ။ လက်ရှိ ပေါက်ဈေးအရ ဆိုလျှင် အိမ်များ၏ စုစုပေါင်း တန်ကြေးသည် ရွှေဒဂါး တစ်သောင်းနှင့် နှစ်သောင်း ကြားရှိ၏။ ထို့ပြင် ဝမ်ရှန်းသည် လျော်ကြေးကို နှစ်ဆ ပေးမည်ဟုလည်း ကတိ ပေးခဲ့သေးသည်။ ထို့ကြောင့် စုစုပေါင်းသည် ရွှေဒင်္ဂါး လေးသောင်း နီးပါးပင်ဖြစ်၏။

ဝမ်ရှန်းသည် အသားများကို ရွှေဒင်္ဂါး ထောင်နှင့်ချီ ရောင်းချ ခဲ့သော်လည်း သူ၏ခြံဝန်းကြေးသာ ပြန်ရခဲ့သည်။ နောက်ပိုင်းတွင် သူသည် အစွယ်များကို ရွှေဒင်္ဂါး နှစ်သောင်းဖြင့် ရောင်းချခဲ့သော်လည်း သူသည် ရွှေဒင်္ဂါးများ မယူဘဲ ဆေးပြားများဖြင့်သာ တိုက်ရိုက် လဲလှယ်ခဲ့ခြင်းဖြစ်၏။

ထို့ကြောင့် ယခုအချိန်တွင် ဝမ်ရှန်း၏ လက်ထဲ၌ ရွှေဒင်္ဂါး သုံးထောင်ကျော်သာ ရှိသည်ဟု ပြော၍ရပေသည်။ ထိုပမာဏသည် သေချာပေါက် လျော်ကြေးပေးရန် မလောက်ပေ။

သူသည် လျော်ကြေး နှစ်ဆပေးမည်ဟု ပြောခဲ့သည့် အတွက်ကြောင့် မပေးနိုင်သည့် ပြဿနာ မတက်ချင်ပေ။

“ဟူး…”

ဝမ်ရှန်း ခေါင်းခါကာ စိတ်ထဲ၌ သက်ပြင်း ချလိုက်၏။ လျော်ကြေး မပေးနိုင်ဘဲ အရှက်ကွဲသည့် အခြေအနေတွင် ဖြေရှင်းနိုင်ရန် စဉ်းစားနေသော သူ့အား အသင့်စောင့်နေသည့် ကြေးစားခန်းမရှိ များစွာသော ဝန်ထမ်းတို့၏ အကြည့်များ အောက်တွင် ဝမ်ရှန်း နှစ်ပေနီးပါး ရှည်လျားသည့် သွားစွယ် နှစ်ချောင်းကို ထုတ်ကာ သူ့ရှေ့၌ ရှိနေသည့် ကောင်တာပေါ်သို့ တင်လိုက်သည်။

ဝူရုံမြို့တွင် ပစ္စည်းများ ရောင်းဝယ်ရာ၌ ရွှေဒင်္ဂါးများကို သိပ်မသုံးကြပေ။ တန်ကြေး တူညီသည့် ပစ္စည်းများကိုသာ ပြန်ပေးလေ့ ရှိကြ၏။ သို့သော် ကြေးစားခန်းမ ကဲ့သို့သော ဝူရုံမြို့ရှိ အကြီးမားဆုံး လေလံကျင်းပရာ နေရာသည် ဝူရုံမြို့၏ မြို့အရှင် ပိုင်ဆိုင်သည့် နေရာဖြစ်သည်။

ပစ္စည်းများမှ အစစ်ဖြစ်ကြောင်း သက်သေ ပြနိုင်သည်နှင့် အမြဲတမ်း နားလည်မှု ယူနိုင်ပေသည်။

ထိုကောင်တာ၌ ထိုင်နေသည့် လူသည် သူ၏ လုပ်ရိုးလုပ်စဉ် အတိုင်းပင် သူ့ဘေး၌ ရှိနေသည့် ပစ္စည်းတန်ဖိုး အကဲဖြတ်ပေးသည့် ရာပြတ်ကို ခေါ်လိုက်သည်။

လာရောက် ရောင်းချသည့် မည်သည့် ပစ္စည်းကို ဝယ်ယူရန် ရာပြတ်၏ နောက်ဆုံး ဆုံးဖြတ်ချက် လိုအပ်ပေသည်။

“အစ်ကိုဝမ်၊ သွားစွယ်တွေက မဆိုးဘူး ဆိုပေမယ့် ရွှေဒင်္ဂါး နှစ်သောင်းတော့ မရတန်ဘူးဗျ”

ထိုနေရာသို့ ရောက်လာပြီး အဖြစ်အပျက်အား မတော်တဆ မြင်သွားသည့် အနည်းငယ် ဝသည့်လူမှ ဝမ်ရှန်းအား ပြောလိုက်သည်။

“အစ်ကိုဝမ်၊ တိုက်ဆိုင်တာပါပဲ။ အစ်ကိုဝမ် စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော် အစ်ကိုဝမ်ကို ကူညီပေးလို့ ရပါတယ်။ အစ်ကိုဝမ်က အတိုးနည်းနည်းလေးပဲ ပေးရမှာပါ။ စိတ်ဝင်စားလား မသိဘူး”

“ဟိုး… ငွေကြေးချေးစားတဲ့ လူလား”

ဝမ်ရှန်းသည် လက်ယှက်ကာ အခြားလူအား အရိုအသေ ပေးဟန် ပြုလိုက်၏။ အခြားတစ်ဖက်မှ လူသည် ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြင့် ရောက်ရှိ လာခဲ့ခြင်းဖြစ်၏။ သို့သော် ဝမ်ရှန်းသည် သူ ဘာလုပ်ရမလဲ ဆိုတာကို မသိသေးပေ။

ထို့ကြောင့် သူသည် ထိုလူ၏ ကမ်းလှမ်းချက်ကို-

“ဟုတ်ပြီ… ဘယ်လောက်ရမလဲ ဆိုတာကို ခဏလောက် စောင့်ကြည့် လိုက်ပါဦး။ ထင်ထားသလောက် မရဘူးဆိုရင်တော့ ကျွန်တော် အစ်ကို့ကိုပဲ အားကိုး ရတော့မှာပေါ့”

သူတို့နှစ်ယောက်မှ အပြန်အလှန် ရည်မွန်စွာ ပြောလိုက်ကြ၏။ သို့သော် သူတို့ စကားဆက် မပြောနိုင်ခင်မှာပင် ဒေါသတကြီး အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

“သွားနှစ်ချောင်းကို့ ရွှေဒင်္ဂါးလေးသောင်း ရအောင် လှည့်စားချင်နေတယ် ဟုတ်လား။ မင်းက ငါတို့ဝူရုံမြို့ကို ကုန်ရောင်းကုန်ဝယ် လုပ်တဲ့နေရာ၊ လှည့်စားလို့ ကောင်းတဲ့နေရာလို့ ထင်နေတာလားကွ”

အသံနှင့်အတူ ခန်းမအနောက်မှ လူနှစ်ယောက် ထွက်ပေါ်လာခဲ့သည်။ တစ်ယောက်သည် ဝမ်ရှန်းအတွက် စီစဉ်ပေးနေသည့် လူဖြစ်ကာ အခြားတစ်ယောက်သည် မျောက်တစ်ကောင်နှင့် တူသည့် လူတစ်ယောက်ဖြစ်သည်။

ဝမ်ရှန်း ဝူရုံမြို့သို့ ရောက်လာသည်မှာ နှစ်ရက်ရှိပြီ ဖြစ်၏။ သူသည် ကောင်းကင်နှင့် မြေကြီး၏ အမြင့်ကို မသိသည့် ကြေးစား ပေါက်စများမှလွဲ၍ သူစိမ်းတရံများနှင့် တွေ့သည့် အချိန်တိုင်း မည်သည့်အခါမှ မကောင်း မပြောခဲ့ပေ။

မောက်မာသော ထိုသူစိမ်း၏ ကြေးစားအဆင့်က ဘယ်လောက်လဲ ဆိုတာကို မည်သူမှ မသိပေ။ ဘာမှ မဟုတ်သည့် အရာအတွက်နှင့် အခြားလူအပေါ် အပြစ် ကျူးလွန်ခြင်းက ကိုယ့်သေတွင်းကို ကိုယ်တူးခြင်းပင်။

ထိုသူတို့မှာ ကြေးစားခန်းမမှ ဝန်ထမ်းများပင် ဖြစ်သည်။ အမှန်အားဖြင့် လူအများနှင့် ဆက်ဆံရသည့် ဝန်ထမ်းတို့သည် ကောင်းမွန်သည့် စိတ်နေ သဘောထားများ ရှိရန် လိုအပ်ပေ၏။

သူဝင်လာစက တွေ့ခဲ့သည့် ဝန်ထမ်းမှာ သူ့အား နွေးထွေး ကြင်နာသည့် လေသံဖြင့် ပြောဆို ဆက်ဆံခဲ့ပေသည်။ သို့သော် ဤကဲ့သို့ မောက်မာစွာ ပြုမူသည့် လူမျိုးကို ဤကြေးစားခန်းမ၌ ဝမ်ရှန်း ပထမဆုံး တွေ့ရခြင်းပင်ဖြစ်၏။

ဟုတ်ပါသည်၊ ကြေးစားခန်းမ တစ်ခုလုံးက သူ့အပေါ်၌ နွေးထွေး ကြင်နာလိမ့်မည် ဟုလည်း ဝမ်ရှန်း မမျှော်လင့်ထားပါ။ မဖြစ်နိုင်ဟုလည်း လက်ခံပေသည်။

သို့သော် ဤလူသည် ကြေးစားခန်းမတွင်းရှိ ရာပြတ် တစ်ယောက် ဖြစ်ပါလျက် ပစ္စည်းကို မကြည့်ဘဲ ထိုကဲ့သို့ ကောက်ချက် ချလိုက်ခြင်းက ကျိုးကြောင်း ဆီလျော်မှု မရှိပေ။ ထိုသို့ဆိုလျှင် ဝမ်ရှန်းသည်လည်း ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း။

“သူက ရာပြတ်ပဲ၊ အစ်ကိုဝမ်ရဲ့ ပစ္စည်းတန်ဖိုးက သူ့ပါးစပ်ပေါ် မူတည်နေတာပဲ”

ဝမ်ရှန်းဘေးမှ ဝဖြိုးသည့်လူမှ ဝမ်ရှန်းအား တိုးလျသည့် အသံဖြင့် သတိပေး လိုက်သည်။

“ပြီးတော့ သူက မြို့အရှင်စံအိမ်က လူလည်း ဟုတ်တယ်”

“သိပြီ”

ဝမ်ရှန်းမှ ပြန်ဖြေလိုက်၏။ ဝူရုံမြို့အတွင်းတွင် မောက်မာစွာ ပြုမူရဲသည့် တစ်ခုတည်းသော အင်အားစုမှာ မြို့အရှင်စံအိမ်မှ လူများဖြစ်သည်ဟု ပြော၍ရပေသည်။ ဝူရုံမြို့ တစ်ခုလုံးသည် မြို့အရှင်၏ အကာအကွယ် အောက်၌ ရှိနေခြင်းဖြစ်၏။ ထို့ကြောင့် မြို့အရှင်ကို ဝူရုံမြို့၏ ဘုရင်ဟု ပြော၍ရပေသည်။

ထိုအခြေအနေမျိုးတွင် မြို့အရှင် စံအိမ်မှလူများ မောက်မာ နေသည်မှာလည်း မထူးဆန်းတော့ပေ။ ထို့အပြင် ယခုတစ်ယောက်သည် ရာပြတ်တစ်ယောက်၏ လုပ်ပိုင်ခွင့်များပါ ရှိနေသေးပေသည်။ ထို့ကြောင့် အားလုံးသည် သူ့အား မျက်နှာချိုသွေး ခယလေ့ ရှိကြ၏။ အရာရာက သူ့ကို ပို၍ သွေးနားထင် ရောက်စေခြင်းပင် ဖြစ်၏။

ကြေးစားခန်းမမှ ဝန်ထမ်းများသည် ဤရာပြတ်ကဲ့သို့ မမောက်မာရဲကြပေ။ သူတို့သည် အရှေ့သို့ ခပ်သွက်သွက် သွားကာ ရာပြတ်အတွက် ထိုင်ခုံ ရွှေ့ပေးလိုက်ပြီး အခြားလူများကိုလည်း ထိုင်ခိုင်းလိုက်၏။ သူတို့သည် ဝမ်ရှန်းကိုပင် အစောပိုင်းတုန်း ကလောက် ရဲရဲ မပြုံးပြကြရဲတော့ပေ။

ရာပြတ်သည် ခေါင်းမော့ ထားသည်မှာ သူ့နှာခေါင်းက ကောင်းကင်နှင့် ထိလုနီးပါးပင် ဖြစ်နေပြီဖြစ်၏။ သူသည် သူ့ရှေ့၌ ထိုင်နေသည့် ဝမ်ရှန်းကို တစ်ချက်ပင် မကြည့်ခဲ့ပေ။ ထိုင်ခုံပေါ်၌ ခြေချိတ်ထိုင်ကာ လက်ကို ဆန့်ထုတ် လိုက်ပြီး တစ်လုံးချင်း ကျယ်လောင်စွာ ပြောလိုက်၏။

“ဘယ်ပစ္စည်းကို ဘယ်လောက်နဲ့ ဖြတ်ချင်တာလဲ”

ချီးပဲ… ဤလူသည် သေချာပေါက် တမင်သက်သက် လုပ်နေခြင်းပင် ဖြစ်၏။ ယခုလေးတင် သူသည် အစွယ် နှစ်ချောင်းကို ရွှေဒင်္ဂါး လေးသောင်းဖြင့် လဲလှယ် ချင်သည်ဟု ပြောခဲ့ပေသည်။ သို့သော် ယခုအချိန်တွင် ဤရာပြတ်သည် များစွာသော လူများရှေ့၌ ဝမ်ရှန်းအား နောက်တစ်ကြိမ် ပြန်မေးနေ၏။

ဤအရာသည် ဝမ်ရှန်းအား အရှက်ကွဲအောင် လုပ်ခြင်းဖြစ်ကြောင်း သိသာပေသည်။ ဝမ်ရှန်း ထုတ်ယူလာသည့် ပစ္စည်းကသာ ရွှေဒင်္ဂါးလေးသောင်း မတန်ဘူးဆိုလျှင် ဤလူသည် ဝမ်ရှန်းအား သေမတတ် လှောင်ရယ်မည်မှာ အသေအချာပင် ဖြစ်၏။

ရာပြတ်သည် ဟိတ်ဟန်ထုတ်ကာ မောက်မာ ရဲသော်လည်း ဝန်ထမ်းများက ထိုကဲ့သို့ မပြုမူရဲကြပေ။ ဝန်ထမ်း တစ်ဦးသည် ဝမ်ရှန်း ထုတ်ယူလာခဲ့သည့် သွားနှစ်ချောင်းကို လက်နှစ်ဖက်ဖြင့် အလျင်အမြန် ဆုပ်ယူကာ တစ်ချောင်းကို ရာပြတ်ရှေ့၌ အရင်ချပေး လိုက်သည်။

ထိုကဲ့သို့ ပြုလုပ်နေစဉ်မှာပင် သူသည် စိတ်ထဲမှ နေ၍လည်း ကျိန်ဆဲ နေလိုက်၏။

“ဒီနေ့ ဒီဘိုးတော်က ဘာဖြစ်နေတာလဲဟ။ သူ့ရှေ့က လူက စတုတ္ထအဆင့်နဲ့ ပဥ္စမအဆင့် ဝိညာဉ်သခင်တွေကိုတောင် လွယ်လွယ် သတ်နိုင်တယ် ဆိုတာကို ဒီဘိုးတော်ကြီး မသိဘူးလား။ သူက ဒုတိယအဆင့် ရာပြတ်လေးပဲကို၊ အဲဒါနဲ့များ ဝမ်ရှန်းရှေ့မှာ ဒီလိုမျိုး လုပ်ရဲနေတယ်လို့”

ဝမ်ရှန်းသည် စိတ်ရှည်သည့် လူတစ်ယောက် ဖြစ်၏။ ဤကဲ့သို့သော လူမျိုးသည် သူ့၏ အဖက်လုပ်ခြင်းကို ခံရရန် မထိုက်တန်ပေ။ ဘာပဲပြောပြော သူ့အလုပ် ပြီးသွားသည့် အချိန်တွင် သူသည် ဤလူနှင့် ဆက်တွေ့စရာ အကြောင်းမရှိပေ။ ထို့ကြောင့် ဤနေရာတွင် သူနှင့်ယှဉ်ပြိုင် နေစရာမလိုပေ။

ရှည်လျားသည့် သွားစွယ် နှစ်ချောင်းကို မြင်လိုက်ရသည်နှင့် ရာပြတ်သည် သွားစွယ် နှစ်ချောင်း၏ ထူးခြားမှုကို ချက်ချင်း ခံစားလိုက်ရ၏။

သူသည် သွေးနားထင် ရောက်ကာ မောက်မာ နေသော်လည်း ရာပြတ် တစ်ယောက်အနေဖြင့် ဆိုလျှင်တော့ အရည်အချင်း အပြည့်အဝ ရှိပေသည်။ ထိုသို့ အရည်အချင်း မရှိပါကလည်း မြို့အရှင် စံအိမ်တွင် သူ ယခုကဲ့သို့ နေရာရမည် မဟုတ်ပေ။

ဟုတ်ပါသည်၊ ရာပြတ်သည် ဝမ်ရှန်းက မည်သူမည်ဝါ ဖြစ်ကြောင်းကိုတော့ အနည်းငယ် ကြားဖူးနားဝ ရှိပေသည်။ သို့သော် မနေ့ညက သူအိပ်ရာ စောစောဝင်ခဲ့ပြီး မနက်စောစော၌ ကြေးစားခန်းမသို့ လာခဲ့ခြင်းဖြစ်၏။

ထို့ကြောင့် မနေ့ည၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များ အကြောင်းကို သူ ဂဃနဏ မသိပေ။ အချို့ ဝန်ထမ်းများသည်သာ ထိုအဖြစ်အပျက် အကြောင်းသိကာ ကျန်အချို့မှာလည်း သေသေချာချာ မသိကြပေ။ မည်သို့ပင်ဖြစ်စေ ဝမ်ရှန်းက သာမန်လူ မဟုတ်ကြောင်းကိုတော့ သူ့အား မည်သူမှ ပြောပြမည် မဟုတ်ပေ။

ဝမ်ရှန်းက များစွာသော ဝိညာဉ်သခင်များ၏ လိုက်လံ သတ်ဖြတ်ခြင်းမှ ထွက်ပြေး လွတ်မြောက်ခဲ့ကာ ဂျင်ဒီနယ်မြေ ဘက်မှနေ၍ ဝူရုံမြို့သို့ ရောက်လာခဲ့ခြင်း ဖြစ်ကြောင်းကိုသာ သူသိ၏၊

ထို့ထက်ပိုပြီး သူ ဘာမှ မသိပေ။ သို့သော် မနေ့တွင် မြို့အရှင်က ဝမ်ရှန်းအား အနည်းငယ် မကျေမနပ်ဖြစ်ကာ သူ့အား သင်ခန်းစာ ပေးချင်သည် ဟူသည့် ကောလာဟလ တချို့ မြို့အရှင် စံအိမ်၌ ပျံ့နှံ့ခဲ့၏။

ထို့ကြောင့် ယနေ့တွင် သူသည် ထိုအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ ဝမ်ရှန်းက ဂျင်ဒီနယ်မြေမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်ခဲ့လျှင်ပင် မြို့အရှင်ကသာ နောက်ဆုံး ပြောပိုင်ခွင့်ရှိသည့် လူဖြစ်ကြောင်း ဝမ်ရှန်းအား သိအောင် လုပ်ပေးရပေမည်။

အစတွင် ရာပြတ်သည် သွားများက ရိုးရိုးသားရဲများ၏ သွားများသာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့ခြင်းဖြစ်၏။ မည်သို့ပင်ဆိုစေ ဝမ်ရှန်းသည် မြို့အတွင်းသို့ ဝင်လာစဉ်တွင် သားရဲခြေထောက်များကို ထမ်းကာ မြို့ထဲသို့ ဝင်လာခြင်းဖြစ်သည် ဟူသည့် ကောလာဟလများကလည်း ကျယ်ကျယ်ပြန့်ပြန့်ကို ရှိပေသည်။

သူ့ထံတွင် ခြေထောက်များ ရှိခဲ့သည့် အတွက်ကြောင့် သွားများ ရှိနေမည်မှာလည်း ဖြစ်နိုင်ပေသည်။ ယခုတွင် ဝမ်ရှန်းသည် သွားစွယ် နှစ်ချောင်းကို ရွှေဒင်္ဂါး လေးသောင်းဖြင့် လဲလှယ်ချင် ခဲ့၏။

သွားနှစ်ချောင်းဖြင့် ထိုပမာဏ ရရန်မှာ မဖြစ်နိုင်။ ဝမ်ရှန်း ယူလာသည့် သွားစွယ် နှစ်ချောင်းက သေချာပေါက် ထိုတန်ကြေး ရှိလိမ့်မည် မဟုတ်ဟု သူယုံကြည်ခဲ့၏။ ထိုယုံကြည်ချက်ကြောင့် သူသည် ခန်းမ အတွင်းသို့ မဝင်လာခင် ကတည်းက ဝမ်ရှန်းအား လှောင်ပြောင် ပြောဆိုခဲ့သည်။

သို့သော် ယခုအချိန်တွင် သူ အခက်တွေ့ပေပြီ…
***

Comment

Leave a Reply

Options

not work with dark mode
Reset