အပိုင်း ၁၀၉
ထွက်ပေါ်လာခြင်း (၂)
ဝူရုံမြို့တွင် သာမန်လူများ များစွာရှိ၏၊ ထိုထဲတွင် ပထမအဆင့် ဝိညာဉ်သခင် ဖြစ်ချင်သည့် လူများလည်း ရှိပေသည်။ ထို့ကြောင့် သူတို့သည် ဝမ်ရှန်း၏ သာမန်လူ အဖြစ်မှ ပထမအဆင့် ဝိညာဉ်သခင်အဖြစ် ပြောင်းလဲနိုင်သည့် နည်းလမ်းကိုသာ ရရှိမည် ဆိုလျှင် သူတို့ မိသားစုအပေါ် အပြည့်အဝ သစ္စာရှိရန် မဖြစ်နိုင်တော့ချေ။
ထို့ကြောင့် မည်သည့် မိသားစုကမဆို ဝမ်ရှန်းထံမှ နည်းလမ်းကို ရယူနိုင်သည်နှင့် ထိုအရာသည် ကမ္ဘာသိ လျှို့ဝှက်ချက် တစ်ခုဖြစ်လာမည် ဖြစ်၏။
ထိုကဲ့သို့ ဆိုလျှင် သူတို့လည်း ရန်သူ များသွားပေလိမ့်မည်… မည်သူက ကိုယ့်အတွက် မဟုတ်ဘဲနှင့် အခြားလူများ၏ အကျိုးစီးပွား အတွက် အချိန် အတော်ကြာအောင် အလုပ်လုပ် ပေးချင်မည်နည်း။
သူတို့သည် ဝမ်ရှန်းထံမှ နည်းလမ်းများကို မယူဘူး ဆိုလျှင်ပင် သူတို့၏ မိသားစု လျှို့ဝှက် စာကြည့်တိုက် ထဲတွင်လည်း သာမန်လူ တစ်ယောက်ကို ပထမအဆင့် ဝိညာဉ်သခင် ဖြစ်အောင် ပြောင်းလဲပစ်နိုင်သည့် လျှို့ဝှက်စာအုပ်များ ရှိပေသည်။
ထို့အပြင် သူတို့၏မိသားစု လျှို့ဝှက် စာကြည့်တိုက်ထဲတွင် ပဥ္စမအဆင့်နှင့် ဆဌမအဆင့် ဝိညာဉ်သခင်များ ကျင့်ကြံနိုင်သည့် ကျင့်စဉ်များလည်း များစွာရှိ၏။
ဝမ်ရှန်းထံမှ နည်းလမ်းများကို ရရှိနိုင်ရန်မှာ မသေချာသဖြင့် မည်သည့် မိသားစုများမှ အရင်းအနှီး များစွာဖြင့် စွန့်စားရလောက်သည် အထိ ရူးသွပ်မည်နည်း။
အထက်တန်းလွှာ မိသားစုများသည် ဝမ်ရှန်းအကြောင်း ကြားကြားခြင်းတွင် ထိုအရာက အရေးကြီးသည်ဟု ခံစားရကာ ဝမ်ရှန်း၏ နည်းလမ်းများကို ရယူရန် လူအရေအတွက် များစွာ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဝမ်ရှန်းက ဝူရုံမြို့သို့ ထွက်ပြေး လွတ်မြောက် လာသည့် အချိန်တွင် သူတို့၏ အခွင့်အရေးက ဆုံးရှုံးသွားပြီ ဖြစ်ကြောင်းကိုလည်း သူတို့ နားလည် သွားခဲ့ကြပေ၏။
“အဲ့ဒါဆိုရင် မီးလောင်အောင် လုပ်နိုင်တဲ့ ပစ္စည်းလား”
လင်းအာသည် နောက်တစ်ချက် ဝမ်ရှန်းထံ၌ ရှိသည့် အခြားပစ္စည်း တစ်ခုကို ချက်ချင်း တွေးမိသွားသည်။
သို့သော် အတွေး မဆုံးခင်မှာပင် သူမ ထိုအတွေးကို ခေါင်းထဲမှ ထုတ်ပစ် လိုက်သည်။
သူမ သိသလောက်ဆိုလျှင် ဝမ်ရှန်း၏ မီးလောင်ဗုံးသည် သူလက်တွင်းမှ ပစ်လွှတ်ရသည့် ပစ္စည်းဖြစ်၏။ ထိုပစ္စည်းမျိုးကို အခြားသူများ၏ လက်တွင်းသို့ သူ ဘယ်လိုလုပ် အရောက် ခံနိုင်မည်နည်း။
ရန်သူကို တစ်ခါတည်း မသတ်နိုင်ဘူး ဆိုလျှင် လင်းအာ ကိုယ်တိုင်ပင် ဖြစ်နေပါစေ ထိုပစ္စည်းမျိုးကို သုံးကာ ရန်သူနှင့်အတူ တစ်ပြိုင်နက်တည်း အသေခံ လိုက်မည်ဖြစ်၏။
ထိုသို့သော လက်လွှတ်မခံမည့် ပစ္စည်းကို ဝမ်ရှန်းထံမှ ရယူချင်သည်တဲ့လား…. အိပ်မက်ထဲ၌ပင် မဖြစ်နိုင်ပေ။
သို့မဟုတ်ပါက သုံး – လေးမိုင် အကွာအဝေးမှ နေ၍ လူတစ်ယောက်၏ ခေါင်းကို ပေါက်ကွဲ ထွက်သွားအောင် လုပ်နိုင်သည့် ပစ္စည်းလား … ။ ထိုပစ္စည်းသည်လည်း အတူတူပင်ဖြစ်၏၊ အင်အားသုံး၍ ယူ၍ပင် ရနိုင်မည် မဟုတ်ပေ။ ထိုကဲ့သို့ဆိုလျှင် ဘာကျန်သေးသနည်း…
အရှေ့အနောက် ဆက်စပ် စဉ်းစား ကြည့်လိုက်သည့် အချိန်တွင် ဖြစ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ဝမ်ရှန်း၏ ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ထွက် သွားလာနိုင်သည့် စွမ်းရည်ပင် ဖြစ်၏။ သို့သော် ဤကဲ့သို့သော သူ၏ စွမ်းရည်မျိုးကို ယူ၍ ရနိုင်ပါ၏လော…
ပထမဆုံး အနေဖြင့် ဝမ်ရှန်းကို မည်သူမှ သတ်၍ မရသည်မှာ သေချာ၏။
ဝမ်ရှန်းအား သတ်လိုက်ခြင်းသည် ဂျင်ဒီနယ်မြေ အတွင်း၌ လွတ်လပ်စွာ သွားလာနိုင်ခြင်းကို သိရှိနိုင်မည့် အခွင့်အရေးအား ဖျက်ဆီး ပစ်လိုက်သည်နှင့် အတူတူပင် ဖြစ်သည်။
အကယ်၍ ဝမ်ရှန်းအား သတ်မည့်သူ ရှိခဲ့လျှင် ထိုသူသည် သေချာပေါက် အခြားလူများ၏ အမျက်ဒေါသကို ခံရပေလိမ့်မည်။ အားလုံးသည် ဝမ်ရှန်းအား သတ်နိုင်သည်။ သို့သော် ဝမ်ရှန်း သေသွားမည် ဆိုလျှင် အားလုံး၏ မျှော်လင့်ချက်များ ပျောက်ဆုံး သွားမည်ဖြစ်သည်။
ဝမ်ရှန်းသည် ခွန်အားကြီး မိသားစုများ များစွာအပေါ် ပြစ်မှုကျူးလွန် ခဲ့သော်လည်း ထိုမိသားစုများကြောင့် ဝမ်ရှန်း သေသွားခဲ့မည် ဆိုလျှင် တန်ပြန် လက်စားချေ ခံရမည့်မှာ သူတို့မိသားစုများသာ ဖြစ်သွားပေလိမ့်မည်။
အင်အားကြီး မိသားစုများ၏ ခြိမ်းခြောက်မှု၊ မနေ့ညက လောင်ကျွမ်းခဲ့သည့် မီးလောင်မှုနှင့် ယနေ့မနက်၌ တွေ့ရှိခဲ့သည့် ခေါင်းများ…
ထို့ကြောင့် လင်းအာသည် သူမ မုန်းတီးမိသည့် ဝမ်ရှန်းအပေါ် အမှားကျူးလွန် မိမည်ဆိုလျှင် အများ၏ ဒေါသကြောင့် သူမသည်သာ အရေခွံနွှာ ခံရလိမ့်မည်ကို နားလည် သဘောပေါက် သွားခဲ့သည်။
ကြည့်ရသည်မှာ ဝမ်ရှန်းသည် ဝူရုံမြို့ အတွင်း၌ တဖြည်းဖြည်း ခြေကုပ်နေရာ ရရှိလာဟန်ရှိ၏။ ထိုကဲ့သို့ တွေးမိလိုက်သည့် အခိုက်အတန့်တွင် လင်းအာ မှင်သက် သွားခဲ့သည်။
ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း…
သို့သော် သူမ မည်သို့ပင် မေးခွန်း ထုတ်ကြည့်ပါစေ ယခု လတ်တလော၌ ဝမ်ရှန်းသည် မည်သည့် အသက်ဘေး အန္တရာယ်မှ ရှိဟန်မတူချေ။
ဤဝမ်ရှန်းသည် မည်သူမှ ထိ၍မရသည့် ဆူးချွန်များဖြင့် ဝန်းရံနေသော ဖြူကောင်ပင် ဖြစ်သည်။ သူ၏ ငရဲမီးတောက်များ နောက်တစ်ကြိမ် ခံစားရသူမှာ မိမိတို့ ဖြစ်သွားမည်ကို စိုးကြောက်ကြသည်။ ထိုထဲတွင် ဝူရုံမြို့၏ မြို့အရှင်လည်း ပါဝင်ပေသည်။
ထို့အပြင် တစ်စုံတစ်ယောက်သည်လည်း သူ့အား တိတ်တဆိတ် ကာကွယ် ပေးနေဟန် ရှိသည်။ ခွန်အားကြီး မိသားစုများသည်လည် သူ့ကိုသတ်ရန် မည်သည့် အကြောင်းပြချက်မှ မရှိနေပေ။ ထို့ကြောင့် ယခုအချိန်တွင် သူသည် အမှန်တကယ်ကို ဘေးကင်းနေခြင်းပင် မဟုတ်ပါလော။
ဝမ်ရှန်းက ခွန်အား ကြီးမားသည့် မိသားစုများ၏ ဝိညာဉ်သခင် များစွာကို သတ်ခဲ့ခြင်းကိုတော့ ထည့်တွက်စရာ မလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှန်းသည် ဝူရုံမြို့သို့ ထွက်ပြေး လွတ်မြောက်လာပြီ ဖြစ်သည့် အတွက်ကြောင့်ဖြစ်၏။
ဝူရုံမြို့နှင့် ဤကမ္ဘာကြီး၏ ဥပဒေအရ ဝမ်ရှန်း ဤမြို့သို့ ရောက်လာသည်နှင့် ထိုအမုန်းတရားများ အားလုံးကို ဤနေရာ၌ပင် ချက်ချင်း ခဝါချပစ်ရမည် ဖြစ်သည်။
ထိုသို့ မပြုလိုသူများသည် ဝမ်ရှန်းအား လူငှားကာ သတ်၍ ရသော်လည်း ပေးရမည့် တန်ကြေးသည် မနည်းမနောပင် ဖြစ်၏။
သာမန်လူ တစ်ယောက်ဖြစ်သည့် ဝမ်ရှန်းကို ကြေးစား ငှားသတ်ရန် အတွက် ဆဌမအဆင့် ဝိညာဉ်သခင် တစ်ယောက်ကို သတ်သည့် တန်ကြေးပေးရ ပေလိမ့်၏။ ဒါ့ပြင် အခြားလူများ၊ လျှို့ဝှက် အဖွဲ့အစည်းများ၏ ကလဲ့စား ချေခြင်းကိုလည်း ခံရနိုင်ပေသေးသည်။ ထိုအရာသည် ပေးဆပ်ရသည်နှင့် မတန်ပေ။
အင်ပါယာ ရတနာစံအိမ်သည် စီးပွားရေး လုပ်သည့် စံအိမ်ဖြစ်သည်။ ထိုသို့ သေချာပေါက် ပိုက်ဆံများစွာကို ဆုံးရှုံးမည့် အရာကို သူတို့သည် ဘယ်တော့မှ လုပ်မည် မဟုတ်ပါချေ။
အထက်တန်းလွှာ မိသားစုများသည်လည်း အရူးများ မဟုတ်ကြပေ။ ဝမ်ရှန်း ဂျင်ဒီနယ်မြေ အကြောင်း အနည်းငယ် ထုတ်ပြောချင်သည် ဆိုလျှင် သူတို့သည် ဝမ်ရှန်းနှင့် မိတ်ဆွေဖွဲ့ရန် အတွက် သူတို့ဘက်မှပင် စတင် လှုပ်ရှားကြမည် ဖြစ်၏။
“နားလည်ပြီလား”
မရွှင်မပျ ဖြစ်နေသည့် လင်းအာ၏ မျက်နှာအမူအရာကို ကြည့်ကာ လင်းအာ နားလည် သဘောပေါက် သွားပြီဖြစ်ကြောင်း လုဝမ်ဟုန် သိလိုက်၏။ ထိုနောက် သူသည် နှစ်သိမ့်သည့် အပြုံးဖြင့်-
“အစ်ကိုဝမ်က မကောင်းတဲ့ လူလည်း မဟုတ်ဘူး၊ ရန်သူလည်း မဟုတ်ဘူး။ သူ တကယ်တမ်း လုပ်တာက တွန်းအားပေးတာပဲ ရှိတာ။ မင်း သူ့ကို ရန်လိုနေစရာ မလိုပါဘူး”
“ဟွန့်…”
လုဝမ်ဟုန်မှ ဝမ်ရှန်းဟု ပြောလာသည်နှင့် တစ်ပြိုင်နက် သူမသည် ထိုအကြောင်းကို မပြောချင်သကဲ့သို့ နှာခေါင်း ရှုံ့လိုက်၏။
“ငါတို့ သူ့အကြောင်း ကြားကတည်းက ဒီနေရာမှာ သူ့ကို စောင့်နေတာ။ နောက်ဆုံးတော့ စောင့်ရကျိုး နပ်ပါပြီ”
လုဝမ်ဟုန်မှ ပြုံးကာ ဝမ်ရှန်း အကြောင်းသာ ဆက်ပြောလိုက်၏။
“အစတုန်းကတော့ ဒါက အရဲစွန့် စွန့်စားမှု တစ်ခုပဲ။ ဒါပေမယ့် ကြည့်ရတာ ငါတို့ နိုင်သွားပြီ ထင်တယ်။ နောက်ကျရင် ငါတို့ အင်ပါယာ ရတနာစံအိမ်က သူ့ကို အထူးပုဂ္ဂိုလ် အနေနဲ့ ဆက်ဆံရမယ်။ သူပေါ်ကို လွယ်လွယ်နဲ့ အမှား မကျူးလွန်မိစေနဲ့”
လုဝမ်ဟုန် ကိုယ်တိုင် ထိုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည့် အတွက်ကြောင့် လင်းအာသည် သူမ သဘောမကျဘူး ဆိုလျှင်တောင် ထိုစကားကို စိတ်ထဲ၌ အပြည့်အဝ မှတ်သား လိုက်သည်။ သူမသည် သခင်လေး၏ အမိန့်ကို ဖီဆန်မည် မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ဝမ်ရှန်းသည် အပြင်ဘက်၌ ဘာတွေ ဖြစ်နေသည်ကို မသိပေ။ သူ သိသည်မှာ သူထလာသည့် အချိန်တွင် အခါတိုင်း သူ့အား စောင့်ကြည့် နေကြသည့် လူများ မရှိတော့ခြင်းသာ ဖြစ်၏။
သူ့ဘေးအိမ်မှ လူများသည်လည်း အခါတိုင်းမှ လူများပင် ဖြစ်နေဆဲ ဖြစ်သည်။ မီးလောင်ပြာကျ သွားသည့် လင်ဘ၏ ကုန်လှောင်ရုံမှလွဲ၍ အခြားမည်သည့် အရာမှ ပြောင်းလဲသွားဟန် မရှိပေ။
အပြင်သို့ ထွက်သည့် အချိန်တွင် ဝမ်ရှန်းသည် ကြေးစား ခန်းမသို့သာ တည့်တည့် ဦးတည်သွားကာ ကိစ္စတစ်ခုကို စုံးစမ်းလိုက်၏။
ဝမ်ရှန်းသည် မနေ့ညက မီးလောင်မှုတွင် ကုန်လှောင်ရုံမှလွဲ၍ မီးလောင်သွားသည့် အခြားအိမ်များကို လျော်ကြေး နှစ်ဆပေးရန် စီစဉ်လိုက်၏။ သို့သော် သူသည် လူသစ်ဖြစ်ကာ ဤနေရာရှိ အဆောက်အဦးများ အကြောင်း မသိပေ။ ထို့ကြောင့် သူသည် လျော်ကြေးကိစ္စကို ကြေးစားခန်းမသို့သာ အပ်နှံလိုက်၏။
ဝမ်ရှန်းသည် သူ့ထံတွင် ဖြုန်းစရာ နေရာ မရှိလောက်အောင် ပိုက်ဆံများ ပေါများနေခြင်း မဟုတ်ပေ။ အခြားသူများက သူ့အား ပြောဆိုနေခြင်းကြောင့်လည်း မဟုတ်ပေ။ ဤကြေးစားသည် အကြောင်းပြချက် မရှိဘဲ အခြားလူများ၏ အိမ်များကို မီးလောင်ပြာကျ စေခဲ့ကာ ဘာမှမပြောဘဲ နှုတ်ဆိတ်နေသည် ဟူသည့် အဖြစ်မျိုးကို သူ မလိုလားသောကြောင့်ဖြစ်၏။
သူသည် တစ်နေ့ လမ်းမပေါ် လျှောက်နေစဉ်တွင် ဘယ်လို သေမလဲ ဆိုတာကို သူ မသိပေ။ အချို့ ကြေးစားပေါက်စများသည် သူတို့အပေါ် ကျရောက်လာမည့် အင်အားကြီး မိသားစုများ၏ မကျေနပ်ချက်ကို ဂရုမစိုက်ပေ။
သူတို့၏ ပစ်မှတ်ကို မည်သူက ကာကွယ် ပေးနေသည်ဖြစ်စေ သူတို့သည် သတ်ချင်လျှင် သတ်မည်သာ ဖြစ်၏။ ထို့ကြောင့် ဝမ်ရှန်းသည် အရှုပ်အရှင်းများ မဖြစ်ချင်သောကြောင့် လျှော်ကြေးပေးရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။
ဟုတ်ပါသည်၊ ကြေးစား ခန်းမသည်လည်း ဝမ်ရှန်း၏ တောင်းဆိုချက်များ အားလုံးကို လုပ်ဆောင်ပေးခဲ့၏။ နှစ်နာရီ အတွင်းတွင် ဝမ်ရှန်းသည် မီးလောင်သွားသည့် အိမ်စာရင်းနှင့် ပေးရမည့် လျော်ကြေးစာရင်းကို ရလာခဲ့သည်။
ထို့အပြင် ဝမ်ရှန်း၏ လျှော်ကြေး နှစ်ဆနှင့် ပတ်သက်ပြီး မီးလောင်သွားသည့် အိမ်ပိုင်ရှင်များ ကလည်း အလွန်ကို ကျေနပ်ကြပေသည်။ သူတို့ထဲမှ နှစ်ယောက်ဆိုလျှင် ဝမ်ရှန်းထံသို့ တကူးတက လာကာ သူနှင့် စကားစမြည် ပြောပြီး အချင်းချင်း ရင်းနှီးအောင်ပင် လုပ်ခဲ့ကြ၏။
သူတို့သည်လည်း လင်ဘ၏ ကုန်လှောင်ရုံကို လောင်ကျွမ်း ပြာကျအောင် လုပ်နိုင်ခဲ့သည့် လူနှင့် ရန်သူ မဖြစ်ချင်ပေ။ ထိုသို့မိတ်ဖွဲ့ခြင်းက နှစ်ဦးနှစ်ဖက်လုံး အတွက် အကျိုးရှိပေသည်။
တစ်ခုတည်းသော ပြဿနာမှာ ဝမ်ရှန်းသည် သူ့ထံ၌ ရွှေဒင်္ဂါးများ မလုံလောက်နေခြင်းပင်ဖြစ်၏။
***