Switch Mode

Chapter – 108

ထွက်ပေါ်လာခြင်း (၁)

အပိုင်း ၁၀၈
ထွက်ပေါ်လာခြင်း (၁)

ထိုအခိုက်အတန့်တွင် ကုန်လှောင်ရုံ အတွင်းမှ မီးသည် တစ်ညလုံးနီးပါး တမြေ့မြေ့ လောင်ကျွမ်း နေခဲ့၏။ သို့သော် ထိုနေရာ၌ ရှိနေသည့် လူများသည် မီးတောက်များကို ကြည့်သာ ကြည့်ရဲကြကာ မီးမငြှိမ်းသတ် ရဲကြပေ။

သူတို့သည် ဤသိုလှောင်ရုံမှ မီးကို ရေဖြင့်ငြှိမ်းရန် မကြိုးစားခဲ့ခြင်း မဟုတ်ချေ။ အစပိုင်း၌ မီးလောင်ဗုံး ပေါက်ကွဲခြင်းကြောင့် လောင်ခဲ့သည့် မီးတောက်များသည်၎င်း၊ အတွင်းပိုင်းတွင် သိုလှောင်ထားသော စားဆီများကြောင့် လောင်ကျွမ်းနေသည့် မီးတောက်များသည်၎င်း ရေဖြင့် ငြှိမ်းသတ် လိုက်ပါက ပိုမိုဆိုးဝါးသည့် အကျိုးဆက်များကိုသာ ဖြစ်ပေါ်လာသည်။

ထို့ကြောင့် နောက်ဆုံးတွင် အားလုံးသည် ဘာမှမလုပ်နိုင်တော့ဘဲ မီးတောက်များ လောင်ကျွမ်း ကုန်ဆုံးသည် အထိ လက်ပိုက်လျက် ကြည့်နေခဲ့ရတော့၏။

ထိုညတွင် ထိုနေရာ၌ ရှိနေသည့်လူများ အိပ်ရေးပျက် ကြကုန်၏။ ထို့ထက်သာမက ဆီးပင်မနိုင် ထွက်ကျလုမတတ် ကြောက်လန့်သွားသည့် လူများက ပို၍များပေသည်။

အဖြစ်အပျက်များ အားလုံးသည် ဝမ်ရှန်း ပစ်ထည့်လိုက်သည့် ကြက်ဥအရွယ်အစား ပစ္စည်းတစ်ခုကြောင့်  ဖြစ်ပျက်ခဲ့ခြင်းဖြစ်၏၊ အထူးသဖြင့် ရေဖြင့် ငြှိမ်းသတ်၍ မရသည့် မီးတောက် မြင်ကွင်းအား မြင်နေရသည့် လူများအားလုံး၏ စိတ်တွင်း၌ အရိပ်မဲကြီး ထင်ကျန်ရစ် စေတော့မည် ဖြစ်သည်။

ဝမ်ရှန်းနောက် လိုက်ကာ သူ့အား စောင့်ကြည့် နေခဲ့ကြသည့် လူများ အားလုံးသည် ဤအဖြစ်အပျက် အကြောင်းကို သူတို့ခေါင်းဆောင် အသီးသီးထံသို့ အလျင်အမြန် သတင်းပေးပြီး ဖြစ်သည်။ သူတို့သည် ဝမ်ရှန်း နောက်လိုက်ကာ စောင့်ကြည့်ရသည့် တာဝန်မျိုးကို နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မလုပ်ချင်ကြတော့ပေ။

ဝမ်ရှန်း ဖန်တီးခဲ့သော မီးတောက်သည် ရေထဲ၌ပင် မငြှိမ်းသတ် သွားဘဲ ဆက်လက် လောင်ကျွမ်း နေသည်တဲ့လား…

ဤကဲ့သို့ အဓိပ္ပာယ် မရှိသည့် အရာမျိုးက ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း…

အင်အားစု အသီးသီး၏ ခေါင်းဆောင်များသည် သူတို့တာဝန် ချထားသည့် လူများမှ ထိုသတင်းကို တင်ပြလာသည့် အခိုက်အတန့်တွင် သူတို့ ပထမဆုံး တွေးမိလိုက်သည်မှာ သူ့လူက သူတို့အား ဟာသ လာလုပ်နေခြင်းလား ဟုပင်။

သို့သော် ခေါင်းဆောင်များသည် သူတို့အား သတင်းတင်ပြ လာသည့် လက်အောက် ငယ်သားများ၏ အမူအရာကို မြင်လိုက်ရသည့် အချိန်တွင် သူတို့၏ ခန္ဓာကိုယ်များ မသိမသာ လှုပ်ရှားသွားကာ မျက်မှောင်ကြုတ် သွားခဲ့ကြသည်။

မီးတောက်အကြောင်း နောက်တစ်ကြိမ် စုံစမ်းရန် လူလွှတ် လိုက်ပြီးနောက် သူတို့၏ လက်အောက် ငယ်သားများက လိမ်လည် ပြောဆိုခဲ့ခြင်း မဟုတ်ကြောင်း သေချာသွားခဲ့သည်။

မနက် အရုဏ်ဦး အချိန်သို့ ရောက်မှသာ ကုန်လှောင်ရုံအား လောင်ကျွမ်း နေသည့်မီးသည် နောက်ဆုံး၌ ငြှိမ်းသွားခဲ့တော့သည်။ မီးသည် တစ်ညလုံး လောင်နေခဲ့ကာ အရာရာမှာ လောင်ကျွမ်း ကုန်ဆုံးပြီး ဖြစ်၏။ ထိုအချိန်မှသာ လူအချို့သည် အထဲသို့ ဝင်သွားကာ ဂရုတစိုက် စစ်ဆေး လိုက်ကြသည်။

ကုန်လှောင်ရုံ အတွင်းတွင် မီးကျွမ်းနေသည့် ပစ္စည်းများ တစ်ခုမက ရှိနေ၏။ သို့သော် အားလုံးသည် သတိထားလျက် ထိုပစ္စည်းများကို မထိခဲ့ကြပေ။

သို့သော် အရည်ပျော်လုနီးပါး ဖြစ်နေသည့် ပုံပျက်ယွင်းနေသော လက်ကိုင်ရိုး ရှည်တပ် တူအား မြင်လိုက်ရသည့် အခါ၌ သူတို့အားလုံး ပူးပေါင်း လိုက်ကြသည်။

ထိုတူတွင် အရည်မပျော်သေးသည့် အစိတ်အပိုင်း အနည်းငယ် ရှိနေသေး၏။ တူသည် သံမဏိတူဖြစ်ကာ ပြင်းထန်သည့် အပူရှိန်ကို အတော်အသင့် ခံနိုင်ပေသည်။ မပျက်စီးဘဲ ကျန်နေသည့် ထိုအစိတ်အပိုင်းသည် တူပိုင်ရှင်က  မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်ရာ၌ အရေးပါသည့် အစိတ်အပိုင်း ဖြစ်ခဲ့သည်… တူသည် လင်ဘ၏ တူပင်ဖြစ်၏။

လင်ဘ၏ လက်ကိုင် ရိုးရှည်တပ် တူကို တော်တော်များများ မြင်ဖူးကြသည်။ လင်ဘသည် ထိုတူကို အမြဲတမ်း ကိုင်ထားလေ့ရှိ၏၊ သို့သော် ယခုအချိန်တွင် တူသည် ဤနေရာ၌ ပုံပျက်ယွင်းကာ အရည် ပျော်ကျနေပြီ ဖြစ်၏။ ဤပစ္စည်းရှင် လူက ဘယ်သို့ရောက် သွားသနည်း….

ထိုတူဘေးနားတွင် အရည်မပျော်သည့် ချွန်ထက်သော ဆံထိုးသဏ္ဌာန် တစ်ချောင်းလည်း ရှိနေခဲ့၏။ ဤသည်ကိုလည်း သူတို့ သိပါသည်။

ထိုဆံထိုးသည် လင်ဘ သူ၏ဆံထုံး အတွင်း၌ ထည့်ထားလေ့ရှိသည့် လက်နက်ပုန်း ဖြစ်၏။ လိုအပ်သည့် အခါမျိုးတွင် လျှို့ဝှက် လုပ်ကြံရန်အတွက် အသုံးပြုပေသည်။ ထိုဆံထိုးကို အထူး ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သောကြောင့် ၎င်းမှာ အရည်မပျော်ခဲ့ပေ။

ဤပစ္စည်း နှစ်ခုကို မြင်လိုက်ရခြင်း အားဖြင့် ပေါက်ကွဲမှု ဖြစ်သည့် အချိန်တွင် လင်ဘက ကုန်လှောင်ရုံ အတွင်း၌ ရှိနေခဲ့ကြောင်း အားလုံး သေချာ တပ်အပ် ပြောနိုင်၏။ သို့သော် လက်ကိုင် ရိုးရှည်တပ်တူပင် တစ်ဝက်ကျော် အရည်ပျော်နေပြီ ဖြစ်သည့် အတွက်ကြောင့် လူက ဘယ်ရောက် သွားတာလဲ ဆိုတာကို တွေးကြည့်၍ ရနိုင်ပေသည်။

စတုတ္ထ အထွတ်အထိပ်အဆင့် ဝိညာဉ်သခင် တစ်ယောက်သည် ရုန်းကန်ရန် အခွင့်အရေး တစ်ခုပင် မရှိခဲ့ဘဲ တိတ်တဆိတ် ပျောက်ကွယ် သွားခဲ့သည်။ ဤအဖြစ်အပျက်သည် ဘယ်လိုပင် တွေးတွေး ကျောချမ်းစရာ ကောင်းလှပေ၏။

ဝမ်ရှန်းထံတွင် တွေးကြည့်၍ပင် မရနိုင်သည့် ပစ္စည်းများ ဘယ်လောက်တောင် ရှိနေသနည်း…

သူသည် သူ့ထံ၌ ရှိနေသည့် ပစ္စည်းတစ်ခုကို ထုတ်လာသည့် အချိန်တိုင်း လူများကို အချိန်အတော်ကြာ ကြောက်လန့် နေအောင် လုပ်နိုင်ခဲ့သည်။ ယခုအချိန်တွင် ဤမီးတောက်မျှသာ ဖြစ်၏။

အားလုံး၏ တွေးလိုက်မိသည်မှာ ဝမ်ရှန်းကိုသာ ဖိအားပေး လိုက်မည်ဆိုလျှင် မည်သည့် စွမ်းအားမျိုး ပေါ်ထွက် လာလိမ့်မည်နည်း…

သို့သော် မည်သူမှ ထိုအကြောင်းကို ဆက်မစဉ်းစားရဲကြပေ။ စဉ်းလည်း မစဉ်းစားချင်ကြပေ။ တစ်ညတာ မီးတောက်များကို တွေ့မြင် ဖြတ်ကျော်ပြီး နောက်တွင် ထိုအတွေးများ တွေးမိသည့် လူများသည် မတွေးသင့်သည့် အတွေးများအဖြစ် သတ်မှတ်ကာ ခေါင်းထဲမှ အမြန် ထုတ်လိုက်ကြ၏။

ဤအရိုင်းအစိုင်းသည် ဆူးငြောင့်ခလုတ် တစ်ခုဖြစ်သည်။ သူ့ကို သွားမထိဘူး ဆိုလျှင် သူ ပေါက်ကွဲမည် မဟုတ်ပေ။ သို့သော် သွားထိမည် ဆိုလျှင်ဖြင့် သူသည် အညှာအတာ ကင်းမဲ့စွာ ပေါက်ကွဲ ပေလိမ့်မည်။ မည်သူမှ ဝမ်ရှန်း ဥပမာအဖြစ် သုံးမည့် နောက်ထပ် သားကောင် မဖြစ်ချင်ပေ။

မနက်စောစောတွင် လူအချို့သည် ဝမ်ရှန်း၏ခြံဝင်း အတွင်း၌ ပွင့်လျက် ရှိနေသည့် အထုပ်ကို တွေ့သွားခဲ့ကြသည်။ ထိုအထုပ်များကို ဝမ်ရှန်းက တမင်သက်သက် ထားထားခြင်း၊ သို့မဟုတ် တစ်ယောက်ယောက်က တမင်သက်သက် ထားသွားခြင်း ဆိုသည်ကို သူတို့ မသိပေ။

သို့သော် ထိုအထုပ် အတွင်းမှ အရာများကို မြင်သည်နှင့် သူတို့ လိပ်ပြာလွင့်မတတ် ကြောက်လန့် သွားခဲ့ကြသည်။

အိတ်ထဲတွင် ခေါင်းငါးလုံး ရှိနေကာ သွေးများသည်ပင် ခြောက်နေပြီဖြစ်၏၊ သို့သော် သူတို့ မျက်နှာထက်မှ ကြောက်လန့်တကြား ဖြစ်နေသည့် အမူအရာများမှာ ရှိနေဆဲဖြစ်၏။

ပြူးကျယ်နေသည့် မျက်လုံးများနှင့် ကြောက်လန့်နေသည့် မျက်နှာ အမူအရာများက သူတို့သည် ထိတ်လန့် အံ့အားသင့်စရာ ကောင်းသည့် တစ်စုံတစ်ခုကို တွေ့မြင်ခဲ့ရဟန် ရှိသည်။ သို့သော် သူတို့သည် မအော်ဟစ် နိုင်ခင်မှာပင် ခေါင်းများ အဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

မည်သူက ဤကဲ့သို့ အလွန် လျင်မြန်စွာ လုပ်ဆောင်ခဲ့သနည်း။

ဤလူငါးယောက်သာ သာမန်လူများ ဆိုလျှင် ဝူရုံမြို့အတွင်းရှိှ မည်သူကမှ ဂရုစိုက်မည် မဟုတ်ပေ။ သူတို့သာ သာမန်လူများ ဆိုလျှင် မည်သူမဆို သူတို့ခေါင်းကို လျင်မြန်စွာ ဖြတ်တောက် ပစ်နိုင်ပေသည်။ သို့သော် ပြဿနာမှာ ဤလူငါးယောက်ထဲတွင် တစ်ဉီးတလေသော်မျှ သာမန်လူ မဟုတ်ခြင်းပင်။

ဝူရုံမြို့ အတွင်းတွင် တစ်ခဏတာ နေထိုင်ဖူးသည့် လူများသည်ပင် သူတို့ကို သိပေသည်။ ငါးယောက်ထဲတွင် သုံးယောက်သည် အဆင့်လေး ကြေးစားများဖြစ်ပြီး အဆင့်သုံး တစ်ယောက်နှင့် အဆင့်နှစ် တစ်ယောက်ပါသည်။

သူတို့၏ လုပ်ဆောင်ချက်မှာ လုပ်ငန်း မစခင်တွင် မည်သည့်အသံ၊ မည်သည့် သတိပေးချက်မှ မရှိ၊ ရုတ်တရက် သတ်ဖြတ်ခြင်းမျိုး ဖြစ်၏။ ဤငါးယောက်၏ လက်အောက်တွင် သေခဲ့ရသည့် လူများ ဒါဇင်ထက် မနည်းပေ။

သို့သော် နားလည်ရ ခက်စွာဖြင့် သူတို့ ငါးယောက်၏ ခေါင်းသည် ဝမ်ရှန်း၏ ခြံဝန်း အတွင်း၌ ရောက်နေခဲ့သည်။ ဤအရာက ဘာကို ဆိုလိုခြင်း ဖြစ်မည်နည်း…

“ဝမ်ရှန်းဘက်မှာ တစ်ယောက်ယောက် ရှိနေတယ်”

အင်ပါယာ ရတနာစံအိမ် အတွင်းတွင် လင်းအာ ယူလာသည့် ဆန်ပြုတ်ပူပူကို သောက်ကာ သူမ၏ သတင်း တင်ပြချက်ကို နားထောင်ရင်းဖြင့် လုဝမ်ဟုန်မှ တည်ငြိမ်စွာ ပြောလိုက်၏။

“ဟုတ်ပြီ”

“သူ့မှာ တခြားလူတွေ လိုချင်တဲ့ အချက်တွေ အများကြီး ရှိနေတာပဲ၊ ဘယ်သူက သူ့ကို ထိန်းထားနိုင်မှာတဲ့လဲ”

လင်းအာသည် သူမ ဝမ်ရှန်းအား စတွေ့သည့် အချိန်ကတည်းက အမြဲတမ်း ဝမ်ရှန်းအပေါ် အမြင်မကြည် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုလို အချိန်မျိုးတွင် သူမသည် ဝမ်ရှန်းအား ရှုတ်ချ ပြောရန် မမေ့ခဲ့ပေ။

လုဝမ်ဟုန် ပြုံးလိုက်၏။ လင်းအာသည် ဉာဏ်ကြီးရှင် တစ်ယောက် မဟုတ်ပေ။ သို့သော် သူမသည် ထူးချွန်ထက်မြက်၏။ သူ့ထက်ပိုပြီး လင်းအာ အကြောင်း သိသည့်လူ မရှိပေ။

နောက်ဆုံးအကြိမ် ဝမ်ရှန်းနှင့် စီးပွားရေး အကြောင်း ဆွေးနွေးပြီး နောက်တွင် သူမသည် ဘယ်လောက်တောင် ကြိုးစားခဲ့ကြောင်း၊ စာအုပ်တွေ အဘယ်မျှ ဖတ်ခဲ့ကြောင်းကို သူမကိုယ်သူမပင် မသိတော့ပေ။ ဝမ်ရှန်းအကြောင်း ပြောသည့် အချိန်တိုင်းတွင်လည်း သူမ၏ မျက်နှာသည် ရှုံ့မဲ့နေဆဲ ဖြစ်၏။

“သူ့ဆီမှာ ကောင်းတဲ့အရာတွေ အများကြီး ရှိနေလို့ ငါတို့ သူ့ကို ထိန်းထားလို့ မရတာပဲ…”

လင်းအာ ချက်ထားသည့် ဆန်ပြုတ်ကို လုဝမ်ဟုန်မှ တစ်ငုံချင်းစီ သောက်လိုက်သည်။ ဆန်ပြုတ်သည် ချိုပြီး နူးညံ့ကာ အရသာရှိလှ၏။

“ဟမ့်၊ အဲ့ဒါက ခိုးကြောင်ခိုးဝှက် လုပ်တာပဲ။ ဘယ်သူ လုပ်မှန်းတောင် မသိဘဲနဲ့ တခြားလူတွေက ဘယ်လိုလုပ် ကြောက်မှာလဲ။ ဝမ်ရှန်းကို သတ်တာက သူတို့ကို အခက်တွေ့စေမှာ မို့လို့လား”

လင်းအာသည် မကျေနပ် နိုင်သေးပေ။

“တကယ်တမ်းတော့ သေချာ တွေးကြည့်မယ် ဆိုရင် ဝူရုံမြို့ တစ်ခုလုံးကို ဗြောင်းဆန် သွားအောင် လုပ်နိုင်တဲ့ ဝမ်ရှန်းဆီမှာ ရှိတဲ့အရာတွေ အတွက် အထက်တန်းလွှာ မိသားစုတွေက ဝမ်ရှန်းကို သတ်ဖို့ ထိုက်တန်လို့လား”

“သူက ကျိုးပျက်တဲ့ ဝိညာဉ်ကို ပထမအဆင့် ဝိညာဉ်သခင် တစ်ယောက် ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ သိတယ်မလား”

သူမ သခင်လေးက သူမအား စမ်းသပ်နေခြင်း ဖြစ်ကြောင်းကို နားလည်ကာ လင်းအာမှ ဂုဏ်ယူစွာ ပြောလိုက်၏။

“ဒီတစ်ချက်တည်းနဲ့တင် အဓိက မိသားစုက လူတွေက သူ့ကို လိုက်သတ်ဖို့ လုံလောက်နေပြီ”

“သေချာ တွေးကြည့်ပါဦး၊ အဲ့နည်းလမ်းက တကယ်ပဲ နည်းလမ်းအမှန် ဟုတ်လို့လား”

လုဝမ်ဟုန် ဆန်ပြုတ်ကို သောက်ကုန် သွားကာ လင်းအာ လက်တွင်းမှ လက်ကိုင်ပဝါကို ယူ၍ ပါးစပ်အား သုတ်လိုက်သည်။ ထို့နောက် ပြုံး၍ –

“မင်းသာ ဆိုရင်ရော အဲ့လို လုပ်မှာလား”

“ဒါပေါ့…”

လင်းအာမှ ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။

“သခင်လေးကြောင့်သာ မဟုတ်ဘူးဆိုရင်၊ လင်းအာ အရင်ကတည်းက သူ့ကို သင်ခန်းစာ ပေးပြီးသွားပြီ”

“ရူးမိုက်လိုက်တဲ့ ကောင်မလေး…”

လုဝမ်ဟုန် လင်းအာ၏ ခေါင်းအား ညင်သာစွာ ပုတ်လိုက်သည်။ ထို့နောက် လေးနက်စွာ ပြောလိုက်၏။

“အစတုန်းကတော့ သူတို့လည်း အဲ့လိုပဲ တွေးမှာပဲ။ ဒါပေမယ့် အခု သူတို့ အသိတရား ရသွားပြီ။ ဒီလိုရူးမိုက်တဲ့ အရာမျိုးကို ဘယ်တော့မှ နောက်တစ်ခေါက် ထပ်လုပ်တော့မှာ မဟုတ်ဘူး”

“ဘာလို့လဲ”

လင်းအာသည် အဓိကအချက်ကို နားမလည် နိုင်သေးပေ။

“ပထမဆင့် ဝိညာဉ်သခင် အယောက် တစ်ရာထက် ပဥ္စမအဆင့်နဲ့ ဆဌမအဆင့် ဝိညာဉ်သခင်တွေက မိသားစုတစ်စု အတွက် အရေးပါတယ်လို့ မင်း ပြောခဲ့တယ်မလား”

လုဝမ်ဟုန်မှ မေးလိုက်၏။

“အင်းလေ၊ ဟုတ်တယ်လေ…”

လင်းအာမှ တွန့်ဆုတ်မှုမရှိ ပြန်ဖြေလိုက်သည်။

“ပထမအဆင့် ဝိညာဉ်သခင် တစ်ထောင်လောက်က ပဥ္စမအဆင့်နဲ့ ဆဌမအဆင့် ဝိညာဉ်သခင်တွေရဲ့ ပြိုင်ဘက်ဖြစ်လာမှာ မဟုတ်ဘူး…”

***

Comment

Leave a Reply

Options

not work with dark mode
Reset