Switch Mode

Chapter – 107

အခြားလက်ဆောင် (၂)

အပိုင်း ၁၀၇
အခြားလက်ဆောင် (၂)

ပြောရမည် ဆိုလျှင် ဤကမ္ဘာ အတွင်းတွင် တော်ဝင် မိသားစုသည် အလွန်ကို အရှက်အကြောက် ကြီးမားကြပေသည်။ ဝမ်ရှန်း ဤကမ္ဘာသို့ စရောက်သည့် အချိန်မှစ၍ လူအချို့လောက်ကသာ တော်ဝင်မိသားစု အကြောင်းနှင့် တရားရုံးအကြောင်း ပြောကြသည်ကို ကြားဖူးခဲ့၏။

သူနေထိုင် ရောက်ရှိခဲ့သည့် နေရာတို့တွင် ထိုနေရာ၌ မည်သည့် မိသားစု အသိုင်းအဝိုင်းက အရှိန်အဝါ သြဇာအာဏာ မည်မျှပင် ကြီးမားသည် စသည့် အထက်တန်းလွှာ မိသားစု အသိုင်းအဝိုင်း အကြောင်းကိုသာ ကြားရလေ့ရှိသည်။

ဤကမ္ဘာတွင် တော်ဝင်မိသားစု ရှိသည်ဟု မည်သူမှ မပြောကြပေ။ အထက်တန်းလွှာ မိသားစု၏ အမြင်တွင် တော်ဝင် မိသားစုသည် အရေးမပါသည့် ရုပ်သေးရုပ်များထက် မပိုချေ။

ဝမ်ရှန်း သိရသလောက်ဆိုလျှင် တိုင်းပြည် အတွင်း၌ တော်ဝင်မိသားစု၏ ထိန်းချုပ် နိုင်ခွင့်သည် အလွန် နည်းပါးလှ၏။ တိုင်းပြည်၏ ၆၀ ရာခိုင်နှုန်းကို အဓိက အင်အားစု ငါးခုမှ ဦးဆောင်သည့် မြင့်မြတ်သော မိသားစုများမှ ထိန်းချုပ်ထားနေခြင်း ဖြစ်သည်။

အဓိက မိသားစု ငါးခုအပြင် ဒုတိယတန်းစား မိသားစုများလည်း များစွာရှိကာ သူတို့သည် ကျန်သည့် ၃၀ ရာခိုင်နှုန်းကို ထိန်းချုပ်ကြ၏။

ထို့အပြင် အထက်တန်းလွှာများနှင့် တော်ဝင်မိသားစုများမှ ထိန်းချုပ်ခြင်း မဟုတ်သည့် ဝူရုံမြို့ ကဲ့သို့သော နေရာများလည်း ရှိသေးပေသည်။ ကျန်သည့် ၁၀ ရာခိုင်နှုန်းတွင် ဤကဲ့သို့သော နေရာများသည် တစ်ဝက်ရှိ၏။

တကယ့် တော်ဝင် မိသားစုသည် နောက်ဆုံး ကျန်သည့် ၅ ရာခိုင်နှုန်းခန့်ကိုသာ  ထိန်းချုပ် နိုင်ပေသည်။ ထို ၅ ရာခိုင်နှုန်းသည်လည်း သူတို့၏ အင်ပါယာမြို့တော် တစ်ဝိုက်သာဖြစ်၏။

တော်ဝင်မိသားစုသည် အထက်တန်းလွှာ မိသားစု၏ လက်အောက်၌ ရှိနေသည်ဟုပင် ပြော၍ ရပေသည်။ တော်ဝင် မိသားစုတွင် အမှန်ပင် လုပ်ပိုင်ခွင့် မရှိချေ။ အထက်တန်းလွှာ မိသားစုများသည် အားလုံးအတွက် ဟန်ချက်ညီအောင် သူတို့ကို အသုံးချခံများ အဖြစ် တော်ဝင်မျိုးနွယ်ဟု သတ်မှတ် ပေးထားခြင်း ဖြစ်သည်။

အမျိုးမျိုးသော နေရာများမှ အစိုးရ အုပ်ချုပ်မှုများတွင် အထက်တန်းလွှာ မိသားစုများ၏ သက်ဆိုင်ရာ မိသားစု အသီးသီးမှ လူများသည်သာ စီစဉ်ကွပ်ကဲ နေလေ၏။

ထို့ကြောင့် ပြောရမည်ဆိုလျှင် တော်ဝင်မျိုးနွယ်၏ အမိန့်ဥပဒေသည် အင်ပါယာမြို့တော် အတွင်း၌သာ တည်မြဲခြင်း ဖြစ်သည်။

ဝမ်ရှန်းသည် ဤအခြေအနေနှင့် တူညီသည့် အခြေအနေမျိုးကို ကမ္ဘာမြေပေါ်၌လည်း မြင်တွေ့ခဲ့ဖူး၏။ တရုတ် သမိုင်းကြောင်းတွင် နှစ်ပေါင်း ထောင်နှင့်ချီ သက်တမ်းရှိသည့် ဤကဲ့သို့သော ကလန်မျိုး တစ်ခု ရှိခဲ့ဖူးသည်။

ထင်ထောက်ကျုံးနှင့် လီရှဲ့မင်တို့ အင်အား ကြီးမားလာသည့် အချိန်တွင် ခွန်အား ကြီးမားသည့် ဘုရင်သည် ကလန်ငါးခု၊ မျှော်လင့်ခြင်း ခုနစ်ပါးတို့နှင့် စေ့စပ်ညှိနှိုင်းခဲ့ရသည်။

သို့ဖြစ်လေရာ ဤကမ္ဘာကြီး အတွင်းတွင် ဤအခြေအနေသည် မဖြစ်နိုင်သည့် အရာမဟုတ်၊ ဖြစ်နိုင်ပေသည်။

ဝမ်ရှန်းသည် တော်ဝင်မိသားစု အပေါ်သို့ မကောင်းသည့် ခံစားချက်များ မရှိပေ။ ထို့အတူ ကောင်းမွန်သည့် ခံစားချက်လည်း ရှိမနေချေ။

သို့သော် ယခုအချိန်တွင် တော်ဝင်နန်းတော်မှ မိန်းမစိုး တစ်ယောက်က သူ့အိမ်ရှေ့ တံခါးဝသို့ ရောက်ချလာခဲ့၏။ သူဆီ၌ မည်သည့် ရည်ရွယ်ချက် ရှိနေသနည်း။

“မင်း ခန့်မှန်းနိုင်ခဲ့ပြီ ဆိုမှတော့ ငါလည်း ဟန်ဆောင် မနေတော့ပါဘူး”

မိန်းမစိုးမှ ပြောကာ အရှေ့သို့ တက်လာ ခဲ့လိုက်သည်။ ဝမ်ရှန်း၏ မျက်လုံးရှေ့တွင် သူ၏ ရှင်းလင်းသည့် အပြင်ပန်း ကောက်ကြောင်းပုံစံ ထွက်ပေါ် လာခဲ့လေ၏။

“ငါ့နာမည်ကတော့ ပြောဖို့မတန်လို့ မပြောတော့ဘူး။ ဒါပေမယ့် ငါ မင်းကို သိစေချင်တာ ရှိတယ်။ မင်း ဂျင်ဒီနယ်မြေထဲထိ လိုက်သတ်ခံရတဲ့ အချိန်တုန်းက ငါတို့ တော်ဝင် မိသားစုက မင်းနောက်ကို လိုက်သတ်တဲ့ထဲမှာ မပါတဲ့ တစ်ခုတည်းသော အင်အားစုပဲ”

“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်ဗျာ…”

ဝမ်ရှန်းသည် ကျေးဇူးတင် စကား ပြောလိုက်၏။ သို့သော် သူ၏မျက်နှာ ထက်တွင် ကျေးဇူးတင်သည့် အရိပ်အယောင် နည်းနည်းမျှ မရှိနေပေ။

“ဒါပေါ့၊ ပြီးတော့ အဲ့ကိစ္စကို ငါတို့ ဘယ်လောက်ပဲ ပြောပါစေ ဘာမှ အကျိုးဝင်မှာ မဟုတ်ဘူး ဆိုတာကိုလည်း ငါတို့ တော်ဝင်မိသားစုက သိတယ်”

ဝမ်ရှန်း၏ သဘောထားက အခြားသူများနှင့် မတူကြောင်းကို ထိုမိန်းမစိုး မသိပေ။ သူသိသည်က တစ်နိုင်ငံလုံးမှ တော်ဝင်မိသားစု အပေါ်ထားသည့် သဘောထားက အတူတူပဲ ဆိုတာပင်ဖြစ်၏။

“ဒီနေ့ ဒီကို လာရတာရဲ့ အဓိက ရည်ရွယ်ချက်က တော်ဝင် မိသားစုက ဘယ်တော့မှ မင်းရန်သူ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ မင်းကို သိစေချင်လို့၊ အဲဒါပဲ။ အခုဖြစ်ခဲ့တဲ့ ကြောက်စရာ ကောင်းတဲ့ ကိစ္စမျိုးကို တော်ဝင်နန်းတော် အပေါ် ဘယ်တော့မှ မသုံးဖို့ မျှော်လင့်ပါတယ်”

“ဘာအကြောင်း ကိစ္စမှ မရှိဘဲနဲ့ ကျုပ်က လူတွေကို ရန်လိုက်စချင် နေတယ်လို့ ထင်နေတာလား”

ဝမ်ရှန်းမှ ခါးသီးစွာ ပြုံးလိုက်သည်။

“အဲ့လိုမှ မလုပ်ရင် တခြားလူတွေက ကျုပ်ကို ကိုင်တွယ်ရ လွယ်တယ်လို့ ထင်သွားလိမ့်မယ်။ အဲဒါကြောင့် ကျုပ်မှာ ရွေးစရာမရှိဘူး”

“တော်ဝင် မိသားစုက ဘယ်တော့မှ မင်းကို တွန်းအားပေးဖို့ ကြိုးစားမှာ မဟုတ်ပါဘူး”

ထိုမိန်းမစိုးသည် ထရပ်ကာ ဝမ်ရှန်းအား ပြုံးပြလိုက်ပြီး –

“မင်း အင်ပါယာ မြို့တော်ကို လာလည်ဖို့ အခွင့်အရေး ရှိတယ်ဆိုရင် ငါတို့မိသားစုက မင်းကို လက်ဖက်ရည်သောက် ဖိတ်ချင်ပါတယ်”

ထို့နောက် မိန်းမစိုးသည် တံခါးဘက်သို့ ခြေနှစ်လမ်း ဦးတည် သွားလိုက်သည်။ တံခါးနား ရောက်သည်နှင့် သူ၏ပုံရိပ်သည် ရုတ်ခြည်း ပျောက်ကွယ် သွားတော့၏။ သူ ဘယ်လို ပျောက်ကွယ် သွားသည်ကို ဝမ်ရှန်းသည် သူ၏အမြင် အာရုံဖြင့်ပင် မကြည့်နိုင်ခဲ့ပေ။

သို့သော် လူက ပျောက်သွား သော်လည်း သူ၏အသံက ထွက်ပေါ် လာနေဆဲဖြစ်၏။

“ငါ မင်းအတွက် လက်ဆောင်တစ်ခု ချန်ထားခဲ့တယ်၊ မင်းအိမ်ကို မပြောဘဲ ဝင်မိတဲ့ အနေနဲ့ တောင်းပန်တာလို့ သဘောထားလိုက်။ မင်း လိုချင်တယ်ဆိုရင် အဲ့ပစ္စည်းက မင်းတံခါးရဲ့ ညာဘက်မှာ ရှိတယ်။ မလိုချင်ဘူး ဆိုရင်တော့ မီးသာ ရှို့ပစ်လိုက်”

ထိုအသံ ထွက်ပေါ် လာပြီးနောက် ထိုမိန်းမစိုးမှာ လုံးဝ အပြည့်အဝ ပျောက်ကွယ် သွားတော့သည်။

ထိုအချိန်မှသာ ဝမ်ရှန်း စိတ်သက်သာရာရစွာ သက်ပြင်း ချလိုက်‌‌တော့၏။ စိတ်ကို လျှော့ချ လိုက်သည်နှင့် သူ၏ခန္ဓာကိုယ် တစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်သွားကာ လူသည်လည်း အနည်းငယ် အားနည်း သွားသည်ဟု ဝမ်ရှန်း ခံစားလိုက်ရသည်။

ယခုတွင် ဝမ်ရှန်းသည် ထိတ်လန့်တကြား ဖြစ်နေသည့် လေသံဖြင့် မပြောခဲ့သော်လည်း သူသည် အင်အား ကြီးမားသည့် ရန်သူနှင့် ရင်ဆိုင်ရသည့် အချိန်တိုင်း သူ၏ အတွင်းစိတ်၌ စိုးထိတ်မှုများ ဖြစ်ပေါ်တတ်၏။

ဤကဲ့သို့ နီးကပ်သည့် အကွာအဝေးတွင် အရေးကြုံပါက ပစ္စတို ၁၇ ကို ထုတ်ရန်ပင် အခွင့်အရေး ရနိုင်ပါ့မလားဟု ဝမ်ရှန်း သံသယ ဝင်မိပေသည်။ နောက်ဆုံး၌ ထိုမိန်းမစိုး ပြုမူခဲ့သော အလျင်နှင့်ဆိုလျှင် သူသည် လက်ညှိုးလေး တစ်ချက် ကွေးဖို့ပင် မသေချာ လောက်ပေ။

ထိုမိန်းမစိုးသည် အမှန်တကယ်ကို ကြောက်စရာ ကောင်းလှ၏။ သူသည် ပုံမှန်မဟုတ်သည့် မည်သည့် အရာကိုမှ မလုပ်ခဲ့သည့်တိုင် ပုံမှန်လေသံဖြင့်သာ ပြောခဲ့လေသည်။ သို့သော်လည်း ဝမ်ရှန်းသည် သူ ဂျင်ဒီနယ်မြေ အတွင်း၌ အထီးကျန် ဝံပုလွေနှင့် ရင်ဆိုင်စဉ်ကထက် ၁၀ ဆ မက ပိုမို ရှိန်စရာကောင်းသည့် ရန်သူနှင့် ရင်ဆိုင်လိုက် ရသည်ဟု ခံစားနေရသည်။

ထိုသူ၏ အော်ရာသည် အလွန် သိပ်သည်းလှ၏၊ အာရုံထားလျက် သတိမရှိခဲ့လျှင် ထိုအော်ရာကို သတိပြုမိမည် မဟုတ်ပေ။ သို့သော် ဝမ်ရှန်းမှ သတိထားမိခဲ့၏၊ ထိုမိန်းမစိုး၏ အော်ရာကို သတိပြုမိသည်နှင့် ထိုလူက သူ့ကို သတ်သွားနိုင်သည်ဟုလည်း ဝမ်ရှန်း တွေးမိသွားသည်။

သို့သော် ထိုမိန်းမစိုးမှ တော်ဝင်မိသားစု၏ ရည်ရွယ်ချက်ကို ပြောလာသည့် အချိန်တွင် ဝမ်ရှန်း စိတ်သက်သာရာ ရသွားခဲ့သည်။ ဟုတ်ပါသည်၊ တော်ဝင် မိသားစုသည် အလွန်ပင် သိုသိပ်လှ၏၊ သူတို့သည် သူတို့က ဝမ်ရှန်း၏ ရန်သူ မဖြစ်ချင်ကြောင်း ပြောခြင်းဖြင့် ဝမ်ရှန်းအား အပြည့်အဝ မျက်နှာသာပေးခြင်း ဖြစ်သည်ဟု ပြော၍ရ၏။

ဤကဲ့သို့ စွမ်းအား ကြီးမားသည့် ဝိညာဉ်သခင်ပင်လျှင် တော်ဝင်မိသားစု၏ အမှန်တကယ် မိန်းမစိုး တစ်ယောက်သာ ဖြစ်၏။ တော်ဝင်မိသားစုတွင် ဤကဲ့သို့သော မိန်းမစိုးများ မည်မျှ ရှိမည်ကို ဝမ်ရှန်း သိချင် သွားမိသည်။

သို့သော် ဤကဲ့သို့ ခွန်အား ကြီးမားသည့် အတွင်းအစေခံ ရှိနေလျက် တော်ဝင်မိသားစုသည် သေမတတ် ဖိနှိပ်ခံထားရဆဲ ဖြစ်သည်။ ဤအရာသည် ထိုအထက်တန်းလွှာ မိသားစုများ အဘယ်မျှ ကြောက်စရာ ကောင်းကြောင်း သက်သေ တစ်ခုပင်တည်း။

အထက်တန်းလွှာ မိသားစုများသည် ယခင်က သူတို့၏ လုပ်ဆောင်မှုများတွင် သူတို့ ခွန်အားကို အပြည့်အဝ မထုတ်ပြခဲ့ဟု ပြော၍ ရပေသည်။

ဝမ်ရှန်း၏ အိမ်တံခါး ညာဘက်တွင် အထုပ်တစ်ထုပ် အမှန်တကယ် ရှိနေ၏။ ခြံအတွင်းသို့ ဝင်စဉ် ကတည်းကပင် ဝမ်ရှန်း ထိုအထုပ်ကို မြင်ပေသည်။ အမြဲတမ်း သတိထား နေရသည့် စနိုက်ပါသမား တစ်ယောက် အနေဖြင့် ဤကဲ့သို့ သိသာလှသည့် နေရာတွင် တစ်ခုခု ရှိနေသည်ကို ချက်ချင်း နီးပါး သတိပြုမိခဲ့သည်။

ဝမ်ရှန်း သက်ပြင်း ရှိုက်ကာ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်၏၊ ထို့နောက် တံခါးနားသို့ သွားကာ အထုပ်ကို ကောက်ယူ လိုက်သည်။ အထုပ်ကို ကိုင်မိလိုက်သည်နှင့် ဝမ်ရှန်းသည် တစ်ခုခုကို သိသွားကာ သူ၏မျက်နှာထက်တွင် ခြောက်သွေ့သည့် အပြုံးတစ်ခု နောက်တစ်ကြိမ် ဖြစ်ပေါ်လာခဲ့တော့၏။

သူ့အား လက်ဆောင် ပေးသည့် လူများ အားလုံးသည် မည်သည့် အတွက်ကြောင့် ဒီလောက်ထိ သဘောကောင်း နေကြရသနည်း။ ကြည့်ရသည်မှာ အားလုံးသည် သူ့အား မပြောဘဲ အလိုလို နားလည်နိုင်စွမ်း ရှိကြဟန်ရှိ၏။ ယခု သူပေးသွားသည့် လက်ဆောင်မှာ ခေါင်းပြတ်များသာ ဖြစ်သည်။

ဤခေါင်းများ၏ ပိုင်ရှင်များကို ဝမ်ရှန်း မသိပေ။ သို့သော် မိန်းမစိုး ပြောခဲ့သည့် စကားတို့ကို ထောက်ချင့်ကြည့်ပါက ဤခေါင်းပိုင်ရှင်တို့သည် လူပေါင်းများစွာ၏ ခေါင်းများကို ခေါင်းကြိမ်းအောင် လုပ်နိုင်သည့် အရေးပါသော လူအချို့၏ ခေါင်းများ ဖြစ်ရပေမည်။

တစ်ချက် စဉ်းစားပြီးနောက် ဝမ်ရှန်းသည် ထိုခေါင်းများကို မိန်းမစိုး ပြောခဲ့သည့် အတိုင်း မီးမရှို့ခဲ့ပေ။ ခေါင်းများကို မီးရှို့လိုက်ခြင်းက ပြဿနာ များစွာကို ပြေလည် သွားစေနိုင်သော်လည်း အပြင်သို့ ထုတ်ထား လိုက်မည်ဆိုလျှင် တခြား ပြဿနာများ ပို၍နည်းချင် နည်းသွားနိုင်ပေသည်။

ဝမ်ရှန်း ထိုခေါင်းများကို သေချာပင် မကြည့်ခဲ့ပေ။ သူသည် အိတ်ကို တံခါး အပြင်ဘက်သို့ သယ်သွားကာ ဖြေချလိုက်၏။ ခေါင်းများသည် သူ၏ခြံဝန်း တံခါးဝရှေ့သို့ လိမ့်ကျ သွားတော့သည်။

ထို့နောက် ဝမ်ရှန်းသည် သူ၏အခန်းထဲသို့ ပြန်လာကာ အိပ်ရာပေါ်၌ လှဲချလိုက်သည်။ တစ်ခဏ အနားယူပြီးနောက် သူသည် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး မျက်လုံးများ မှိတ်လိုက်၏။

မနက်ဖြန်တွင် ဝူရုံမြို့သည် အလွန်ကို သက်ဝင်စည်ကား ပေလိမ့်မည်။ ဝမ်ရှန်းသည် ထိုအရာကို စိတ်လှုပ်ရှားစွာ စောင့်မျှော် နေလိုက်၏။ အချို့လူများ၏ မျက်နှာများကို မြင်ရရန် အတွက်လည်း သူ စိတ်လှုပ်ရှား နေပေသည်။ မနက်ဖြန်၌ ဖြစ်ပျက်မည့် အရာများသည် အတော်ကို စိတ်ဝင်စားစရာ ကောင်းပေလိမ့်မည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset