အပိုင်း ၁၀၆
အခြားလက်ဆောင် (၁)
ဤလူများ ဘာတွေးနေမလဲ ဆိုသည်ကို ဝမ်ရှန်း ဂရုမစိုက်ပေ။ သူသည် မီးလောင်ဗုံးကို ပစ်ထည့် ပြီးသည်နှင့် တစ်ဖက်သို့ လှည့်ကာ ထွက်ပြေးခဲ့၏။ အဘယ်ကြောင့်ဆိုသော် အထဲမှ လူတစ်ယောက်ယောက်မှာ ပြေးထွက်လာခဲ့ပြီး မီးပွားများ သူ့ပေါ်သို့ မတော်တဆ လွင့်စင်လာမည် စိုးသောကြောင့် ဖြစ်သည်။
တကယ်တမ်းမှာမူ ဝမ်ရှန်း ကိုယ်တိုင်ပင် ဤမီးတောက်များ စွဲကပ် လောင်ကျွမ်းခံမည် ဆိုလျှင် သူသည်လည်း ဘာမှမလုပ်နိုင်ပေ။ သူ့ကိုယ်၌သာ မီးတောက်များ စွဲသွားမည် ဆိုပါက သူသည် အစောပိုင်း၌ သူ့အသားကိုယ်သူ ဓားဖြင့် လှီးထုတ်ခဲ့သည့် လူကဲ့သို့ပင် ပြဿနာကို ဖြေရှင်းရန် အတွက် မီးလောင်နေသည့် အပိုင်းကို ပိုင်းဖြတ် ပစ်ရပေမည်။
အသားများ ကုန်သည်အထိ လောင်ကျွမ်းသွားသည့် လူအတွက်မူ သူသည် သူ၏ဝိညာဉ်အဆင့် မြင့်မားမှုနှင့် ကိုယ်ခန္ဓာ ကြံ့ခိုင်သန်မာမှု တို့ကြောင့် သေတော့ မသေနိုင်ပေ။ သို့သော် ထိုကဲ့သို့ ဆိုလျှင်ပင် သူသည် ထိုအပိုင်းကို သေချာပေါက် ဖြတ်ထုတ် ပစ်ရမည်ဖြစ်၏။ လောင်ကျွမ်း သွားသည့် မီးတောက်သည် အလွန် အရှိန်ပြင်းကာ စွဲလောင်နေသည့် အပိုင်းကို ချက်ချင်း မဖြတ်ထုတ်ပစ်လျှင် ထိုအရာသည် အရိုးများထိတိုင် လောင်ကျွမ်း သွားပေလိမ့်မည်။
မီးလောင်ဗုံး ပစ်ခဲ့ပြီး ချက်ချင်း ထွက်ပြေးသွားသည့် ဝမ်ရှန်းသည် ဤအဖြစ်အပျက် မြင်ကွင်းတို့ကို အစမှအဆုံးထိ မမြင်လိုက်ရပေ။
မီးလောင်ဗုံးကို လက်ဗလာဖြင့် ဖမ်းလိုက်သည့် လူသည် လင်ဘ ဖြစ်၏။ လင်ဘသည် သူ ထိုဗုံးကို ဖမ်းလိုက်သည့် အချိန်တွင် သူ့လုပ်ရပ် မှားယွင်းသွားပြီ ဖြစ်ကြောင်း နားလည်လိုက်သည်။ သို့သော် အလွန် နောက်ကျသွားပြီ ဖြစ်၏။
လင်ဘသည် မီးတောက်များကြောင့် သူ၏ခန္ဓာကိုယ်ကို မထိခိုက်စေရန် စတုတ္ထအဆင့် အထွတ်အထိပ်၏ ဝိညာဉ်ချီ အကာအကွယ်ကို ချက်ချင်း အသုံးပြုလိုက်၍ရ၏။ သို့သော် မီးလောင်ဗုံး ပေါက်ကွဲမှု၏ အလယ်တွင် သူသည် အပူချိန် ၁၅၀၀ ဒီဂရီဆဲလ်စီယပ်၏ အပူရှိန်ကို ခံနိုင်မည် မဟုတ်ပေ။ သေမျိုးတစ်ယောက်၏ ခန္ဓာကိုယ် မဆိုထားနှင့် ဤအပူရှိန်သည် သံမဏိကိုပင် အရည်ပျော်အောင် လုပ်နိုင်ပေသည်။
သေချာ အနှေးပြကွက်သာ ရှိမည်ဆိုလျှင် လင်ဘ၏ နောက်လိုက်များသည် စတုတ္ထ အထွတ်ထိပ်အဆင့် ဝိညာဉ်သခင် ဖြစ်သည့် သူတို့ခေါင်းဆာင်သည် မီးတောက် အတွင်းရှိ ဖယောင်းတိုင် တစ်တိုင်နှင့် တူခဲ့ကြောင်းကို မြင်ကြရပေလိမ့်မည်။
ထို့နောက် ထိုဖယောင်းတိုင်သည် ပျော့ပျောင်းသည့် ဖယောင်းရည်အဖြစ် ပြောင်းလဲသွားကာ မျက်စိတစ်မှိတ် အတွင်းမှာပင် ဖယောင်းအရည်သည် စတင် အငွေ့ပြန်ပြီး ချက်ချင်းပင် အစအနမကျန် ပျောက်ကွယ် သွားကြောင်းကိုလည်း မြင်ကြရပေလိမ့်မည်။
ကြောက်စရာ ကောင်းသည့် မီးတောက်သည် ကုန်လှောင်ရုံ အတွင်းရှိ စားပွဲခင်းနှင့် အိပ်ရာခင်းများ၌ စွဲငြိသွားခဲ့သည်။ အချိန်မီ အပြင်သို့ ပြေးထွက် နိုင်ခဲ့သည့် လူခုနစ်ယောက် ရှစ်ယောက်ခန့်မှလွဲ၍ ကျန်သည့် လူများအားလုံးသည် မြင့်မားသည့် အပူရှိန်နှင့် သိပ်သည်းသည့် မီးခိုးငွေ့များကြောင့် ချက်ချင်းပင် နေရာ၌ သေဆုံးခဲ့ကြရ၏။
ဟုတ်ပါသည်၊ အပြင်သို့ ထွက်ပြေးနိုင်ခဲ့သည့် လူများသည်လည်း အသက်မရှင်ခဲ့ပေ၊ နာကျင်စွာဖြင့် နောက်ဆုံး၌ သေဆုံးခဲ့ကြရသည်သာ…
မီးတောက်များသည် အလွန် ကြီးမားကာ မြို့နေလူထု တစ်ဝက်လောက်ကို ထိတ်လန့် သွားစေခဲ့၏။ စိတ်ဝင်စားသည့် လူများသည် ထိုနေရာ၌ ဘာဖြစ်နေတာလဲ ဆိုတာကို စူးစမ်းလိုက်ကြသည်။ သို့သော် ဆူညံပွက်လော ရိုက်နေသည့် လူအုပ်ကြီးကြားတွင် လူဘယ်နှယောက် လောက်ကများ မှန်မှန်ကန်ကန် ပြောနိုင်ပါမည်နည်း။
ဝမ်ရှန်းသည် မြစ်ကမ်းပါး၌ တစ်ခဏ လမ်းလျှောက်ကာ သူကိုယ်၌ ထိုမီးတောက်များ မစွဲငြိကြောင်း သေချာအောင် စစ်ဆေးလိုက်၏။ ထို့နောက်မှာမှ သူ၏ခြံဝန်းငယ်ဆီသို့ လျှောက်သွား လိုက်သည်။
ဝမ်ရှန်းသည် သူ့အား အနိုင်ကျင့်ခဲ့သည့် လူများကို သင်္ဂြိုဟ်စရာ အလောင်းပင် ကောက်မရအောင် သတ်ပစ်ခဲ့သည်။ သူ့ကိုယ်သူ မှန်သည်ဟုလည်း သူ မတွေးပေ။
သို့သော် သူ့အသက်ကို ရန်ရှာချင်နေသည့် ဤသူတို့ သေသင့်ပေသည်။ ကမ္ဘာပေါ်တွင်သာ ဆိုလျှင် သူသည် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှု ခံရမည်ဖြစ်ကာ တင်ပြချက်များစွာ ရေးသားရတော့မည် ဖြစ်၏။
သို့ရာတွင် ဤကမ္ဘာတွင် ထိုကဲ့သို့ ကိစ္စများ မရှိချေ။ တစ်ခုတည်းသော နှမြောစရာမှာ သူ၏လက်ကျန် နောက်ထပ် မီးလောင်ဗုံး တစ်လုံးကို အသုံးပြုလိုက်ရခြင်း ဖြစ်သည်။
ကမ္ဘာပေါ်မှ ယူလာသည့် ပစ္စည်းများသည် တစ်ခုဆိုလည်း တစ်ခုပင်။ သို့ရာတွင် ယခုအချိန်၌ ဝမ်ရှန်းမှာမူ ထိုပစ္စည်းများကို မသုံးချင်သေးပေ။ အချို့ပစ္စည်းများမှာ မလိုအပ်သေးလျှင် သိမ်းထားခြင်းက အကောင်းဆုံးပင် ဖြစ်၏။
ဝမ်ရှန်း ယခု ပြုလုပ်လိုက်သည့် အရာသည် အခြားလူများအတွက် အဟန့်အတား အချက်ပြမှု သင်္ကေတ တစ်ခုသာ ဖြစ်သည်။
ဝမ်ရှန်းသည် သူ့ဘက်မှစ၍ ပြသနာရှာမည် မဟုတ်။ သို့သော် တစ်ယောက်ယောက်က သူ့အား ပြဿနာ လာရှာမည်ဆိုလျှင် ထိုလူများမှာ သူ၏ပြင်းထန်သည့် ပြန်တန် တိုက်ချက်များကို ခံနိုင်မခံနိုင်ကို သူ စမ်းသပ် ရပေလိမ့်မည်။
ဝမ်ရှန်း သူ့ခြံအတွင်းသို့ ဝင်တော့မည့် အချိန်အထိ သူ့နောက်သို့ လိုက်လာသည့် လူများ တစ်ယောက်မှ မရှိတော့ပေ။ လင်ဘနှင့် အခြားသူများ၏ အဖြစ်အပျက်များကို မြင်ပြီးနောက် ဝမ်ရှန်းအား စောင့်ကြည့် နေကြသည့် လူများသည် ဘယ်လိုလုပ် ဝမ်ရှန်းနောက်သို့ ဆက်လိုက် ရဲတော့မည်နည်း။
လူမသိသူမသိ သတ်ခံလိုက်ရမည့် အဖြစ်မျိုးကို မည်သူမှ မလိုချင်ပေ။ ထို့အပြင် ယခုအချိန်သည် သူတို့သည် သူတို့နှင့် သက်ဆိုင်သည့် အင်အားစု အသီးသီးထံသို့ ပြန်သွားပြီး ခေါင်းဆောင်အား သတင်း တင်ပြခြင်းကိုသာ ပို၍ လုပ်သင့်ပေသည်။
အိမ်အနီးသို့ ရောက်သည်နှင့် ဝမ်ရှန်းသည် ညကြည့် မှန်ပြောင်းကို သိုလှောင် လက်စွပ်ထဲမှ ထုတ်ယူကာ သူ၏ခြံဝန်း အတွင်းသို့ လှမ်းကြည့် လိုက်သည်။ ထို့နောက် သူ၏ မျက်နှာထက်တွင် ခပ်ယဲ့ယဲ့ အပြုံးတစ်ခု ပေါ်လာခဲ့၏။
သူအိမ်၏ အိမ်ဧည့်ခန်း အတွင်းတွင် လူတစ်ယောက်သည် စားပွဲရှေ့ ထိုင်ကာ အေးအေးလူလူပင် လက်ဖက်ရည် သောက်နေလေ၏။ သူသည် အခြားလူ တစ်ယောက်၏ အိမ်အတွင်းသို့ ချိုးဖျက် ဝင်ရောက်သည်နှင့် လုံးဝကို တူမနေပေ။
ဝမ်ရှန်းမှာ ဂျင်ဒီတားမြစ် နယ်မြေရှိစဉ် ညအဝေးကြည့် မှန်ပြောင်းကို အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့ရပြီး မှန်ပြောင်း၏ လက်ကျန်အားသည် ကုန်သွားပြီဖြစ်၏။ ယခုအချိန်တွင် သူ၏မှန်ပြောင်းမှာ သာမန်မှန်ပြောင်း တစ်လက်သာ ဖြစ်၏။
မှန်ပြောင်းကို သိမ်းကာ ဝမ်ရှန်း ခြေဖော့ပြီး ခြံဝန်းအတွင်းသို့ ဝင်သွားလိုက်သည်။ သို့သော် သူသည် အခန်းအတွင်းသို့ တိုက်ရိုက် မဝင်ဘဲ အခန်းဘေးရှိ မီးဖိုချောင် အတွင်းသို့ ဝင်သွားကာ ရေနွေးအိုး တည်လိုက်၏။ ရေနွေး ဆူပြီးနောက် ရေနွေးကို ခရားထဲသို့ ထည့်ပြီးမှသာ ဧည့်ခန်း အတွင်းသို့ ဝင်သွားလိုက်သည်။
“ရေကအေးနေပြီ၊ ရေနွေးလေး သောက်ပါဦး”
ဝမ်ရှန်း အခန်းတံခါး တွန်းဖွင့်ကာ အထဲသို့ ဝင်သွားပြီး အခန်းအတွင်း၌ ရှိနေသည့် လူအား ပြောလိုက်၏။
သူသည် ဤလှည့်ကွက်ကို အင်ပါယာ ရတနာစံအိမ်ရှိ လင်းအာထံမှ သင်ယူခဲ့ခြင်း ဖြစ်သည်။ ဤအရာသည် အထဲမှလူကို မျက်နှာ ပျက်စေသည့် အရာပင်ဖြစ်၏။
အခန်းအတွင်း၌ ထိုင်နေသည့်လူ ရုတ်တရက် ကြောင်အ သွားခဲ့သည်။ ဤညအမှောင်ယံ အချိန်တွင် သူ ဤအိမ်ထဲသို့ ဝင်လာစဉ် မည်သူမျှ မရှိသလို မည်သူမှလည်း မတွေ့ခဲ့သည်မှာ သေချာကြောင်း သူ့ကိုယ်သူ ပြန်ဆန်းစစ် လိုက်၏။
ဤနေရာ၌ ထိုင်နေစဉ်တွင်လည်း သူ အသံတစ်သံပင် မထွက်ခဲ့ပေ။ ထိုကဲ့သို့ဆိုလျှင် သူ ဤနေရာ၌ ရှိနေသည်ကို ဝမ်ရှန်း မည်ကဲ့သို့ သိရှိခဲ့သနည်း။
ပို၍ အံ့သြစရာ ကောင်းသည်မှာ ဝမ်ရှန်းသည် သူ အတွင်း၌ လက်ဖက်ရည် သောက်နေကြောင်းကိုပင် သိနေခြင်း ဖြစ်သည်။
ထို့ပြင် အထဲသို့ မဝင်လာခင် ဝမ်ရှန်းသည် မီးဖိုချောင်ထဲသို့ သွားကာ ရေနွေးပင် တည်ခဲ့သေးသည်တဲ့လား…
“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်”
သို့သော် အံ့သြအောင် လုပ်သည့်လူက အံ့သြသွားခဲ့ရသည်။ ဝမ်ရှန်း ဝင်လာသည်ကို မြင်လိုက် ရသောအခါ အထဲမှ လူသည် အထိတ်တလန့် မဖြစ်သော်လည်း အနည်းငယ်မျှ မှင်သက် သွားခဲ့သည်။ သို့သော် သူသည် ချက်ချင်းပင် သူ၏အမူအရာကို ပြန်ထိန်းနိုင်ခဲ့ပြီး တည်ငြိမ်စွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်၏။
ဝမ်ရှန်းသည်လည်း ထိုလူအား သာမန်ဧည့်သည် တစ်ယောက် ကဲ့သို့ ဆက်ဆံလိုက်သည်။ သူသည် ပြုံး၍ ထိုလူထိုင်နေသည့် စားပွဲဘေးနားသို့ သွားကာ ရေနွေးခရားအိုးထဲသို့ ရေနွေးဖြည့် ပေးလိုက်၏။
ထို့နောက် ယဉ်ကျေးစွာဖြင့် “ကျွန်တော့် အိမ်မှာက ဘာမှသိပ်မရှိဘူး၊ ဧည့်သည်က ဗွေမယူဖို့ မျှော်လင့်ပါတယ်”
“မယူပါဘူးဗျာ…”
အခြားတစ်ဖက်သည်လည်း ဧည့်သည် တစ်ယောက်ကဲ့သို့ ရည်မွန်စွာ ပြန်ပြောလိုက်သည်။
ယခုလိုမျိုး မှောင်မိုက်နေသည့် အချိန်တွင် ဝမ်ရှန်းသည် တစ်ဖက်လူ၏ ခန္ဓာကိုယ် ပုံရိပ်ကိုသာ မြင်ရနေရ၏။ ထိုလူ၏ ခန္ဓာကိုယ်သည် အနက်ရောင် ဝဲဂယက် တစ်ခုဖြစ်ကာ ပတ်ဝန်းကျင်မှ အလင်းရောင်များ အားလုံးကို စုပ်ယူနေသကဲ့ပင် ဖြစ်သည်။
ဤကဲ့သို့ ဖြစ်နေခြင်းမှာ သူ၏အမြင်အာရုံက လုံလောက်အောင် မကောင်းမွန်ခြင်းကြောင့် မဟုတ်ကြောင်း ဝမ်ရှန်းသိ၏။
ယခု သူသည် နေဝင်ရီတရော အချိန်မှာပင် ကမ္ဘာကြီးကို နေ့ခင်းကဲ့သို့ မြင်နိုင်ပေသည်။ သေးငယ်သည့် အလင်းရောင်သည်ပင် သူ့အတွက် များစွာ တောက်ပ၏။ သို့သော်လည်း သူသည် အလင်းရောင် တစ်စက်မှ မရှိသည့် နေရာမျိုး၌လည်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်ဟု မဆိုလိုပေ။
ယခုညသည် အလွန် မှောင်မိုက်ကာ အခြားတစ်ဖက်ရှိ လူသည် အခန်း၏ အမှောင်ဆုံး နေရာ၌ ထိုင်နေခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် ဝမ်ရှန်း ထိုလူအား ရှင်းရှင်းလင်းလင်း မမြင်ရသည်မှာ ပုံမှန်ပင်ဖြစ်သည်။
“စိတ်ဝင်စားစရာပဲ”
ဝမ်ရှန်းသည် စားပွဲ၏ အခြားတစ်ဖက်၌ ဝင်ထိုင်လိုက်သည့် အချိန်တွင် တစ်ဖက်လူမှာ ပေါ့ပါးစွာ ရယ်လိုက်သည်။
“ဟား ဟား၊ လူတစ်ယောက်တည်းက လူတွေ အများကြီးကို ကစားခဲ့ပြီး သူတို့ကို ကြောက်အောင် လုပ်ခဲ့တယ်။ ကောင်လေး၊ မင်းက စိတ်ဝင်စားစရာပဲကွ”
ထိုထူးခြားသည့် အသံအား ကြားလိုက်ရသည့် အချိန် ဝမ်ရှန်း အနည်းငယ် မျက်မှောင်ကြုတ် သွားခဲ့သည်။ သို့သော် သူ ဘာမှမပြောခဲ့ပေ။ ထိုနေရာ၌သာ တိတ်ဆိတ်စွာ ထိုင်နေလိုက်၏။
တစ်ဖက်လူသည် ဤနေရာသို့ ရောက်နေပြီ ဆိုကတည်းက သူသည် ထိုစကားပြောရန် အတွက်သာ ရောက်နေခြင်း မဟုတ်ကြောင်း သေချာပေသည်။ သူထံ၌ ပြောစရာ တစ်ခုခု ရှိနေရပေမည်။ ဝမ်ရှန်းသည် ထိုလူ သူ့အား ပြောစရာ ရှိသည်တို့ စပြောလာမည့် အချိန်ကိုသာ စောင့်နေလိုက်၏။
“ကြည့်ရတာ ဒီအဘိုးကြီးက ဘယ်သူလဲ ဆိုတာကို မင်း ခန့်မှန်းကြည့် နေလောက်ပြီ ထင်တယ်၊ ဟုတ်တယ်မလား”
ဝမ်ရှန်းက တိတ်တဆိတ်သာ ထိုင်နေကာ သူ စပြောလာမည့် အချိန်ကို စောင့်နေကြောင်းကို တွေ့လိုက်ရသည့် အချိန်တွင် ထိုလူမှ စတင် ပြောလာလေသည်။
အမှောင်ထု အတွင်းတွင် သူသည် ရေနွေးကရား အိုးထဲမှ ရေနွေးကို ခွက်အတွင်းသို့ ငှဲ့ကာ အပူရှိန်ကို ဂရုမစိုက်ဘဲ တစ်ကျိုက် မော့သောက် လိုက်သည်။ ထို့နောက် ခွက်ကို အောက်သို့ချကာ ဖြည်းညင်းစွာ ပြောလိုက်၏။
“အမှန်အတိုင်း ပြောရမယ်ဆိုရင် ကျွန်တော် မခန့်မှန်းပါဘူး”
ဝမ်ရှန်းမှ တဲ့တိုးပင် ဆိုလိုက်၏။ အခြားတစ်ဖက်မှ သူ့အား ကောင်းကောင်းမွန်မွန် ပြောဆိုသည့် အတွက် သူသည်လည်း ကောင်းကောင်းမွန်မွန်သာ ပြန်လည် ပြောဆိုလိုက်သည်။
“ဒါပေမယ့် ခင်ဗျားက ဘယ်က ဖြစ်လောက်လဲ ဆိုတာတော့ ကျွန်တော် သိတယ်”
“ပြောစမ်းပါဦးကွ…”
ဝမ်ရှန်း ပြောသည်ကို အခြားတစ်ဖက်မှ မယုံကြည်ပေ။ ဝမ်ရှန်းသည် သူ့အသံကို ကြားဖူးရန် မဆိုထားသည်နှင့် သူသည် ဝမ်ရှန်းရှေ့၌ တစ်ခေါက်မှ မပေါ်လာခဲ့ဖူးကြောင်း သူ့ကိုယ်သူ သေချာပေသည်။
ဒါ့ပြင် ယခုအချိန် အထိပင် ဝမ်ရှန်းသည် သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ထို့ကြောင့် သူက ဘယ်ကလဲ ဆိုတာကို ဝမ်ရှန်းက ဘယ်လိုလုပ် သိနိုင်မည်နည်း။
“ဒီနေရာမှာ ခင်ဗျားက ခင်ဗျားကိုခင်ဗျား ပုန်းကွယ်နေပြီး ခင်ဗျား အသံကိုလည်း အတတ်နိုင်ဆုံး ပြောင်းထားတယ် ဆိုပေမယ့်…”
ဝမ်ရှန်းသည် ကွေ့ပတ် ပြောမနေဘဲ ရှင်းရှင်းပြတ်ပြတ်သာ ပြောနေ၏။
“ခင်ဗျားရဲ့ တကယ့် အသံက ဒီထက် ပိုစူးရှပြီး ဒီလောက် မဖျတ်လတ်ဘူး။ ပြီးတော့ ခင်ဗျားက ဒီနေရာမှာ ငြိမ်ငြိမ်သက်သက်ပဲ ထိုင်နေတယ် ဆိုပေမယ့် ခင်ဗျားက မခံနိုင်လောက်အောင်ကို ပူဆွေး ဝမ်းနည်းနေတဲ့ ပုံပဲ။ အကြီးအကဲ မိသားစုတွေရဲ့ အဓိက မိသားစုဝင်တွေကလည်း ဒီလိုပုံစံမျိုးပဲ။ ဒါပေမယ့် ခင်ဗျားက ဝူရုံမြို့ကို အမြဲတမ်း ခင်ဗျား ကိုယ်တိုင်ပဲ လာတယ်၊ အဲဒါကြောင့် ခင်ဗျားက အဓိက မိသားစုက မဟုတ်ဘူးဆိုတာ သိသာတယ်။ ဒီလောက်ထိ ပူဆွေး ဝမ်းနည်းနေတဲ့ပုံ ထောက်ရင် ခင်ဗျား လာတဲ့နေရာက တစ်နေရာပဲ ရှိနိုင်တယ်”
“ခင်ဗျားက တော်ဝင်အစေခံပဲ၊ ဟုတ်တယ်မလား”
နောက်ဆုံးတွင် ဝမ်ရှန်းမှ အဖြေထုတ် ပြောကြားလိုက်သည်။
“အဲဒါကို ဘယ်လိုခေါ်လဲ ဆိုတာတော့ ကျုပ် တကယ် မသိဘူး”
***