Switch Mode

Chapter – 105

ကြောက်ရွံ့မှု (၂)

အပိုင်း ၁၀၅
ကြောက်ရွံ့မှု (၂)

ဤမြင်ကွင်းကို ကြည့်ကာ ဘေး၌ ရပ်နေသည့် လူများအားလုံး ခေါင်းများ ခါယမ်း လိုက်ကြသည်။ ဝမ်ရှန်းသည် လင်ဘ၏ ဝိညာဉ်အဆင့်ကို အမှန်တကယ် လျှော့တွက်ခဲ့သည်ပင်။ ဤမီးတောက်လေးနှင့် လင်ဘအား ထိခိုက်အောင် လုပ်နိုင်သည်ဟု တွေးခြင်းက ယခုတစ်ကြိမ်တွင် ဝမ်ရှန်း အတွက်အချက် မှားသွားပေပြီ။

သို့သော် ထွက်ပြေးလာသည့် လူများအား မြင်လိုက်ရသည့် အချိန်တွင် သူတို့၏ မျက်နှာအမူအရာ တောင့်တင်း သွားခဲ့သည်။

ထိုသူတို့၏ ခန္ဓာကိုယ်၌ မီးတောက်များ လောင်ကျွမ်း နေကြပြီး လတ်တလောတွင် ညအချိန် ဖြစ်နေသော်လည်း ထွက်ပြေးလာသည့် လူများ၏ ဝိညာဉ်အဆင့်သည် ဒုတိယအဆင့်နှင့် တတိယအဆင့်များ ဖြစ်ကြကာ အင်အား အကြီးဆုံးသည် စတုတ္ထအဆင့် ဖြစ်ကြောင်း သူတို့ မြင်နိုင်ပေသည်။

ထိုနေရာတွင် လင်ဘ မရှိနေပေ။ သူက ကံကောင်းပြီး လွတ်မြောက် သွားခြင်းပေလော…

ဤအရာက ဖြစ်နိုင်ပါ့မည်လော… သေချာပေါက် မဖြစ်နိုင်ပေ။

ဤနေရာသည် ဝူရုံမြို့တွင် လင်ဘ နေထိုင်ရာ နေရာဖြစ်၏။ အခုတလော သူသည် အပြင်၌ သွားရောက် လုပ်ဆောင်ရသည့် မည်သည့် တာဝန်ကိုမှ မယူခဲ့ပေ။ ထို့ကြောင့် အခြားတစ်နေရာ၌ ရောက်နေခြင်းက အဘယ်မှာ ဖြစ်နိုင်မည်နည်း။

သို့သော် လင်ဘ၏ ဒုတိယအဆင့်နှင့် တတိယအဆင့် လက်အောက် ငယ်သားများပင် ပြေးထွက်လာခဲ့ပြီ ဖြစ်သည်။

လင်ဘ အဘယ်မှာနည်း… …

ထို့အပြင် အပြင်သို့ လူ ခုနစ်ယောက် ရှစ်ယောက်ခန့်သာ ပြေးထွက်လာခဲ့ခြင်း ဖြစ်သည်။ အခြားလူများကရော အဘယ်သို့ ရောက်ကုန် ကြသနည်း…..

မီးလောင်သည့် နေရာအား ကြည့်နေကြသည့် လူများ ဇဝေဇဝါဖြစ်ကာ ခေါင်းခြောက် သွားခဲ့ကြတော့၏။

ကုန်လှောင်ရုံနှင့် သိပ်မဝေးသည့် နေရာတွင် ရေတွင်း တစ်တွင်းရှိကာ ရေတွင်းဘေးတွင် ရေအပြည့် ထည့်ထားသည့် ရေပုံးတစ်ပုံးရှိ၏။ ထိုနေရာသို့ ပထမဆုံး ရောက်သွားသည့် လူသည် ထိုရေပုံးကိုမက အလျင်အမြန်ပင် ခေါင်းပေါ်သို့ လောင်းချ လိုက်လေသည်။

အားလုံး သိကြသည့် သဘောတရားအရ ဤကဲ့သို့ ကြီးမားသည့် ရေပုံးထဲမှ ရေများနှင့် ဆိုလျှင် မီးလောင်ကျွမ်း နေသည့် ထိုလူ၏ ခန္ဓာကိုယ်ပေါ်မှ မီးများအားလုံး ငြှိမ်းသွားလိမ့်မည်ပင်။ အနည်းဆုံးတော့ သူတို့၏ ခေါင်းနှင့် မျက်နှာထက်ရှိ မီးများမှာ အပြီးတိုင် ငြှိမ်းသွားနိုင်ပေသည်။

သို့သော် သူတို့ ထင်ထားသည့် အတိုင်း မဖြစ်လာခဲ့ပေ။ ရေဖြင့် လောင်းလိုက်သော်လည်း  ထိုလူ၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်များက မငြှိမ်းသတ် သွားခဲ့ချ။

ပို၍ ကြောက်စရာ ကောင်းသည်မှာ ရေတစ်ပုံးလုံးကို လောင်းချလိုက်သည့် အချိန်တွင် ထိုလူ၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်များသည် မငြှိမ်းသွားရုံ သာမက ပိုမို ပြင်းထန်စွာပင် တောက်လောင် သွားခြင်းပင်ဖြစ်၏။ မီးတောက်များသည် ဘယ်တော့မှ မငြှိမ်းတော့မည့် အလား ပြင်းထန်စွာ လောင်ကျွမ်း နေခဲ့လေသည်။

ရေလောင်း ချလိုက်သည့် လူသည် နာကျင်မှု လျော့ပါး သွားရမည့်အစား ဝက်တစ်ကောင်ကဲ့သို့ ပိုမို ကျယ်လောင်စွာ အော်ဟစ် လိုက်တော့သည်။

အသက်ရှင်လျက် မီးမြှိုက် ခံနေရသည့် နာနာကျင်ကျင် အော်ဟစ်သံသည် အလွန် ဝမ်းနည်းကြေကွဲဖွယ် ကောင်းလှပေ၏။

သူတို့နောက် လိုက်လာသည့် မီးစွဲနေသည့် လူသည် အခြေအနေကို မြင်သော်လည်း ရေမလောက်သောကြောင့် ဖြစ်မည်ဟုသာ တွေးလိုက်၏။ ထို့ကြောင့် သူသည် ရုတ်ခြည်းပင် ရေတွင်းထဲသို့ ခုန်ချလိုက်တော့သည်။

ဟုတ်ပါသည်။ သူ၏အသံသည်လည်း လူများ၏ အာရုံကို ဆွဲဆောင်ခဲ့ပေ၏။

ယခု တစ်ကြိမ်တွင်မူ ထိုလူထံ စွဲကပ်နေသော မီးများမှာ ငြှိမ်းသွားလောက်ပြီဟု အားလုံး တွက်လိုက်ကြသည်။

သို့သော် မထင်မှတ်စွာပင် ရေတွင်းပေါင်ပေါ်တွင် တောက်ပသည့် အလင်းရောင် တစ်ခု ထွက်ပေါ် လာခဲ့သည်တဲ့လား…

ကြေးစားများ ဝန်းရံနေသည့် မြို့တွင် လူသေများစွာကို သူတို့မြင်ခဲ့ဖူး၏၊ သူတို့ ကိုယ်တိုင်လည်း လူများ သတ်ဖူးခဲ့ကြပေသည်။ သို့သော် ယခု မြင်တွေ့နေရသည့် အဖြစ်အပျက်လောက် သွေးချောက်ချား စရာကောင်းသည်ကို မကြုံဖူးခဲ့ပေ။

သူတို့မျက်စိရှေ့တွင် မြင်တွေ့နေရသော ရေတွင်းပေါင်ပေါ် ကျော်ထွက်လာသည့် အလင်းတန်းသည် အပြင်ဘက်မှ အလင်းတန်း မဟုတ်၊ ယခုအချိန်တွင် အခြေအနေ တစ်ခုသာရှိ၏။ ရေတွင်း အတွင်း၌ တစ်ခုခုက လောင်ကျွမ်း နေခြင်းပင်တည်း။

ရေတွင်းထဲ ခုန်ချလျှင်တောင် ဤမီးတောက်ကို မငြိမ်းသတ် နိုင်ဘူးတဲ့လား…

ထိုမြင်ကွင်းအား မြင်လိုက်ရသည့် လူများအားလုံး ကြက်သီးများ ထကုန်ကြသည်။ သူတို့၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုနှင့် ကြောက်လန့်မှုတို့ကိုလည်း အထင်းသား မြင်နေရ၏၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း…

မီးကျွမ်းနေသည့် လူများထဲမှ တစ်ယောက်သည် ပြင်းပြင်းထန်ထန်ကို ဒဏ်ရာရထားကာ မြန်မြန် မပြေးနိုင်တော့ပေ။ သူသည် တံခါးအပြင်သို့ ရောက်သည်နှင့် သူ့ရှေ့မှ လူများ၏ အဖြစ်အပျက်ကို မြင်လိုက်ကာ ချက်ချင်းပင် မြေပြင်ပေါ်သို့ လဲချလိုက်ပြီး မီးငြှိမ်းလို ငြှိမ်းငြား မြေပြင်ပေါ်၌ လူးလိမ့် လိုက်တော့သည်။

အားလုံးရှေ့၌ပင် သနားစဖွွယ် ကောင်းစွာ တုန်ယင်နေသည့် လူသည် သူ၏ခန္ဓာကိုယ်ပေါ်မှ မီးတောက်များကို မငြှိမ်းသတ်နိုင်ရုံ သာမက မြေပြင်ပေါ်၌ပါ မီးတောက်များ စွဲသွားတော့သည်။ မီးစွဲသွားသည့် အချို့နေရာတွင် မီးလောင်လွယ်သည့် ပစ္စည်းများ ရှိနေရာ ထိုနေရာသည်ပင် ချက်ချင်း ကူးစက် လောင်ကျွမ်း သွားလေ၏။

ထိုအချိန်တွင် ကုန်လှောင်ရုံဘေးမှ အိမ်များပါ မီးစွဲသွားကာ ဘေးမှကြည့်နေသည့် လူများအားလုံး ရုတ်တရက် ထိတ်ထိတ်ပြာပြာ ဖြစ်ကုန်ကြတော့၏။ သူတို့သည် ချက်ချင်းပင် မီးတောက်များကို ငြှိမ်းသတ်ရန် ကြိုးစားလိုက်ကြသည်။

သို့သော် မီးတောက်များသည် မငြှိမ်းသွားရုံ သာမက အခြားနေရာများကိုပါ ပျံ့နှံ့သွားခဲ့ပြီး ဘေးအိမ်များကိုပါ စွဲသွားလေတော့သည်။

ထိုအခိုက်အတန့်တွင် ဘေး၌ရပ်နေသည့် လူနှစ်ယောက်ပေါ်သို့ မီးပွားများ လွင့်စင်သွားကာ သူတို့နှစ်ယောက်သည် ချက်ချင်းပင် သည်းခြေပြုတ်မတတ် နာကျင်မှုကို ခံစားလိုက်ရ၏။ သူတို့သည် ထိုမီးစွဲသွားသည့် နေရာကို မည်မျှပင် အဝတ်စများဖြင့် ပုတ်နေပါစေ၊ အဘယ်သို့ပင် ရေဖြင့် လောင်းချနေပါစေ မည်သို့မျှ အရာမထင် တောက်လောင်မြဲ ဖြစ်၏။

နှစ်ယောက်ထဲမှ တစ်ယောက်သည် မီးတောက်များက သူ့အသားအား လောင်ကျွမ်းနေသည်ကို မြင်လိုက်ရသောအခါ အံကြိတ်လိုက်ပြီး မီးတောက်နှင့်အတူ မီးတောက် လောင်ကျွမ်းနေသည့် သူ၏အသားစကို လှီးထုတ် လိုက်တော့သည်။

အခြားတစ်ယောက်မှာမူ ထိုမီးတောက်သည် အဘယ်မျှ ကြောက်စရာ ကောင်းသည်ကို မသိဘဲ မီးအား ငြှိမ်းသတ်ရန် နည်းလမ်း အမျိုးမျိုးဖြင့် ကြိုးစားနေခဲ့၏။

သို့သော် မည်သို့မျှ အရာမထင်ပဲ မီးတောက်များက အသားများ ကုန်သွားကာ အရိုးပေါ်သည်အထိ လောင်ကျွမ်းပြီး တဖြည်းဖြည်းချင်း ငြှိမ်းသေ သွားသည်ကိုသာ သူ ကြည့်နေခဲ့ရ၏။ မီးလောင်ကျွမ်းသည့် အချိန်သည် တိုတောင်းသော်လည်း သူသည် နာကျင်မှုကြောင့် အော်ဟစ်နေရကာ မတ်တပ်ရပ်ဖို့ပင် အားမရှိတော့ပေ။

ကုန်လှောင်ရုံမှ ထွက်လာသည့် မီးလောင် ကျွမ်းနေသည့် လူများအားလုံး ရေတွင်းထံသို့သာ ဦးတည် ပြေးသွားခဲ့ကြခြင်း မဟုတ်ပေ။ သုံးလေးယောက်ခန့်သည် ဉာဏ်ကောင်းကာ သူတို့ကိုယ်၌ စွဲနေသည့် မီးတောက်များကို ငြှိမ်းသတ်သွားစေရန် လုံလောက်သည့် ရေများ ပေါများသော မြစ်ချောင်းထံသို့ ပြေးသွားလိုက်ကြ၏။

“ဗွမ်း… ဗွမ်း… ဗွမ်း…”

သူတို့အားလုံး တစ်ပြိုင်နက်တည်း ရေထဲ ခုန်ဆင်း ချလိုက်သည်။ သို့သော် အေးခဲသည့် မြစ်ရေများသည် သူတို့၏ အော်ဟစ်သံများကို ရပ်တန့်အောင် မလုပ်ပေးနိုင်။ ထိုအစား သူတို့ အော်ဟစ်သံများသည် ပို၍ပင် ကျယ်လောင် လာခဲ့လေ၏။

ထိုနေရာ၌ ရှိနေသည့် လူများရှေ့ရှိ လူတစ်ရပ်စာ နက်သည့် မြစ်ချောင်း အတွင်းတွင် မီးလောင်ကျွမ်းနေသည့် လူသုံးယောက်ရှိကာ ထိုလူများသည် အာခေါင်ခြစ် အော်ဟစ်နေကြ၏။

အားလုံးသည် ရေတွင်း အတွင်းမှ အခြေအနေကို မမြင်ကြရသော်လည်း မြစ်အတွင်းမှ မြင်ကွင်းကိုမူ ရှင်းရှင်းလင်းလင်း မြင်ရပေသည်။

မီးတောက်များသည် မြစ်အတွင်း၌ပင် လောင်ကျွမ်း နေဆဲဖြစ်ကာ တောက်လောင်မြဲ တောက်လောင် နေလေသည်။ ဤမြင်ကွင်းသည် ထိုနေရာ၌ ရှိနေသည့် လူများအားလုံး၏ အသိဉာဏ်ကို ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေတော့၏။

မီးလောင်သည့် မြင်ကွင်းအား အစမှအဆုံး မြင်လိုက်ရသည့် လူများ အားလုံးသည် ချွေးစေးများ ပြန်သွားကာ သူတို့မျက်နှာထက်တွင် ကြောက်ရွံ့မှုတို့ကလည်း အထင်းသား ထွက်ပေါ်နေခဲ့သည်။

သူတို့ စိတ်တွင်း၌ တွေးကြည့်၍ပင် မရသည့် ထိတ်လန့် ချောက်ချားမှုများ ဖြစ်ပေါ်သွားခဲ့သည်။ ထိုကြက်ဥ အရွယ်အစား ပစ္စည်းသည် ကုန်လှောင်ရုံ အတွင်းသို့ မဟုတ်ဘဲ မိမိတို့၏ အိမ်ထဲသို့သာ ရောက်လာခဲ့မည် ဆိုလျှင် ဘာတွေ ဖြစ်သွားမည်နည်း…

သူတို့အင်အားစုများ စုစည်းသည့် နေရာ၌ ထိုပစ္စည်း အပစ်ထည့် ခံလိုက်ရမည် ဆိုလျှင် အဘယ်သို့များ ဖြစ်မည်နည်း…

လင်ဘက ဘာကြောင့်များ မပေါ်လာခဲ့ရသည်ကို စဉ်းစားမရ ဖြစ်နေကြသည်။ သူသည် ထွက်သွားပြီး ဤနေရာ၌ မရှိနေခြင်းတော့ မဖြစ်နိုင်ပေ။ မီးတောက် ပေါက်ကွဲသည့် အချိန်ကတည်းက သေဆုံးသွားခြင်းသာ ဖြစ်နိုင်ပေသည်။

စတုတ္ထအဆင့် ဝိညာဉ်သခင်များကရော… ကြောက်စရာ ကောင်းသည့် ဤသို့သော မီးတောက်နှင့် ကြုံတွေ့ရသည့် အချိန်တွင် လျင်မြန်စွာ သေဆုံးရခြင်းသည် နာကျင်မှုကို အမြန်သက်သာ ချုပ်ငြိမ်းသွားစေသော ကောင်းချီးတစ်ခု ဖြစ်သည်ဟု ပြော၍ရပေသည်။

မြစ်ချောင်း အတွင်းမှ လူများ၏ လှုပ်ရှားမှုများ တဖြည်းဖြည်းချင်း နှေးကွေး သွားခဲ့သည်။ သို့သော် သူတို့ ခန္ဓာကိုယ်ပေါ်မှ မီးတောက်များမှာမူ မငြှိမ်းသွားချေ။ နောက်ဆုံး သုံးမိနစ်ခန့် ကြာပြီးနောက်မှာမှ မီးတောက်များ တဖြည်းဖြည်းချင်း ငြိမ်းသွားခဲ့၏။ မီးတောက်များ ငြိမ်းသွားသည့် အချိန်တွင် ထိုလူသုံးယောက်သည်လည်း သေဆုံးခဲ့ပြီး ဖြစ်သည်။

ရေတွင်းထဲ၌ ရှိနေသည့်လူ၊ မြေပြင်ပေါ်၌ လူးလိမ့်နေသည့်လူ၊ ဦးတည်ချက်မရှိ နေရာအနှံ့ လျှောက်ပြေးနေသည့်လူ… သူတို့အားလုံး လှုပ်ရှားမှုများ ရပ်တန့် သွားလေပြီ။

ရေတွင်း အတွင်းမှ မည်သည့်အသံ၊ မည်သည့် အလင်းတန်းမှ မထွက်ပေါ် နေတော့ပေ။ မြစ်အတွင်းမှ သုံးယောက် ကဲ့သို့ပင် သူတို့ အားလုံးလည်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

 မီးတောက်သည် အနားကပ်၍ မရလောက်အောင်ကိုပင် ကြီးမားလှပေသည့် အတွက်ကြောင့် ကုန်လှောင်ရုံကိုလည်း မည်သူမှ အချိန်မီ မီးမငြှိမ်းသတ် နိုင်ခဲ့ပေ။ မီးထဲ၌ ပိတ်မိနေမည်ကို တွေးကြည့် မိလိုက်ရုံဖြင့် ထိုနေရာ၌ ရှိနေသည့် လူများအားလုံး ကြက်သီးထ သွားကြတော့သည်။ အချို့ဆိုလျှင် ကြောက်ရွံ့မှုကြောင့် ဒူးပင် တုန်နေပြီဖြစ်၏။

ကံကောင်းသည်က ငြှိမ်းသတ်၍ မရသည့် မီးတောက်များသည် မိနစ်အနည်းငယ်သာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။ မိနစ်အနည်းငယ်ကြာ လောင်ကျွမ်းပြီး နောက်တွင် ထိုမီးတောက်များသည် သာမန် မီးတောက်များသာ ဖြစ်လာခဲ့၏။

ထိုအချိန်တွင် မီးတောက်များကို ရေဖြင့်ပက်ခြင်း၊ မြေကြီးနှင့် ပက်ခြင်းတို့ဖြင့် ငြှိမ်းသတ်၍ ရလာပြီး အဝတ်စများဖြင့် ရိုက်ပုတ်ခြင်းဖြင့်ပင် ငြိှမ်းသတ်၍ နိုင်ခဲ့ပြီဖြစ်၏။

ထိုနေရာ၌ ရှိနေသည့် လူများအားလုံး၏ ကြိုးစား အားထုတ်မှုကြောင့် ကုန်လှောင်ရုံအား စွဲနေသည့် မီးမှလွဲ၍ ကျန်သည့် မီးတောက်များ အားလုံး ငြှိမ်းသွားခဲ့တော့သည်။

မယုံကြည်နိုင်သည့် လူအချို့သည် ကုန်လှောင်ရုံထံသို့ သွားလိုက်သည့် အချိန်တွင် မီးခိုးနံ့များဖြင့် မွှန်ထူသွားခဲ့သည်။

အထူး မီးလောင်ဗုံးဖြင့် လူသတ်ခြင်းသည် ပေါက်ကွဲခြင်းနှင့် မီးတောက်များကိုသာ ဖြစ်ပေါ်စေခြင်း မဟုတ်ပေ။ မီးလောင်ကျွမ်းရာမှလည်း ပြင်းထန်သည့် အဆိပ်ငွေ့များ ထွက်ပေါ် လာတတ်၏။

ကုန်လှောင်ရုံ အတွင်းတွင် လေထုသည် အလုံပိတ် ဖြစ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် ကုန်လှောင်ရုံ၏ တံခါးပေါက်နှင့် ပြတင်းပေါက် နားသို့ ကပ်သွားလျှင် ကပ်သွားသည့် လူကို သေသွားစေနိုင်ပေသည်။

အစမှအဆုံး ကြည့်နေသည့် လူများ ဒဏ်ရာ မရသွားသည်မှာ ကံကောင်း လှပေ၏။ သို့သော် ဤကြောက်စရာ ကောင်းသည့် မြင်ကွင်းကို မြင်လိုက်ရခြင်းက သူတို့ကို အမှန်တကယ် ထိတ်လန့် နာကျင် သွားစေခဲ့ပေသည်။

သူတို့သည် သူတို့ မြင်ခဲ့၊ ကြားခဲ့ရသည့် အရာများကို သူတို့ ခေါင်းဆောင်အား ပြန်ပြောပြသည့် အချိန်တွင် သူတို့ခေါင်းဆောင်က ယုံပါ့မလား ဆိုတာကိုပင် စတင် စိုးရိမ်လာတော့၏။

ကြက်ဥ အရွယ်အစား ပစ္စည်းတစ်ခုက စတုတ္ထအဆင့် အထွတ်အထိပ် ဝိညာဉ်သခင် တစ်ယောက်ကို သေသည်အထိ လောင်ကျွမ်း သွားစေနိုင်သည်လား။

မီးတောက်ကို ရေဖြင့် ငြှိမ်းသတ်၍ မရဘူးတဲ့လား…

ဤအရာသည် ဖြစ်နိုင်ပါရဲ့လား…
***

Comment

Leave a Reply

Options

not work with dark mode
Reset