အပိုင်း ၁၀၄
ကြောက်ရွံ့မှု (၁)
ဝမ်ရှန်း ကုန်လှောင်ရုံ အတွင်းသို့ ပစ်ထည့်လိုက်သည့် အလုံးသည် သူ ဤကမ္ဘာသို့ ရောက်လာစဉ်က သူနှင့်အတူ ပါလာခဲ့သည့် ပစ္စည်းများထဲမှ တစ်ခုဖြစ်သည့် မီးလောင်ဗုံးပင်။
သို့သော် ဤမီးလောင်ဗုံးသည် အခြား မီးလောင်ဗုံးများနှင့် မတူပေ။ ဤတစ်ခုသည် ဝမ်ရှန်းကိုယ်တိုင် အထူး ပြုလုပ်ထားသည့် ဗုံးဖြစ်သည်။
ပြောရမည်ဆိုလျှင် အထူးစနိုက်ပါသမား ဝမ်ရှန်း အသုံးပြုသည့် ပစ္စည်းများ အားလုံးသည် သာမန်ပစ္စည်းများ မဟုတ်ပေ။ အရည်အသွေးမြင့် ပစ္စည်းများဖြင့် ဖန်တီးထားသည့် အရာများပင် ဖြစ်၏။ ဤမီးလောင်ဗုံးသည် ကြက်ဥ အရွယ်အစားသာ ဖြစ်သော်လည်း သူ၏ပြင်းအားသည် မျှော်လင့် ထားသည်ထက် အဆမတန် ပြင်းထန်ပေသည်။
ဤမီးလောင်ဗုံး အမျိုးအစားသည် ကပ်လျက် ရှိနေသည့် အဆောက်အဦ သုံးခုကို ကြောက်စရာ ကောင်းသည့် မီးကွင်းပြင် ဖြစ်အောင် ချက်ချင်း ပြုလုပ်နိုင်စွမ်း၏၊ မီးအပူချိန်သည်လည်း ၁၅၀၀ ဒီဂရီ ဆဲလ်စီးယပ် ကျော်ပေသည်။ ထိုမီးလောင်ဗုံး ပေါက်ကွဲသွားသည့် နေရာတွင် လူတစ်ယောက်သာ ရှိနေမည်ဆိုလျှင် ထိုလူသည် ချက်ချင်း အငွေ့ပြန် သွားလောက်သည်ထိ ပြင်းထန်လှသည်။
ဗုံးပေါက်ကွဲမှု အလယ်၌ မရှိခဲ့လျှင်ပင် မီးတောက်စွဲသွားသည့် ပစ္စည်းများမှ ပျော်ကျလာသည့် အစေးများကြောင့် လောက်တစ်ကောင် တွယ်ကပ်ခံရသည့် အတွေ့အကြုံကို ခံစားရသလို၊ အရိုးထိတိုင်အောင် မီးလောင်မြှိုက် ခံရသည့် အတွေ့အကြုံကိုလည်း ခံစားရတော့မည် ဖြစ်သည်။
ဗုံးအတွင်း၌ ထည့်သွင်းထားသော အထူး မီးစွဲစေသည့် ပစ္စည်းသည် အလွန် စေးပျစ်ကာ မီးစွဲသွားသည့်အရာ မကုန်မချင်း မီးတောက်များက ပျောက်ကွယ် သွားမည် မဟုတ်ပေ။
ပို၍ ကြောက်စရာ ကောင်းသည့်အရာမှာ မီးကျွမ်းပစ္စည်းများသည် အဖြူရောင် ဖော့စ်ဖရတ် (Phosphorus) နှင့်တူကာ ခန္ဓာကိုယ်၌ စွဲကပ်သွားမည်ဆိုလျှင် ရေထဲသို့ ခုန်ချသည့်တိုင် မီးတောက်ကို ငြိှမ်းသတ်နိုင်မည် မဟုတ်ပေ။
ဝမ်ရှန်း ဤကဲ့သို့ ပစ္စည်းမျိုးကို သယ်ဆောင် ထားရခြင်းမှာ တာဝန် ထမ်းဆောင်စဉ် အတွင်းတွင် ရန်သူ၏ လက်နက်တိုက်ကို ဖျက်ဆီးရာ၌ ချောမွေ့ လွယ်ကူစေရန် ဖြစ်သည်။
လက်ရှိ အခြေအနေတွင် ပိတ်ထားသည့် ကုန်လှောင်ရုံ အတွင်းတွင် သူ၏ရန်သူများ စုဝေးတည်ရှိနေပြီး ထိုထဲတွင် မီးလောင်လွယ်သည့် ပစ္စည်းများကိုလည်း သိုလှောင် ထားသေးသည်။ ဤနေရာသည် မီးလောင်ဗုံး၏ စွမ်းအားကို စမ်းသပ်နိုင်သည့် အကောင်းဆုံး နေရာပင် ဖြစ်ပေသည်။
တစ်နေကုန် ဝမ်ရှန်း နောက်လိုက်ကာ စောင့်ကြည့် နေကြသည့် လူများရှိ၏။
သူတို့သည် ဝမ်ရှန်းနောက် တကောက်ကောက် လိုက်ခဲ့ရသည်၊ တစ်လမ်းဝင် တစ်လမ်းထွက်ဖြင့် ဝမ်ရှန်း၏ လုပ်ဆောင်မှုတိုင်းကို လိုက်ကြည့်ခဲ့ရသည်။
ဒါ့ပြင် ဝမ်ရှန်း၏ ဘေးဆိုင်မှ လူများနှင့်လည်း စကားပြောကာ ဝမ်ရှန်းအကြောင်း မေးကာ စုံစမ်းခဲ့ရသည်။ တစ်နေကုန် လှုပ်ရှား သွားလာပြီးနောက် သူတို့သည် အတော်ကို ပင်ပန်းနေကြပြီဖြစ်၏။
ထိုထဲတွင် လင်ဘ စေလွှတ်ထားသည့် သူ၏ညီငယ်လည်း ပါပေသည်။ သို့သော် သူသည်လည်း ဝမ်ရှန်းက သူတို့အား တိုက်ခိုက် လာလိမ့်မည်ဟု မထင်ခဲ့ပေ။ ယခင်က အားလုံး တွေးထားကြသည့် အတိုင်းပင် ဝမ်ရှန်းသည် အဆင့်မြင့် ကြေးစားတစ်ယောက် ဖြစ်သော်ငြား သူတို့ထံတွင် စတုတ္ထအဆင့် အထွတ်အထိပ်အဆင့် ဝိညာဉ်သခင် ရှိနေသေးသည်။ ဝမ်ရှန်းကမူ ပထမအဆင့် ဝိညာဉ်သခင်သာ ဖြစ်၏။ ထို့ကြောင့် သူသည် အခြားဝိညာဉ်သခင်၏ ကုန်လှောင်ရုံ အတွင်း၌ တိုက်ခိုက်ရဲ ပါမည်လော…
လင်ဘသည် သူ ယခုနေထိုင်ရာ လမ်းနှင့် ဝမ်ရှန်း နေထိုင်သည့် လမ်းအပေါ် အာဏာရှိ၏။ ထိုလမ်းနှစ်လမ်းသည် တစ်လမ်းနှင့် တစ်လမ်း ဘယ်လောက်မှလည်း မဝေးကြချေ။
ထို့ကြောင့် ဝမ်ရှန်း ကုန်လှောင်ရုံရှေ့မှ ဖြတ်သွားသည့် အချိန်တွင် အားလုံးသည် ဝမ်ရှန်းက အိမ်ပြန်ခြင်းသာ ဖြစ်လိမ့်မည်ဟု တွေးလိုက်ကြ၏။ ထိုအချိန်တွင် ဝမ်ရှန်း ရုတ်တရက် တိုက်ခိုက် လာလိမ့်မည်ဟု တစ်ဉီးတစ်ယောက်မှ မထင်ထားခဲ့ကြပေ။
ဝမ်ရှန်း၏ လက်ထဲ၌ ကြက်ဥ အရွယ်အစား မီးလောင်ဗုံး ထွက်ပေါ်လာသည့် အချိန်၌ပင် မည်သူကမှ အရေးမလုပ်ကြသေးပေ။
ကြက်ဥအရွယ် ပစ္စည်းတစ်ခုက ဘာလုပ်နိုင်မည်နည်း ….
ထိုအရာလေးနှင့် စတုတ္ထအဆင့် အထွတ်အထိပ် ဝိညာဉ်သခင် တစ်ယောက်ကို ဘယ်လိုလုပ် ထိခိုက်အောင် လုပ်နိုင်မည်နည်း…
ထိုအရာများသည် သူတို့ အတွေးသာ ဖြစ်၏။
သို့သော် ဝမ်ရှန်းက ထိုပစ္စည်းကို အထဲသို့ ပစ်ထည့် လိုက်သည်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူတို့အားလုံး ကြောင်အ သွားခဲ့သည်။
ဝမ်ရှန်းက ထိုပစ္စည်းကို အားပြင်းပြင်း၊ အရှိန်မြန်မြန်ဖြင့် ပစ်လိုက်မည် ဆိုပါက ဤပစ္စည်းသည် အထူး လျှို့ဝှက်လက်နက် တစ်ခုဖြစ်သည်ဟု သူတို့အားလုံး နားလည် သွားနိုင်သေး၏။
သို့သော် ဝမ်ရှန်းသည် ဤပစ္စည်းကို အားမပြင်းတပြင်း၊ အရှိန်မမြန်တမြန်ဖြင့် ပစ်ထည့်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ပစ္စည်းပုံစံသည်လည်း လုံးဝိုင်းနေကာ ရယ်စရာပင် ကောင်းနေသေး၏။
သို့ရာတွင် လင်ဘ လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။ သူသည် ဝမ်ရှန်းနှင့် အခြားသူများ ဖြတ်သန်း သွားသည့် အချိန်ကတည်းက သိရှိနေခြင်းဖြစ်၏။ ဝူရုံမြို့ အတွင်းတွင် သူသည် အခြားလူများကို ရန်စလေ့ ရှိသောကြောင့် ဘယ်တော့မှ နှစ်နှစ်ခြိုက်ခြိုက် အိပ်လေ့မရှိပေ။
ဝမ်ရှန်း၏ မီးလောင်ဗုံးသည် သူ့ကုန်လှောင်ရုံ၏ စက္ကူကပ်ထားသည့် ပြတင်းပေါက်အား ဖောက်ထွက် လာသည်နှင့် သူသည် ရုတ်ခြည်းပင် ခုန်ထွက် လိုက်သည်။
လင်ဘ တစ်ယောက်တည်း မဟုတ်ပေ၊ သူ၏လက်အောက် ငယ်သားများ အားလုံးလည်း ထခုန်လိုက်ကြ၏။
ဤဝူရုံမြို့ အတွင်းတွင် အားလုံးသည် သတိကို သေချာပေါက် အမြင့်ဆုံး၌ ထားထားရ၏။ မည်သူကရော နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ရဲမည်နည်း။ သူတို့သည် အိပ်နေလျှင်ပင် သူတို့ခေါင်းအုံး ဘေး၌ လက်နက်ထား အိပ်တတ်ပေသည်။
အိပ်နေကြသည့် သူတို့ အုပ်စုသည်လည်း အိပ်နေရာမှ အချိန်မရွေး ထတိုက်နိုင်သည့် စစ်သည် များအသွင် ချက်ချင်း ပြောင်းလဲ သွားကြ၏။
သို့သော် မီးလောင်ဗုံး ပြတင်းပေါက်အား ဖောက်ထွက်လာသည့် အသံကို ကြားလိုက်ရသည့် အချိန်တွင် လင်ဘသည် တစ်စုံတစ်ယောက်က ကျောက်ခဲ သို့မဟုတ် စာအုပ် တစ်အုပ်အုပ်ကို အထဲသို့ ပစ်ထည့် လိုက်ခြင်းသာ ဖြစ်လိမ့်မည်ဟု တွေးလိုက်၏။
“ဘုတ်”
ဤလျှို့ဝှက် လက်နက်၏ ဝင်ရောက် လာသံသည် အလွန် “နူးညံ့ညင်သာ” လွန်းပေသည်။
ထိုအခိုက်အတန့်၌ပင်…
လင်ဘ၏ ပုံရိပ်သည် တစ်ချက် လှုပ်ရှားသွားကာ လျှပ်တစ်ပြက် အတွင်း မီးလောင်ဗုံး ဝင်လာရာ လမ်းကြောင်း ရှေ့တည့်တည့်သို့ သူ ရောက်သွားခဲ့သည်။ ထို့နောက် သူသည် ချက်ချင်းပင် လက်တစ်ဖက် ဆန့်ထုတ်ကာ ဝမ်ရှန်း ပစ်ထည့်လိုက်သည့် မီးလောင်ဗုံးကို ဖမ်းလိုက်လေ၏။
လင်ဘသည် အလွန် အရည်အချင်းရှိကာ သူ ပစ်ထည့်လိုက်သည့် မီးလောင်ဗုံးကို လက်ဗလာဖြင့် ဖမ်းရဲသည့် သတ္တိရှိကြောင်းကို ဝမ်ရှန်းသာ သိသွားမည်ဆိုလျှင် သူသည် လင်ဘကို သေချာပေါက် လက်မ အကြီးကြီး ထောင်ပြ ပေလိမ့်မည်။
ကမ္ဘာပေါ်တွင် အလူမီနီယံ ငွေလွှာဖြင့် ပြုလုပ်ထားသည့် မီးသတ်ဝတ်ရုံ အပြည့် ဝတ်ဆင်ထားသော မီးသတ်သမားများသည်ပင် မီးလောင်ဗုံး ပေါက်ကွဲသည့် နေရာ၏ အစွန်း၌ပင် မနေရဲကြပေ။
သို့သော် လင်ဘသည်ကား ထိုဗုံးကို လက်ဗလာဖြင့် အမှန်တကယ် ဖမ်းလိုက်သည်တဲ့လား….
ဗုံးပစ်ပြီးသည်နှင့် ဝမ်ရှန်း၏ တုံ့ပြန်မှုမှာလည်း အလွန် လျင်မြန် လှပေသည်။ သူသည် ချက်ချင်းပင် တစ်ဖက်သို့ လှည့်ကာ အနီးဆုံး၌ ရှိနေသည့် မြစ်ဆီသို့ ထွက်ပြေး သွားလိုက်တော့၏။ ဘေး၌ ကြည့်နေသည့် လူများ တစ်ခဏတာ ကြောင်အ သွားခဲ့ကြသည်။ သို့သော် သူတို့ ဘာမှမတုံ့ပြန် နိုင်ခင်မှာပင် ကုန်လှောင်ရုံ အတွင်း၌ ရုတ်တရက် ဆန်သည့် ပြောင်းလဲမှုကြီး တစ်ခု ဖြစ်ပေါ်သွားခဲ့သည်။
“ဘုန်း ဝုန်း …”
ကျယ်လောင်သည့် ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာကာ မီးတောက်များ ရုတ်ခြည်း ထတောက် လာခဲ့သည်။ ပေါက်ကွဲမှုကြောင့် ကုန်လှောင်ရုံ၏ တံခါးများနှင့် ပြတင်းပေါက်များ အားလုံးလည်း ပေါက်ကွဲ လွင့်ထွက် ကုန်ကြတော့၏။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အပြင်ဘက်၌ ရှိနေသည့် လူများအားလုံး ကြက်သေ သေသွားခဲ့ကြသည်။ ပုံမှန်အားဖြင့် ဆိုလျှင် မီးတောက်များသည် နည်းနည်းချင်းစီ တဖြည်းဖြည်းခြင်း တောက်လောင်လာကာ ကြီးမားသည့် မီးတောက်တစ်ခု ဖြစ်လာရသည်။
သို့ရာတွင် ဤမီးတောက်သည်ကား အဘယ်ကြောင့် ရုတ်တရက် အလွန် လျင်မြန်စွာ တောက်လောင်လျက် မီးတောက်မီးလျှံကြီး တစ်ခု ဖြစ်သွားခဲ့ရသနည်း…
ကုန်လှောင်ရုံ ဘေးတစ်ဝိုက်၌ ရှိနေသည့် အဆောက်အဦ များတွင်လည်း သက်ရောက်မှု ရှိလေသည်။
ထိုအချိန်တွင် မည်သူမှ နှစ်ခြိုက်စွာ အိပ်မပျော်သေးပေ။ သူတို့အနီး ဝန်းကျင်တွင် မမျှော်လင့်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားကာ မီးတောက်များ ရုတ်ခြည်း ထွက်ပေါ်လာလေရာ မှေးနေကြသည့် လူများသာမက လေ့ကျင့်နေကြသည့် လူများ အားလုံးသည် လက်နက်ကိုယ်စီ ကိုင်စွဲလျက် အခန်းတိုင်းမှ ထွက်လာခဲ့ကြ၏။
သူတို့သည် မီးလောင်ရခြင်း၏ အကြောင်းအရင်း တစ်စုံတစ်ရာကို မသိသော်ငြား မီးတောက်မီးလျှံကြီး တစ်ခုအား မြင်လိုက်ရသည့် အခိုက်အတန့်၌ အားလုံး ကြက်သေ သေသွားခဲ့ကြသည်။
ဤကဲ့သို့သော ကြောက်စရာ ကောင်းသည့် မီးတောက်သည် မည်သည့် နေရာမှ စတင် တောက်လောင်ခဲ့ခြင်း ဖြစ်မည်နည်း။
မီးတောက်ဟူသည် အချိန်အတော်ကြာ တောက်လောင်ခဲ့ပြီးမှ ဤမျှလောက်ထိ ကြီးမားလာ ပေမည်။ သို့သော် ဤမတိုင်ခင် အချိန်အထိ သူတို့သည် မည်သည့် လှုပ်ရှားမှု၊ မည်သည့် အသံကိုမှ မမြင်ရ၊ မကြားခဲ့ကြရပေ။ ထိုသို့ဆိုလျှင်မူ ဤမီးတောက်သည် မည်သို့ဖြစ်ပြီး ရုတ်ခြည်း ကြီးမားစွာ ပေါ်ပေါက် လာခဲ့သနည်း။
ဤမီးတောက်အား မြင်လိုက်ရသည့် အခိုက်အတန့်တွင် ဝမ်ရှန်း၏ လှုပ်ရှားမှုကို တွေ့မြင်လိုက်ရသည့် လူများရှိပေသည်။ ထိုသူတို့မှာ သူ့တို့မျက်လုံးကိုပင် သူတို့ မယုံကြည်နိုင် ဖြစ်သွားခဲ့ကြသည်။
ဝမ်ရှန်း ပစ်ထည့်လိုက်သည့် အလုံးသဏ္ဌာန် ပစ္စည်းကြောင့် ဤမီးတောက် ဖြစ်ပေါ်လာခဲ့ရခြင်းလား…
တစ်ချိန်တည်းမှာပင် လူတချို့မှာ ဤမီးတောက်သည် ဝမ်ရှန်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု ထင်ကြ၏၊ သို့သော်လည်း အချို့ကတော့ မဖြစ်နိုင်ဟု ထင်ကြပြန်၏။
မည်သို့ပင် ဆိုစေကာမူ ဝမ်ရှန်းသည် အလွန် ဗြောင်ကျစွာ၊ အလွန် လွယ်ကူ ရိုးရှင်းစွာဖြင့် ဤကဲ့သို့ ပြုလုပ်လိမ့်မည်ဟု သူတို့ အနည်းငယ်မျှ မထင်ထားခဲ့ကြပေ။
မည်သည့် သတိပေးချက်၊ မည်သည့် စိန်ခေါ်မှုမှ မရှိခဲ့၊ သူတို့ နှစ်ဖက်ကြားတွင် သေပွဲ နွှဲရလောက်သည်အထိ ကြီးမားသည့် အမုန်းတရားလည်း မရှိနေပေ။ သူတို့သည် ဝမ်ရှန်းထံသို့ တစ်ခဏသာ ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း ဝမ်ရှန်းအား စောင့်ကြည့် နေကြသည့် လူများအားလုံး သိကြပေသည်။
သို့သော်ငြားလည်း ဝူရုံမြို့တွင် ဝမ်ရှန်းကဲ့သို့ အာဃာတ တရား ကြီးမားသည့် လူမျိုးက တကယ်ကို ရှားပါးလွန်းလှပေသည်။
“အိုက်ယား…”
ထွက်ပြေးသွားသည့် ဝမ်ရှန်း၏ ကျောပြင်အား ကြည့်ကာ အတွေ့အကြုံရှိသည့် ဝိညာဉ်သခင် တစ်ယောက်မှ သက်ပြင်းချ လိုက်သည်။
သူသည် ဝမ်ရှန်းအား သနားသည့် အကြည့်ဖြင့် ကြည့်ကာ –
“လူငယ်တွေကတော့ တကယ်ကို ပေါ့ပေါ့တန်တန်တွေ လုပ်ကြတာပဲ။ ဒီလို မီးတောက်မျိုးနဲ့ စတုတ္ထအဆင့် အထွတ်အထိပ် ဝိညာဉ်သခင်ကို ရှင်းပစ်နိုင်မယ်လို့ သူ တကယ်ပဲ ထင်နေတာလား။ ပြီးတော့ လင်ဘဆီမှာ နောက်လိုက်တွေလည်း ရှိနေသေးတာ”
သူ ထိုကဲ့သို့ တွေးနေစဉ်မှာပင် ကုန်လှောင်ရုံ၏ တံခါး ရုတ်တရက် ပွင့်ထွက်လာခဲ့သည်။
“အ.. အ … အား……..”
မီးတောက်များ စွဲနေသည့် လူခုနစ်ယောက်၊ ရှစ်ယောက်ခန့်သည် အထဲမှနေ၍ အာခေါင် ပေါက်မတတ် အော်ဟစ် ထွက်ပြေးလာခဲ့ပြီး ရေရှိသည့် အနီးဆုံး နေရာသို့ တစ်ရှိန်ထိုး ပြေးသွား ကြတော့သည်။
***