အပိုင်း ၁၀၃
မီးပုံတိုးသည့်ပိုးဖလံများ (၂)
လုဝမ်ဟုန် ပြောခဲ့သည့် စကားများသည် အလကား သက်သက် ပြောခဲ့သည့် စကားများ မဟုတ်ပေ။
ဝမ်ရှန်းမှ အကူအညီ လိုအပ်ခဲ့လျှင် သူ အင်ပါယာ ရတနာစံအိမ်ကို လာရှာ၍ ရကြောင်းနှင့် အင်ပါယာ ရတနာစံအိမ်က သူ့ကို သေချာပေါက် ကူညီပေးလိမ့်မည် ဖြစ်ကြောင်း လုဝမ်ဟုန်မှ အခိုင်အမာ ပြောလိုက်သည်။
ပဥ္စမအဆင့် ဝိညာဉ်သခင်များကို ဝမ်ရှန်း မည်ကဲ့သို့ ရှင်းထုတ် ပစ်ခဲ့ကြောင်းနှင့် ဂျင်ဒီနယ်မြေ အတွင်းမှ မည်သို့ ထွက်လာ နိုင်ခဲ့ကြောင်း ဤကဲ့သို့ စိတ်မချမ်းမြေ့စရာ ကောင်းသည့် အကြောင်းအရာများကိုတော့ လုဝမ်ဟုန် မေးခြင်း ပြောခြင်း မပြုခဲ့ပေ။
နောက်ဆုံးတွင် ရတနာစံအိမ်မှာ ကဲ့သို့ပင် ဝမ်ရှန်းသည် အစွယ်များကို ရောင်းချကာ အစွယ်တန်ဖိုးနှင့် ညီမျှသည့် ဆေးပြားများကို လုဝမ်ဟုန်ထံမှ ရယူလိုက်သည်။
အင်ပါယာ ရတနာစံအိမ်မှ ပေးသည့် ဈေးနှုန်းသည် အတော်ကို တန်ကြေး ရှိပေသည်။ နောက်ဆုံးအကြိမ် လုဝမ်ဟုန်တို့ ထံမှ ရရှိခဲ့သည့် ကုသခြင်း ဆေးပြားများနှင့် အဆိပ်ဖြေ ဆေးပြားများသည် သူ့အတွက် အမှန်တကယ်ပင် အကျိုးဖြစ်ထွန်းကာ အာနိသင် ပြည့်ဝခဲ့၏။
ဂျင်ဒီနယ်မြေ အတွင်း ရှိစဉ်ကာလက ထိုဆေးပြားများသာ မရှိခဲ့လျှင် ဝမ်ရှန်းသည် ဤနေရာသို့ ရောက်လာ နိုင်လိမ့်မည် မဟုတ်ပေ။
အင်ပါယာ ရတနာစံအိမ်တွင် ဝမ်ရှန်း နောက်တစ်ခုကို ထပ်မံ တောင်းဆိုလိုက်၏၊ ထိုအရာသည် ဝူရုံမြို့၏ မြေပုံပင် ဖြစ်သည်။ ဤမြို့တွင် နေထိုင်မည်ဆိုပါက ဤနေရာ၏ ပတ်ဝန်းကျင်နှင့် တတ်နိုင်သလောက် ရင်းနှီးကျွမ်းဝင်မှု ရှိရန် အမြန် လိုအပ်ပေသည်။
မကြာမီ၌ ဝမ်ရှန်းသည် သူအကြိုက် တွေ့သည့် မြေပုံတစ်ခု ရရှိခဲ့၏။
သူ့အား ပြဿနာ လာရှာခဲ့သည့် လူများ၏ နောက်ကွယ်မှ အင်အားစုများ၊ သူတို့၏ အင်အား၊ တည်နေရာနှင့် သူတို့၏ လှုပ်ရှားမှုများကိုပါ မရှိမဖြစ် သိရှိရန် လိုအပ်ပေသည်။ ထိုအရာများကို အင်ပါယာ ရတနာ စံအိမ်သည် အပြည့်အဝ စုံစမ်းထားကာ အားလုံးကို ဝမ်ရှန်းအား ထုတ်ဖော် ပြောကြား လိုက်သည်။
တကယ်တမ်းမှာမူ ဝမ်ရှန်းအား ပြဿနာ လာရှာခဲ့ကြသည့် လူများသည် အလွန် သနားစရာ ကောင်းလှပေသည်။ အစပိုင်းတွင် သူတို့သည် ဝမ်ရှန်းအား စမ်းသပ်ရန်သာ ကြိုးစားခဲ့ကြခြင်း ဖြစ်၏။ သို့သော် ဝမ်ရှန်း၏ မက်လုံးပေး ပြောဆိုမှု အောက်တွင် အခြား အင်အားစုများမှာ သူတို့အား စောင့်ကြည့် ခဲ့ကြတော့သည်။
အင်ပါယာ ရတနာစံအိမ်သည် ထိုလူများ၏ သတင်းအချက် အလက်များကို ဝမ်ရှန်းအား ပြောပြသည်မှာ ထိုသူတို့၏ အဆုံးသတ်ကို မြင်လိုခြင်း မဟုတ်ပဲ ဝမ်ရှန်းက သူ့လက်ထဲ၌ မည်သည့် ဝှက်ဖဲမျိုးကို သိုဝှက် ထားကြောင်းကို သိချင်သောကြောင့် ဖြစ်၏။
သူတို့အား တိုက်ခိုက် လာမည်ကို စိုးရိမ်သည့် အတွက်ကြောင့် ဝမ်ရှန်းအား ရန်စခဲ့သည့် လူများသည် ထိုညတွင် သူတို့နေရာ၌ အင်အားစု၍ နေနေကြသည်။ သူတို့သည် မနက်ရောက်လျှင် ဝမ်ရှန်းအား ဉီးစွာ တိုက်ခိုက်ရန် စီစဉ်နေကြခြင်း ဖြစ်သည်။
ဝူရုံမြို့ အတွင်းတွင် တစ်ယောက်နှင့်တစ်ယောက် ခင်မင်ရင်းနှီးမှုဖြင့် နေရန် အခြေအနေများ ရှိပေသည်။ အကြောင်းတစ်စုံတစ်ရာ မသိသည့် လူများနှင့် ဆက်ဆံရသည့် အချိန်တွင် အားလုံးသည် တစ်ဦးကိုတစ်ဦး ရေလိုက်ငါးလိုက်သာ ဆက်ဆံကြပေလိမ့်မည်။
သို့သော် တစ်ဖက်လူ၏ အခြေအနေ၊ လူအင်အား အရေအတွက်နှင့် လုပ်ဆောင် နိုင်စွမ်းကို သိသွားသည့် အချိန်တွင် အခွင့်အရေး ကြုံကြိုက်လာမည် ဆိုပါက သူတို့သည် ညှာတာပေးမည် မဟုတ်ပေ။
ဝမ်ရှန်းအား ခြိမ်းခြောက်ခဲ့သည့် လူများသည် သေးငယ်သည့် အင်အားစု တစ်ခုဖြစ်၏။ ရက်သတ္တပတ်များစွာ ကတည်းက သူတို့သည် ဝမ်ရှန်း ဆိုင်ဖွင့်ထားသည့် လမ်းပေါ်၌ နေထိုင်ခဲ့ကြ၏။ လမ်းဘုရင်ဖြစ်ရန်၊ လမ်း၌ဗိုလ်ကျ နိုင်ရန်အတွက် သူတို့သည် သူတို့လောက် စွမ်းအားမကြီးသည့် လူများကို ဖိနှိပ် အနိုင်ကျင့် တတ်ကြပေသည်။
ယနေ့တွင်မူ ထိပ်ပြောင်လူနှင့် သူ့အဖွဲ့သည် ဝမ်ရှန်း၏ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရ၏။ ထိုအချိန်တွင် သူတို့ ဘာမှမလုပ်ရဲခဲ့ကြပေ။ အဖွဲ့ထံသို့ ပြန်ရောက်ပြီးနောက် သူတို့ ခေါင်းဆောင်ကို ဝမ်ရှန်း၏ ခြိမ်းခြောက်မှုအကြောင်း ပြောပြလိုက်သည်။
သူတို့သည် ထိုအကြောင်းကို စဉ်းစားလေ စဉ်းစားလေ ပိုပို၍ ကြောက်လာ ခဲ့ကြတော့သည်။ ဂျင်ဒီနယ်မြေ အတွင်း၌ လွတ်လပ်စွာ သွားလာနိုင်ခွင့် နည်းလမ်းအတွက် သူတို့အသက်နှင့် လဲလှယ်၍ ရသည် ပြောပြပေးမည်ဟု ဝမ်ရှန်းသာ အမှန်တကယ် ကြေညာ လိုက်မည်ဆိုလျှင် သူတို့သည် သေချာပေါက် မြှုပ်စရာ နေရာပင် မရှိဘဲ သေဆုံးရပေလိမ့်မည်။
သူတို့သည် ဝမ်ရှန်းအား အမှားကျူးလွန်ခဲ့ပြီး ဖြစ်သည့် အတွက်ကြောင့် ဝမ်ရှန်း ရှေ့မှောက်တွင် ဘာမှမဖြစ်ခဲ့သကဲ့သို့၊ ပုံမှန်လူများကဲ့သို့ မနေနိုင်ကြပေ။ ထို့ကြောင့် သူတို့ ခေါင်းဆောင်သည် သူတို့ဘက်မှ စတင်လှုပ်ရှားရန် ဆုံးဖြတ်ချက် ချလိုက်တော့၏။
ဝမ်ရှန်းသာ သေသွားမည် ဆိုလျှင် အနာဂတ်တွင် သူတို့အပေါ်၌ အန္တရာယ် ကျရောက်နိုင်ခြေ မရှိတော့ပေ။ ဝူရုံမြို့တွင် သေဆုံးသွားသည့် လူတစ်ယောက် အတွက်ဖြင့် အဘယ်သူက ကြေးစားအုပ်စု တစ်စုနှင့် တိုက်ခိုက်ချင် ပါမည်နည်း။
ထို့အပြင် သူတို့ခေါင်းဆောင်သည် အကြင်နာမဲ့ ရက်စက်သည့် လူတစ်ယောက်လည်း ဖြစ်သည်။ သူသည် ပဥ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက်နှင့် တိုက်ခိုက်ခဲ့ဖူးသည့် စတုတ္ထအဆင့် ဝိညာဉ်သခင် တစ်ယောက်ဖြစ်သည်။
ဝူရုံမြို့တွင် သူသည် သူ၏ခက်ထန်မှုကြောင့် နာမည် ကြီးမားပေသည်။ ယခုလို အချိန်တွင် သူသည် သူ့အသက်ကို ကယ်တင်ရန် အတွက် ကိုယ်ပိုင် နည်းလမ်း ရှိပေသည်။
ထပ်ပေါင်း ပြောရမည်ဆိုလျှင် အဖွဲ့အစည်း ပေါင်းစုံမှ အင်အားစုများက ဝမ်ရှန်းအား ဆက်လက် စမ်းသပ်မည်ကို သူတို့ မြင်ချင်ကြပေသည်။
ဝူရုံမြို့တွင် နေထိုင်သည့် လူများသည် နေ့ရက်တိုင်းတွင် ကြောက်လန့်တကြား နေနေကြရ၏။ သူတို့သည် တစ်ယောက်ကို တစ်ယောက် မယုံကြည်ရဲကြပေ။
ဝမ်ရှန်းသည် သူ ခွန်အား ကြီးမားကြောင်း သိသာသည့် သက်သေ အထောက်အထားများဖြင့် သက်သေပြခဲ့ပြီး ဖြစ်သော်လည်း သူတို့ အပြည့်အဝ ယုံကြည်လို့ မရမချင်း ဝမ်ရှန်း တိုက်ခိုက်သည်ကို မြင်တွေ့ချင်ကြသည်။
ဝမ်ရှန်းသည်လည်း အခြားသူများကို သတိပေးရန် အတွက် ထိုလူဆိုးပေါက်များကို အမှန်တကယ် သတ်ပစ်ချင်ခဲ့၏။ ဤလူများက ငြိမ်သက် သွားသည်ဖြစ်စေ၊ ဆက်လက် ခြိမ်းခြောက်နေသည် ဖြစ်စေ သူတို့ မည်သို့ပင် ပြုမူစေကာမူ ဝမ်ရှန်းသည် သူ၏ သြဇာအာဏာကို ပြသရန်အတွက် သူတို့ကို အသုံးချမည်ဖြစ်၏။
သို့သော် ယခုအချိန်တွင် ထိုအဖွဲ့သည် သူတို့က စတင် လှုပ်ရှားရန် ဆုံးဖြတ်ခဲ့၏။ ထို့ကြောင့် ဝမ်ရှန်း၏ ရက်စက်မှုအတွက် သူတို့ အပြစ်တင်ခွင့် မရှိပေ။
ဝူရုံမြို့တွင် သူသာ အပြောကောင်းပြီး ခွန်အား အနည်းငယ် ပြသလိုက်မည် ဆိုပါက ယင်းနောက်တွင် ချက်ချင်း ရရှိလာမည်မှာ သူ့အပေါ်၌ ယဉ်ကျေး ဖော်ရွှေခြင်း ဖြစ်ကြောင်း ဝမ်ရှန်း ကောင်းကောင်း သိပေသည်။ သို့သော် ထိုထဲတွင် အခြားသူများ၏ သတိထား စောင့်ကြည့် ခံရခြင်းလည်း ပါဝင်ပေမည်။
အင်ပါယာ ရတနာစံအိမ်မှ ထွက်လာပြီးနောက် ဝမ်ရှန်းသည် မြေပုံကိုကြည့်ကာ ဝူရုံမြို့၏ လမ်းမ တစ်လျှောက် ဖြည်းညင်းစွာ လျှောက်လာခဲ့လိုက်၏။
သူသည် လမ်းလျှောက် နေရင်းဖြင့် လမ်းတစ်လျှောက်၊ အဆောက်အဦများ၊ လူသွား လမ်းကြားများရှိ ဈေးဆိုင်များနှင့် လုပ်ငန်းများကို သေချာဂရုတစိုက် စူးစမ်းလေ့လာ နေခဲ့သည်။
တစ်ချိန်တည်းမှာပင် အဆောက်အဦများ၏ အမြင့်များ၊ စနိုက်ပါ ပစ်ရန်အတွက် သင့်တော်သည့် နေရာများနှင့် ထွက်ပြေး၍ ရသည့် လမ်းကြောင်းများကိုလည်း စစ်ဆေး ကြည့်ရှုခဲ့၏။ ဤအရာများသည် တာဝန် မစတင်ခင်၌ ပြုလုပ်လေ့ရှိသည့် စူးစမ်းရှာဖွေမှုဟု ပြော၍ရပေသည်။
ထိုထိပ်ပြောင် လူ၏အဖွဲ့ တည်နေရာသည် စတိုးဆိုင် တစ်ဆိုင်၏ ကုန်လှောင်ရုံ ဖြစ်သည်။ သူတို့ ခေါင်းဆောင်သည်လည်း ဝမ်ရှန်းကဲ့သို့ပင် ဈေးဆိုင်တစ်ဆိုင် ဖွင့်လှစ်ထား၏။ ဝူရုံမြို့တွင် ကြေးစားများက ဈေးဆိုင် ဖွင့်သည်မှာ ပုံမှန်ကဲ့သို့ပင် ဖြစ်ဟန်ရှိသည်။
ကြေးစားများသည် သူတို့ လုပ်စရာ မရှိသည့် အခိုက်အတန့်တွင် အပြင်ထွက်ပြီး မလိုအပ်သော သတ်ဖြတ်မှုများ မပြုကြချေ။ အထူးသဖြင့် ဝူရုံမြို့သို့ ထွက်ပြေး လွတ်မြောက် လာသည့် ကြေးစားများပင် ဖြစ်၏။
ထိုသူတို့၏ ကုန်လှောင်ရုံသည် မကြီးသော်လည်း သေးလည်း မသေးပေ။ ဘန်ဂလို အရွယ်အစား စတုရန်းမီတာ ၂၀၀ ခန့် ရှိပေသည်။ ကုန်လှောင်ရုံ၏ တစ်ဝက်တွင် အစားအသောက်များဖြင့် ပြည့်နှက်နေကာ အခြားတစ်ဖက်သည် အလွတ်ဖြစ်ပြီး လူများ နေထိုင်ကြ၏။
ထိုထိပ်ပြောင်နှင့် လူ၏ခေါင်းဆောင်အား လင်ဘ ဟုခေါ်၏။ ပြောရမည် ဆိုလျှင် သူ၏ယခင် နာမည်သည် လင်ဘ မဟုတ်ချေ။ ဝူရုံမြို့သို့ ရောက်လာသည့် အချိန်မှ ထိုနာမည် ပြောင်းခဲ့ခြင်း ဖြစ်သည်။ ထိပ်ပြောင်နှင့်လူ အပါအဝင် သူ၏ အဖွဲ့ဝင်ညီငယ်များ အားလုံးသည် သူ ဝူရုံမြို့သို့ ရောက်ခဲ့ပြီး နောက်ပိုင်းမှ ရရှိခဲ့သည့် လူများဖြစ်သည်။
ဝူရုံမြို့သို့ ထွက်ပြေးလာကြသော လူတိုင်းသည် နေစရာနေရာ ဝယ်ယူရန် ငွေကြေး အလုံအလောက် ရှိနေကြခြင်း မဟုတ်ကြချေ။ အများစုသည် ဝူရုံမြို့သို့ လွတ်မြောက်လာပြီး နောက်တွင် သူတို့ဘဝ၏ အဆုံးသတ်နှင့် အမှန်တကယ် နီးကပ်နေပြီဖြစ်၏။
ထိုအချိန်တွင် တစ်ယောက်ယောက်သည် သူတို့အား နေစရာ နေရာပေးမည် ဆိုလျှင် သူတို့သည် ထိုလူကို ကျေးဇူးတင်ကြမည်၊ ယုံကြည်အားကိုး ကြပေမည်၊ ကျေးဇူးတရားကို တုံ့ပြန်ကြပေမည်။
ဤသည်မှာ လင်ဘ လက်အောက်ငယ်သား အယောက် ၂၀ ကျော် ရရှိခဲ့သည့် အကြောင်းရင်း ဖြစ်၏။ ဟုတ်ပါသည်၊ သူ၏ခွန်အား စတုတ္ထအဆင့် အထွတ်အထိပ်သည် အခြားလူများကို အမှန်တကယ် ဆွဲဆောင်နိုင်သည့် အရာပင်ဖြစ်သည်။
သူ၏ ခွန်အားဖြင့် အခြားသူများအား အနိုင်ကျင့်သည့် အချိန်တွင် ထိုသူတို့မှာ သူနှင့် သူ့အဖွဲ့သားအား ပြန်လည် လက်တုံ့ပြန်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။
အပြင်ထွက်ကာ အခြားလူများကို အနိုင်ကျင့်ခြင်းက သူ့အတွက် မပူမပင် နေထိုင်စားသောက် နိုင်သည်ဖြစ်ရာ အဘယ်မှာ မလုပ်ဘဲ နေမည်နည်း။
လူငယ်များသည် လင်ဘကဲ့သို့ အစ်ကိုကြီး လိုအပ်ကာ လင်ဘသည်လည်း ထိပ်ပြောင်လူ ကဲ့သို့သော လက်အောက် ငယ်သား ညီငယ်များကို လိုအပ်၏။
လင်ဘသည်လည်း လူသား တစ်ယောက်သာ ဖြစ်၏၊ သူသည် အမြဲတမ်း သတိရှိနေရန် မဖြစ်နိုင်ပေ။ သို့သော် စတုတ္ထအဆင့် အထွတ်အထိပ် အဆင့်ဖြင့် သူသည် ပဥ္စမအဆင့်အောက် ရှိသည့် မည်သည့် ဝိညာဉ်သခင်၏ လှုပ်ရှားမှုကိုမဆို ခြေလှမ်းတစ်ရာ အတွင်း အာရုံခံနိုင်ပေသည်။
ဝူရုံမြို့အတွင်းရှိ လူများအားလုံး နီးပါးသည် ကြေးစားများ ဖြစ်ကြ၏၊ ထို့ကြောင့် လူအများစုတွင် မှိန်ဖျော့သည့် လူသတ်အော်ရာများ ရှိပေသည်။
အခြားသူများသည် လင်ဘ၏ အော်ရာကို ခံစားမိသည့် အချိန်တိုင်း သူတို့ကိုသူတို့ ကာကွယ်ရန် ပြင်ဆင် ထားကြရ၏။ ဤကဲ့သို့ မကျေနပ်သည့် လူများ များပြားသည့် အခြေနေတွင် လင်ဘသည် သူ၏ညီငယ်များကို အမြဲတမ်း စောင့်ကြည့် ခိုင်းထားရသည်။
သူ၏ညီငယ်များက ပတ်ဝန်းကျင်ကို စောင့်ကြည့်နေသည့် အချိန်မှသာ လင်ဘမှာ အေးအေးချမ်းချမ်း အိပ်စက်နိုင်ပေသည်။
ညကိုးနာရီ အမှောင်ယံ အချိန်တွင် ဝမ်ရှန်းသည် ကုန်လှောင်ရုံ အပြင်သို့ ရောက်လာခဲ့သည်။ ဤအချိန်သည် ဝိညာဉ်ကျင့်ကြံသူများ လေ့ကျင့်ကြသည့် အချိန်ဖြစ်၏။
ထိုနေရာတွင် ဝင်ထွက် သွားလာနေသည့် လူအချို့ရှိကာ အချို့သည်လည်း အိပ်စက် နေကြပြီ ဖြစ်သည်။ သို့သော် ထိုအိပ်နေသည့် လူများသည်လည်း မည်သည့် လှုပ်ရှားမှုကိုမဆို သူတို့အနေဖြင့် အချိန်မီ တုံ့ပြန်နိုင်ပေသည်။
ဝမ်ရှန်း ရောက်လာသည်ကို လင်ဘ သိပေသည်။ သို့သော် သူသည် အလေးမမူ ခဲ့ချေ။ ယခုလိုမျိုး အချိန်တွင် တစ်စုံတစ်ယောက်က သူ့အား တိုက်ခိုက် လိမ့်မည် မဟုတ်ဟု လင်ဘ တွေးထားသည်။ အထူးသဖြင့် သူသည် ဝမ်ရှန်းကို ပို၍ပင် အလေးမထားခြင်း ဖြစ်သည်။
သူတို့အမြင်တွင် ဝမ်ရှန်းသည် တစ်ယောက်တည်းသာ ဖြစ်၏၊ ထို့ကြောင့် သူသည် ဤကဲ့သို့ ရူးမိုက်သည့် အလုပ်မျိုးကို မည်သို့ လုပ်မည်နည်း။
လင်ဘ နောက်လိုက် ညီငယ်များသည်ပင် ဝမ်ရှန်းသည် ဒီတိုင်း သူတို့ ကုန်လှောင်ရုံအား ဖြတ်ကာ သူ့အိမ်ကို ပြန်ခြင်းဖြစ်သည်ဟု ထင်နေကြခြင်း ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ဝမ်ရှန်း၏ အိမ်နှင့် သူတို့နေရာသည် သိပ်မဝေးလှပေ။ ထိုအခိုက်အတန့်တွင် အားလုံးက မဖြစ်နိုင်ဟု ထင်ထားသည့် မယုံကြည်နိုင်စရာ ကောင်းသည့် အရာတစ်ခု ဖြစ်ပျက် လာတော့သည်။
ဝမ်ရှန်းသည် ကုန်လှောင်ရုံ အတွင်းသို့ တစ်ဇွတ်ထိုး ပြေးဝင်ကာ လင်ဘ၊ ထိပ်ပြောင်နှင့်လူ အပါအဝင် အခြားလူအယောက် ၂၀ နှင့် တိုက်ခိုက် ရလောက်သည်အထိ သူ မရူးမိုက်ပေ။ ထိုအရာသည် ကိုယ့်သေတွင်းကို ကိုယ်တူးခြင်းပင်တည်း။
သို့သော် အင်ပါယာ ရတနာစံအိမ်မှ လုဝမ်ဟုန်၏ သတင်းပေးချက်အရ ဤကုန်လှောင်ရုံသည် အသင့်စား ဆီများနှင့် အိပ်ရာခင်း၊ စားပွဲခင်းများကို သိုလှောင်ထားခြင်း ဖြစ်ကြောင်း သူသိထား၏။ ထိုအရာများ အားလုံးသည် မီးလောင်လွယ်သည့် အရာများပင် ဖြစ်သည်။
ဝမ်ရှန်း လက်ဖျောက် တစ်ချက် တီးလိုက်သည့် အချိန်တွင် သူ၏လက်ထဲ၌ ကြက်ဥ အရွယ်အစား အလုံးတစ်လုံး ပေါ်လာခဲ့သည်။ အားလုံး ကြည့်နေကြသည့် အချိန်မှာပင် ဝမ်ရှန်းသည် ထိုအလုံးကို ကုန်လှောင်ရုံ ဘက်သို့ ပစ်လိုက်၏။
ထိုအလုံးသည် စက္ကူများဖြင့် ကာထားသည့် ကုန်လှောင်ရုံ၏ ပြတင်းပေါက်ကို ထိုးဖောက်သွားကာ ကုန်လှောင်ရုံ အတွင်းသို့ တည့်တည့် ဝင်ရောက် သွားတော့သည်။
***