Switch Mode

Chapter – 102

မီးပုံတိုးသည့်ပိုးဖလံများ (၁)

အပိုင်း ၁၀၂
မီးပုံတိုးသည့်ပိုးဖလံများ (၁)

ဝမ်ရှန်းသည် ရတနာစံအိပ်၏ ဆိုင်ပိုင်ရှင်ကို သူ့အကြောင်း သိလားဟုပင် မမေးခဲ့ပေ။ သူသည် ကြီးမားသော ဂယက်ထအောင် ပြုလုပ်ခဲ့သည့်လူ ဖြစ်သည်။ ထို့ကြောင့် ရတနာစံအိမ်က သူ့အား သတိမထားမိဘူး ဆိုလျှင် ထူးဆန်းရာ ရောက်ပေလိမ့်မည်။

ဆိုင်ပိုင်ရှင်သည် ဘာမှမမေးခဲ့ပေ။ သူသည် ဝမ်ရှန်း၏ တောင်းဆိုချက် အသာငြိမ်ပြီး တိတ်တဆိတ်ပင် လက်ခံလိုက်၏။ ဝမ်ရှန်းမေးသည့် လူသုံးယောက် အကြောင်း အတွက်မူ သူသည် အခြေအနေ အချို့ကို မသိဘူး ဆိုလျှင်ပင် သူတို့ကို စေလွှတ်လိုက်သည့် လူကို မေးလိုက်ခြင်းအားဖြင့် အခြေအနေကို အကြမ်းဖျင်းတော့ နားလည် သွားနိုင်ပေသည်။

ထိုအခိုက်အတန့်တွင် ဝမ်ရှန်းမှာ အထူးဧည့်သည် အဖြစ် ပြုမူခံနေရ၏၊ အရည်အသွေးမြင့် လက်ဖက်ရည်များနှင့် အစားအစာများသည် သူ့ရှေ့၌ အလျှံပယ်ကို ရှိနေခဲ့သည်။ သို့သော် ဝမ်ရှန်းသည် ထိုအရာများကို မထိခဲ့ပေ။ သူသည် ထိုနေရာ၌သာ ထိုင်၍ အနားယူပြီး စောင့်ဆိုင်း နေလိုက်သည်။

တစ်နာရီခန့် ကြာပြီးနောက်တွင် ဆိုင်ပိုင်ရှင် ပြန်ရောက် လာခဲ့သည်။ ဝမ်ရှန်း လိုချင်သည့် ဆေးပစ္စည်းများသည် အဆင့်မြင့် ဆေးပစ္စည်းများ မဟုတ်ပေ။ ထို့ကြောင့် ဤနေရာတွင် ပစ္စည်းများက အဆင်သင့်ရှိ၏။ သူသည် ဝမ်ရှန်း၏ ပစ္စည်းစာရင်း စာရွက်အတိုင်း အတိအကျ ဝမ်ရှန်းအား ပေးလိုက်သည်။

ဆိုင်ပိုင်ရှင်သည် မလိုအပ်သည့် စကားများ မပြောခဲ့ပေ။ သူသည် ဝမ်ရှန်းနားသို့ သွားကာ ဝမ်ရှန်း မေးခဲ့သည့် ထိုလူသုံးယောက်၏ လိပ်စာများကို တီးတိုး ပြောပြလိုက်၏။ ပြီးသည်နှင့် ဝမ်ရှန်းသည် ဆေးပြားများ အားလုံးကို သူ၏သိုလှောင် လက်စွပ် အတွင်း၌သိမ်းကာ ရတနာစံအိမ်မှ ထွက်လာလိုက်သည်။

ရတနာစံအိမ် အတွင်းမှ ထွက်လာပြီးနောက် ဝမ်ရှန်းသည် ကြေးစားခန်းမ ရှေ့ကို နောက်တစ်ကြိမ် ထပ်ဖြတ်ပြီး အင်ပါယာ ရတနာစံအိမ် အတွင်းသို့ ဝင်သွားလိုက်သည်။

စံအိမ်အတွင်းသို့ ဝင်သွားလိုက်သည်နှင့် ဝမ်ရှန်းသည် နောက်ဆုံး အကြိမ်၌ သူ လုဝမ်ဟုန် ဘေးတွင် တွေ့ခဲ့ရသည့် လှပသော မိန်းမပျိုလေး လင်းအာကို စံအိမ်အတွင်း၌ တွေ့လိုက်ရသည်။

အစပိုင်းတွင် သူသည် ရတနာစံအိမ်အတိုင်း လုပ်ရန်အတွက် အင်ပါယာ ရတနာစံအိမ် အတွင်းသို့ ဝင်လာခဲ့ခြင်း ဖြစ်သည်။ အသက်ကယ် ဆေးပြားအချို့ အတွက် အစွယ်များကို ရောင်းချရန် ဖြစ်၏။ သို့သော် လင်းအာအား တွေ့လိုက်ရသည့် အချိန်တွင် ပြောစရာ စကားများ ပိုပြီး ရှိလာလိမ့်မည်ဟု ဝမ်ရှန်း သိလိုက်သည်။

“သခင်လေး”

လင်းအာသည် သူ့အား ထိုနေရာ၌ စောင့်နေဟန်ရှိ၏။ သူမသည် ဝမ်ရှန်း အထဲ ဝင်လာသည်ကို မြင်သည်နှင့် ဝမ်ရှန်းအား ဦးညွှတ်ကာ ကြိုဆိုသည့် အမူအရာ ပြုလုပ်လိုက်သည်။ ထို့နောက် သူမသည် ဝမ်ရှန်းထံသို့ လျှောက်သွားလိုက်ပြီး ဝမ်ရှန်းကို စံအိမ်အနောက်သို့ ခေါ်သွားလိုက်၏။

မေးစရာပင် မလိုပေ၊ လင်းအာက ဤနေရာ၌ ရှိနေသည့် အတွက်ကြောင့် လုဝမ်ဟုန်သည်လည်း ဤနေရာ၌ ရှိနေမည်ဖြစ်၏။ ထို့ကြောင့် အနောက်ဘက်၌ စောင့်နေသည့် လူသည် အင်ပါယာ ရတနာစံအိမ်၏ သခင်လေး လုဝမ်ဟုန် ဖြစ်ရပေမည်။

ဟုတ်ပါသည်၊ သူ လင်းအာ နောက်သို့ လိုက်လာပြီး တိတ်ဆိတ်သည့် အခန်းတစ်ခု အတွင်းသို့ ဝင်ရောက် သွားချိန်တွင် စားပွဲရှည် တစ်ခု၌ ထိုင်ကာ လက်ဖက်ရည် ငှဲ့နေသည့် လုဝမ်ဟုန်အား တွေ့လိုက်ရသည်။

“အစ်ကိုဝမ်၊ ထိုင်ပါဦး”

သူနှင့် မျက်နှာချင်းဆိုင် ခုံအားညွှန်ပြကာ လုဝမ်ဟိုင်မှ ဝမ်ရှန်းအား ထိုင်ရန် ပြောလိုက်သည်။

“သောက်ကြည့်ပါဦး၊ အရသာ ဘယ်လိုလဲလို့”

ဤလှည့်ကွက် အကြောင်းကို ဝမ်ရှန်း ကောင်းကောင်း နားလည်ပေသည်။ အင်ပါယာ ရတနာစံအိမ်မှ လူများသည် ဝမ်ရှန်းအား အာရုံစိုက်နေခြင်းပင် ဖြစ်၏။ သူ ရတနာစံအိမ် အတွင်းမှ ထွက်လာသည်ကို မြင်သည်နှင့် သူတို့သည် အချိန်ကိုက် တွက်ချက်ထားခြင်း ဖြစ်သည်။

ယခု ဝမ်ရှန်း အခန်းတွင်းသို့ ဝင်လာသည့် အချိန်တွင် လက်ဖက်ရည်သည် ရောက်ခါစပင် ရှိသေး၏။ ဤအရာသည် လုဝမ်ဟုန်၏ စည်းချက်ညီအောင် လုပ်ဆောင် နိုင်စွမ်းကို ပြသနေခြင်းပင် ဖြစ်သည်။

ဝမ်ရှန်း လုဝမ်ဟုန်အား နောက်ဆုံးအကြိမ် တွေ့ခဲ့သည့် အချိန်တွင် လုဝမ်ဟုန်၏ အပြုအမူသည် သိပ်မသိသာပေ။ ယခုသည် လင်းအာ၏ စီစဉ်မှုပင် ဖြစ်ရပေမည်။

နောက်ဆုံး အကြိမ်တွင် ဝမ်ရှန်းပြောခဲ့သည့် မြွေအဆိပ်က လင်းအာအား အရှက်ရသွားစေခဲ့ခြင်းကြောင့် ဖြစ်နိုင်၏၊ ထို့ကြောင့် ယခုအချိန်တွင် ဤကောင်မလေးသည် ဝမ်ရှန်းအား ကောင်းကောင်းမွန်မွန် ဆက်ဆံ နေခဲ့သည်။

သို့သော် လင်းအာ သူ့အပေါ် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဝမ်ရှန်း ဂရုမစိုက်ပေ၊ ဂရုစိုက်ဖို့လည်း မလိုအပ်ပေ။

လက်ဖက်ရည်ခွက်ကို ကိုင်ကာ ဝမ်ရှန်း အနံ့ခံ ကြည့်လိုက်၏၊ သို့သော် မသောက်ခဲ့ပေ။ ဤနေရာ ဤအချိန်မျိုး၌ပင် ဝမ်ရှန်းသည် သတိထား နေဆဲဖြစ်၏။ ရတနာ စံအိမ်တွင်လည်း သူသည် သူတို့ တည်ခင်း ဧည့်ခံသည့် လက်ဖက်ရည်နှင့် မုန့်များကို မစားခဲ့ချေ။ ထို့ကြောင့် ဤနေရာတွင်လည်း သူသည် လက်ဖက်ရည်ကို သောက်မည် မဟုတ်ပေ။

“ဟွန့်၊ ကြောက်တတ် လိုက်တာလည်းလွန်ရော”

ဝမ်ရှန်း ဤကဲ့သို့ လုပ်လိမ့်မည်ဟု လင်းအာ ကြိုထင်ပြီးသား ဖြစ်သည်။ သူမသည် သူမ သခင်လေး လက်ထဲရှိ တူညီသည့် လက်ဖက်ရည်အိုးမှ လက်ဖက်ရည်ကို ခွက်တစ်ခုထဲ ငှဲ့ကာ ဝမ်ရှန်းရှေ့၌ပင် သောက်ပြလိုက်သည်။ ထို့နောက် ဝမ်ရှန်းအား ‘တွေ့လား’ ဟူသည့် အကြည့်ဖြင့် ကြည့်လိုက်၏။

“မမလေး လင်းအာ၊ ကျွန်တော်က သတ္တိရှိတယ်လို့ ကျွန်တော် တစ်ခါမှ မပြောခဲ့ဖူးပါဘူး”

လင်းအာ၏ လှောင်ပြောင်မှုကို ဝမ်ရှန်း ပြုံး၍သာ ပြန်တုံ့ပြန် လိုက်သည်။ သူက သတ္တိကြောင်သည့် လူတစ်ယောက် ဖြစ်ကြောင်းကို ဝန်ခံရာ၌ ရှက်စရာ ဘာမှမရှိပေ။

“ဟမ့်”

အရေထူသည့် ဝမ်ရှန်းကို လင်းအာ ဘာမှမလုပ်နိုင်ပေ။ ထို့ကြောင့် သူမသည် တစ်ဖက်သို့ လှည့်ကာ နောက်တစ်ကြိမ်သာ နှာခေါင်း ရှုံ့လိုက်၏။

“ဒါပေါ့၊ အစ်ကိုဝမ် လုပ်တာ မှန်ပါတယ်။ အစ်ကိုကြီးက ဝူရုံမြို့မှာ နေဦးမှာပဲ။ အမြဲတမ်း သတိထားနေတာပဲ ကောင်းပါတယ်”

လုဝမ်ဟုန်မှ ရယ်မောကာ ဝမ်ရှန်းဘက်မှ နေ၍ လင်းအာအား ရှင်းပြလိုက်သည်။

ထို့နောက် သူသည် ဝမ်ရှန်းဘက်သို့ လှည့်ကာ “အစ်ကိုဝမ်က ဝူရုံမြို့ကို ရောက်လာပြီ ဆိုမှတော့ ခဏလောက်တော့ အေးအေးဆေးဆေး နေလို့ရပါတယ်။ အပြင်လူတွေ အနေနဲ့ အများကြီး လုပ်ဖို့က မလွယ်ဘူး။ အစ်ကိုဝမ် အနားယူဖို့ အတွက် အချိန်ဘယ်လောက်မှ လိုမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ တစ်ခုခုဖြစ်ရင် ဒီကိုသာ လာခဲ့လိုက်၊ သူတို့ အစ်ကိုဝမ်ကို ထိရဲတော့မှာ မဟုတ်ဘူး”

ဤလူသည် ကောင်းကောင်းကို ခန့်မှန်းနိုင်သည့် လူတစ်ယောက်ဖြစ်၏။ သူ၏ အစီအစဉ်က လုဝမ်ဟုန် ပြောသည်နှင့် တစ်ထပ်တည်းနီးပါး တူညီကြောင်းကို ဝမ်ရှန်း မငြင်းပေ။ သူသည် အရင်ဆုံး တစ်ကိုယ်တည်း လှုပ်ရှားကာ ထိုအင်အားကြီး မိသားစုများကို ဆွဲဆောင်နိုင်ရန် စိတ်ဝင်စားစရာ အချို့ကို အသုံးပြုမည် ဖြစ်၏။

ပြီးလျှင် သူတို့ကို အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် သတိထား စောင့်ကြည့် နေကြအောင် ပြုလုပ်မည်ဖြစ်၏။ လုဝမ်ဟုန်သည် သူ၏အစီအစဉ်ကို  တစ်ချက်တည်းဖြင့် ထိုးဖောက် မြင်နိုင်ခဲ့သည်။ ဤလူသည် တကယ့်ကို မလွယ်သူပင်။

“နောက်ဆုံး တစ်ခေါက် အစ်ကိုဝမ် ဂျင်ဒီနယ်မြေထဲ မဝင်ခင်၊ ကျွန်တော် အစ်ကိုဝမ်နဲ့ တွေ့တဲ့အချိန်တုန်းက အစ်ကိုက ပထမအဆင့်မှာ ရှိပါတယ်။ အခုကရော အဆင့်မတက် သေးဘူးလား”

လုဝမ်ဟုန်သည် အပြင်မှ ကောလာဟလများကို မကြားသည့် ဟန်ဖြင့် ဝမ်ရှန်းအား မေးလိုက်သည်။

လုဝမ်ဟုန် အတွက်မူ အခြားသူများက ဘယ်လောက်ပဲ သူတို့မျက်လုံးနှင့် သူတို့ကိုယ်တိုင် မြင်သည်ဟု ပြောပြော၊ သူတို့နားနှင့် သူတို့ကိုယ်တိုင် ကြားသည်ဟု ပြောပြော ထိုအရာများသည် သူ့မျက်လုံးများဖြင့် သူကိုယ်တိုင် မြင်ရခြင်းနှင့် မယှဉ်နိုင်ပေ။ ဝမ်ရှန်း လုဝမ်ဟုန်နှင့် နောက်ဆုံးအကြိမ် တွေ့ခဲ့သည့် အချိန်သည် ဝမ်ရှန်း နဂါးဂိတ်ကို ကျော်ပြီး ပထမအဆင့်သို့ ရောက်ခါစ အချိန်ဖြစ်သည်။

“အဲ့အချိန်တုန်းက ပြဿနာလေး နည်းနည်း ရှိနေလို့”

ဝမ်ရှန်းသည် ထိုအရာက အမှန်တကယ်ကို အရေးမပါသည့် သေးငယ်သော ပြဿနာ ဖြစ်သည့် ပုံစံဖြင့် လျှော့ပေါ့ ပြောလိုက်သည်။

“ကိုယ့်နောက်ကို ဒီလိုမျိုး အင်အားကြီးမားတဲ့ လူတွေ အုပ်စုလိုက် လိုက်နေမယ်ဆိုရင် ပေးဆပ်ရတဲ့ တန်ကြေး မရှိဘဲနဲ့ သူတို့ကို ရှင်းထုတ်ပစ်ဖို့က မဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား။ အဲဒါကြောင့် သူတို့ကို ရှင်းနေရတာနဲ့ အဆင့်တက်အောင် လုပ်ဖို့ အချိန်မရှိ ဖြစ်သွားတာ”

ဝမ်ရှန်းသည် ထိုစကားကို ပေါ့ပေါ့ပါးပါးပင် ပြောခဲ့ခြင်း ဖြစ်သည်၊ သို့သော် လုဝမ်ဟိုင်နှင့် လင်းအာတို့ နှစ်ယောက်လုံး၏ မျက်နှာများ လေးနက်သွား၏။

ဝမ်ရှန်း ပြောလိုက်သည့် လူများသည် သာမန်လူအုပ်စု မဟုတ်ပေ။ ပဥ္စမအဆင့် ဝိညာဉ်သခင်များ ဒါဇင်ကျော်၊ စတုတ္ထအဆင့်၊ တတိယအဆင့်နှင့် ဒုတိယအဆင့် ဝိညာဉ်သခင်များ ရာနှင့်ချီပါရှိသည့် အုပ်စုဖြစ်သည်။

ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်မည် ဆိုလျှင် သူတို့အုပ်စုထဲမှ မည်သူမဆို လက်တစ်ချက် လွှဲယမ်း လိုက်ရုံဖြင့် ဝမ်ရှန်းအား ဆယ်ကြိမ်မက သတ်နိုင်ပေသည်။

လုဝမ်ဟုန်နှင့် လင်းအာတို့ ဆိုလျှင် ဤကဲ့သို့ များပြားသည့် အုပ်စုကို ဘယ်တော့မှ ရှင်းထုတ် ပစ်နိုင်မည် မဟုတ်ပေ။ ထိုဂျင်ဒီနယ်မြေတွင် ဝမ်ရှန်းသည် ဖိအား ဘယ်လောက်ပင် ခံခဲ့ရကြောင်းနှင့် သေခြင်းရှင်ခြင်း စမ်းသပ်မှုကို ဘယ်နှကြိမ်မျှ ကြုံတွေ့ခဲ့ရကြောင်း တွေးကြည့်၍ မရပေ။

သို့သော် ဝမ်ရှန်းသည် ထိုကိစ္စကို ပေါ့ပါးစွာ ပြောခဲ့၏။ ဝမ်ရှန်း၏ ပုံစံကြောင့် လင်းအာ ဝမ်လုဟုန်အား ကြည့်လိုက်သည်။

ဝမ်ရှန်းသည် ဝူရုံမြို့အား အသက်ရှင်လျက် ရောက်လာနိုင်ခြင်းသည်ပင် အလွန် ကံကောင်းလှပြီဖြစ်၏။ ပဥ္စမအဆင့် ဝိညာဉ်သခင်များ၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံနေရခြင်းဖြစ်စေ၊ သို့မဟုတ် ဂျင်ဒီနယ်မြေ အတွင်းမှ အနာတရာများ ဖြစ်စေ ထိုအရာများသည် ဝိညာဉ်အဆင့် တစ်ခု သို့ရောက်မှသာ ဖြေရှင်းနိုင်သည့် အရာများ ဖြစ်သည်။

စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်၏ အမြင်ဖြင့် ကြည့်မည်ဆိုလျှင် ထိုနယ်မြေမှ အသက်ရှင်လျက် ထွက်လာ နိုင်ခြင်းသည်ပင် တကယ့်ကို အကျိုးကျေးဇူး များပေသည်။ ဘာမှမပေးဆပ်ဘဲ တန်ကြေးကို ပိုလိုချင်သည်ဆိုလျှင် ထိုအရာသည် အလွန်လောဘ တက်ရာရောက်ကာ ဘုရားသခင်၏ ပြစ်တင် ရှုတ်ချခြင်းကို ခံရပေလိမ့်မည်။

“အစ်ကိုဝမ် ကျွန်တော့်ကို ယုံတယ်ဆိုရင် ကျွန်တော် အင်ပါယာ မြို့တော်ဆီကို လူလွှတ်လိုက်မယ်။ ပြီးတော့ အကောင်းဆုံး အင်ပါယာ သမားတော်နဲ့ ဆေးပညာရှင်တွေကို ဝူရုံမြို့ကို ဖိတ်ပြီး အစ်ကိုဝမ်ကို ကြည့်ပေး ခိုင်းလိုက်မယ်လေ”

လုဝမ်ဟုန်မှ ပြောလိုက်သည်။

“ဒဏ်ရာတွေကို မြန်မြန်ပြန်ကု နိုင်မယ်ဆိုရင် ဝိညာဉ်အဆင့်ကိုလည်း ပိုပြီး မြန်မြန်တက်အောင် လုပ်နိုင်တာပေါ့၊ ဟုတ်တယ်မလား။ အစ်ကိုဝမ် ဘယ်လိုထင်လဲ”

စကားပြောနေသည့် အချိန်တွင် လုဝမ်ဟုန်၏ လေသံနှင့် မျက်နှာ အမူအရာသည် အလွန်ကို တည်တံ့နေကာ တကယ်ပဲ ဝမ်ရှန်းအတွက် တွေးပေးနေဟန်ရှိ၏။

“အဲဒါဆိုလည်း အစ်ကိုလုကိုပဲ ကျေးဇူးတင်ရတော့မှာပဲ”

ဝမ်ရှန်းသည် သူတော်ကောင်းယောင် ဆောင်သည့်လူမျိုး မဟုတ်ပေ။ အခြားတစ်ဖက်က သူတို့ကိုယ်သူတို့ အကောင်း မြင်စေချင်သည် ဆိုမှတော့ သူသည်လည်း သူတို့ဆန္ဒအတိုင်း အလိုက်အထိုက် နေပေးလိုက်တော့သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset