Switch Mode

Chapter – 101

မောက်မာရဲသည့်လူဆိုးများ (၂)

အပိုင်း ၁၀၁
မောက်မာရဲသည့်လူဆိုးများ (၂)

ဝမ်ရှန်းသည် ငရဲမင်းမှ ငရဲသားများအား အမိန့်ပေးသည့် ပုံစံဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။

သူသည် ဤမြို့သို့ အသစ် ရောက်လာသည့် လူဖြစ်၏။ ဤလူဆိုးပေါက်လေးများကြောင့် သူ အမှန်တကယ် ကြောက်နေခဲ့မည် ဆိုလျှင် အနာဂတ်တွင် သူသည် ဘယ်တော့မှ အေးအေးချမ်းချမ်း နေရလိမ့်မည် မဟုတ်ပေ။

ဤလူဆိုးပေါက်လေးများကို သူ့အား ခြိမ်းခြောက်ခွင့် ပြုလိုက်မည်ဆိုလျှင် နောက်နောင်တွင် ပြဿနာ ရှိလာနိုင်ပေသည်။ အင်အားကြီး အုပ်စုများမှ လူများကလည်း ဝမ်ရှန်းသည် ကိုင်တွယ်ရန် လွယ်သည်ဟု ထင်သွားကြ ပေလိမ့်မည်။

ထိုကဲ့သို့ဆိုလျှင် ဝမ်ရှန်းကို သူ မလုပ်ချင်သည့် အရာကို တွန်းအားပေးပြီး လုပ်ဆောင်ခိုင်းရန် အတွက် မယုံနိုင်လောက်အောင် များပြားသည့် ဖိအားများ သူ့ပေါ်သို့ ကျရောက် လာပေလိမ့်မည်။

ထို့ကြောင့် ဝမ်ရှန်းသည် အစကတည်းက ဆုံးဖြတ်ချက် ချလိုက်၏။ သူ့အား ရန်စရဲသည့်လူ မည်သူကိုမဆို ထိုလူအတွက် သူသည် သူ့လက်သည်းများကို ဝှက်ထားမည် မဟုတ်ပေ။

ဝမ်ရှန်းသည် ဤကမ္ဘာကို ရောက်လာခါကကဲ့သို့ ဘာကိုမှ မသိနားမလည်သည့် လူသစ်တစ်ယောက် မဟုတ်တော့ပေ။ သူသည် ဂျင်ဒီတားမြစ် နယ်မြေ၏ ထူးခြားဆန်းကြယ်မှုနှင့် အရေးပါမှုကို ကောင်းကောင်း သတိပြုမိပေသည်။

ထို့ပြင် ခွန်အားကြီး အင်အားစုတိုင်းက ဂျင်ဒီတားမြစ် နယ်မြေ အကြောင်းကို မည်မျှပင် စိတ်ဝင်တစား သိချင်နေကြလဲ ဆိုတာကို သူ ပိုပြီး သတိထားမိပေ၏။

ဝမ်ရှန်းသည် ဂျင်ဒီနယ်မြေ အတွင်း၌ သူ၏လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာ နိုင်စွမ်းကို ပြသပြီးဖြစ်၏၊ ထိုအချက်သည် အင်အားကြီး မိသားစုများကို အလွန် ဆွဲဆောင် ပေလိမ့်မည်။ ဤကဲ့သို့သော အခြေအနေတွင် မည်သည့် အင်အားစုကမှ ဝမ်ရှန်းအား သေစေချင်မည် မဟုတ်ပေ။

မည်သို့ပင် ဆိုစေကာမူ အဆုံးသတ်တွင် သူသည် သေမည်လည်း မဟုတ်ပေ။ ဝမ်ရှန်း၏ အဓိက ပစ်မှတ်မှာ တော်ဝင်မျိုးနွယ် ဖြစ်သည်။ ထို့ကြောင့် သူသည် သူ့ရှေ့၌ ရှိနေသည့် လူကြမ်းလူမိုက်များကို အဘယ်ကြောင့် မျက်နှာသာ ပေးရမည်နည်း…

ဤလူသုံးယောက်သည် သူ့အား စမ်းသပ်ရန်အတွက် အခြားသူများမှ စေလွှတ်လိုက်သည့် လူများဖြစ်သည်။ သို့သော် သူတို့အား စေလွှတ်လိုက်သည့် လူသည် ဝမ်ရှန်းကို ဒေါသထွက်အောင် သူရန်စခဲ့မိပြီ ဖြစ်ကြောင်း ဘယ်တော့မှ တွေးမိမည် မဟုတ်ပေ။ ဝမ်ရှန်းသည် သူ မကြာသေးမီကပင် ဝူရုံမြို့သို့ ရောက်လာခြင်း ဖြစ်ကာ သူ့နောက်၌ ခွန်အားကြီး ကျောထောက် နောက်ခံ မရှိသောကြောင့်သာ ငြိမ်နေခြင်းဖြစ်၏။

ဝမ်ရှန်း၏ စကားကြောင့် သူတို့သုံးယောက် နောက်တစ်ကြိမ် ကြောင်အ သွားခဲ့သည်။ သူတို့ကိုယ်သူတို့ နားကြား မှားသည်ဟုပင် ထင်သွားကြ၏။

ဝမ်ရှန်း၏ ကြေးစားအဆင့်က ဘယ်လောက်ပင် ဖြစ်နေပါစေ ယခုအချိန်တွင် သူတို့သည် သုံးယောက် တစ်ယောက် ဖြစ်နေသည်သာ။ အမှန်အားဖြင့် သာမန်လူ တစ်ယောက်သည် ဒုတိယအဆင့် ဝိညာဉ်သခင် သုံးယောက်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်၏။ ဒီကောင်လေး ဝမ်ရှန်းက သူ ရောက်နေသော အခြေအနေကို မသိဘူးလား…

“ခင်ဗျားတို့ မသေချင်ဘူးဆိုရင် အခုချက်ချင်း ထွက်သွား လိုက်တော့”

ဝမ်ရှန်း နောက်တစ်ကြိမ် ထပ်ပြော လိုက်သောအခါ သူတို့ သုံးယောက် ချက်ချင်း ဒေါသထွက် သွားခဲ့သည်။ သူတို့သည် နောက်ခံ အင်အားကို အားကိုးပြီး လမ်းပေါ်၌ အာဏာပါဝါ ပြချင်သည့် လူစားမျိုးပင် ဖြစ်သည်။

“ခင်ဗျားတို့နဲ့ ခင်ဗျားတို့ ဆရာကို သတ်နိုင်တဲ့လူ ဘယ်သူ့ကိုမဆို ဂျင်ဒီနယ်မြေထဲ ခေါ်သွားမယ်လို့ ကျုပ် ကြေညာလိုက်မယ် ဆိုရင်၊ လူဘယ်နှယောက်လောက် ခင်ဗျားတို့ကို သတ်ဖို့ လှုပ်ရှားလာလိမ့်မယ် ထင်လဲ”

သူတို့သုံးယောက် ဘယ်လို ဖြစ်နေလဲ ဆိုတာကို ဝမ်ရှန်း ဂရုမစိုက်ပေ။ သူသည် ပေါ်တင်ပင် ခြိမ်းခြောက်လိုက်၏။

“တစ်ယောက်လား၊ နှစ်ယောက်လား။ ဒါမှမဟုတ် ခင်ဗျားတို့က ခင်ဗျားတို့ကို ဘယ်သူမှ မထိရဲလောက်တဲ့ အထိလည်း ခွန်အား ကြီးမားချင် ကြီးမားနေမှာပေါ့လေ ဟုတ်တယ်မလား”

ရွဲ့ပြောသည့် စကားများသည် တဲ့တိုး ရန်စသည့် စကားများထက် ပို၍ ဒေါသထွက်စေသည်။ ထိုလူသုံးယောက်၏ ဒေါသများသည် ချက်ချင်းပင် အုံကြွသွားခဲ့၏။ သူတို့သည် ဝူရုံမြို့သို့ မည်သည့်ပုံစံဖြင့် ရောက်လာသည် ဖြစ်စေဉီးတော့ သူတို့သည် အရူးများ မဟုတ်ပေ။ ဝမ်ရှန်း ဆိုလိုက်သည့် စကားအဓိပ္ပာယ်ကို အခြားသူများထက် သူတို့က ကောင်းကောင်း ပိုသိပေသည်။

ဤနေရာတွင် ဝမ်ရှန်းသည် သူတို့ကို တစ်ယောက် သုံးယောက် မတိုက်နိုင်သော်လည်း သူတို့အား ဘေးမှ ကြည့်နေကြသည့် လူများသည် သူတို့ကို ဝမ်ရှန်းအား သတ်ခွင့်ပေးမည် မဟုတ်ပေ။ ဝမ်ရှန်းသည် သူ ပြောသည့် စကားအတိုင်း အမှန်တကယ် ကြေညာ လိုက်မည်ဆိုလျှင် သူတို့ သုံးယောက်သည် ဤမြေပေါ်မှ လူမသိသူမသိ ပျောက်ကွယ် သွားရပေလိမ့်မည်။

တော်ဝင် မိသားစုများသည် ဂျင်ဒီတားမြစ် နယ်မြေအကြောင်း သိချင်ကြသည်။ ဝူရုံမြို့ကိုပင် ဂျင်ဒီနယ်မြေ၏ မြေဧရိယာ တစ်စိတ်တစ်ပိုင်း အတွင်း၌ တည်ဆောက်ထားခြင်း မဟုတ်ပါလား…

ဝမ်ရှန်းသာ ပြောလိုက်သည်နှင့် ဤနေရာ၌ ရှိနေသည့် ကြေးစားများသည် ဂျင်ဒီနယ်မြေအား ဝင်ထွက်ခွင့်ကို သူတို့ခေါင်းများနှင့် ပျော်ပျော်ကြီး လဲလှယ်ကြမည် ဖြစ်၏။ ဝမ်ရှန်းအား စမ်းသပ်ရန် အတွက် သူတို့ကို စေလွတ်ခဲ့သည့် သူတို့နောက်ကွယ်မှ သူတို့ဆရာသည်ပင် အတက်ကြွဆုံးလူ ဖြစ်လာနိုင်ပေသည်။

သူတို့ သုံးယောက်သည် ဘာလုပ်ရမည်မှန်း မသိတော့ဘဲ နေရာ၌ပင် တောင့်တင်း သွားခဲ့ကြသည်။ ဘာစကားမှ မပြောဘဲ ထိုနေရာ၌သာ ရှက်ရွံ့စွာ ရပ်နေခဲ့ကြ၏။

သူတို့ဘေး၌ ရှိနေသည့် လူများက သူတို့အား စိုက်ကြည့်နေသည့် အတွက်ကြောင့် သူတို့သည် တိုက်လည်း တိုက်ခိုက်ရဲကြပေ။

ဝမ်ရှန်းသည် ထိုစကားကို မတိုးလွန်း မကျယ်လွန်း ပုံမှန်အသံဖြင့် ပြောခဲ့ခြင်း ဖြစ်သည်။ ဤနေရာ၌ သူ့အား စောင့်ကြည့် နေကြသည့် လူများသည် အကြားအာရုံရော၊ အမြင်အာရုံရော ကောင်းကြပေ၏။ ဝမ်ရှန်း ပြောသည့်စကားကို သူတို့ ရှင်းရှင်းလင်းလင်း ကြားပေသည်။

သူတို့သည် ထိုထိပ်ပြောင်အုပ်စု သုံးယောက်က ထိန်းချုပ်မှု ကင်းမဲ့ကာ လှုပ်ရှားလိုက်ပြီး သူတို့ကလည်း ချက်ချင်း တန်ပြန် ဆင်နွှဲရန်ကို မျှော်လင့် လိုက်ကြတော့သည်။

“သွားတော့”

ဝမ်ရှန်း ထိုကဲ့သို့ အော်ဟစ်လိုက်သည့် အချိန်မှသာ ရန်စရန် ကြိုးပမ်းခဲ့သော ထိပ်ပြောင်တို့ လူသုံးယောက်မှာ စိတ်သက်သာရာ ရသွားခဲ့ကြသည်။ ချက်ချင်း သူတို့သည် ခေါင်းငိုက်စိုက်လျက် ထိုနေရာမှ အလျင်အမြန် ထွက်သွား လိုက်ကြတော့၏။ ဝမ်ရှန်းအား နောက်တစ်ကြိမ်ပင် ပြန်မလှည့်ကြည့်ရဲကြပေ။

အရှက်ရစရာ ကောင်းသည်ကတော့ အရှက်ရစရာ ကောင်းလှ၏၊ သို့သော် အရှက်ကွဲခြင်းက ခေါင်းပြတ်ရခြင်း ထက်တော့ များစွာ ပိုကောင်းပေသည်။

ဝမ်ရှန်းသည် ဤအကြောင်းပြချက် သုံးကာ သူတို့သုံးယောက်ကို တစ်ချက်မှ မလှုပ်ရှားစေဘဲ မောင်းထုတ် နိုင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ဝမ်ရှန်းအား စမ်းသပ် ကြည့်ချင်သည့် အခြားလူများသည်လည်း တစ်ခဏ ကြောင်အ သွားခဲ့ကြသည်။

ဤအချိန်သည် ဂျင်ဒီနယ်မြေ၏ လျှိ့ဝှက်ချက်ကို ဖော်ထုတ်ရန် အတွက် ဝမ်ရှန်းအား ဖိအားပေးမည်လော၊ သို့မဟုတ် အခြားလူများကို အနိုင်ယူပြီး လျှို့ဝှက်ချက်ကို မောင်ပိုင်စီးမည်လော ဆိုသည်ကို ရွေးချယ်ရမည့် အချိန်ပင်ဖြစ်၏။

အားလုံး စောင့်ကြည့်နေသည့် အကြည့်အောက်မှာပင် ဝမ်ရှန်းသည် နေ့တစ်ဝက် ဖွင့်ခဲ့သည့် သူ၏အသားဆိုင်ကို သန့်ရှင်းရေး ပြီးဆုံးသွားပြီး ပိတ်လိုက်သည်။

တစ်ခဏ ကြာပြီးနောက်တွင် ဝမ်ရှန်းသည် လက်ထဲ၌ လူကြီးတစ်ယောက်၏ လက်ဖျံ အရွယ်အစားရှိ ပစ္စည်းတစ်ခုကို ကိုင်ကာ အဖြူရောင် ဝတ်ရုံဖြင့် ခြံထဲမှ ထွက်လာခဲ့သည်။ ထို့နောက် လမ်းမဈေးဘက်သို့ တည့်တည့် ဦးတည် သွားလိုက်၏။

ဝမ်ရှန်း၏နောက် လိုက်နေသည့် လူများသည် အစပိုင်း၌ ဝမ်ရှန်း ဘာကိုင်ထားသလဲ ဆိုသည်အား မမှတ်မိကြပေ။ သို့သော် အကြိမ် အနည်းငယ် သေချာစိုက်ကြည့်ပြီး နောက်မှာမှ အားလုံး အံ့သြသွားခဲ့ကြသည်။

ထိုအရာများသည် ပဥ္စမအဆင့်သားရဲ ဝံပုလွေ၏ အစွယ်များပင် ဖြစ်၏…

ပဥ္စမအဆင့်သားရဲ၏ အစွယ်သည် သူ၏ ခန္ဓာကိုယ်မှ အခြား အစိတ်အပိုင်းများထက် များစွာ တန်ဖိုးကြီးမားပေသည်။

အစွယ် တစ်ချောင်းနှင့် ခြေထောက်တစ်ဖက် …

ဤအရာတို့အား ခြုံငုံသုံးသပ် ကြည့်ခြင်းဖြင့် အနည်းဆုံး ပဥ္စမအဆင့်သားရဲ တစ်ကောင်က ဝမ်ရှန်း၏ လက်တွင်း၌ သေဆုံးခဲ့ကြောင်း အပြည့်အဝ ဖော်ပြနေခြင်းပင် ဖြစ်သည်။

သားရဲများက လူသားများနှင့် မတူသည်ကို သင် သိပေမည်။ လူသားများသည် ဝမ်ရှန်း၏ ခြိမ်းခြောက်မှုကြောင့် ကြောက်သွားနိုင်၏၊ သို့သော် သားရဲများက ထိုကဲ့သို့ မဟုတ်ပေ။ သားရဲတို့သည် လူသားတို့ ခြိမ်းခြောက်ခြင်းကို ကြောက်မည်ထက် တန်ပြန်တိုက်ခိုက် သတ်ဖြတ်မည်သာ ဖြစ်သည်။

ထို့ကြောင့် ပြောရမည် ဆိုလျှင် ဝမ်ရှန်းသည် ပဥ္စမအဆင့်သားရဲ၏ အစွယ်များကို သူ့လက်ဖြင့် သူကိုယ်တိုင် ပိုင်းဖြတ်နိုင်သည့် အရည်အချင်း အမှန်တကယ်ရှိကြောင်း ပြသနေခြင်းပင် ဖြစ်၏။

သူ့အား တိုက်ခိုက်ရန်ကလည်း မဖြစ်နိုင်ပေ။ ဝမ်ရှန်းထံတွင် မိုင်ပေါင်း အနည်းငယ်မှ နေ၍ သိုင်းဝိညာဉ်သခင် တစ်ယောက်၏ ခေါင်းကို ပွင့်အောင် လုပ်နိုင်သည့် ပစ္စည်းရှိသည် ဟူသည့် ကောလာဟလများလည်း ရှိပေသည်။

သို့မဟုတ်ပါက ဝမ်ရှန်းသည် များပြားလှသည့် အဆင့်မြင့် ဝိညာဉ်သခင်များ၏ လိုက်လံ သတ်ဖြတ်ခြင်း၌ ‘ဘာလို့ အသက်ရှင် လွတ်မြောက် နိုင်ခဲ့တာလဲ’ ဆိုသည်ကို ရှင်းပြနိုင်မည် မဟုတ်ပေ။ ထို့အပြင် သူသည် ဂျင်ဒီနယ်မြေ အတွင်းမှ ထွက်လာနိုင်ရုံ သာမက ပဥ္စမအဆင့် သားရဲ၏ အသွေးအသားနှင့် အစွယ်များကိုပင် ယူလာနိုင်ခဲ့သေး၏။

သေသေချာချာ တွေးကြည့်လိုက်သည့် အချိန်တွင် ဝူရုံမြို့သို့ ရောက်လာစဉ် အချိန်မှစ၍ ဝမ်ရှန်း ပြုလုပ်ခဲ့သည့် အရာများသည် လူတိုင်း၏ စိတ်ထဲတွင် သူ့ကို အရေးပါသည့် လူတစ်ယောက်အဖြစ် မြင်လာအောင် ပြုလုပ်ခဲ့သည့် အရာများ ဖြစ်ကြောင်း သူတို့အားလုံး တဖြည်းဖြည်းချင်း နားလည် သွားခဲ့ကြသည်။

သူတို့သည် သူတို့ သိချင်သည့် အရာများကို သိခွင့်ရရန် အတွက် ဝမ်ရှန်းအား ဖိနှိပ်၍ မရရုံသာမက အခြားအင်အားစုများမှ လက်မဦးသွားရန် အတွက်လည်း သူတို့ ဝမ်ရှန်းအား သေချာ ကာကွယ်ရန် လိုအပ်ပေသည်။

ဝမ်ရှန်းသည် အနည်းငယ်သာ လှုပ်ရှားရုံဖြင့် သူက လွှမ်းမိုး၍ မရသည့် လူတစ်ယောက် ဖြစ်ကြောင်း သိသာစေနိုင်ခဲ့သည်။ ဤအရာသည် အမှန်တကယ်ကို ဉာဏ်ပြေးသည့် လုပ်ရပ်ပင်ဖြစ်၏။ သို့သော် အားလုံးသည် သက်ပြင်း ကိုယ်စီချကာ ဝမ်ရှန်း ဘာဆက်လုပ်မည် ဆိုတာကို ကြည့်ရန်အတွက် သူ့နောက်သို့ ဆက်၍ လိုက်သွားကြသည်။

သိပ်မကြာခင်မှာပင် ဝမ်ရှန်း ကြေးစားခန်းမသို့ ရောက်ရှိ သွားခဲ့သည်။ သို့သော် သူသည် ခန်းမအတွင်းသို့ မဝင်ဘဲ ထိုခန်းမဘေး၌ ရှိနေသည့် အင်ပါယာခန်းမ အတွင်းသို့ ဝင်သွားလေ၏။

“ဒါက ရွှေဒင်္ဂါး ဘယ်လောက်လောက် ရလောက်လဲ”

အထဲရောက်သည်နှင့် ဝမ်ရှန်းသည် ဆိုင်ပိုင်ရှင်နှင့် တူသည့် လူတစ်ယောက် ရှေ့၌ အစွယ်များကို ချလိုက်သည်။

ထိုဆိုင်ရှင်၏ တုံ့ပြန်ချက် မလာခင်မှာပင် ဝမ်ရှန်းသည် လက်တစ်ချက် လွဲယမ်းလိုက်၏။ ထို့နောက်တွင် သူ့လက်ထဲတွင် ကျောက်စိမ်းဆွဲသီး တစ်ခု ထွက်ပေါ်လာခဲ့သည်။  ထိုဆွဲသီးသည် စန်းလင်မြို့ရှိ ဝဖြိုးသည့် ဈေးဆိုင်ပိုင်ရှင်မှ သူ့အား ပေးခဲ့သော အရာဖြစ်၏။

ထိုကျောက်စိမ်းဆွဲသီးကို မြင်သည်နှင့် တစ်ပြိုင်နက် ဆိုင်ပိုင်ရှင်၏ မျက်လုံးများ ရုတ်ခြည်း အရောင်လက် သွားသည်။ သို့သော် ဘာမှမပြောဘဲ အစွယ်များကိုသာ ဈေးခေါ်လိုက်၏။

“ရွှေဒင်္ဂါး တစ်သောင်း”

“အဲ့ပမာဏ ရွှေဒင်္ဂါးအစား ကျုပ်ကို ဒီဆေးပစ္စည်းတွေပဲ ပေးလိုက်”

ဝမ်ရှန်းသည် သူ၏ အတွင်းဒဏ်ရာများကို ကုသရန်နှင့် အဆိပ်ဖြေဆေး အတွက် လိုအပ်သည့် ဆေးပြားများကို စာရင်းပြုစုထားသည့် စာရွက်ကို ဆိုင်ပိုင်ရှင်အား ပေးလိုက်သည်။

ထို့နောက် –  “ပြီးတော့ ဒီနေ့ ကျုပ်ကို နှောင့်ယှက်ခဲ့တဲ့ လူသုံးယောက်အကြောင်း အသေးစိတ်နဲ့ သူတို့ လိပ်စာတွေ ပြောပြ။ ညကျရင် အဲဒါတွေက အသုံးဝင်မှာပါ”
***

Comment

Leave a Reply

Options

not work with dark mode
Reset