အပိုင်း ၁၀၀
မောက်မာရဲသည့် လူဆိုးများ(၁)
ဝမ်ရှန်းသည် အစွယ်များကို သေချာပေါက် သူ၏အသားဆိုင်၌ ရောင်းချမည် မဟုတ်ပေ။ ထိုအစွယ်များကို ဈေးပိုရနိုင်သည့် လေလံပွဲ၊ သို့မဟုတ် အင်ပါယာ ရတနာစံအိမ်နှင့် ရတနာစံအိမ် ကဲ့သို့သော နေရာမျိုးတွင်သာ ရောင်းချမည်ဖြစ်၏။
လူတော်တော် များများသည် ထိုအစွယ်များကို ဝယ်ယူရန် လာရောက် ကမ်းလှမ်းခဲ့၏။ သို့သော် ဝမ်ရှန်းမှ သူတို့အားလုံးကို ငြင်းလိုက်သည်…
အားလုံးသည် ကောင်းမွန်သည့် အရာများကို လိုချင်ကြသည်ပင်။ ပဥ္စမအဆင့် သားရဲများ၏ အရေခွံသည် သံချပ်ကာများကို ပြုလုပ်ရာ၌ သေချာပေါက် ကောင်းမွန်သည့် ပစ္စည်းပင် ဖြစ်သည်။ သို့သော် ဝမ်ရှန်းသည် ထိုပစ္စည်းကိုလည်း မရောင်းချခဲ့ပေ။
သူသာ ထိုပစ္စည်းများကို အမှန်တကယ် ရောင်းချခဲ့မည် ဆိုလျှင်လည်း ဈေးဝယ်သည့် လူများက သူ့ကိုပင် ပြန်လှောင်ရယ်ကြမည် ဖြစ်သည်။ ဤကဲ့သို့သော ပစ္စည်းမျိုးသည် ရွှေဒင်္ဂါး ရှိလျှင်ပင် ဝယ်ယူ၍ မရသည့် အရာများ ဖြစ်သည်။
ပဥ္စမအဆင့် သားရဲ၏ အသားများကို ဝယ်၍ ရခဲ့သည့် လူများသည် ဝမ်ရှန်း၏ ဆိုင်၌ အဆင့်မြင့် သားရဲများ၏ အသားများကို ဝယ်ယူ၍ ရကြောင်း သတင်းဖြန့် လိုက်တော့သည်။
မကြာမီ လူများ ကျဲသွားပြီး ဝမ်ရှန်း သူ၏ဆိုင်ကို သန့်ရှင်းရေး တစ်ဖန် လုပ်လိုက်သည်။ ရောင်းစရာ ဘာအသားမှ မရှိတော့သည့် အတွက်ကြောင့် သူ ဆိုင်ပိတ်တော့မည်ဖြစ်၏။
သို့သော် ဆိုင်မပိတ်ခင်တွင် ဝမ်ရှန်းသည် သူ့အား စောင့်ကြည့်နေသည့် လူများ အားလုံးရှေ့တွင် အသားလှီး သံချပ်ပြားနှင့် အသားချိတ်သည့် ချိတ်များကို သေသေချာချာ သန့်ရှင်း ပြလိုက်သည်။ မည်သည့် အညစ်အကြေးမှ မကျန်ကြောင်း သေချာစေရန် ဆိုင်ဘေး နှစ်ဖက်လုံးကိုပင် ရေဖြင့် ဖျန်းလိုက်သေး၏။
ဤကဲ့သို့ ပြုလုပ်ခြင်းသည် သူ၏ကိုယ်ပိုင် အမှတ်အသားကို ဖော်ပြရန် ဖြစ်သည်။ ကမ္ဘာပေါ်တွင် အလွန် တိုးတက် ဖွံ့ဖြိုးနေသည့် လူ့အဖွဲ့အစည်း၌ ရှင်သန် နေထိုင်ခဲ့သည့် အတွက် လူတစ်ယောက်၏ ကိုယ်ပိုင် အမှတ်အသားမှာ မည်မျှ အရေးကြီးသည်ကို ဝမ်ရှန်း ကောင်းကောင်း နားလည်ပေသည်။
သို့သော် ယခုအချိန်တွင် သူထံ၌ မည်သည့် ကိုယ်ပိုင် အမှတ်အသား၊ မည်သည့် ဂုဏ်သတင်းမှ မရှိနေပေ။ သူ၏ နာမည်ကသာ အကောင်းဆုံး အမှတ်အသား ဖြစ်နေခြင်းဖြစ်၏။
သို့သော် ဤနေရာတွင် သူသည် မည်သည့် ဂုဏ်သတင်းမျိုး ရှိချင်နေသနည်း။ အသား ရောင်းချရာတွင် ဝမ်ရှန်းသည် သူ၏အသားဆိုင်က သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ် ဟူသည့် အမှတ်အသား ရှိချင်သည်။
ထို့ကြောင့် အသားမခင်းခင်နှင့် အသားရောင်းချပြီး နောက်တွင် သူသည် အသားလှီးခုံနှင့် ဆိုင်ကို တမောတပန်း သန့်ရှင်းရေး လုပ်၏။ အနာဂတ်တွင် အသားဝယ်ဖို့ တွေးမည်ဆိုလျှင် လူများသည် ဈေးက ဘယ်လောက်ပဲ ဖြစ်နေပါစေ ဝမ်ရှန်း၏ ဆိုင်ကဲ့သို့ သန့်ရှင်း သပ်ရပ်သည့် ဆိုင်မျိုးကိုသာ အရင် စဉ်းစားကြမည် ဖြစ်သည်။
ဝမ်ရှန်း သန့်ရှင်းရေး လုပ်နေစဉ်မှာပင်…
ဘုန်း…
အစောပိုင်းမှ သူ ပြောင်လက် နေအောင် တိုက်ထားသည့် အသားလှီး သံပြားပေါ်သို့ ကြီးမားသည့် လက်ဝါးတစ်ခု ကျရောက် လာခဲ့သည်။
“ပိတ်သွားပြီ။ နောက်တစ်ခေါက်မှ စောစော လာခဲ့တော့”
ဝမ်ရှန်းသည် ထိုလက်ဝါး ပိုင်ရှင်အား ဝမ်ရှန်း မော့ကြည့်မနေဘဲ လေးတွဲတွဲ အသံဖြင့်သာ ပြောလိုက်၏။ စကားပြောရင်းဖြင့်ပင် သူသည် အစောပိုင်း၌ ထိုလူရိုက်ချခဲ့သည့် သံပြားနေရာ ပေါ်သို့ ရေနွေးပူဖြင့် လောင်းချ လိုက်သည်။
သူ့ဆိုင်ထံသို့ လူသုံးယောက် ရောက်လာခဲ့ကာ အလယ်မှ တစ်ယောက်သည် အသက် အကြီးဆုံး၊ အင်အား အကြီးဆုံး ဖြစ်ဟန်ရှိ၏။ သုံးယောက်ထဲတွင် သူသည် ထိပ်ပြောင်ကာ အဝဆုံးလည်း ဖြစ်သည်။
တစ်ချက် ကြည့်လိုက်ရုံဖြင့် သူတို့၏ ကျင့်စဉ် အဆင့်မှာ မနိမ့်ကြောင်း သိသာပေသည်၊ သူတို့သည် အနည်းဆုံး ဒုတိယအဆင့် ရှိ၏။ ဝူရုံမြို့တွင် ထိုအဆင့်က ဘာမှ မဟုတ်သော်လည်း ဝမ်ရှန်းနှင့် ယှဉ်ပါက ထိုသူသည် ဝမ်ရှန်းထက် သာပေသည်။
သို့သော် သူက မည်မျှပင် အဆင့်မြင့် သော်ငြား သူ၏ကျင့်စဉ် အဆင့်သည် ဒုတိယ အဆင့်သာရှိ၏၊ သူ့လက်ပေါ်သို့ ရေနွေးပူ လောင်းချသည့် ဒဏ်ကို ခံနိုင်လောက်သည့် အဆင့်ထိ မရောက်သေးပေ။
အစပိုင်းတွင် သူသည် ဝမ်ရှန်း၏ အာရုံစိုက်ခြင်းကို ခံချင်သောကြောင့် ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဝမ်ရှန်းက သံပြားပေါ်သို့ ရေနွေးပူဖြင့် လောင်းချလိုက်သည့် အချိန်တွင် သူ ဆက်ပြီး အာမချောင်ရဲတော့ပေ။ သူသည် ရေနွေးပူ မလောင်စေရန် အတွက် အလျင်အမြန်ပင် အနောက်သို့ နှစ်လှမ်းမျှ ဆုတ်လိုက်သည်။
“မင်း ဒီမှာ ဆိုင်လာဖွင့်တာ ငါတို့ ညီအစ်ကိုတွေကို ခွင့်တောင်း ပြီးပြီလားကွ”
ရေနွေးဖြင့် လောင်းချ ပြီးသည်အထိ ဝမ်ရှန်း ခေါင်းမမော့ လာသည်ကို မြင်လိုက် ရသောအခါ ထိပ်ပြောင်နေသည့် လူသည် ဒေါသ ထွက်သွားပြီး ဝမ်ရှန်းအား ဟိန်းဟောက် လိုက်သည်။
“ခင်ဗျားတို့ရဲ့ ကြေးစားအဆင့်က ဘယ်လောက်လဲ”
ဝမ်ရှန်းသည် သံပြားကို သုတ်နေရင်းဖြင့် သာမန်ကာလျှံကာ မေးလိုက်သည်။
“ဒုတိယအဆင့်၊ ဘာလို့လဲ”
ထိပ်ပြောင်နေသည့် လူမှ အမှုမဲ့အမှတ်မဲ့ ပြန်ဖြေ လိုက်မိသည်။ ထို့နောက် သူသည် ချက်ချင်းပင် တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရကာ ဒေါသတကြီး မေးလိုက်၏။
“မင်း ဘာပြောချင်တာလဲကွ”
“ကျုပ်က ဈေးဆိုင် ဖွင့်ထားတဲ့ ပဥ္စမအဆင့် ကြေးစားပဲ၊ အဲ့ဒါကြောင့် ဒုတိယအဆင့် ကြေးစားက ကျုပ်ကို ဘာကိစ္စနဲ့ လာမေးနေတာလဲ ဆိုတာကို မေးရမယ်မလား”
နောက်ဆုံးတွင် ဝမ်ရှန်း ခေါင်းမော့ လာခဲ့၏။ ထို့နောက် သူသည် အသားလှီးခုံထဲသို့ စိုက်ဝင်နေသည့် ဓားမြှောင်ကိုသာ ဆွဲထုတ်ကာ အဝတ်ဖြင့် သုတ်လိုက်သည်။
“ပြီးတော့ ကျုပ် ဒီမှာ ဈေးဆိုင်ဖွင့်ဖို့ ခင်ဗျားတို့ကို ခွင့်တောင်းဖို့ လိုတယ် ဆိုတာက …. အင်း … အဲဒါက ဝူရုံမြို့ မြို့အပြင်ပိုင်းရဲ့ ဥပဒေလား၊ ဒါမှမဟုတ် မြို့အတွင်းပိုင်းရဲ့ ဥပဒေလား”
ဝမ်ရှန်း စကားအား ကြားသောအခါ ထို ထိပ်ပြောင်ပြောင်လူမှာ တစ်ခဏကြာ ပြောစရာ စကားများ ဆွံ့အသွားခဲ့သည်။ သူသည် ဝမ်ရှန်းအား စစ်ဆေးရန်သာ အမိန့်ပေး ခံခဲ့ရခြင်းဖြစ်၏။ ထို့ကြောင့် သူသည် ဝမ်ရှန်းအား အနိုင်ကျင့်သည့်ဟန် ဖမ်းခဲ့ခြင်း ဖြစ်သည်။ သို့သော် ရုတ်တရက် မေးလာသော ဝမ်ရှန်း၏ မေးခွန်းကို သူ ပြန်မဖြေနိုင်ပေ။
သူ ဘယ်လို ပြန်ဖြေရမည်နည်း။
ဤအရာက ဝူရုံမြို့၏ဥပဒေလား။ သူသာ ဟုတ်သည်ဟု ဖြေရဲမည်ဆိုလျှင် ယနေ့ညတွင် သူနှင့် သူ၏အပေါင်းအပါများသည် အိမ်ပြန် ရောက်တော့မည် မဟုတ်ပေ။ ဝူရုံမြို့ တစ်မြို့လုံးရှိ ကြေးစားများက သူ့ကို ဤဥပဒေ အကြောင်းကို လာမေးကြပေလိမ့်မည်။
သို့သော် ထိုအရာက ဥပဒေ မဟုတ်ဟု ပြန်ဖြေ လိုက်မည်ဆိုလျှင် ဝမ်ရှန်း၏ စီးပွားရေးက သူတို့နှင့် မသက်ဆိုင်ကြောင်း ပြောလိုက်ခြင်းပင်။
ထို့ပြင် ဝမ်ရှန်းက သူသည် ပဥ္စမအဆင့် ကြေးစားဖြစ်ကြောင်း ပြောခဲ့သည်ကို ထိုထိပ်ပြောင်လူ အမှတ်ရ သွားခဲ့သည်။ အဆင့်မြင့် ကြေးစား တစ်ယောက်သည် ဈေးဆိုင်ဖွင့်ပြီး အဆင့်နိမ့် ကြေးစား၏ ခွင့်ပြုချက်ကို တောင်းရသည်တဲ့လား…
ဝမ်ရှန်းသည် သူ၏လက်ထဲတွင် ဓားမြှောင်ကို ကိုင်ထားသောကြောင့် သူသည် အလျင်စလိုလည်း မလှုပ်ရှားရဲပေ။ သူသည် ထိုဓားမြှောင်၏ ထက်ရှမှုကို အဝေးမှသာ မြင်ခဲ့ရသော်လည်း ဓားမြှောင်၏ လုပ်ဆောင်နိုင်စွမ်းကို သူ သိပေသည်။ သူ၏အသားသည် ပဥ္စမအဆင့်သားရဲ၏ အသားများလောက် မထူ။ ဝမ်ရှန်းသာ သူ့အား သတ်ချင်သည် ဆိုလျှင် သူ ခုခံ နိုင်မည် မဟုတ်ပေ။
“ငါ မင်းရောင်းတဲ့ သားရေကို ကြိုက်တယ်”
မေးခွန်းအား ပြန်ဖြေရန် အခက် တွေ့နေသည့် အတွက်ကြောင့် ထိပ်ပြောင်နှင့် လူသည် စကားလမ်းကြောင်းသာ လွဲလိုက်၏။
“ငါ မင်းကို ရွှေဒင်္ဂါး ဆယ်ပြားပေးမယ်၊ အဲဒါကို ရောင်းလိုက်”
ထိုလူသုံးယောက် ရှေ့တွင် ဝမ်ရှန်းသည် ပစ္စည်းများကို သိမ်းဆည်းကာ အနောက်၌ ထားလိုက်၏။ ထိပ်ပြောင်နှင့်လူ အပါအဝင် ကျန်နှစ်ယောက်သည် ထိုမြင်ကွင်းကို ဒီတိုင်းသာ ကြည့်နေခဲ့ကြကာ ဘာမှအလောကြီး မလှုပ်ရှားရဲကြပေ။ ဘေးမှကြည့်နေသည့် လူများမှာလည်း ထိုမြင်ကွင်းကို စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့ကြသည်။
ထိပ်ပြောင်ပြောင် လူသည် သူ တိုက်ခိုက်တော့မည့် အခိုက်အတန့်တွင် ဝမ်ရှန်းသည် သူ့ဘက်သို့ လှည့်လာကာ သူ့ကို လက်ယှက် ခေါ်လိုက်၏။ ဝမ်ရှန်း၏ ထိုအပြုအမူကြောင့် သူသည် တစ်ခဏ ကြောင်အ သွားခဲ့သည်။
ဝမ်ရှန်းက သူ့ကို အနားလာရန် ခေါ်နေခြင်းလား…
ထိုသူနှင့် အဖော်နှစ်ယောက်သည် သတိကြီးကြီးဖြင့် အရှေ့သို့ တက်သွား လိုက်ကြ၏။ ဝမ်ရှန်း၏ လက်ထဲမှ ဓားမြှောင်ကို သတိထား စိုက်ကြည့်ကာ မေးလိုက်သည်။
“မင်း ဘာဖြစ်ချင်နေတာလဲ”
“ဘာလှည့်ကွက်တွေမှ လာသုံးမနေနဲ့။ ပျင်းဖို့ကောင်းတယ်”
ဝမ်ရှန်းမှ ထိပ်ပြောင်နှင့် လူအား အေးစက်စွာ ပြောလိုက်သည်။
“ခင်ဗျားတို့ တစ်ခုခု သိချင်တယ် ဆိုရင် တိုက်ရိုက် လာမေးလို့ ရတယ်၊ ဒီလိုမျိုး လျှို့ဝှက် အကြံအစည်တွေနဲ့ ပြဿနာ လာရှာစရာ မလိုဘူး”
“မင်း ဘာပြောနေတာလဲ။ ငါ မသိဘူး…”
ထိပ်ပြောင်လူသည် အရူးမဟုတ်ပေ။ ဝမ်ရှန်းက ဤစကားများကို စိတ်ပါလက်ပါ ပြောဆိုခြင်း မဟုတ်ကြောင်း သူ သိပေသည်။
“ငါက မင်း ဒီအရေခွံကို ရောင်းမရောင်း သိချင်တာပဲ ရှိတာ”
ဤမြင်ကွင်းကို စိတ်လှုပ်တရှား ကြည့်နေသည့် လူများ အတော်အသင့် ရှိနေသည်။ သို့သော် နည်းလည်းမနည်းပေ။ အနည်းဆုံးတော့ မိသားစု တစ်စုချင်းစီတိုင်းမှ လူများ ပါဝင်ပေသည်။
“မင်း သေချာ လေ့လာပြီး ဒီနေရာက ဘယ်လို နေရာလဲ ဆိုတာကို သိအောင် လုပ်ရင် ပိုကောင်းမယ်။ မဟုတ်ရင် မင်းရဲ့ အဆုံးသတ်က သေချာတယ် မလှစေရဘူးကွ…”
ထိပ်ပြောင်ပြောင် လူ၏ ဘေး၌ ရပ်နေသည့် လူမှ ခက်ထန်သည့် အသံဖြင့် ခြိမ်းခြောက် လိုက်သည်။
သို့သော် ဝမ်ရှန်းသည် သူက ပဥ္စမအဆင့် ကြေးစားတစ်ယောက် ဖြစ်သည်ဟု ပြောခဲ့သည့်အတွက် ဒုတိယ ကြေးစားအဆင့်သာ ရှိသည့် ထိုထိပ်ပြောင်နှင့် အဖွဲ့က ဤသို့ ပြောနေသည့် မြင်ကွင်းမှာ အလွန်ပင် ရယ်စရာ ကောင်းလှပေသည်။
ဒုတိယအဆင့် ကြေးစားသုံးယောက်က ပဥ္စမအဆင့် ကြေးစားတစ်ယောက်ကို ခြိမ်းခြောက် နေခြင်းလား…
ဘယ်လိုပင် ကြည့်နေပါစေ ဤမြင်ကွင်းသည် ရယ်စရာ ကောင်းသည့် မြင်ကွင်းသာ ဖြစ်သည်။ သို့သော် လျှပ်တစ်ပြက် ကြည့်လိုက်မည် ဆိုလျှင် ဝမ်ရှန်းသည် သာမန်လူ တစ်ယောက်နှင့် တူကာ ထိုလူသုံးယောက်က ဝမ်ရှန်းထက် ပိုပြီး အဆင့်မြင့်ဟန် ရှိလေ၏။
ဤနေရာသည် ဝူရုံမြို့ဖြစ်သည်။ ကျင့်စဉ်အဆင့်က အရေးမပါပေ။
နောက်ဆုံး၌ မည်သူက ရှင်သန်နိုင်သည် ဟူသည့် အချက်ကသာ အရေးပါ၏။
သို့သော် ပဥ္စမအဆင့် ကြေးစား တစ်ယောက်၏ ရှင်သန် ကျန်ရစ်နိုင်ခြေက ဒုတိယအဆင့် ကြေးစားများထက် ပိုမိုများပြားပေသည်။
ထိုလူသုံးယောက်သည်လည်း ဤအချက်ကို ကောင်းကောင်း နားလည် ကြပေသည်။ ထို့ကြောင့် သူတို့သည် ဤကိစ္စနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ကိုင်တွယ်ရမည် ဆိုတာကို မသိဖြစ်သွားကုန်ကြ၏။
ဝမ်ရှန်းအား တစ်ခုခု လုပ်ရန် တွန်းအား ပေးခြင်းနှင့် သူ့အား ခြိမ်းခြောက်ခြင်းက သူတို့ကိုယ် သူတို့ အရှက်ခွဲနေခြင်းပင် ဖြစ်တော့၏။ ထိုအခိုက်အတန့်တွင် ထိပ်ပြောင်နှင့် လူသည် သူတို့အား အမိန့်ပေးခဲ့သည့် လူရှိရာ ဘက်သို့ တိတ်တဆိတ် လှမ်းကြည့်ခြင်းသာ လုပ်နိုင်တော့သည်။
“ကျုပ် ဒီနေရာကိုရောက်ရောက်ချင်းမှာ ပြဿနာ တက်တာမျိုး မဖြစ်ချင်ဘူး”
ဝမ်ရှန်းသည်လည်း စူးရှသည့် မျက်လုံးများဖြင့် ထိုလူကြည့်ရာ ဘက်သို့ ကြည့်လိုက်သည်။ ထို့နောက် မည်သူက သူတို့ကို အမိန့်ပေးခဲ့သလဲ ဆိုသည်ကို ရှာဖွေလိုက်၏။
သူသည် မဲ့ပြုံးပြုံးကာ ထိပ်ပြောင်ပြောင်လူနှင့် ကျန်သည့် နှစ်ယောက်အား “ဒါပေမယ့် ပြဿနာ တက်မှာကိုတော့ မကြောက်ဘူး။ ခင်ဗျားတို့ မသေချင်ဘူးဆိုရင် အခုချက်ချင်း ဒီနေရာကနေ ထွက်သွားလိုက်တော့…”
***