အပိုင်း ၉၉
နောက်တစ်ကြိမ် ဈေးဆိုင်ဖွင့်လှစ်ခြင်း (၂)
အားလုံး၏ အာရုံစိုက်မှု အောက်တွင် ဤနေရာသည် ဝမ်ရှန်း၏ ကိုယ်ပိုင်ပြဇာတ်ခုံ ဖြစ်လာခဲ့သည်။
ထူးခြားသည့် ထိုအနက်ရောင် ဓားမြှောင်ဖြင့် ဝမ်ရှန်းသည် ဝံပုလွေ၏ သားရေကို ပေါ့ပါးစွာ ဆုတ်ဖြဲလိုက်သည်။ အချက်ရေ အနည်းငယ် လှီးဖြတ်ပြီး နောက်တွင် ထိုဝံပုလွေ၏ အရေသည် အလုံးစုံ ကွာကျသွားပြီး အနီရောင် အသားစိုင်တို့ ပေါ်ထွက်လာလေ၏။
သေချာအနီးကပ် ကြည့်မည်ဆိုလျှင် ဝမ်ရှန်းသည် ဓားမြှောင်အတွင်း ဝိညာဉ်စွမ်းအားများ ထည့်သွင်း အသုံးပြု နေသည်ကို မြင်ရပေလိမ့်မည်။
ထိုအခိုက်အတန့်မှာပင် ဝမ်ရှန်းသည် ကြီးမားသည့် အသားတုံး တစ်ခုကို ပိုင်းဖြတ် ပြီးသွားပြီ ဖြစ်သည်။ အသားတုံး၏ အထူသည် ညီတူညီမျှဖြစ်ကာ သေသပ် တိကျလှ၏။ ဤအသားတုံးကို ကြည့်ခြင်းအားဖြင့် ဝမ်ရှန်း၏ အသားလှီးဖြတ် စွမ်းရည်က အလွန် ကောင်းမွန်ကြောင်း သိသာပေသည်။
ဝမ်ရှန်း၏ စွမ်းဆောင်မှုကို ကြည့်ခြင်းအားဖြင့် ထိုလုပ်ဆောင်ချက်၌ ဝမ်ရှန်း မည်မျှပင် စိတ်နှစ်ထားကြောင်း မြင်နိုင်ပေသည်။
သူ အသုံးပြုနေသည့် ဓားမြှောင်သည် သားရဲများ၏ အရေပြားကိုနွှာရန် အသုံးပြုနိုင်သကဲ့သို့ လူသားတစ်ယောက်၏ အရေခွံကို ဆုတ်ဖြဲရန်လည်း အသုံးပြုနိုင်ပေသည်။ လူတစ်ယောက်၏ လည်ပင်းကို ဖြတ်ခုတ်ရန် အတွက်ပင် ပြဿနာ တစ်စုံတစ်ခုမှျ ရှိမည် မဟုတ်ပေ။
ဝမ်ရှန်း ပိုင်းဖြတ်နေသည့် အသားက အနည်းဆုံး ပဥ္စမအဆင့် သားရဲ၏ အသားများ ဖြစ်ကြောင်း သူတို့ သိပေသည်။
ပထမအဆင့်နှင့် ဒုတိယအဆင့် ဝိညာဉ်သခင်များသည် သာမန် ဓားများဖြင့် ထိုအသားမျိုးကို ပိုင်းဖြတ်နိုင်မည် မဟုတ်ပေ။
အသားအား သက်သောင့်သက်သာ ပိုင်းဖြတ်နေခြင်းကို ကြည့်ခြင်းဖြင့် ဝမ်ရှန်းသည် အဆင့်မြင့် ဝိညာဉ်သခင် ဖြစ်ပေမည်။ ထိုသို့ မဟုတ်လျှင် ထိုဓားမြှောင်မှာ လက်နက်ကောင်း တစ်ခုဖြစ်ပေလိမ့်မည်။
သို့သော် ဝမ်ရှန်းက အဆင့်မြင့် ဝိညာဉ်သခင် မဟုတ်သည်မှာ သိသာပေသည်။
သူတို့ မျက်လုံးများဖြင့် ကိုယ်တိုင် မြင်တွေ့ခဲ့ရသည့် ယွမ်ကြေးမုံ၏ စမ်းသပ်ချက်တွင်၎င်း၊ သူတို့မျက်စိရှေ့၌ မြင်နေရသည့် ဝမ်ရှန်း ကိုယ်တိုင်သည်၎င်း ခွန်အား အနည်းငယ်ရှိသည့် သာမန်လူ တစ်ယောက်သာ ဖြစ်၏။
ထို့ကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ဓားမြှောင်သည် သာမန် ဓားမြှောင် မဟုတ်နိုင်ခြင်းပင်။ ထိုလက်နက်သည် အဆင့်မည်မျှ ရှိမည်ကို သူတို့ မခန့်မှန်းနိုင်ကြပေ။ သို့သော် အနည်းဆုံးတော့ ထိုဓားမြှောင်သည် သံကိုပင် စာရွက်ကဲ့သို့ ပိုင်းဖြတ် နိုင်လောက်၏။
ဤကဲ့သို့ ချွန်ထက်သည့် ဓားမြှောင်ကို ဝမ်ရှန်းက အသားများ လှီးဖြတ်ရန်အတွက် သားသတ်သမား ဓားအဖြစ် အမှန်တကယ် အသုံးပြုနေကြောင်းကို တွေးကြည့် မိလိုက်သောအခါ ပိုက်ဆံအများကြီး သုံးလျှင်ပင် ဤဓားမြှောင်မျိုး မရနိုင်သည့် လူများ သွေးအန်လုနီးပါး ဖြစ်သွားခဲ့ကြသည်။
ဤကဲ့သို့ ရက်ရက်စက်စက် သုံးစွဲသည့် လူမျိုးကို သူတို့ ယခင်က တစ်ခေါက်မှ မမြင်ဖူးခဲ့ကြပေ။
မကြာမီတွင် ကြီးမားသည့် အသားတုံး တစ်ခုလုံးကို အပြည့်အဝ ပိုင်းဖြတ် ပြီးသွားခဲ့သည်။ ဝမ်ရှန်းသည် ပေါ့ပေါ့ပါးပါးပင် သူပိုင်းဖြတ်ထားသည့် အသားများနှင့် နွှာထားသည့် အရေပြားကို သူ့ဘေး၌ ရှိနေသည့် ချိတ်ပေါ်သို့ တွဲချိတ်လိုက်၏။ ထို့နောက် အသားလှီးခုံပေါ်ကို ရေနွေးဖြင့် လောင်းချ လိုက်သည်။
ဝမ်ရှန်းသည် အသားလှီးခုံပေါ်တွင် အသားစ နည်းနည်းလေးပင် မကျန်အောင် ထပ်ကာတလဲလဲ ပြောင်အောင် သုတ်လိုက်၏။ အကြိမ်ပေါင်းများစွာ သန့်ရှင်းရေး လုပ်ပြီးနောက်တွင် အားလုံး၏ မျက်စိရှေ့မှာပင် အသားလှီးခုံသည် အသစ်ကဲ့သို့ ပြောင်လက် သွားခဲ့သည်။
ထိုအချိန်တွင် ဝူယုသည် အသားလှီးခုံပေါ်သို့ နောက်ထပ် ဝံပုလွေ၏ ကျန်ခြေထောက် တစ်တုံး ထပ်တင် လိုက်သည်။ ပြောင်လက်သည့် အသားလှီးခုံပေါ်၌ ရှိနေသည့် ဤအသားတုံးသည် ညစ်ပတ်ပေရေပြီး အဆီများဖြင့် ချွဲကျိကျိ ဖြစ်နေသည့် အခြား အသားဆိုင်ရှိ အသားလှီးခုံပေါ်မှ အသားတုံးများထက် ပိုမို သန့်ရှင်းကြောင်းကိုတော့ ပြောစရာပင် မလိုပေ။
အသားတုံးကို အသားလှီးခုံပါ်သို့ တင်ပြီးသည်နှင့် ဝမ်ရှန်းသည် သူ့လက်တွင်းရှိ ဓားမြှောင်ကို နောက်တစ်ကြိမ် လှုပ်ရှားလိုက်သည်။ ပန်းပွင့်ပေါ်၌ လိပ်ပြာတစ်ကောင် ပျံသန်း နေသကဲ့သို့ သူ၏လက်သည် အသားလှီးခုံပေါ်၌ လူးလွန့်လှုပ်ရှား နေခဲ့၏။
ဝမ်ရှန်း၏ လှုပ်ရှားမှုများသည် အလွန်လျင်မြန် ပေါ့ပါးလှပေသည်၊ ဓား၏သွားရာ လမ်းကြောင်းကို ဘယ်သူမှ မမြင်ကြရပေ။ သို့သော် ထိုဓားအောက်၌ ရှိနေသည့် ဝံပုလွေ ခြေထောက်မှာ အပိုင်းပိုင်း ဖြစ်သွားပြီ ဖြစ်၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် လူတစ်ရပ်စာ ရှိသည့် သားရဲ၏ ခြေထောက် နှစ်ချောင်းသည် သာမန် အသားတုံးများအဖြစ် ပြောင်းလဲ သွားခဲ့သည်။ သန့်ရှင်းပြီး ကြီးမားသည့် အသားလှီးခုံပေါ်တွင် အသားတုံးများ အစီအရီ ရှိနေနေ၏။ အသားလှီးခုံ၏ ဘေးနားတွင် သန့်ရှင်းသည့် ပေါင်ခြမ်းများ ကျန်ရှိ နေသေးပေသည်။
အသားများ လှီးဖြတ်ပြီးနောက် ဝမ်ရှန်းသည် ဓားမြှောင်ကို လက်ဖြင့် တစ်ပတ် နှစ်ပတ်ခန့် လှည့်လိုက်ပြီး သူနှင့်နီးသည့် အသားလှီးခုံ၏ ညာဘက် ထောင့်စွန်း၌ ထိုးစိုက်လိုက်၏။
ဒုတ်
ညင်သာသည့် အသံတစ်သံ နှင့်အတူ အနက်ရောင် ဓားမြှောင်သည် တို့ဖူးတစ်တုံးကို ထိုးစိုက် သွားသကဲ့သို့ သံအသားလှီးခုံ၏ အတွင်းသို့ သုံးစင်တီမီတာခန့် စိုက်ဝင်သွားခဲ့သည်။ ဝမ်ရှန်းသည် ထိုဓားကို အသားလှီး ခုံပေါ်သို့ ထိုးစိုက်လိုက်ခြင်း ဖြစ်သော်လည်း ထိုမြင်ကွင်းအား ကြည့်နေသည့် လူများအားလုံး၏ နှလုံးထဲသို့ ဓားသည် ထိုးစိုက် သွားသကဲ့ပင် ဖြစ်၏။
ဝမ်ရှန်း၏ အသားလှီးခုံမှာ သံပြားဖြစ်နေသည့် အတွက်ကြောင့် ယခုတစ်ကြိမ်တွင် ဝမ်ရှန်း၏ လက်တွင်းမှ ဓားမြှောင်သည် သံကိုပင် ရွှံ့ကဲ့သို့ ဖြတ်တောက် ပစ်နိုင်သည့် ရတနာဓား တစ်လက်ဖြစ်ကြောင်း ပို၍ပင် သေချာသွားပြီ ဖြစ်သည်။
သို့သော် ဝမ်ရှန်းသည် ထိုရတနာဓားကို ဝက်သတ်သည့် ဓားကဲ့သို့ အသုံးပြုခဲ့၏။ ဝမ်ရှန်းမှ သားရဲ၏ အရေခွံကိုနွှာကာ အသားများ ပိုင်းဖြတ်နေသည်ကို သူတို့သည် ဝမ်ရှန်းက သူတို့အရေခွံအား နွှာကာ သူတို့အသားများ ဆုတ်ဖြဲ ခံနေရသည်ကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ရ၏။ အားလုံး၏ စိတ်ထဲတွင် နာနာကျင်ကျင် ဖြစ်သွားရလေသည်။
“ဂျင်ဒီနယ်မြေက ပဥ္စမအဆင့် သားရဲရဲ့အစွယ်နဲ့ အသားတွေ ရမယ်နော်… တစ်ကီလိုကို ရွှေဒင်္ဂါး ဆယ်ပြားရမယ်။ အရင်ဆုံး လာတဲ့လူ အရင်ရမယ်။ အလိမ်အညာ မရှိဘူး…”
ထိုအခိုက်အတန့်တွင် ဝမ်ရှန်းသည် မှင်သက်မိနေသော လူအုပ်ကြီးအား လက်ကို ပါးစပ်ရှေ့၌ စပီကာပုံစံ ထားကာ အော်ပြောလိုက်၏။
“မလွတ်စေကြနဲ့ဗျ…”
ထိုစကားကို ကြားလိုက် ရသောအခါ ဝမ်ရှန်းအား နေရာအနှံ့မှ စောင့်ကြည့် နေကြသည့် လူများ မြေပြင်ပေါ်သို့ လဲကျလုနီးပါးပင် ဖြစ်သွားခဲ့ကြသည်။ ဤအော်ဟစ်သည့် အသံနှင့်ဆိုလျှင် သူသည် အသားများ ရောင်းချရန်အတွက် အမှန်တကယ်ကို အသားဆိုင်ဖွင့်ရန် စီစဉ်ထားခြင်းပင် ဖြစ်သည်…
သူတို့သည် ဝူရုံမြို့သို့ ထွက်ပြေးလာခဲ့သည့် လူများ မဟုတ်ပါလား။ ဤကဲ့သို့သော ဝိညာဉ်သခင်များကို သေးသိမ်သွားအောင် လုပ်နိုင်သည့် လူများသည် ဘယ်လောက်မှ သိပ်မရှိပေ။ သူတို့သည် ဘယ်လိုပဲကြည့်ကြည့် ဝမ်ရှန်းမှာ ဟန်ဆောင်နေသည်ဟု မမြင်ကြပေ၊ သူသည် တကယ်ကို အသားရောင်းသည့် လူတစ်ယောက်နှင့် တူနေပေသည်။
ကမ္ဘာမြေပေါ်ရှိစဉ် ဝမ်ရှန်းသည် ပုံဖျက်တော်သည့် လူတစ်ယောက်လည်း ဖြစ်သည်။ သားသတ်သမားအပြင် ပျံကျဈေးသည်၊ အလုပ်သမား နေရာပေါင်းစုံ၌ ပုံစံပေါင်းစုံအဖြစ် ဝမ်ရှန်း ပုံဖျက်ခဲ့သည်။ ထို့ကြောင့် ယခုအချိန်တွင် သူ၏ သားသတ်သမား ပုံစံကို မည်သူမှ သံသယ မဝင်မိကြပေ။
ဝမ်ရှန်းအား စောင့်ကြည့် နေကြသည့် လူများသည် စောင့်ကြည့်ခြင်းကိုပဲ လုပ်နေ၍ မရပေ။ ယခုအချိန်တွင် ဝမ်ရှန်းသည် အသားများကို ရောင်းချနေပြီ ဖြစ်၏၊ ထို့အတွက်ကြောင့် သူတို့သည် အသားများကို မေးမြန်းသည့် ပုံစံဖြင့် ခဏလောက်ဖြစ်ဖြစ် ဝမ်ရှန်းနှင့် စကားပြော၍ ရပေသည်။ စကားမှတစ်ဆင့် သူတို့သည် ဂျင်ဒီနယ်မြေနှင့် ပတ်သက်သည့် အကြောင်းအရာ တချို့ကိုလည်း သိချင်သိသွားနိုင်ပေသည်။
သို့သော် သူတို့အားလုံးသည် အချက်တစ်ချက်ကို သိသိသာသာ မေ့လျော့ နေခဲ့ကြသည်။ ပဥ္စမအဆင့် သားရဲများ၏ အစွယ်များနှင့် အသားများသည် ဤဝူရုံမြို့တွင် အလွယ်တကူ ရရှိနိုင်သည့် အရာများ မဟုတ်ပေ။
ဝမ်ရှန်းသည် သူ၏ဈေးဆိုင် အတွင်းမှ အော်ဟစ် လိုက်ရုံသာ ရှိသေးသည် အချို့လူများသည် သူ့ဆိုင်ထံသို့ ပြေးသွားကြပြီ ဖြစ်၏။ လမ်းပေါ်၌ တံခါးပိတ်ကာ နေနေသည့် လူများသည်ပင် တံခါးများဖွင့်ကာ ဝမ်ရှန်းဆိုင်ထံသို့ အပြေးအလွှား သွားနေကြသည်။
ဘာပဲပြောပြော ဤအရာသည် ပဥ္စမအဆင့် သားရဲ၏ အသားဖြစ်သည်။ လူဘယ်နှယောက် လောက်ကများ ဤအရာ၏ ဆွဲဆောင်မှုကို တောင့်ခံနိုင်မည်နည်း။
ပဥ္စမအဆင့် သားရဲ၏ အသားကို စားသုံးပြီး နောက်တွင် သူတို့သည် အဆင့်တက် သွားနိုင်ပေသည်။ မှတ်တမ်း ဒဏ္ဍာရီများထဲတွင် အဆင့်မြင့် သားရဲများ၏ အသားများကို စားသုံးပြီး အဆင့်တက် သွားသည့် သာဓကများလည်း များစွာရှိပေ၏။
ထို့ကြောင့် ဝမ်ရှန်းအား စောင့်ကြည့် နေကြသည့်လူများ မချဉ်းကပ် နိုင်ခင်မှာပင် ဝမ်ရှန်း၏ အသားဆိုင်တွင် လူများ ဝိုင်းအုံသွားသည်။
ဤမြင်ကွင်းအား မြင်လိုက် ရသောအခါ ဝမ်ရှင်းအား စောင့်ကြည့် နေကြသည့် လူများသည် ရုတ်တရက် တစ်စုံတစ်ခုအား နားလည် သွားခဲ့ကြ၏။ သူတို့ ဝမ်ရှန်းအား စောင့်ကြည့် နေသည်က မှန်၏၊
သို့သော် သူတို့သည် ဝမ်ရှန်း၏ သားရဲ အသားများကို ဝယ်ယူခွင့်မရှိဟု မပြောပေ… သို့သော်လည်း သူတို့ လှုပ်ရှားလိုက်သည့် အချိန်တွင် သူတို့သည် လူအုပ်ကြီး အတွင်းသို့ တိုး၍ပင် မရတော့ပေ။
ဝူရုံမြို့တွင် ပဥ္စမအဆင့် သားရဲ၏ အသားများကို တစ်ပေါင်လျှင် ရွှေဒင်္ဂါးဆယ်ပြား ရောင်းချခြင်းက ဈေးကြီးသလော… မဟုတ်ပေ၊ လုံးဝကို ဈေးမကြီးပေ။ အထူးသဖြင့် ဝူရုံမြို့တွင်း၌ပင် နေနိုင်သည် ဆိုပါက ဤရွှေဒင်္ဂါးဆယ်ပြား ကဲ့သို့သော ပမာဏမျိုးအား မည်သူက ထည့်တွက် နေတော့မည်နည်း။
မျက်စိတစ်မှိတ် အတွင်းမှာပင် သူ ၁၀ ပေါင်၊ ငါ ၈ ပေါင်၊ အခြားသူများက နှစ်ပေါင်၊ သုံးပေါင် စသဖြင့် အသီးသီး ရောင်း၍ ကုန်သွားတော့သည်။
ဝမ်ရှန်း ဆိုင်စ ရှင်းကတည်းက ဝမ်ရှန်းအား စောင့်ကြည့် နေကြသည့် လူများသည် ငိုချင်စိတ် ပေါက်သွားကြလေ၏…
ဝမ်ရှန်း အသား ရောင်းတော့မည် ဆိုသည်ကို သူတို့ အရင်ဆုံး စသိခဲ့ကြခြင်း ဖြစ်သည်။ သို့သော် သူတို့အလှည့် ရောက်သည့် အချိန်တွင် အသားများက ရောင်းကုန် သွားပြီဖြစ်၏။ ထို့ကြောင့် သူတို့၏ စောင့်ကြည့်ခြင်းက ဘာအကျိုး ရှိခဲ့သနည်း။
အချို့ လူများသည် ကံကိုသာ ပုံချလိုက်ကြကာ အချို့သည် သူတို့နေရာ၌ပင် စိတ်ပျက်လက်ပျက် ထိုင်ချ လိုက်ကြသည်။ လူအုပ်ကြီး ကျဲသွားသည့် အချိန်တွင် ဝမ်ရှန်းထံတွင် ခြေထောက် အရေခွံ တစ်ခုသာ ကျန်ရှိခဲ့တော့၏။ ဈေးဝယ်များသည် အရိုးများကိုပင် စွတ်ပြုတ်များ လုပ်သောက်ရန် ဝယ်ယူသွားခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင် ဝမ်ရှန်းအား စောင့်ကြည့်နေသည့် လူများထဲမှ တစ်ယောက်သည် လမ်း၏ အခြားတစ်ဖက်၌ ရှိနေသည့် လူအား မျက်လုံးမှိတ်ကာ အချက်ပြလိုက်၏။ ချက်ချင်းပင် ထိုလူသည် နေရာတစ်နေရာသို့ လှည့်ထွက် သွားလိုက်သည်။ တစ်ခဏ ကြာပြီးနောက်တွင် လမ်း၏ အခြား တစ်ဖက်မှနေ၍ ခွန်အား ကြီးမားသည့် လူသုံးယောက် ထွက်လာခဲ့လေ၏။
***