Switch Mode

Chapter – 98

နောက်တစ်ကြိမ် ဈေးဆိုင်ဖွင့်လှစ်ခြင်း (၁)

အပိုင်း ၉၈
နောက်တစ်ကြိမ် ဈေးဆိုင်ဖွင့်လှစ်ခြင်း (၁)

ဝမ်ရှန်း စိတ်လက် ကြည်လင်စွာဖြင့် ကြေးစားခန်းမ အတွင်းမှ ထွက်လာခဲ့သည်။ ထို့နောက် သူ၏ခြံဝန်း သေးသေးလေးထံသို့ တစ်လှမ်းချင်း လျှောက်သွား လိုက်သည်။

ကြေးစားတံဆိပ်ပြားကို မရသေးသောကြောင့် သူသည် ပစ္စည်းများ ဝယ်ရန်အတွက် အင်ပါယာ ရတနာစံအိမ်နှင့် ရတနာစံအိမ်တို့ သွားရန် မလိုအပ်သေးပေ။ တံဆိပ်ပြားရသည့် အချိန်အထိ သူ ဘာတွေ လိုအပ်နေလဲ ဆိုတာကို သေချာစဉ်းစားဖို့ အချိန်ရှိပေသည်။

လမ်းတစ်လျှောက် တစ်လှမ်းချင်း လျှောက်လာနေကာ ဤအကြိမ်သည် ဝမ်ရှန်း ဝူရုံမြို့၏ မြေပြင်အနေအထားကို စူးစမ်းလေ့လာသည့် တတိယ အကြိမ်မြောက်ပင် ဖြစ်သည်။ အေ့စ်စနိုက်ပါ သမားတစ်ယောက် အနေဖြင့် အချိန်တစ်ခု ကြာအောင် မိမိနေထိုင်မည့် နေရာအသစ်သို့ ရောက်သည့် အချိန်တွင် ဘေးပတ်ဝန်းကျင် မြေနေရာ အနေအထားနှင့် အမြဲတမ်း ရင်းနှီးကျွမ်းဝင် နေရမည် ဖြစ်သည်။ ထိုကဲ့သို့ ဆိုလျှင် မြေနေရာ အနေအထားကို အချိန်မရွေး အသုံးချနိုင်ပေသည်။

ဝမ်ရှန်း ကြေးစားခန်းမမှ ထွက်သွားသည်နှင့် ခန်းမတစ်ခုလုံး နောက်တစ်ကြိမ် ဆူညံပွက်လော ရိုက်သွားခဲ့သည်။ ခန်းမအတွင်းမှ အချို့လူများသည် ဤသတင်းကို မည်ကဲ့သို့ အသုံးချရမည်ကို တွေးနေကြ၏၊ အချို့လူများသည် အပြင်သို့ထွက်ကာ ဤသတင်းကို လျင်မြန်စွာ ဖြန့်လိုက်ကြတော့သည်။

ဝူရုံမြို့တွင် ဝူရုံမြို့မှ လူများသာ နေထိုင်နေကြခြင်း မဟုတ်ပေ။

ညမမှောင်ခင်မှာပင် ကြေးစားခန်းမ အတွင်းမှ ဝမ်ရှန်း၏ လုပ်ဆောင်ချက်များ အကြောင်းသည် အသီးသီးသော အင်အားစုများ၏ ခေါင်းဆောင်များနားသို့ ရောက်ရှိသွားပြီဖြစ်၏။

ထိုသတင်းကြားသည်နှင့် မည်သည့် အင်အားစုများကမှ ထိုအကြောင်းကို လျစ်လျူမရှု ထားကြရဲပေ။ သူတို့အားလုံးသည်လည်း အလျင်မြန်ဆုံးသော စာပို့ငှက်များကို အသုံးပြုကာ သူတို့နှင့် သက်ဆိုင်သည့် အင်အားစုများ အသီးသီးထံသို့ နောက်တစ်ကြိမ် သတင်းဖြန့် လိုက်သည်။

ဝမ်ရှန်း ထုတ်ယူ လာခဲ့သည့် ကြေးစားတံဆိပ်ပြား အခု ၃၀ ကျော်သည် တကယ်ကို အံ့အားသင့်စရာ ကောင်း၏။ ဝမ်ရှန်းသည် ဂျင်ဒီတားမြစ် နယ်မြေ ဘက်ခြမ်းရှိ ဂိတ်တံခါးပေါက်မှ ဝူရုံမြို့သို့ ရောက်ရှိလာခဲ့ခြင်းက ဤနေရာမှ လူများကို အနည်းငယ် မယုံကြည်နိုင် ဖြစ်နေစေဆဲ ဖြစ်သည်။ ဒါ့ပြင် သူယူလာခဲ့သည့် ကြေးစားတံဆိပ်ပြား ၃၀ ကျော်ထဲ၌ ပါဝင်သည့် ဆဌမအဆင့် အပြာရောင် တံဆိပ်ပြားကလည်း အတုမဟုတ်ပေ။

အင်အားစုများ အားလုံးသည် အခြားဘာမှ မပြောရဲကြပေ။ ဝမ်ရှန်းအား လိုက်လံ သတ်ဖြတ်ခဲ့သည့် ဝိညာဉ်သခင်များ အားလုံးတွင် သတင်းတင်ပြရန် ပြန်သွားသည့် လူတစ်ယောက်မှလွဲ၍ အခြားမည်သူကမှ ပြန်မလာနိုင်ခဲ့ပေ။

သူတို့ အသက်ရှင်နေသေးလား၊ သေသွားပြီလား…

ဘယ်လို သေသွားတာလဲ…

ဂျင်ဒီနယ်မြေထဲမှာ ဘာတွေကြုံတွေ့ခဲ့ရတာလဲ…

သူတို့၏ ခေါင်းထဲတွင် မေးခွန်းများ စီရီနေခဲ့၏။

ဤသတင်း ပြန့်သွားသည့် အချိန်တွင် အဓိက အင်အားစုများ၏ ထိပ်သီးပိုင်း ခေါင်းဆောင်များ သေချာပေါက် အကြီးအကျယ် ထိတ်လန့် တုန်လှုပ် သွားကြပေလိမ့်မည်။ ဝူရုံမြို့မှ လူများသည်လည်း ဝမ်ရှန်း၏ ဖြစ်စဉ်အကြောင်း အကုန်သိကြပေသည်။ သို့သော် မည်သူကမှ ဥပဒေကိုစပြီး မချိုးဖောက်ရဲကြချေ။ တင်းကျပ်သည့် ဥပဒေအောက်တွင် ဝမ်ရှန်းသည် အေးအေးချမ်းချမ်း အိပ်စက် အနားယူနိုင်ပေသည်။

သို့ရာတွင် ဝမ်ရှန်း နေထိုင်သည့် ခြံဝန်းအနီး တစ်ဝိုက် မရေမတွက်နိုင်သည့် မျက်လုံး အစုံများက ညတိုင်း သူ့ကို စောင့်ကြည့်နေတော့မည် ဆိုတာကိုတော့ အားလုံး သိပေသည်။ သူတို့သည် ဝမ်ရှန်း၏ လျှို့ဝှက်ချက်ကို မရှာဖွေနိုင်သော်ငြားလည်း ဝမ်ရှန်းကို သူတို့ အကြည့်အောက်မှ အပျောက်မခံနိုင်ပေ။

လမ်းတစ်လျှောက်တွင် ဝမ်ရှန်း ပန်းပဲဖို တစ်ဖိုကို တွေ့လိုက်ရကာ သူ့စိတ်ထဲ၌ ရုတ်တရက် အကြံတစ်ခု ရသွားခဲ့သည်။ သူသည် ထိုပန်းပဲဆိုင်သို့ သွားကာ ကြီးမားသည့် သံပြားတစ်ခု၊ ရှည်လျားသည့် သံချောင်း တစ်ချောင်းနှင့် S ပုံသဏ္ဌာန် ချိတ်များကို မှာယူလိုက်သည်။

ကြီးမားသည့် သံမဏိပြားသည် ပြားချပ်နေရမည် ဖြစ်၏။ အရောင်တင်သင့်လျှင် အရောင်တင်ရမည် ဖြစ်သည်။ ပြီးလျှင် ချိတ်သည်လည်း နှစ်ဖက်လုံး၌ ချွန်ထက် နေရပေမည်။ သူ၏တောင်းဆိုချက်က များပြားသော်လည်း ထိုအရာများသည် ပန်းပဲဆရာအတွက် ဘာမှ အပန်းမကြီးပေ။ မှာယူစရာ ရှိသည်များကို မှာယူပြီးနောက် ဝမ်ရှန်းသည် စရံငွေပေးကာ ဆိုင်မှ ပြန်ထွက် လာခဲ့လိုက်သည်။

ဝမ်ရှန်း ပန်းပဲဖို အတွင်းမှ ထွက်သွားသည်နှင့် လူများတစ်ယောက်ပြီး တစ်ယောက် ထိုပန်းပဲဖိုသို့ ရောက်ရှိ လာခဲ့ကြသည်။ သူတို့သည်သည် ပစ္စည်းများ ဝယ်ယူဟန်ဖြင့် ဝမ်ရှန်း ဝယ်ယူခဲ့သည့် ပစ္စည်းများ အကြောင်းကိုလည်း မမေ့မလျော့ မေးမြန်းခဲ့ကြ၏။

ဝမ်ရှန်းက သံပြား တစ်ခုကိုသာ မှာယူခဲ့ခြင်း ဖြစ်သည်။ ဘာမှ အထွေအထူး မဟုတ်ပေ။ သို့သော် ဤကြီးမားသည့် သံပြားကို ဝမ်ရှန်း ဘာအတွက် အသုံးပြုမည် ဆိုတာကို အားလုံး သိချင်သွားကြ၏။

သံချောင်းကိုရော သူ လက်နက်အဖြစ် အသုံးပြုမည်လား…

ချွန်ထက်သည့် ချိတ်များကလည်း လုပ်ကြံရေး လက်နက် တစ်မျိုးမျိုးများလား…

ဝမ်ရှန်း ပန်းပဲဖိုမှ သူ့ခြံသို့ ပြန်ရောက်ကာ အိပ်ပျော်သွားသည့် အချိန်အထိ မအိပ်ပျော် နိုင်သေးသည့် လူများ များစွာ ရှိနေပေသည်။

နောက်တစ်နေ့ မနက်စောစောတွင် အကြောင်းပြချက် ရေရေရာရာမရှိဘဲ ဝမ်ရှန်း ဝယ်ယူခဲ့သည့် ခြံဝန်းငယ် ရှေ့သည် အခါတိုင်းထက် ပို၍ စည်ကားနေခဲ့၏။

ဝမ်ရှန်းသည်မူ ထိုအခြင်းအရာကို ဂရုစိုက်နေဟန် မရှိပေ။ သူသည် ပုံမှန်အတိုင်းသာ ထကာ ကိုယ်လက် သန့်စင်လိုက်၏။ ထို့နောက် လမ်းအား မျက်နှာမူထားသည့် ဆိုင်ခန်းကို ဖွင့်လှစ်ကာ လုပ်ငန်း စတင်ရန် ပြင်ဆင်လိုက်သည်။

ထိုခြံဝန်း အတွင်းတွင် ရေတွင်း တစ်တွင်းလည်း ရှိ၏။ ဝမ်ရှန်းသည် ထိုရေတွင်းမှ ရေများကိုဆွဲကာ ဆိုင် အတွင်းအပြင်ကို သေချာနှံ့နှံ့စပ်စပ် သန့်ရှင်းရေး လုပ်လိုက်သည်။ ဆိုင်က သန့်ရှင်း သပ်ရပ်သွားပြီဆိုမှ သန့်ရှင်းရေး လုပ်ခြင်းကို ဝမ်ရှန်း ရပ်လိုက်၏။

သိပ်မကြာခင်မှာပင် ဝမ်ရှန်း ပန်းပဲဖိုမှ မှာယူထားသည့် ကြီးမားသော သံပြား ရရှိလာခဲ့သည်။ ဝမ်ရှန်း ပစ္စည်းများကို မှာယူပြီးနောက် မနေ့နေ့လယ်တွင် များစွာသော လူများသည် ဝမ်ရှန်း မှာယူခဲ့သည့် ပစ္စည်းများအကြောင်း လာရောက် မေးမြန်းခဲ့ကြ၏။ ပန်းပဲဖို ပိုင်ရှင်သည် ငနုံငအ တစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် သူသည် ဝမ်ရှန်း မှာယူသည့် ပစ္စည်းများကို ဘယ်လိုလုပ် အချိန်ကြန့်ကြာအောင် လုပ်နိုင်မည်နည်း။

ကြီးမားသည့် သံပြားကို ပြုလုပ်ခြင်းသည် ဘာမှ သိပ်မခက်ခဲပေ။ သံချောင်းနှင့် ချိတ်များသည်လည်း သူ့အတွက် သာမန် ပစ္စည်းများပင်ဖြစ်၏။

ထို့ကြောင့် တစ်ညလုံး အလုပ်လုပ်ပြီးနောက် ပန်းပဲဖိုပိုင်ရှင်နှင့် သူ၏အလုပ်သမားများသည် ကြီးမားသည့် သံပြားတစ်ခု၊ သံချောင်းများနှင့် ချိတ်များကို ပြုလုပ်ပြီးစီးသွားကာ ဝမ်ရှန်းအား လာရောက် ပို့ဆောင် လိုက်ကြသည်။

ဝမ်ရှန်းသည် ပစ္စည်းများကို မှာယူရာတွင် ဘာမှသိပ်ပြီး ထည့်မပြောခဲ့ပေ။ သို့သော် ပန်းပဲဖို ပိုင်ရှင်သည် သေချာကောင်းမွန်စွာ ပြုလုပ်ပေးခဲ့၏။ သံချောင်း၏ အတုတ်သည် ဝမ်ရှန်း၏ လက်မောင်း အရွယ်အစားရှိကာ အရှည်သည် သုံးမီတာရှိ၏။

ဤကြီးမားသည့် သံချောင်းကို ပန်းပဲဖိုပိုင်ရှင်ပင် မသယ်နိုင်ပေ။ ဝမ်ရှန်းထက် အနည်းငယ် အသက်ပိုကြီးသည့် အလုပ်သမား တစ်ယောက်၏ ကျောပေါ်၌ သယ်လာစေခဲ့ခြင်း ဖြစ်သည်။ ပေါင်ရာနှင့် ချီလေးသည့် ပစ္စည်းကို သယ်ဆောင်လာခြင်းပင် ဖြစ်၏။

ဝမ်ရှန်းသည် ခြံကို ဝယ်ယူခဲ့သည့် အချိန်တွင် ဤဈေးဆိုင်၏ အရွယ်အစားကိုပါ မေးမြန်းခဲ့ပေသည်။ ဆိုင်အား သန့်ရှင်းရေး လုပ်ပြီးနောက် သူသည် ခြံဝန်း အတွင်းတွင် လမ်းမအား မျက်နှာမူလျက် ကျောက်တုံးများဖြင့် စင်တစ်ခု ပြုလုပ်လိုက်သည်။ သူ မှာယူထားသည့် ပစ္စည်းများ ရောက်လာသည်နှင့် ထိုစင်ပေါ်၌ ချက်ချင်း နေရာချထားနိုင်ပြီ ဖြစ်၏။

ကြီးမားသည့် သံပြားကို လမ်းအား မျက်နှာမူထားသည့် ဆိုင်ပေါက်ဝ၌ ချထားမည်ဖြစ်သည်၊ ထိုအရာသည် ကြီးမားသည့် သားခုတ်ခုံပင်ဖြစ်၏။ ထိုသံပြားနှင့် ပေအနည်းငယ် မြင့်သည့် အထက်တွင် ချွန်ထက်သည့် ချိတ်များ များစွာ ချိတ်ဆွဲထားသည့် သံချောင်း တစ်ချောင်းကို ချိတ်ဆွဲထားမည်ဖြစ်၏။ ထိုပုံစံဖြင့်ဆိုလျှင် ဤနေရာသည် သားသတ်ဆိုင် တစ်ဆိုင်နှင့် အမှန်တကယ် တူသွားတော့မည် ဖြစ်သည်…

ဝမ်ရှန်း လုပ်ဆောင်နေသည့် ပုံစံကို မြင်လိုက်ရသောအခါ ထိုနေရာ၌ တမင်သက်သက် ရပ်နေသည့် လူများနှင့် ယောင်လည်လည် ရပ်နေသည့် လူများအားလုံး ကြောင်အ သွားခဲ့ကြသည်။

ဝမ်ရှန်းသည် ထိုကြီးမားသည့် သံပြားကို အိမ်နောက်မှနေ၍ သူ့အား တိုက်ခိုက် လာနိုင်ခြင်းမှ ကာကွယ်ရန်အတွက် အသုံးပြုခြင်း ဖြစ်လိမ့်မည်ဟု သူတို့ မနေ့ညက တစ်ညလုံး တွေးတော ခန့်မှန်းခဲ့ကြ၏။ သို့သော် ထိုအရာသည် ကြီးမားသည့် အသားခုတ်ခုံ ဖြစ်နေခဲ့လေသည်။

ချွန်ထက်သည့် ချိတ်များကလည်း လက်နက် အမျိုးအစား တစ်မျိုးမျိုး ဖြစ်လိမ့်မည်ဟု သူတို့ ထင်ခဲ့ကြ၏။ သို့သော် လက်တွေ့၌မူ ထိုအရာသည် အသားများကို ရောင်းချရာ၌ ချိတ်ဆွဲမည့် ချိတ်များ ဖြစ်နေခြင်းပင်တည်း။

ဤကဲ့သို့ နေရာချထားမှုကို မြင်ပြီးနောက် လူဘယ်နှယောက်မျှပင် ဝမ်ရှန်းအား ရိုက်ချင် သွားကြလဲဆိုတာ မသိတော့ပေ။ မကြာသေးမီကပင် ပဥ္စမအဆင့် ကြေးစားအဖြစ် မှတ်ပုံတင်ခဲ့သည့် လူတစ်ယောက်က အမှန်တကယ်ကိုပဲ အသားဆိုင် တစ်ဆိုင် ဖွင့်လိုက်သည်တဲ့လား…

သို့သော် သေချာ စဉ်းစားကြည့်မည် ဆိုလျှင် ဤဝူရုံမြို့ အတွင်းတွင် အသက်ရှင် နေထိုင်ရန်အတွက် အသေးစားလုပ်ငန်း လုပ်ဆောင်နေကြသည့် အဆင့်မြင့် ကြေးစားများလည်း အမှန်တကယ် ရှိပေသည်။

ဝူရုံမြို့တွင် ဤကဲ့သို့သော ဈေးဆိုင်မျိုး တစ်ထောင်နီးပါး မရှိသော်လည်း ရှစ်ရာနီးပါး ရှိပေသည်။ ထိုအရာသည် သာမန် ဖြစ်နေကျ အရာတစ်ခုပင်ဖြစ်၏။

ဝူရုံမြို့မှ လူများသည် ဘာလို့ အချင်းချင်း အလွန်ဖော်ရွေ နေကြသနည်း။

အဘယ်ကြောင့်ဆိုသော် ဝူရုံမြို့တွင် မည်သူမဆို အဆင့်မြင့် ကြေးစားများ ဖြစ်နေနိုင် သောကြောင့်ပင်ဖြစ်၏။

ဝူရုံမြို့တွင် အသားများကို ရောင်းချသည့် အဆင်မြင့် ကြေးစား တစ်ယောက်သည်လည်း ထိုလူများထဲမှ တစ်ယောက်ပင် မဟုတ်ပါလော။ သူတို့က ဒီလောက်ထိ ထိတ်လန့်စရာပင် မလိုပေ။

သို့သော် ဘာပဲပြောပြော ဝမ်ရှန်း၏ အသားဆိုင်ကတော့ ကွဲပြားပေသည်။ အားလုံးသည် ဝမ်ရှန်း၏ အသားဆိုင်ကို မြင်သည်နှင့် ဝမ်ရှန်း မြို့တွင်းသို့ ဝင်လာစဉ်၌ သယ်ဆောင် လာခဲ့သည့် သားရဲ အစွယ်များနှင့် သားရဲခြေထောက်များကို ချက်ချင်း ပြေးမြင် မိလိုက်ကြသည်။

ထို့နောက် အားလုံး၏ မျက်လုံးများ တောက်ပ သွားခဲ့၏၊ ပဥ္စမအဆင့် သားရဲ၏ အစွယ်များသည် သူတို့အတွက် များစွာ အထောက်အကူ ပြုပေသည်။

ဂျင်ဒီနယ်မြေမှ သားရဲများ၏ အသားများကို အထူးရောင်းချသည့် အသားဆိုင်…

ထိုအရာသည် လူများကို သေချာပေါက် စိတ်လှုပ်ရှားအောင် လုပ်ဆောင် နိုင်ပေသည်။

အဝေး၊ အနီးမှနေ၍ သူ့အား စောင့်ကြည့်နေသည့် အင်အားစု အသီးသီးမှ လူများ၏ မျက်စိအောက်၌ပင် ဝမ်ရှန်းသည် လူတစ်ကိုယ်စာ အရွယ်အစားရှိသည် အထီးကျန် ဝံပုလွေ၏ ခြေထောက် တစ်ဖက်ကို ထုတ်ယူလိုက်၏။ ထို့နောက် ခြေထောက်ကို ကြီးမားသည့် သံပြားပေါ် တင်ကာ အကြိမ်ပေါင်းများစွာ သန့်ရှင်းအောင် လုပ်လိုက်သည်။

သံပြား မရောက်လာခင် ကတည်းက ဝမ်ရှန်းသည် ဤနေရာ၌ ရှိနေသည့် ကြီးမားသည့် သံအိုးဖြင့် ရေနွေးပွက်ပွက် ဆူအောင် ပြုလုပ်ထား၏။ ထို့နောက် သူသည် ရေနွေးလောင်းချကာ ဝံပုလွေခြေထောက်ပေါ်ရှိ အမွေေးများကို ဓားမြှောင်ဖြင့် ခြစ်ချလိုက်သည်။

ဤအရာသည် အသားများကို ရောင်းချရာ၌ အခြေခံ အပြုအမူပင် ဖြစ်သည်။ သားရဲများကို အမဲလိုက်သည့် အမဲလိုက် သမားများသည် ဤမြင်ကွင်းမျိုးကို အကြိမ်ပေါင်းများစွာ မြင်ခဲ့ဖူးကြ၏၊ အချို့သည် သူတို့ ကိုယ်တိုင်ပင် လုပ်ဖူးခဲ့ကြပေသည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် အမွေးများကို ခြစ်ချနေသည့် ပုံစံက ဤအရာ၌ ကျွမ်းကျင်ကြောင်း သိသာ၏။

ဝမ်ရှန်းသည် အမှန်တကယ်ပဲ အသားဆိုင် တစ်ဆိုင်ဖွင့်ရန် စီစဉ်နေသည်လား…
***

Comment

Leave a Reply

Options

not work with dark mode
Reset