Switch Mode

Chapter – 97

မင်းက အရည်အချင်းပြည့်မီလို့လား (၂)

အပိုင်း ၉၇
မင်းက အရည်အချင်းပြည့်မီလို့လား (၂)

ဘုန်း…

ဝမ်ရှန်း အပြာရောင် ကြေးစားတံဆိပ်ပြား ထုတ်လာသည်ကို မြင်လိုက်ရသည်နှင့် လူအုပ်ကြီး တစ်ခုလုံး ထိတ်လန့် တုန်လှုပ် သွားခဲ့သည်။ ဤမြင်ကွင်းသည် သူတို့အားလုံးကို မျက်စိအပြူးသား ဖြစ်သွားစေသည့် မြင်ကွင်းပင်ဖြစ်၏။ တစ်ချိန်တည်းမှာပင် သူတို့၏ မျက်နှာထက်၌ မယုံကြည်နိုင်သည့် အရိပ်အယောင်များ အထင်းသား ထွက်ပေါ် လာခဲ့တော့သည်။

အပြာရောင် ကြေးစားတံဆိပ်ပြား၊ ထိုအရာသည် အနည်းဆုံး ဆဌမအဆင့် ကြေးစားမှ ပိုင်ဆိုင်သည့် တံဆိပ်ပြားပင်ဖြစ်၏။ ထိုအဆင့်သည် ဝူရုံမြို့တွင် မြို့အပြင် လမ်းတစ်လျှောက်၌ လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီး မည်သူမှ ပြဿနာ မရှာရဲသည့် အဆင့်မျိုးဖြစ်သည်။

ဆဌမအဆင့် ကြေးစားတစ်ယောက်ကို သတ်ဖို့ဆိုလျှင် အနည်းဆုံး ပဥ္စမအဆင့် ကြေးစား ငါးယောက်လောက် လိုအပ်ပေလိမ့်မည်။

ပဥ္စမအဆင့် ဝိညာဉ်သခင်များ…

ထိုအရာသည် ဘာကို ဆိုလိုသနည်း။

သိုက်စီရီသည် စတုတ္ထအဆင့် အထွတ်အထိပ်သာ ရှိ၏၊ သို့သော် သူသည် အဓိက အင်အားစု ငါးခုတွင် လွတ်လွတ်လပ်လပ် ဝင်ထွက် သွားလာနိုင်သည်။ ပြင်ပ ကိစ္စရပ်များတွင် သူ့ကို နံပါတ်တစ် ကျွမ်းကျင်သူဟု သိကြ၏။ သို့သော် ပဥ္စမအဆင့် ဝိညာဉ်သခင်များ ရှေ့တွင် သူသည် သေးငယ်သည့် လူတစ်ယောက်သာ ဖြစ်သည်။

ပဥ္စမအဆင့် ဝိညာဉ်သခင်တိုင်းသည်  အင်အားကြီး မိသားစုထဲတွင် အရေးပါသည်။ အင်အားကြီး မိသားစုများသည် ထိုအဆင့် ဝိညာဉ်သခင်များကို အခြားနေရာများသို့ လွယ်လွယ်ဖြင့် စေလွှတ်မည် မဟုတ်ပေ။

ဝူရုံမြို့ တစ်ခုလုံးတွင် အပြာရောင် ကြေးစားတံဆိပ်ပြား ရရှိအောင် လုပ်နိုင်သည့် ဝိညာဉ်သခင်များ အရေအတွက်သည် အယောက် ၃၀၀ ထက်မပိုပေ။

ဂျင်ဒီတားမြစ် နယ်မြေမှ သားရဲများကို ကိုင်တွယ်ရန် အတွက် သူတို့ မီခိုအားထားရသည့် အဓိက အင်အားစုမှာလည်း ဤအပြာရောင် တံဆိပ်ပြားပိုင်ရှင် ကြေးစားများပင်ဖြစ်၏။ အပြာရောင် ကြေးစားတံဆိပ်ပြားကို ရရှိခြင်းက သင်သည် ဝူရုံမြို့၏ အဓိကမဏ္ဍိုင် ဖြစ်လာသည်ဟုပင် ဆို၍ရပေသည်။

သို့သော် ယခု အခြေအနေတွင် ဝမ်ရှန်းသည် သာမန်လူ တစ်ယောက်ဖြစ်၏။ ထိုအချက်ကို ယွမ်ကြေးမုံသည်ပင် အတည်ပြုခဲ့ပြီး ဖြစ်သည်။ သို့သော် သူ့လက်ထဲတွင် အပြာရောင် ကြေးစားတံဆိပ်ပြား အမှန်တကယ် ရှိနေပေ၏။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါမည်နည်း…

သင်ခန်းစာ ရသွားပြီး စကားပင် မပြောရဲတော့သည့် ဝမ်ရှန်းအား ပြောဆိုခဲ့သည့် တဟန်သည် ယခုအချိန်တွင် အားလုံး၏ အကြည့်များကို တတ်နိုင်သလောက် ရှောင်ရန်အတွက် သူ၏ခန္ဓာကိုယ်ကိုသာ အကောင်းဆုံး ကျုံ့ထား လိုက်တော့သည်။ အထူးသဖြင့် ဝမ်ရှန်း၏ မျက်စိအောက်မှ ဖြစ်၏။ သူသည် ကြောက်ရွံ့နေသည့် ကြက်တစ်ကောင်ကဲ့သို့ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း အဆက်မပြတ် တုန်ယင် နေခဲ့လေတော့သည်။

ဆဌမအဆင့် ကြေးစားတစ်ယောက်ကို သတ်ရန်အတွက် သူ မည်သည့် နည်းလမ်းကိုပဲ သုံးခဲ့ပါစေ၊ ထိုအရာသည် ယခုမှ ကြေးစား စဖြစ်ခါစ လူတစ်ယောက်မှ လုပ်ဆောင်နိုင်သည့် အရာမဟုတ်ပေ။

ထိုလူသည် သူ့ကိုယ်သူသာ နောက်တစ်ကြိမ် ပြန်လည် ကြုံးဝါးလိုက်တော့၏။

‘ဒီလိုမျိုး ဖြစ်လာမယ် ဆိုတာကို မင်းက ဘာလို့ ကြိုမမြင်ခဲ့တာလဲ။ ဘယ်လိုတောင် ပါးစပ်ဖွာခဲ့တာလဲဟ။ စိတ်ပျက်စရာ ကောင်းလိုက်တာ’

ဝမ်ရှန်းသည် ယခု သူ့အခြေအနေကိုသူ အပြည့်အဝ နားလည်၏။ သူသည် ဂျင်ဒီနယ်မြေကို ဖြတ်သန်း လာခဲ့ပြီး ဝူရုံမြို့၌ ပေါ်လာခဲ့သည့် အတွက်ကြောင့် ရှေ့လျှောက်တွင် သူကြုံတွေ့ရမည့် ပြဿနာများက သေးငယ်လိမ့်မည် မဟုတ်ပေ။

သူ့နောက်သို့ လိုက်ခဲ့သည့် ပဥ္စမအဆင့် ဝိညာဉ်သခင်များသည် တစ်ဉီးတစ်ယောက်သော်မျှ ဂျင်ဒီနယ်မြေထဲမှ မထွက်လာနိုင်ခဲ့ကြပေ။ ထို့ကြောင့် သူတို့ မည်သို့ ဖြစ်ခဲ့သည်ကို ဘယ်သူမှ ခန့်မှန်းကြည့်နိုင်မည် မဟုတ်ပေ။

တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ဝမ်ရှန်းသည် ဤအပြာရောင် ကြေးစားတံဆိပ်ပြားကို ထုတ်လာသည်ဖြစ်စေ၊ မထုတ်လာသည်ဖြစ်စေ ထိုလူများ၏ အသက်သွေးကြွေးသည် သူ့ခေါင်းပေါ်သို့ ကျရောက် နေပြီးသားဖြစ်၏။

ဝမ်ရှန်းသည် သူ မည်သို့သော နည်းဗျူဟာများကို အသုံးပြုခဲ့သည်ဖြစ်စေ၊ ထိုလူများကို သူ့လက်ဖြင့် သူကိုယ်တိုင် သတ်ခဲ့ခြင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ အဓိက အင်အားစုများမှ လူများသည် ထိုဝိညာဉ် သခင်များ၏ သေဆုံးမှုကို သေချာပေါက် သူ့ခေါင်းပေါ်သို့ ပုံချကြပေလိမ့်မည်။

ထို့ကြောင့် ထိုတံဆိပ်ပြားကို ထုတ်လာခြင်းနှင့် မထုတ်လာခြင်း၏ ရလဒ်က သူ့အတွက် ကွာခြားမှု မရှိလှချေ။ သူသည် အဓိက အင်အားစုမှ လူများအားလုံး၏ မုန်းတီးခြင်းကို ခံထားရပြီးဖြစ်၏။

 သို့သော် ထိုတံဆိပ်ပြားကို ထုတ်ယူလာပြီး နောက်တွင် သူ၏အနာဂတ်ကို ပိုမိုတောက်ပစွာ စတင်နိုင်ပြီး အဆင့်မြင့် ကြေးစားတံဆိပ်ပြားလည်း ရလာနိုင်ပေသည်။ ဒါ့ပြင် ထိုတံဆိပ်ပြားဖြင့် ဝူရုံမြို့တွင် အခွင့်ထူး အကျိုးရလဒ်များကို ခံစားနိုင်ပေ၏…

ဝမ်ရှန်း အပြာရောင် ကြေးစားတံဆိပ်ပြားကို ထုတ်ယူလာသည့် အချိန်တွင် ဝမ်ရှန်းက မည်သူဆိုတာကို ထိုနေရာ၌ ရှိနေသည့် လူများအားလုံး သိသွားခဲ့ရသည်ဟု ပြော၍ ရပေသည်။

လွန်ခဲ့သည့် ခြောက်လတွင် ကြေးစား အများစုသည် ပစ်မှတ် တစ်ခုတည်းကိုသာ လိုက်လံ သတ်ဖြတ်ခဲ့ကြ၏။ အဓိက အင်အားစုများမှ သခင်များကလည်း စတုတ္ထအဆင့်နှင့် ပဥ္စမအဆင့် ဝိညာဉ်သခင်များကို စေလွှတ်ကာ ထိုပစ်မှတ်ကို သတ်ဖြတ် ခိုင်းစေခဲ့သည်။

ဟုတ်ပါသည်၊ ထိုလူသည် အခြားမဟုတ် ယခု သူတို့မြင်တွေ့ နေရသည့် ဝမ်ရှန်းပင်ဖြစ်၏။

အဓိက မိသားစုများသည် တောင်ကြား မီးလောင် ပေါက်ကွဲသည့် သတင်းကို ဖုံးကွယ်ခဲ့ကြသည်။ သို့သော် သူတို့သည် ဝမ်ရှန်းက ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရောက်သွားကာ အဓိက အင်အားစုများမှ ဝိညာဉ်သခင်များကလည်း သူ့နောက်သို့ လိုက်သွားသည် ဟူသည့် သတင်းကိုတော့ ဖုံးကွယ်၍ မရခဲ့ကြပေ။

ဝမ်ရှန်းက ဂျင်ဒီနယ်မြေမှ ထွက်လာခဲ့ကာ အခြားလူများက မထွက်လာနိုင်ခဲ့ကြချေ။ အဓိက အင်အားစုများသည် ဤသတင်းကို ဘယ်လောက်ပဲ ဖုံးဖိထားကြပါစေ ဤကဲ့သို့ ကြီးမားသည့် ကိစ္စရပ်မျိုးကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။

အပြာရောင် တံဆိပ်ပြားကို မြင်လိုက်ရသောအခါ ကြေးစား မှတ်ပုံတင်ရာ၌ တာဝန်ကျသည့် အမျိုးသမီးသည်လည်း တစ်ခဏတာ ကြောင်အသွားကာ ပြောစရာ စကားများ ဆွံ့အသွားခဲ့သည်။ ငွေရောင် တံဆိပ်ပြားများကို သူမ ဂရုမစိုက်ပေ။ သို့သော် အပြာရောင် တံဆိပ်ပြားကတော့ သူမကို တကယ်ကို အံ့သြထိတ်လန့် စေခဲ့ပေသည်။

“ဒါ… ဒါနဲ့ဆိုရင် အနည်းဆုံး ပဥ္စမအဆင့်အထိ အဆင့်မြင့်တင်လို့ ရတယ်”

သူမ ဘာလို့ စကားထစ်နေတာလဲ ဆိုတာကို သူမကိုယ်သူမပင် မသိတော့ပေ။ သူမရှေ့၌ ရှိနေသည့် လူငယ်သည် ယွမ်ကြေးမုံကိုပင် အရောင် မပြောင်းလဲ စေခဲ့သည့် သာမန်လူ တစ်ယောက်ဖြစ်၏။ အစောပိုင်းတွင် သူမသည် ဤကောင်လေး ရှေ့၌ ရယ်မောကာ စကားပြော နေခဲ့သေးသည်။ သို့သော်လည်း ယခုအချိန်တွင် သူမသည် ဖျစ်ညှစ်ပြီးပင် မပြုံးနိုင်တော့ပေ။

အစောပိုင်း၌ တက်ကြွနေသည့် ဝန်ထမ်းသည်လည်း သူ၏မျက်နှာ ဖြူဆုတ်နေခဲ့၏။ အပြာရောင်ကြေးစား တံဆိပ်ပြားကို ကိုင်ထားရသည့် ခံစားချက်သည် မီးခဲကဲ့သို့ နီရဲနေသည့် သံမဏိပြား တစ်ခုကို ကိုင်ထားရသကဲ့သို့ ပူလောင်နေခဲ့သည်။

သူသည် တံဆိပ်ပြားကို အလျင်အမြန် ယူကာ ခန်းမ အနောက်သို့ သွားပြီး ထိုတံဆိပ်ပြားနှင့် သက်ဆိုင်သည့် သတင်း အချက်အလက်များကို စစ်ဆေးလိုက်၏။ တံဆိပ်ပြားသည် သူတို့ သာမန်အဆင့်နှင့်လူဟု ထင်ထားခဲ့သည့် ပဥ္စမအဆင့်သို့ ရောက်လာမည့် ကြေးစား ဝမ်ရှန်း၏ တံဆိပ်ပြားပင် ဖြစ်သည်။

“တံဆိပ်ပြားကို အဆင့်မြင့်တင်ဖို့က ဘယ်နှရက်လောက် ကြာလဲ” ဝမ်ရှန်းမှ ပြုံး၍ မေးလိုက်၏။

“သုံး… သုံးရက်”

ဝမ်ရှန်း၏ မေးခွန်းကို ကြားမှသာ ထိုအမျိုးသမီးသည် သတိပြန်ဝင် လာခဲ့ပြီး အလျင်အမြန် ပြန်ဖြေလိုက်သည်။ ထို့နောက်မှာမှ အသေးစိတ် ပြန်လည် ရှင်းပြလိုက်၏။

“တံဆိပ်ပြား တစ်ခုကို ဖန်တီးဖို့ဆိုရင် လင်းလုံစံအိမ်က တံဆိပ်ပြား အရင်ထုရမှာ။ ပြီးမှ ဝိညာဉ်အဆင့်ကို ရေးမှတ်ရတာ။ သုံးရက်ထက်တော့ မပိုပါဘူး”

ထိုကဲ့သို့ ပြောနေစဉ်မှာပင် ထိုအမျိုးသမီးသည် လက်မှတ်နှင့် တူသော အရာတစ်ခုကို ဝမ်ရှန်းအား ပေးလိုက်သည်။

“သုံးရက်အတွင်း ဒါကိုယူပြီး တံဆိပ်ပြားကို ပြန်လာယူ။ ပြီးရင် တံဆိပ်ပြား လာယူတဲ့ အချိန်မှာပဲ တံဆိပ်ပြားမှာ ဝိညာဉ်အမှတ်အသား ချန်ဖို့အတွက် သွေးပေါင်းစည်းတာ လုပ်ရမယ်”

“အဲဒါဆိုလည်း နောက်သုံးရက်နေမှပဲ လာယူလိုက်ပါ့မယ်”

ဝမ်ရှန်းမှ ခေါင်းညိတ်၍ ပြောကာ ထရပ်လိုက်သည်။

အဆင့်မြင့် ကြေးစားတံဆိပ်ပြားများ ပြုလုပ်ရာတွင် ဝိညာဉ်အမှတ်အသား ချန်ရစ်ရန်လည်း လိုအပ်၏။ ပထမအဆင့်နှင့် ဒုတိယအဆင့် အနက်ရောင် ကြေးစား တံဆိပ်ပြားများ ပေါ်၌ ဝိညာဉ်အမှတ်အသား ချန်ရစ်ရသည်ဟု ဝမ်ရှန်း မကြားဖူးပေ။ အဆင့်မြင့် ကြေးစားတံဆိပ်ပြားများ အတွက်မူ ထိုနည်းလမ်းသည် အခြားလူများက ထိုတံဆိပ်ပြားများကို မတုပနိုင်ရန်အတွက် အတုအပကို ကာကွယ်ထားသည့် နည်းလမ်းပင် ဖြစ်သည်။

ဤအချက်သာ မရှိဘူးဆိုလျှင် ဝမ်ရှန်းသည် တန်အို၏ အပြာရောင် တံဆိပ်ပြားဖြင့် တန်အိုအဖြစ် အပြည့်အဝ ဟန်ဆောင်ကာ ဆဌမအဆင့်ကြေးစား တစ်ယောက်၏ အခွင့်ထူးခံ အာဏာများကို ခံစား၍ ရပေသည်။

သို့သော် ဝမ်ရှန်းသာ ထိုကဲ့သို့ ပြုလုပ်မည်ဆိုလျှင် သူသည် သေချာပေါက် အသေဆိုးဖြင့် သေရပေလိမ့်မည်။ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သည့် ဝူရုံမြို့သည် ဥပဒေကို မှီခိုအားထားသည့် မြို့ဖြစ်သည်။ ဥပဒေကို ချိုးဖောက်ရဲသည့်လူ မည်သူမဆို သေချာပေါက် အုပ်စုဖွဲ့ တိုက်ခိုက်ခံရမည် ဖြစ်၏။

အစောပိုင်းတွင် လူများသည် ဝမ်ရှန်းက ဂျင်ဒီနယ်မြေအား ဖြတ်လာနိုင်ခဲ့သည်ကို သံသယဝင်လျှင်ပင် ယခု သူက ကြေးစားတံဆိပ်ပြား များစွာကို ထုတ်ယူလာသည့်အချိန်၊ အထူးသဖြင့် အပြာရောင် ကြေးစားတံဆိပ်ပြားကို ထုတ်ယူလာသည့် အချိန်တွင် ဘယ်သူကမှ ဘာသံသယမှ မဝင်ကြတော့ပေ။

ဂျင်ဒီတားမြစ် နယ်မြေအတွင်း၌ သွားလာခြင်းသည် စက်ဝိုင်းတစ်ခု အတွင်း၌ သွားလာရသကဲ့ပင် ဖြစ်၏။ ထို့အပြင် ပဥ္စမအဆင့်နှင့် ဆဌမအဆင့် ကြေးစားများ၏ လိုက်လံ သတ်ဖြတ်ခြင်းကိုပင် ခံနေရသည့် အချိန်မျိုးတွင် ထိုနေရာမှ ထွက်လာနိုင်ခြင်းသည် ကံကောင်းထောက်မ၍ ထွက်လာနိုင်ခဲ့ခြင်းမျိုး မဟုတ်တော့ပေ။

ဤအချက်က ဝမ်ရှန်းသည် ဂျင်ဒီနယ်မြေ အတွင်း၌ အမှန်တကယ်ကို လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်စွမ်း ရှိကြောင်း သက်သေပြနေခြင်းပင် ဖြစ်၏။

ထို့နောက် ဝမ်ရှန်းသည် ထရပ်ကာ ထွက်သွားရန် ပြင်လိုက်၏။ ဝမ်ရှန်း ထရပ် လိုက်သည်ကို မြင်လိုက်ရသောအခါ သူ့အား ကြည့်နေကြသည့်လူများ လမ်းဖယ် ပေးလိုက်ကြသည်။

ဝမ်ရှန်း ခြေလှမ်း အနည်းငယ်သာ လျှောက်လှမ်း လိုက်ရကာ ရုတ်တရက် တစ်စုံတစ်ခုအား အမှတ်ရ သွားခဲ့သည်။ သူသည် ကြောက်လန့်တကြား တုန်နေသည့် တဟန်ထံသို့ လှည့်လိုက်သည်။

“မင်း ငါ့ကို မမြင်ရဘူး၊ မင်း ငါ့ကိုမမြင်ရဘူး”

ဝမ်ရှန်း သူ့ဘက်သို့ လှည့်လာသည်ကို မြင်လိုက်ရသောအခါ ထိုလူမှ ကြောက်လန့်တကြား ရေရွတ်လိုက်၏။

“ဟိုနားက ဦးလေးကြီး၊ ကျွန်တော် ခန်းမက ထွက်တာနဲ့ ကြေးစားတစ်ယောက်ဖြစ်ဖို့ အရည်အချင်းရှိမရှိ ကြည့်မယ်လို့ ခင်ဗျား ပြောခဲ့တယ်မလား။ အခုရော ကြည့်ချင်သေးလား”

ဝမ်ရှန်း၏ စကားကို ကြားသောအခါ တဟန်သည် ထိတ်လန့်သွားခဲ့ပြီး နောက်တစ်ကြိမ် ဒူးများ ပျော့ခွေသွားခဲ့သည်။ နဖူးထက်တွင် ချွေးစေးများ ရွှဲနစ်နေကာ သူသည် ဝမ်ရှန်းအား သုံးကြိမ် အရိုအသေ ပေးလိုက်တော့၏။

“မဟုတ်ပါဘူး။ ငါက ဦးနှောက် မရှိတာပါ။ ငါ ကန်းမိခဲ့တာပါ”

ထိုလူသည် မျက်ရည်များ ဝဲတက်လာကာ ငိုချမိလုနီးပါးပင် ဖြစ်နေပြီဖြစ်၏။

“ငါ ခဏလောက် စိတ်လွတ်သွားပါ။ မင်းက အများကြီး ရင့်ကျက်ပါတယ်၊ ကျေးဇူးပြုပြီး ငါ့ကို အလွတ်ပေးပါကွာ…”
***

Comment

Leave a Reply

Options

not work with dark mode
Reset