Switch Mode

Chapter – 96

မင်းက အရည်အချင်း ပြည့်မီလို့လား (၁)

အပိုင်း ၉၆
မင်းက အရည်အချင်း ပြည့်မီလို့လား (၁)

ငွေရောင်ကြေးစား တံဆိပ်ပြားသည်  တတိယအဆင့် ကြေးစားတံဆိပ်ပြား ဖြစ်၏။ ဆိုရလျှင် ဤတံဆိပ်ပြား ငါးခုသည် ဝမ်ရှန်းမှာ တတိယအဆင့် နှင့်အထက် မြင့်သည့် ကြေးစားငါးယောက်ကို သတ်ခဲ့ခြင်း ဖြစ်သည်ဟု ရည်ညွှန်းနေခြင်းပင် ဖြစ်သည်။

ကြေးစားလောက အတွင်းတွင် မည်သည့်အချိန်၌ ဤကဲ့သို့ ထူးချွန်ပြီး ကိုယ့်လုပ်ဖော် ကိုင်ဖက်များကို သတ်ဖြတ်လူမျိုး ပေါ်ထွက်လာခဲ့သနည်း။ အားလုံးသည် ထိတ်လန့် အံ့သြစွာဖြင့်သာ ထိုတံဆိပ်ပြား ငါးခုကို ကြည့်နေခဲ့ကြသည်။

ဝမ်ရှန်းအား ပြောဆိုခဲ့သည့် တဟန်မှာ အကြောက်လွန်ကာ ခြေပင်မခိုင်တော့ပေ။ သို့သော် ယခုအချိန်တွင် ဤမြင်ကွင်းကို ဘယ်သူကမှ လှောင်ရယ်ခြင်း မပြုနိုင်ချေ။ အားလုံးသည် ထိုအမျိုးသမီး ရှေ့၌ထိုင်နေသည့် ဝမ်ရှန်းကိုသာ တွေဝေကြောင်အစွာ စိုက်ကြည့်နေခဲ့ကြ၏။ သို့သော် သူတို့ ဘယ်လိုပဲ ကြည့်ကြည့် ဤကောင်လေးသည် သာမန်လူ တစ်ယောက်နှင့်သာ တူပေသည်။

ထိုနေရာ၌ ရှိနေသည့် လူအချို့သည့် ဝမ်ရှန်း၏ ပုံစံအမှန်ကို စတင်ခန့်မှန်း တွေးတောလိုက်ကြ၏၊ အချို့သည် စိတ်ရှုပ်ထွေး နေကြဆဲဖြစ်သည်။ ဤလူငယ်သည် ဘာမှသိပ်ထူးပုံ မပေါ်သည့် သာမန်လူ တစ်ယောက်သာ ဖြစ်ကြောင်းမှာ သိသာပေသည်။ သို့သော် သူသည် ကြေးစား တံဆိပ်ပြား အခု ၃၀ ကျော်ကို ဘယ်လိုလုပ် ရရှိခဲ့သနည်း၊ ထိုထဲတွင် ငါးခုသည် ငွေရောင် တံဆိပ်ပြားများပင် ဖြစ်နေခဲ့သေးသည်…

ငွေရောင်ကြေးစား တံဆိပ်ပြားငါးခု ထွက်ပေါ် လာသည်နှင့် ထိုနေရာ တစ်ခုလုံး ချက်ချင်း တိတ်ဆိတ် သွားခဲ့၏။ ထိုနေရာ၌ ရှိနေသည့် ဝန်ထမ်းသည် ဉာဏ်ပြေးပေသည်။ သူသည် တံဆိပ်ပြားငါးခုကို ကောက်ယူကာ သူ၏လုပ်ဖော် ကိုင်ဖက်များကို တစ်ခုစီ ပေးပြီး အမှတ်များကို စစ်ဆေးရန် ခန်းမအနောက်သို့ လျင်မြန်စွာ ထွက်သွား လိုက်သည်။

တတိယအဆင့် ကြေးစားတံဆိပ်ပြား သုံးခု၊ စတုတ္ထအဆင့် ကြေးစားတံဆိပ်ပြား တစ်ခုနှင့် ပဥ္စမအဆင့်ကြေးစား တံဆိပ်ပြား တစ်ခု၊ စုစုပေါင်း အမှတ်သည် ဝမ်ရှန်းကို စတုတ္ထအဆင့် ကြေးစားအဖြစ် တစ်ဟုန်ထိုး မြင့်တက် သွားစေခဲ့သည်။

ကြေးစားအဆင့် တစ်ဆင့်ချင်းစီတွင် အမှတ် ကွာခြားချက်သည် ၁၀ ဆရှိ၏။ ပဥ္စမအဆင့် ကြေးစားအမှတ်၏ ဆယ်ပုံတစ်ပုံသည် ဝမ်ရှန်းအား စတုတ္ထအဆင့် ကြေးစားဖြစ်အောင် မြင့်တင် ပေးနိုင်ခဲ့သည်။

“အစ်ကိုကြီး၊ ရှင်က စစခြင်း မှတ်ပုံတင်တာနဲ့ စတုတ္ထအဆင့်ကို တန်းတက်သွားတဲ့ ကျွန်မ မြင်ဖူးတဲ့ ပထမဆုံးလူပဲ”

ကြေးစား မှတ်ပုံတင်ရာ၌ တာဝန်ကျသည့် အမျိုးသမီး၏ အပြောသည် ဝမ်ရှန်းအား ‘ကောင်လေး’ အဖြစ်မှ ‘အစ်ကိုကြီး’ ဟု အလိုအလျောက် ပြောင်းလဲ သွားခဲ့တော့သည်။

သူမ၏ စကားသံ ထဲတွင်လည်း ရင်းနှီးသည့် အငွေ့အသက်များ ထွက်ပေါ်လာခဲ့၏။ ထိုအသံသည် သူမ၏ ဝန်ထမ်းများကို ပြောဆိုရာ၌ ဖြစ်ပေါ်လာသည့် အာဏာပါဝါ ပြသည့် အသံနှင့် လုံးဝ ကွဲပြားနေပေသည်။

ထိုအချိန်တွင် ဝမ်ရှန်း အနည်းငယ် တွန့်ဆုတ် နေခဲ့သည်။ သူသည် တန်အိုထံမှ ရရှိခဲ့သည့် အပြာရောင် ကြေးစား တံဆိပ်ပြားကို သုံးသင့်မသုံးသင့် တွေဝေနေခဲ့၏။

သူသာ ထိုတံဆိပ်ပြားကို ထုတ်သုံးလိုက်မည် ဆိုလျှင် ပဥ္စမကြေးစား အဆင့်သို့ ရောက်မည်ဟု သူ ယုံကြည်ပေသည်။

သို့သော် ထိုအခြင်းအရာသည် လူများကို တန်အို၏ သေဆုံးမှုအပေါ် ပို၍ အာရုံစိုက်မိ သွားစေလိမ့်မည်၊ ထိုကဲ့သို့ဆိုလျှင် သူက ပဥ္စမအဆင့် ကြေးစားတစ်ယောက်ကို သတ်ခဲ့သည် ဟူသည့် သတင်းများလည်း ထွက်ပေါ် သွားနိုင်ပေသည်။

ထိုသတင်းသာ အမှန်တကယ် ထွက်ပေါ်သွားမည် ဆိုလျှင်လည်း သူ့အတွက် အကျိုးရှိပေသည်။

ဝမ်ရှန်းက လုပ်သင့်မလုပ်သင့် စဉ်းစားနေသည်ကို ကြည့်ကာ အမျိုးသမီးသည် ဝမ်ရှန်းသည်လည်း အံ့သြသောကြောင့် ဘာမှ မပြောနိုင် ဖြစ်နေခြင်း ဖြစ်လိမ့်မည်ဟု မှတ်ယူလိုက်၏။

သူမသည် ပြုံး၍ “ဒါပေမယ့် ကျွန်မ ရှင့်ကို ဒီနေ့ချက်ချင်းတော့ တံဆိပ်ပြား ထုတ်ပေးလို့ မရသေးဘူး။ တံဆိပ်ပြား လုပ်ဖို့က အနည်းဆုံး နှစ်ရက်သုံးရက်လောက် ကြာဦးမှာ”

ထိုအချိန်တွင် ဝမ်ရှန်းနောက်၌ လဲကျခဲ့သည့် တဟန် ထလာခဲ့သည်။ သူ ခြေမခိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်ကို ထိုနေရာ၌ ရှိနေသည့် လူများအားလုံး မြင်ခဲ့ရပေသည်။ ယခုအချိန်တွင် သူ၏မျက်နှာသည် ရှက်ရွံ့မှုကြောင့် နီရဲနေပြီဖြစ်၏။

တဟန်သည် အရှက်ပြေ တစ်ခုခု ပြောချင်ခဲ့သည်၊ သို့သော် ဘာပြောရမည်ကို သူ မသိပေ။ ထို့အပြင် စကားပြောရန်လည်း အနည်းငယ် ကြောက်ရွံ့နေခဲ့ကာ သူသည် ထိုနေရာ၌သာ ကြောင်အစွာ ရပ်နေခဲ့၏။ သူ၏တည်ရှိမှု ပျောက်ကွယ် သွားစေရန် အတွက် သူ၏ခန္ဓာကိုယ်ကို တတ်နိုင်သလောက်သာ ကျုံ့ထားလိုက်တော့သည်။

ယခုလေးတင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရပြီးနောက် တဟန်သည် အနည်းငယ် ဉာဏ်ကောင်း လာပြီဖြစ်၏။ အမှားနှင့်အမှန်ကို ကောင်းကောင်း ခွဲခြားသိသောကြောင့် သူသည် ထပ်ပြီး စကားမပြောရဲတော့ပေ။ ဆက်ပြီးလည်း မမောက်မာရဲတော့ချေ။

“ကြေးစားတစ်ယောက်က အဆင့်မြင့်ရင် ဘယ်လို အကျိုးကျေးဇူးတွေရလဲ”

ရုတ်တရက် ဝမ်ရှန်းမှ နောက်တစ်ကြိမ် မေးလိုက်၏။

“အကျိုးကျေးဇူးတွေကတော့ စပါယ်ရှယ်ပဲ”

ထိုအမျိုးသမီးမှ ဝမ်ရှန်းနှင့် တက်တက်ကြွကြွ ပြောဆိုနေခဲ့သည်။

“တခြားကျန်တာတွေ မပြောနဲ့ဦး ရှင် အင်ပါယာ ရတနာစံအိမ်နဲ့ ရတနာစံအိမ်တွေမှာ တခြားလူတွေထက် ပိုပြီး ဈေးသက်သက်သာသာနဲ့ ဈေးဝယ်လို့ ရတယ်။ ပြီးတော့ ရှင် မြို့ထဲက အိမ်တစ်အိမ် ဝယ်ချင်တယ်ဆိုရင် အနည်းဆုံး ဆဌမအဆင့် ရှိနေဖို့ လိုတယ်။ တချို့နေရာတွေမှာ ရွှေဒင်္ဂါး ရှိပေမယ့် အဲ့ရွှေဒင်္ဂါးတွေနဲ့ ဝယ်လို့မရတဲ့ အရာတွေ ရှိတယ်။ အဲ့လို အချိန်ကျရင် အဲ့လို ပစ္စည်းတွေကို ဝယ်ဖို့အတွက် ရှင်မှာ လုံလောက်တဲ့ အဆင့် ရောက်နေဖို့ပဲ လိုတယ်”

“ဒါက ရှင် ဒီမြို့ထဲမှာ ရနိုင်တဲ့ အသေးငယ်ဆုံး အကျိုးကျေးဇူးတွေပဲ။ ရှင် ဒီထက်မက အဆင့်ပိုမြင့်သွားရင် အကျိုးရလဒ်တွေကလည်း ကွာသွားမှာပဲ”

ထိုအမျိုးသမီးမှ ဝမ်ရှန်းအား စိတ်ပါလက်ပါ ပြောပြနေခဲ့သည်။

“အရင်တုန်းက အဌမအဆင့် စီနီယာ တစ်ယောက်က ခရီးတစ်ခု သွားခဲ့တယ်။ သိလား၊ သူက ခရီးသွားရုံပဲ သွားတာနော်၊ ဘာမှတောင် မတိုက်ခိုက်ခဲ့ဘူး။ ဒါပေမယ့် သူ ဘာတွေ ရလာလဲသိလား”

ဝမ်ရှန်း ခေါင်းခါ ယမ်းလိုက်သည်။ ထိုနေရာ၌ ရှိနေသည့် သူတို့အား ကြည့်နေကြသည့် လူတစ်ဝက်ကျော်သည်လည်း ဝမ်ရှန်း နည်းတူ ခေါင်းခါယမ်း လိုက်ကြ၏။ ဆဌမအဆင့် ကြေးစားဟူသည် သွားရည်ကျစရာ ကောင်းသည့် ဂုဏ်ပုဒ်တစ်ခုပင် ဖြစ်ပေသည်။

“သူ သိုသိုသိပ်သိပ် သွားတာ မဟုတ်ဘူးနော်၊ ဒီတိုင်း ပေါ်ပေါ်ထင်ထင်ပဲ သွားတာ”

ထိုအမျိုးသမီး၏ စကားကို ဆက်ကြားလိုက် ရသောအခါ အားလုံး၏ စိတ်ဝင်စားမှုများ မြင့်တက် သွားခဲ့သည်။ သူတို့သည် သူတို့ဘာသာသူတို့ အချင်းချင်း တီးတိုးပြောဆို လိုက်ကြ၏။

ထို့နောက် ထိုအမျိုးသမီးသည် လက်ငါးချောင်း ထောင်ကာ လက်ကို လွဲယမ်းလိုက်ပြီး အလွန် ဂုဏ်ယူသည့် ဟန်ဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။

“ငါးသောင်း… ရွှေဒင်္ဂါးငါးသောင်း။ လမ်းလျှောက် ထွက်ရုံလေးနဲ့ကို ရွှေဒင်္ဂါး ငါးသောင်းတောင် ရခဲ့တာနော်”

ဟင်…

ထိုနေရာ၌ ရှိနေသည့် လူအုပ်ကြီး တစ်ခုလုံး ဆူညံပွက်လောရိုက် သွားခဲ့သည်။

အပြင်ထွက်ကာ မေးခွန်း အချို့ကို ဖြေဆိုလိုက်ရုံဖြင့် ရွှေဒင်္ဂါး ငါးသောင်း ရခဲ့သည်တဲ့လား…

ဤပမာဏကို ဤပုံစံဖြင့် ရရှိလိုက်ခြင်းက လွယ်ကူ လွန်းနေသည် မဟုတ်ပါလား…

ရွှေဒင်္ဂါး တစ်ပြားနှစ်ပြား ရရှိရန်အတွက် အဆင့်နိမ့် ကြေးစားများ ဘယ်လောက်တောင် သူတို့ ခြေလက်များကို ဆုံးရှုံးခဲ့ရသနည်း…

ဘယ်လောက်တောင် ခေါင်းစားခဲ့ကြ ရသနည်း…

သို့သော် အဆင့်မြင့်သည့် လူများသည် လမ်းလျှောက်ထွက်ကာ ပါးစပ်လှုပ် လိုက်ရုံဖြင့် သူတို့ထက် အဆပေါင်း သောင်းနှင့်ချီ ပိုမိုများပြားသည့် ပမာဏကို ရရှိခဲ့သည်တဲ့။ သူတို့ကြားမှ ကွာဟချက်သည် အမှန်တကယ်ကို မိုးနှင့်မြေကဲ့သို့ ကြီးမားလှပေသည်။

“အားတက် သွားပြီလား အစ်ကိုကြီး…”

သူမ၏စကားကို ကြားလိုက်ရသည့် အချိန်၌ ဖြစ်ပေါ်လာခဲ့သည့် အားလုံး၏ တုံ့ပြန်ချက်ကြောင့် သူမ အလွန် ကျေနပ်သွားခဲ့သည်။ ထိုပမာဏ တစ်ခုတည်းနှင့်တင် အားလုံးထံမှ မနာလို အားကျသည့် အသံများ ထွက်ပေါ် လာစေခဲ့ပေသည်။

“ဒါပေါ့…”

ဝမ်ရှန်း ခေါင်းညိတ် လိုက်၏။ အဆင့်မြင့် ကြေးစားများ၏ အကျိုးခံစားခွင့် များသည် တကယ်ကို ကြီးမားလှပေသည်။ သို့သော် ဝမ်ရှန်းသည် သူ့စိတ်ထဲ၌ သံသယအချို့ ရှိနေဆဲဖြစ်၏။

ထို့ကြောင့် သူသည် ဤအခွင့်အရေးကို အမိအရယူကာ မေးလိုက်သည်။

“အစ်မကြီး၊ ကျွန်တော့်လိုမျိုး အလုပ်တွေ တစ်ခုပြီးတစ်ခု ပြီးမြောက်လို့ အမှတ်တွေရပြီး အဆင့်တက်သွားတာ မဟုတ်ဘဲနဲ့ တခြားလူတွေရဲ့ အမှတ်တွေကို ပေါင်းပြီး အဆင့်တက်သွားတဲ့ လူမျိုးကိုရော၊ ဉပမာ ကျွန်တော့်ပေါ့။ အဲတော့ ကျွန်တော့် အဆင့်ကို တခြားလူတွေက အသိအမှတ် ပြုကြလား”

ဝမ်ရှန်း အမြင်တွင် ဤကဲ့သို့ ကြေးစားတံဆိပ်ပြားကို တိုက်ရိုက် အဆင့်မြင့်တင်ခြင်းက လိမ်ညာ လှည့်စားခြင်း တစ်ခုမျိုးပင် ဖြစ်၏။ ဝူရုံမြို့သည် အဆင့်တက်ရန် အတွက် လှည့်စားသည့် နည်းလမ်းများကို သုံးမည် ဆိုလျှင်လည်း အသိအမှတ် ပြုချင်ပြုနိုင်ပေသည်။

သို့သော် ထိုကဲ့သို့ လုပ်ခဲ့သည့် လူများကိုလည်း သူတို့ တကယ် အသိအမှတ် ပြုနိုင်မည်လား…

ကျန်သည့် လူများကသာ သူ့အား အသိအမှတ် မပြုဘူးဆိုလျှင် အိတ်ပေါက်နှင့် ဖားကောက်သကဲ့ပင် ဖြစ်မည်ဖြစ်၏။

“ဒါပေါ့… အသိအမှတ် ပြုတာပေါ့…”

ဝမ်ရှန်း၏ မေးခွန်းကို ထိုအမျိုးသမီးမှ တိကျသေချာစွာ ဖြေလိုက်သည်။

“အမှတ်ကို ဘယ်လိုပဲ ရလာတာဖြစ်ပါစေ အဲဒါက ရှင် အရည်အချင်းရှိလို့ ရလာတာပဲ။ ဒီအမှတ်တွေကို ရလာတယ်ဆိုရင်ပဲ ရှင်က အဲဒါတွေကိုရဖို့ အရည်အချင်း ရှိတယ်လို့ ဆိုလိုတာ။ အဲဒါအပြင် ဒါက ၁၀ ရာခိုင်နှုန်းပဲ ရတာမလား။ ရှင့်မှာ အရည်အချင်း မရှိဘူးဆိုရင် ဒီလောက်များတဲ့ ကြေးစား တံဆိပ်ပြားတွေ ဘယ်လိုလုပ် ရလာမှာလဲ၊ ဟုတ်တယ်မလား”

အခြား လူများသည်လည်း ဤအချက်ကို သဘောတူ ကြပေသည်။ ဝူရုံမြို့တွင် နေထိုင်သည့် လူများအားလုံးသည် ဤစည်းမျဉ်းကို လက်ခံကြ၏၊ ပြီးလျှင် ထိုပုံစံဖြင့် အဆင့်မြင့် သွားသည့် လူများကိုလည်း လက်ခံကြပေသည်။

“ပြီးတော့၊ ရှင်က စတုတ္ထအဆင့်ပဲ ရှိသေးတာပါ”

ဝမ်ရှန်း၏ စိုးရိမ်ပူပန်မှုကို နားလည်သွားကာ ထိုအမျိုးသမီးမှ ချက်ချင်း နှစ်သိမ့် ပေးလိုက်သည်။

“ဝူရုံမြို့မှာဆိုရင် ဒီအဆင့်က ဘာမှသိပ်မဟုတ်ဘူး။ ဒီအဆင့်နဲ့ မြို့ထဲမှာ နေစရာ နေရာတောင် ဝယ်လို့မရဘူး။ ရှင် တတ်နိုင်သလောက် မြန်မြန် အဆင့်မြင့်ချင်တယ် ဆိုရင် ရှင် ဒီထက်ပိုပြီး အလုပ်ကြိုးစားရမယ်”

“ဟုတ်တယ်…”

ဝမ်ရှန်းလည်း ထိုအချက်ကို ပုံဖော်တွေးကြည့် လိုက်သည်။ သူသည် ဝူရုံမြို့သို့ ရောက်လာပြီ ဆိုသည့် အတွက်ကြောင့် အဆင့်မြင့်မြင့်ဖြင့် စတင် နိုင်ရန်အတွက် အကောင်းဆုံး ကြိုးစားသင့်ပေသည်။ မဟုတ်လျှင် သူ အချိန်နှင့်အင်အား အကုန်ခံပြီး တစ်ဆင့်ချင်း သွားနေရပေလိမ့်မည်။ ထိုအဖြစ်အပျက်မျိုးကို သူ မလိုချင်ပေ။

“ဟူး…”

ဝမ်ရှန်း နောင်တရစွာ သက်ပြင်း ချလိုက်သည်။ သူသည် ကြေးစားတံဆိပ်ပြားကို ရရှာဖွေရန် အခွင့်အရေး မရခဲ့သည်ကို တွေးမိသွားသောအခါ သူ နောင်တရ သွားခဲ့၏။

“ငါ အဆင့်မြင့် ကြေးစားတွေ အများကြီးကို လက်လွတ် သွားတာပဲ။ နှမြောစရာ ကောင်းလိုက်တာ…”

အားလုံးသည် ဝမ်ရှန်း၏ စကားကို နားမလည်နိုင် ဖြစ်နေစဉ်မှာပင် ဝမ်ရှန်း၏ လက်သည် သူ၏အိတ်ထံသို့ နောက်တစ်ခေါက် ရောက်သွားခဲ့သည်။

ထို့နောက် အားလုံး မျှော်လင့်တကြီး စောင့်ကြည့်နေကြသည့် အကြည့်အောက်မှာပင် ဝမ်ရှန်းသည် အပြာရောင် ကြေးစားတံဆိပ်ပြား တစ်ခုကို ထုတ်ယူ လာခဲ့လိုက်လေတော့၏။
***

Comment

Leave a Reply

Options

not work with dark mode
Reset