Switch Mode

Chapter – 95

အဆင့်မြင့်တင်ရန် လုံလောက်ခြင်း (၂)

အပိုင်း ၉၅
အဆင့်မြင့်တင်ရန် လုံလောက်ခြင်း (၂)

ကြေးစား မှတ်ပုံတင်ရာ၌ တာဝန်ကျသည့် အမျိုးသမီးနှင့် ဟာသပွဲအဖြစ် ကြည့်ရန် သူတို့ထံသို့ လာရောက် ပူးပေါင်းခဲ့သည့် ဝန်ထမ်းတို့လည်း တစ်ခဏတာ ကြောင်အ သွားခဲ့ကြ၏။ ဝမ်ရှန်းထံ၌ ကြေးစား တံဆိပ်ပြားများ ရှိနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

ယခု ဤအခြေအနေတွင် သူတို့သည် ဝမ်ရှန်းအား နောက်မှနေ၍ ထောက်ပံ့ ပေးနေသူမှာ မည်သူဖြစ်မည်ကို မသိကြပေ၊ ထို့ကြောင့် သူတို့သည် ဝမ်ရှန်းအား လျစ်လျူမရှု ရဲကြတော့ချေ။

ဝမ်ရှန်းက သူ့ထံ၌ ရှိနေသည့် ကြေးစား တံဆိပ်ပြားများ အားလုံး ထုတ်ယူ၍ ပြီးမည့် အချိန်ကို သူတို့ စိတ်ရှည်ရှည် စောင့်ဆိုင်း နေခဲ့ကြသည်။ သို့သော် ဝမ်ရှန်းသည် တမင်သက်သက်ပင် အချိန်ဆွဲကာ တစ်ခုချင်းစီ ထုတ်နေဟန် ရှိ၏။

တစ်ခု၊ နှစ်ခု၊ သုံးခု… ဝမ်ရှန်း တံဆိပ်ပြား တစ်ခု ထုတ်လိုက်သည့် အချိန်တိုင်း သူ့အား ကြည့်နေသည့် လူများကလည်း တစ်ခေါက် လိုက်ရေတွက် ကြသည်။

ဝမ်ရှန်းက ကိုးခုမြောက် တံဆိပ်ပြား ထုတ်ယူ လိုက်သည့် အချိန်တွင် သူတို့၏ မျက်လုံးများ ပြူးကျယ် သွားခဲ့တော့သည်။ ဝမ်ရှန်းထံ၌ ကြေးစားတံဆိပ်ပြား ဤမျှလောက်ထိ ရှိနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

ထိုအချိန်မှာပင် ဝမ်ရှန်းနောက်၌ ရှိနေသည့် တဟန်သည်လည်း ဝမ်ရှန်း ကြေးစားတံဆိပ်ပြား တစ်ခု ထုတ်လိုက်သည့် အချိန်တိုင်း နှလုံးခုန်သံ တစ်ချက် ဆောင့်တက် နေခဲ့၏။ ကြေးစား တံဆိပ်ပြား တစ်ခုသည် ကြေးစားတစ်ယောက်၏ ဘဝက ဝမ်ရှန်း၏ လက်တွင်း၌ ပျက်စီးခဲ့ရကြောင်း ရည်ညွှန်းခြင်းပင် ဖြစ်သည်။

သူသည် အမှန်တကယ်ကို တံဆိပ်ပြား ကိုးခုပင် ထုတ်ယူခဲ့သည်တဲ့လား…

၁၀ ခုမြောက် တံဆိပ်ပြား မရှိတော့ဘူးဟု ဝမ်ရှန်း ကိုယ်တိုင် မပြောခဲ့သော်လည်း ဝမ်ရှန်းထံမှ ၁၀ ခုမြောက် တံဆိပ်ပြားကို ထုတ်ယူ လာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။

သို့သော် ဝမ်ရှန်းက ၁၀ ခုမြောက် တံဆိပ်ပြားကို အမှန်တကယ် ထုတ်ယူလာပြီး စားပွဲပေါ် တင်လိုက်သည့် အချိန်တွင် သူတို့အုပ်စုသည် မနေနိုင်တော့ဘဲ စိတ်ထဲမှနေ၍ ဝမ်ရှန်းအား အော်ဟစ် လိုက်ကြတော့သည်။

‘၁၀ ခုတောင် ရှိနေပြီဟ။ မင်းမှာ ဘယ်နှခုတောင် ရှိနေတာလဲကွ’

ပြောရမည်ဆိုလျှင် ယခုအချိန်တွင် ထိုနေရာ၌ ရှိနေသည့် လူများအားလုံး၏ စိတ်ထဲ၌ လှောင်ပြောင် ခံနေရသည့် လူမှာ အာကျယ်အာကျယ် ပြောခဲ့သည့် ထိုလူပင်ဖြစ်သည်။ ယခု ဝမ်ရှန်း၏ လက်ထဲတွင် ကြေးစား ၁၀ ယောက်၏ အသက်ရှိနေလေပြီ။

ဝမ်ရှန်းသည် နယ်မြေ များစွာကို မပိုင်ဆိုင်သည့်၊ နာမည်မကျော်ကြားသည့် သာမန်လူ တစ်ယောက်သာ ဖြစ်နေပါစေ သူသည် အခြားသူများက လှောင်ပြောင်သရော်၍ ရသည့်လူမျိုး မဟုတ်ပေ။

ဝူရုံမြို့တွင် ကြောက်စရာ အကောင်းဆုံး အရာမှာ စူးရှသည့် အမြင်အာရုံ မရှိခြင်းနှင့် ဘာလုပ်ရမည်ကို မသိခြင်းဖြစ်သည်။

ဤမြို့အတွင်း၌ ရှိနေသည့် လူအများစုသည် အခြားနေရာများမှ ထွက်ပြေး တိမ်းရှောင် လာကြသည့် လူများဖြစ်၏။ အားလုံး၏လက်တွင် သွေးများ စွန်းနေကာ သူတို့၏ ကျောထောက် နောက်ခံ အနေဖြင့် ဘယ်သူတွေ ဘယ်နှယောက်လောက် ရှိနေလဲဆိုတာ မည်သူမှ မသိနိုင်ပေ။

ဂုဏ်သတင်း ဆိုးသွမ်းသည့် ဝိညာဉ်သခင် တစ်ယောက်သည်ပင် ဝူရုံမြို့တွင် သဘောကောင်း ကြင်နာသည့် လူတစ်ယောက်အဖြစ် အမြဲတမ်း ဟန်ဆောင် နေနိုင်သည်။ ပြီးလျှင် ထိုပုံစံဖြင့် သူသည် ပိုမို အသက်ရှည်ရှည် နေနိုင်ပေ၏။

ဤနေရာတွင် ဤကိစ္စများကို ဂရုမစိုက်ဘဲ တစ်ခါတစ်ရံတွင် မောက်မာ တင်စီးသည့်ပုံစံ ပြုမူမည့် လူတန်းစားသည် တစ်ရပ်လည်း ရှိ၏။ ထိုလူတန်းစားမျိုးသည် ပြစ်မှုကြောင့် ဝူရုံမြို့သို့ ထွက်ပြေး တိမ်းရှောင်လာရခြင်း မဟုတ်သည့် လူစားမျိုးပင်ဖြစ်သည်။

သြဇာအာဏာ ရရှိရန် သို့မဟုတ် ကြေးစားတစ်ယောက် အဖြစ် အတွေ့အကြုံရရှိရန် ဝူရုံမြို့သို့ ရောက်လာကြသည့် ဝိညာဉ်သခင်များသည် အခြားနေရာမှ ဝူရုံမြို့သို့ ရောက်လာခဲ့ကြသည့် လူများကဲ့သို့ လိုက်လံသတ်ဖြတ်ခြင်း ခံရသည့် ရက်စက် ကြမ်းကြုတ်သော အဖြစ်ဆိုးနှင့် မကြုံတွေ့ခဲ့ဖူးကြပေ။ ထို့ကြောင့် သူတို့သည် အပြင်မှ ရောက်လာသည့် လူများကို အထင်သေး ရှုတ်ချလေ့ ရှိကြသည်။

ဤအာချောင်သည့် တဟန်သည်လည်း ဤလူအမျိုးအစား ဖြစ်ကြောင်း သိသာပေသည်။ သေခြင်းနှင့် လက်တစ်ကမ်း အလိုအထိ လိုက်သတ်ခံရသည့် ဖိအားကို မခံစားဖူးဘဲနှင့် သူသည် ထိုအတွေ့အကြုံကို သိရှိမည် မဟုတ်ပေ။

ဝမ်ရှန်း ယွမ်ကြေးမုံအား ကိုင်ဆောင်လိုက်ပြီး ကြေးမုံက အရောင် မပြောင်းသွားကြောင်း မြင်လိုက်ရသည့် အချိန်တွင် သူသည် ဘာကိုမှ မစဉ်းစားဘဲ လှောင်ရယ်ခဲ့ခြင်းသာ ဖြစ်၏။

သို့သော် ယခုအချိန်တွင် တဟန် နောင်တရ သွားခဲ့သည်။ ဝူရုံမြို့မှ ကြေးစား ၁၀ ယောက်ကို သတ်ခဲ့သည့် လူသတ်သမား၊ ထိုလူမှာ သာမန်လူ တစ်ယောက် ဖြစ်နေမည် ဆိုသော်ငြား သူ အလွယ်တကူ ရန်စ၍ရသည့် လူမျိုး မဟုတ်ပေ။

တစ်ခု ကံကောင်းနေသည်မှာ ဤလူသည် သာမန်လူ တစ်ယောက်မျှသာ ဖြစ်ပြီး ဘယ်တော့မှ သူ၏ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ခြင်းပင်။

ထိုကဲ့သို့ စဉ်းစားလိုက်ပြီးနောက် တဟန်၏ မျက်နှာထက်တွင် စိတ်အနှောင့်အယှက် ဖြစ်သည့် အရိပ်အယောင်နှင့် ကြောက်ရွံ့သည့် အရိပ်အယောင်များ ပျောက်ကွယ် သွားခဲ့သည်။

သူသည် ဘာမှ ဆက်မပြောတော့ပေ။ သို့သော် သူ၏မျက်လုံးများသည် အထင်သေးရိပ်များဖြင့် ပြည့်နှက်နေခဲ့၏။ တဟန်သည် သူ၏အပြစ်ရှိ စိတ်ကို အခြားလူများအား အမြင်မခံခဲ့ပေ။

သို့သော် ဝမ်ရှန်းက ကြေးစား တံဆိပ်ပြားများကို စားပွဲပေါ်သို့ ဆက်တင် နေသည်ကို မြင်လိုက်ရသောအခါ ဘေးမှ ရပ်ကြည့်နေသည့် လူများသည် မတည်ငြိမ် နိုင်ကြတော့ပေ။

၁၁၊ ၁၂၊၁၃… ဝမ်ရှန်း၏ လှုပ်ရှားမှုသည် မြန်လည်းမမြန် နှေးလည်းမနှေးပေ၊ အလွန် စည်းချက်ကျလှ၏။ ကြေးစားခန်းမ အတွင်း ဝမ်ရှန်း ကြေးစား တံဆိပ်ပြားများကို စားပွဲပေါ်သို့ ချသည့် အသံမှလွဲ၍ ကျန်သည့် အသံများ အားလုံး တိတ်ဆိတ် နေခဲ့လေသည်။

ကြေးစား တံဆိပ်ပြားများ၏ အမှတ်များကို စစ်ဆေးပေးရန် ရောက်လာသည့် ဝန်ထမ်းသည်လည်း ကြက်သေသေ ကြောင်အ နေခဲ့၏။ တစ်ခဏ ကြာပြီးနောက်တွင် ဝမ်ရှန်းသည် ကြေးစားတံဆိပ်ပြား အခု ၂၀ တိတိကို တစ်ခုပြီးတစ်ခု ထုတ်ယူခဲ့ပြီး ဖြစ်သည်။ ဤကြေးစား တံဆိပ်ပြားများ၏ အမှတ်များကို စစ်ဆေးရန် အချိန်ယူရ ပေလိမ့်မည်။ သို့သော် သူသည် စကားကျွံ ခဲ့ပြီးလေပြီ။

ထိုနေရာတွင် လူများ ပိုမို စုဝေးလာကြပြီး သူတို့ အားလုံး နားလည် လိုက်သည်မှာ ဤနေရာ၌ ထိုင်နေသည့် ဝမ်ရှန်းက သာမန်လူ တစ်ယောက် မဟုတ်ကြောင်းပင် ဖြစ်သည်။

ကြေးစားများကို လိုက်လံ သတ်ဖြတ်သည့် လူတစ်ယောက်မှာ သာမန်လူ တစ်ယောက် ဖြစ်သည်ဟု ပြောမည်ဆိုလျှင် ဘယ်သူကမှ ယုံကြည်မည် မဟုတ်ပေ။

ဟုတ်ပါပေသည်။

ဝမ်ရှန်းအား လှောင်ပြောင်ခဲ့သည့် တဟန်သည် ချွေးစေးများဖြင့် ရွှဲနစ်နေပြီဖြစ်၏၊ သူသည် အစောပိုင်းကကဲ့သို့ တည်ငြိမ် မနေနိုင်တော့ပေ။ ယခုအချိန်တွင် သူ့ပါးစပ်ကိုသူ အကြိမ် အနည်းငယ်လောက် ရိုက်ချပစ်ချင်စိတ်သာ ပေါက်နေတော့သည်။

တဟန်သည် စိတ်ထဲ၌ သူ့ကိုယ်သူ ကြိမ်းမောင်း လိုက်၏။

“မင်းက တော်တော်ကို ဦးနှောက် မရှိတာပဲကွ။ လမ်းပေါ်မှာ လူသတ်သမားတွေနဲ့ ပြည့်နေတဲ့ ဒီလိုနေရာမျိုးမှာ မင်းက ဘယ်လိုလုပ် တခြားလူကို ရန်သွားစပြီး အမုန်းပွားအောင် လုပ်နေတာလဲ”

ဒေါက် . ဒေါက်.. ဒေါက် .. ဒေါက်…

ဝမ်ရှန်း ကြေးစားတံဆိပ်ပြား တစ်ခုကို စားပွဲပေါ်သို့ တစ်ခေါက် တင်လိုက်သည့် အချိန်တိုင်း၌ ထွက်ပေါ်လာသည့် အသံသည် ဝမ်ရှန်းအား ပြောဆိုခဲ့သည့် တဟန်၏ နှလုံးကို ထိုးနှက်နေခဲ့ပြီး သူနှလုံးကို လေးလံလာစေခဲ့သည်။

သို့သော် ဤကြောက်စရာ ကောင်းသည့် အသံသည် အဆုံးမရှိဟန် ရှိနေ၏။ အသံသည် ဆက်လက် ထွက်ပေါ်နေခဲ့ကာ တစ်ခဏကြာပြီး နောက်တွင် ကြေးစားတံဆိပ်ပြား အရေအတွက်သည် အခု ၃၀ သို့ ရောက်ရှိသွားခဲ့၏။

သတိရှိသည့် လူများသည် လွန်ခဲ့သည့်လ အနည်းငယ်မှ သတင်းကြီးခဲ့သော ကြီးမားသည့် တာဝန်တစ်ခု အကြောင်း ပြန်လည် သတိရ သွားခဲ့ကြသည်။ ထိုတာဝန်တွင် ကြေးစား များစွာသည် လူတစ်ယောက်တည်းကိုသာ လိုက်လံ သတ်ဖြတ်ခဲ့ရသည်။ ထို့ပြင် သူတို့ အားလုံးသည် ထိုတာဝန်၌ ကျဆုံးခဲ့ကြသည်။ ထိုကဲ့သို့ဆိုလျှင် သူတို့ရှေ့၌ ထိုင်နေသည့် ဤလူငယ်သည် ညံ့ဖျင်းသည့် သာမန်လူ တစ်ယောက် ဖြစ်နိုင်ပါဦးမည်လော…

နောက်ဆုံးတွင် တံဆိပ်ပြား အရေအတွက် ၃၃ ခု ရောက်သည့် အချိန်၌ ဝမ်ရှန်း၏ ထုတ်ယူမှု ရပ်တန့် သွားခဲ့သည်။ ထိုအချိန်မှသာ အားလုံးသည်လည်း စိတ်သက်သာရာ ရစွာ သက်ပြင်း ချလိုက်ကြတော့၏။ တစ်ခု ကံကောင်းသည်မှာ ဤတံဆိပ်ပြားများ အားလုံးသည် အနက်ရောင် ဖြစ်နေခြင်းဖြစ်သည်။

ဤတံဆိပ်ပြား ပိုင်ရှင် ကြေးစားများသည် သူတို့သေဆုံးသည့် အချိန်၌ ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်သာ ရှိပေဦးမည်။ အမှန်အားဖြင့် ထိုကြေးစားများသည် ကြောက်စရာ မကောင်းလှသေးချေ။

ပြောရမည်ဆိုလျှင် ပထမအဆင့်နှင့် ဒုတိယအဆင့် ကြေးစားများသည် အခြားမြို့မှလာ၍ ကြေးစားအဖြစ် မှတ်ပုံတင်သည့် လူများမဟုတ်ပေ၊ ဝူရုံမြို့မှ လူများသာဖြစ်၏။ ဝူရုံမြို့မှ လူများသည် စားဝတ်နေရေး အတွက် လူသတ်ရန် မလိုအပ်ကြပေ။ သို့သော် ကြေးစား တစ်ယောက်သည် အဆင့်တက်အောင် လုပ်ရန်လည်း အလွန် ခက်ခဲလှပေ၏။

မည်သို့ပင် ဖြစ်စေကာမူ ဤအဆင့်ရှိသည့် ကြေးစားများမှာ သာမန်လူ တစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသလော။

“ဒါတွေနဲ့ အဆင့်မြင့်တင်ဖို့ လောက်မလောက် ကြည့်ကြတာပေါ့”

ဝမ်ရှန်းသည် ကြေးစားတံဆိပ်ပြား၏ အမှတ်ကို စစ်ဆေးရန် စတင် ကမ်းလှမ်း လာခဲ့သည့် ဝန်ထမ်းအား ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“ဒါဆို၊ အလုပ်ကြိုးစား လိုက်ပါဦး”

ဤနေရာမှ အဖြစ်အပျက်သည် မကြီးမားသော်လည်း အားလုံးနီးပါး၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့၏။ ကြေးစားခန်းမ အတွင်းတွင် ဝန်ထမ်း အများစုသည် ဤမြင်ကွင်းကိုသာ စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့ကြ၏။

ဝမ်ရှန်းထံသို့ လာရောက်ခဲ့သည့် ဝန်ထမ်းမှ အခြား ဝန်ထမ်းများကို လှမ်းခေါ်လိုက်၏။ တစ်ခဏအတွင်းပင် သူတို့နားသို့ ဒါဇင်နှင့်ချီသည့် အခြားဝန်ထမ်းများ ရောက်လာခဲ့သည်။ တစ်ယောက်ချင်းစီသည် ရွှေဒင်္ဂါး နှစ်ပြား သုံးပြားစီယူကာ ကြေးစား တံဆိပ်ပြား၏ အမှတ်ကို စစ်ဆေးရန် ခန်းမအနောက်သို့ အလျင်အမြန် သွားလိုက်ကြ၏။

၁၀ မိနစ်ခန့် ကြာပြီးနောက် ထိုဝန်ထမ်းများသည် ကြေးစား တံဆိပ်ပြား နှင့်အတူ တံဆိပ်ပြား ပိုင်ရှင်မှ ပြီးမြောက်ခဲ့သည့် အလုပ်များ၊ ထိုအလုပ်များအတွက် ရမှတ်များကို ရေးမှတ်ထားသည့် စာရွက်တို့ကို ကိုင်ဆောင်ကာ  ကြေးစား မှတ်ပုံတင်ရာ၌ တာဝန်ကျသည့် အမျိုးသမီးထံသို့ ပြန်ရောက် လာခဲ့ကြသည်။

ထို့နောက် သူတို့သည် ထိုနေရာ၌ပင် တံဆိပ်ပြား အခု ၃၀ ၏ အမှတ်များကို တစ်ခါတည်း ပေါင်းလိုက်ကြ၏။

“ဒုတိယအဆင့်က အမှတ် ၁၀၀၊ တတိယအဆင့်က အမှတ် ၁၀၀၀”

ထိုအမျိုးသမီးမှ စိတ်မကောင်း ဖြစ်ဟန်ဖြင့် ဝမ်ရှန်းအား ပြောလိုက်သည်။

“ကောင်လေး၊ မင်း တတိယအဆင့်ထိ အဆင့်မြင့်နိုင်ဖို့ အမှတ် ၃၀ ပဲလိုတော့တာ။ မင်းဆီမှာ တတိယအဆင့် ကြေးစားတံဆိပ်ပြား တစ်ခုလောက်သာ ရှိမယ်ဆိုရင် အဆင်ပြေပြီ။ နှမြောစရာ ကောင်းလိုက်တာ…”

“ဟုတ်ပါ့၊ နှမြောစရာ ကောင်းလိုက်တာ”

ဝမ်ရှန်းသည်လည်း နှမြောစိတ် ဖြစ်သွားခဲ့သည်။ အင်အားကြီး မိသားစုများမှ ဝိညာဉ်သခင် အများစုက ထိုတောင်ကြားနှင့် ဂျင်ဒီနယ်မြေ အတွင်း၌ သေဆုံးသွားခဲ့ကြသည်ကို ယခု ဝမ်ရှန်း နောင်တရ သွားခဲ့သည်။ ပဥ္စမအဆင့် ဝိညာဉ်သခင်များထဲမှ တစ်ယောက်ကသာ ဝူရုံမြို့မှ ကြေးစားအဖြစ် မှတ်ပုံတင်ထားမည် ဆိုလျှင် အနည်းဆုံးတော့ ယခုအချိန်တွင် အခွင့်အရေး ရှိသေးပေသည်။

သို့သော် ထိုအချိန်တွင် တစ်ယောက်ချင်းစီ ရှာဖွေရန် အချိန်မရှိခဲ့ခြင်းက နှမြောစရာပင်ဖြစ်၏။

ဝမ်ရှန်းက အဆင့်မမြင့် နိုင်သောကြောင့် နှမြောစရာ ကောင်းသည်ဟု အားလုံးက ထင်နေကြသည့် အချိန်၊ ဝမ်ရှန်းအား ပြောဆိုခဲ့သည့် တဟန်သည်လည်း ဝမ်ရှန်း အဆင့်မမြင့်တင်နိုင်ခြင်း အတွက် ဝမ်းသာသွားပြီး သူ အရူး မဖြစ်ခဲ့သည့်အတွက် ပျော်ရွှင်နေသည်။ ထိုအခိုက်အတန့်တွင် ဝမ်ရှန်းသည် အခက်တွေ့ဟန်ဖြင့် သူယူလာသည့် အိတ်ထဲကို သူ့လက်ဖြင့် နောက်တစ်ကြိမ် နှိုက်လိုက်၏။

“ဒါတွေပါ ထည့်ပေါင်းလိုက်။ ဘယ်အဆင့်ထိ ရောက်နိုင်လဲ ကြည့်ကြတာပေါ့။ ဒီတံဆိပ်ပြားကိုရော လဲလို့ရတယ်မလား”

ဝမ်ရှန်း၏ စကားဆုံးသည်နှင့် စားပွဲပေါ်သို့ ငွေရောင်ကြေးစား တံဆိပ်ပြားငါးခု ရောက်လာခဲ့သည်။

ဘုန်း…

ထိုအခိုက်အတန့်တွင် ဝမ်ရှန်း၏ နောက်ဘက်မှ တစ်စုံတစ်ခုသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည့်အသံ ထွက်ပေါ်လာခဲ့သည်။ ဝမ်ရှန်းအား ပြောဆိုခဲ့သော တဟန်သည် သူ့ရှေ့မှမြင်ကွင်းကို မြင်သည်နှင့် ခြေမခိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ လဲကျသွားပင်တည်း။
***

Comment

Leave a Reply

Options

not work with dark mode
Reset