Switch Mode

Chapter – 94

အဆင့်မြင့်တင်ရန် လုံလောက်ခြင်း (၁)

အပိုင်း ၉၄
အဆင့်မြင့်တင်ရန် လုံလောက်ခြင်း (၁)

ယခုအချိန်တွင် အများအမြင်တွင် ဝမ်ရှန်း၏ ယွမ်ဝိညာဉ်ကသာ သာမန်ဖြစ်နေခြင်း မဟုတ် သူ၏ အော်ရာမှာလည်း သာမန်လူ တစ်ယောက်၏ အော်ရာ ဖြစ်နေခြင်းဖြစ်၏။ လက်ရှိတွင် သူ့ပုံစံသည် စုန့်ယန်နှင့် စုန့်လောင်ယုတို့၏ ရှေ့မှပုံစံနှင့် လုံးဝ ကွဲပြားနေပေသည်။

ထိုစဉ်အခါက ဝမ်ရှန်းသည် သူ၏ယွမ်ဝိညာဉ်အား မည်သို့ ခွဲထုတ်ရမည်ကို မလေ့လာရသေးပေ။ ထို့ပြင် ယွမ်ဝိညာဉ် စွမ်းအားနှင့် ကျင့်စဉ်အဆင့်တို့သည်လည်း ဝိညာဉ် တစ်ခုတည်းပေါ်၌ စုစည်းနေခဲ့၏၊ ထို့ကြောင့် သူ၏အဆင့်သည် ပထမအဆင့်ကို ကိုယ်စားပြု ဖော်ပြနေခဲ့ပေသည်။ သို့ဖြစ်၍ စုန့်ရန်နှင့် စုန့်လောင်ယုတို့သည် သူ့အား တစ်ချက်တည်း ကြည့်ရုံဖြင့် အသိအမှတ် ပြုနိုင်ပေသည်။

နောက်ပိုင်းတွင် ရှီမိသားစုသည်လည်း ဝမ်ရှန်းက တကယ့်ကို ပထမအဆင့် ဝိညာဉ်ကျင့်ကြံသူ ဖြစ်ကြောင်း သိခဲ့ကြရသည်။

အဓိက အင်အားစုများက ဝမ်ရှန်းနောက် လိုက်လံသတ်ဖြတ် နေရခြင်းမှာ ဝမ်ရှန်းသည် အမှန်တကယ်ကို ကျိုးပဲ့သည့် ဝိညာဉ် ရှိနေသော်လည်း ပထမအဆင့်သို့ ရောက်သွားကြောင်း အဘက်ဘက်မှ အတည်ပြုခဲ့ပြီးသောကြောင့် ဖြစ်သည်။ ထိုအချက်သည် သူတို့အား ဒေါသထွက် သွားစေခဲ့၏။

ယခုအချိန်တွင် ဝမ်ရှန်းသည် သူ၏ယွမ်ဝိညာဉ်ကို ချီဝမ်နဂါး ၁၀၂၄ ကောင် ခွဲထားခြင်းဖြစ်သည်၊ ၎င်းတို့မှာ အသားစား ငါးများကဲ့သို့ နောက်ဆုံးတောင်ကို အဆက်မပြတ် ဝါးမျိုနေကြလေ၏။

တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ဝိညာဉ်တစ်ခုတည်း၌ စုစည်းနေသင့်သည့် အော်ရာနှင့် ယွမ်ဝိညာဉ် စွမ်းအားများသည် အပိုင်းတစ်ထောင်ကျော် ပိုင်းထွက်နေခြင်းကြောင့် ဝမ်ရှန်းသည် လက်ရှိတွင် သာမန်လူနှင့် အတူတူပင် ဖြစ်နေလေ၏။

အခြားလူများသည် ဝမ်ရှန်းကို ဘယ်လိုပင် ကြည့်ပါစေ သူသည် သာမန် လုပ်ဆောင်ချက်များနှင့် သာမန်လူ တစ်ယောက်သာ ဖြစ်သည်။ လူအများစုသည် သူ သယ်ဆောင်လာသည့် သားရဲအစွယ်များနှင့် သားရဲခြေထောက်များကြောင့် သူ့ကို အတော်ကို သန်မာသည်ဟု ထင်နေကြသည်။

သို့သော် ယခုအချိန်တွင် ဝမ်ရှန်း၏ ဝိညာဉ်အဆင့်အား မြင်လိုက်ရသည့် အချိန်တွင် ထိုအရာသည် ထင်ထားသလောက် ပြောင်မြောက်သည် မဟုတ်ဟု တွေးနေခြင်းပင်။ ဝိညာဉ်အဆင့်သို့ မဝင်ရောက်သည့် အချို့သာမန် လူများသည်ပင် ဝမ်ရှန်းထက် သန်မာနိုင်ပေသည်။

ဝမ်ရှန်းအား ကဲ့ရဲ့ရှုတ်ချသည့် ထိုအမျိုးသားသည်သာ ဤကဲ့သို့ တွေးလိုက်ခြင်း မဟုတ်ပေ။ ကြေးစား မှတ်ပုံတင်ခြင်းအတွက် လုပ်ဆောင်ပေးသည့် အမျိုးသမီးနှင့် သူတို့အား ကြည့်နေကြသည့် အခြားကျန်သည့် လူများသည်လည်း သူတို့စိတ်ထဲ၌ ဝမ်ရှန်းက သာမန်လူ တစ်ယောက်သာ ဖြစ်သည်ဟုသာ တွေးကြသည်။

သို့သော် ကြည့်ရှုနေသူတို့သည် လိမ္မာပါးနပ်စွာဖြင့် ဘာမှမလှုပ်ရှားခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီး ပြောခဲ့သည့် အတိုင်းပင် ဝမ်ရှန်းနောက်၌ မည်သည့် ခွန်အားကြီး ပုဂ္ဂိုလ်ရှိနေမည်ကို မည်သူမှ မသိနိုင်ပေ။

ဝမ်ရှန်းသည် ကြေးစား တစ်ယောက်အဖြစ် မှတ်ပုံတင် ပြီးခဲ့လျှင်ပင် သူသည် သူတို့ကို အနှောင့်အယှက်ဖြစ်အောင် လုပ်၍မရပေ။ ဤကဲ့သို့ သာမန် အဆင့်ဖြင့် မှတ်ပုံတင်ခြင်း အောင်မြင်သွားသော်ငြား ဝမ်ရှန်းသည် သူတို့အလုပ်ကို လုယူနိုင်မည် မဟုတ်ဟု သူတို့ တွေးထားကြ၏။

ဝမ်ရှန်းသည် ထိုလူ၏ ခြိမ်းခြောက်သည့် စကားကို မကြားဟန်ဖြင့် သူ့ရှေ့တွင် ရှိနေသော အမျိုးသမီးကိုသာ ပြုံး၍ မေးလိုက်သည်။

“မှတ်ပုံတင်ဖို့က ဒါတွေပဲ လိုတာလား။ ကျွန်တော်က အနိမ့်ဆုံး အဆင့်ဖြစ်တဲ့ ပထမအဆင့် ကြေးစားတော့ ရတယ်မလား”

“ဒါပေါ့…”

ဝမ်ရှန်းနှင့် စကားပြောစဉ်တွင် ထိုအမျိုးသမီးသည် နွေးထွေး ချိုသာနေဆဲ ဖြစ်၏။ ထိုအခြင်းအရာမှာ သူတို့တွေးထင်သည့် ဝမ်ရှန်းနောက်၌ ရှိနေသည့် လူကြောင့် မဟုတ်ပေ။ ရွှေဒင်္ဂါးငါးပြား၏ မျက်နှာကြောင့်သာ ဖြစ်၏။ ထိုလူကဲ့သို့ အရူးသည်သာလျှင် ဝမ်ရှန်းလို လူမျိုးကို စော်ကားမည် ဖြစ်သည်။

“ကြေးစား တံဆိပ်ပြားရဖို့က ရက်နည်းနည်းတော့ စောင့်ရမယ်”

ထိုအမျိုးသမီးမှ ဝမ်ရှန်းအား ချိုသာစွာ ပြောလိုက်သည်။ ထို့နောက် သူမသည် တစ်နေရာအား လက်ညှိုးထိုးကာ –

“ကြေးစား တံဆိပ်ပြားရတဲ့ အချိန်ကျရင် မင်းနဲ့ ဘယ်အလုပ်တွေ ကိုက်လဲဆိုတာ အဲ့နေရာမှာ သွားကြည့်လို့ ရတယ်။ ပြီးတော့ အဲ့နေရာမှာပဲ အလုပ်ယူပြီး အလုပ်ပြီးသွားတဲ့ အချိန်ကျရင် မင်းအတွက် ဆုကြေးငွေနဲ့ ကြေးစားအမှတ်တွေ ရလိမ့်မယ်။ အမှတ်တွေ လုံလုံလောက်လောက် စုပြီးသွားရင် အဆင့်တက်လို့ ရပြီ၊ အဲ့ဆိုရင် မင်းရဲ့ ကြေးစား တံဆိပ်ပြားကလည်း အဆင့်မြင့် ကြေးစားတံဆိပ်ပြား ဖြစ်သွားမှာပဲ”

“ဒါနဲ့ ကျွန်တော် တခြားလူတွေရဲ့ ကြေးစား တံဆိပ်ပြားကို ရထားရင်ရော သူတို့ကတ်ထဲက အမှတ်တွေကို ကျွန်တော့် ကတ်ထဲ ထည့်လို့ရလား”

ဝမ်ရှန်းသည် သူ့သိုလှောင် လက်စွပ်အတွင်း၌ ရှိနေသည့် ကြေးစားတံဆိပ်ပြား အပြား ၄၀ ကို အမှတ်ရသွားကာ မေးလိုက်၏။

“နောက်ပြီး ဒီနေရာမှာပဲ တစ်ခါတည်း လုပ်လိုက်လို့ရော ရလား”

“ငါ မင်းအတွက် ဒီနေရာမှာပဲ တစ်ခါတည်း လုပ်ပေးလိုက်လို့ ရတယ်”

ထိုအမျိုးသမီး ပိုမိုပျော်ရွှင်စွာ ပြုံးလိုက်၏။ ဤအရာသည် သူမအတွက် ကြေးစား တံဆိပ်ပြားများကို ပြန်လည် ရရှိနိုင်သည့် အခွင့်ကောင်းလည်း ဖြစ်ပေသည်။ ဟုတ်ပါသည်၊ သူမသည် ဝမ်ရှန်းကို သူမ၏ အကောင်းဆုံး အကြံဉာဏ်များကို ပေးအပ်ရပေမည်။

“ဒါပေမယ့် အမှတ်အားလုံးတော့ ထည့်လို့မရဘူး။ ၁၀ ပုံ ၁ ပုံ ပဲရမယ်။ ဒါ့အပြင် မင်း ဝူရုံမြို့ထဲမှာ တခြား ကြေးစားတွေကို သတ်လို့မရဘူး”

ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ဤဥပဒေသည် စိုးရိမ်စရာ မရှိသည့် ဝူရုံမြို့ကို ပိုမိုအန္တရာယ်ကင်း လုံခြုံသည့်မြို့ ဖြစ်အောင် သတ်မှတ်ထားသည့် ဥပဒေပင်ဖြစ်သည်။ မဟုတ်လျှင် ဝူရုံမြို့အတွင်း၌ လူများက အချင်းချင်း သတ်ဖြတ် နေကြမည်ဆိုလျှင် ဆိုးရွားလွန်းသည် မဟုတ်ပါလား…

“အဲဒါဆိုရင် အစ်မကြီးကို အလုပ်ရှုပ်စေမိတော့မှာပဲ”

ဝမ်ရှန်းသည် သူ့ထံ၌ ရှိနေသည့် ကြေးစား တံဆိပ်ပြားများကို ထုတ်ကာ ပြုံး၍-

“ကျွန်တော့် ကြေးစားတံဆိပ်ပြားကို စောင့်ပြီး မထည့်လဲ ရတယ်မလား”

“ဟား…”

ထိုအချိန်တွင် ကျယ်လောင်သည့် ရယ်သံတစ်သံ ထွက်ပေါ်လာခဲ့ကာ ဝမ်ရှန်းနောက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ငါ နားကြား မှားတာတော့ မဟုတ်ဘူးမလား။ မင်းက အခုမှ ကြေးစားအဖြစ် မှတ်ပုံတင်တာကို အခုပဲ ကြေးစားအမှတ်တွေကို လဲချင်တယ် ဟုတ်လား။ မင်း အိပ်မက် မက်နေတာကနေ မနှိုးသေးတာတော့ မဟုတ်ဘူး မ …. …”

တဟန်သည် စကားဆုံးခါနီးတွင် ဝမ်ရှန်း ထုတ်ယူလိုက်သည့် ကြေးစားတံဆိပ်ပြား တစ်ကတ်ကို မြင်လိုက်ရသည့် အတွက်ကြောင့် စကားလုံးများ ဆို့နင် ရပ်တန့် သွားခဲ့သည်။ ရုတ်တရက် သူ တစ်ခု တွေးမိသွားခဲ့၏၊

ဝမ်ရှန်းသည် ထိုကဲ့သို့ ပြောသည် ဆိုကတည်းက သူ့ထံ၌ ကြေးစားတံဆိပ်ပြား တစ်ကတ်မှာ သေချာပေါက် ရှိနေပေလိမ့်မည်ဟုပင်။ သူသည် လေလုံးထွားပြီး မေးခဲ့ခြင်းတော့ မဖြစ်နိုင်ချေ။ သို့သော် ကြေးစားတစ်ယောက်က အခြားတစ်ယောက်၏ ကြေးစားမှတ်များကို ရယူချင်ခြင်းက အိပ်မက် မက်နေခြင်းပင်ဖြစ်၏။

“အဟက် ..”

နောက်ထပ် လှောင်ရယ်သည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် တဟန်ထံမှပင် မနှစ်မြို့ဖွယ် ကောင်းသည့်အသံ ထပ်မံ ထွက်ပေါ်လာခဲ့၏။

“ဒီကြေးစား တံဆိပ်ပြားက ပထမအဆင့်ပဲ ရှိသေးတယ်။ ဒီပထမအဆင့် ကတ်အမှတ်ရဲ့ ၁၀ ပုံ ၁ ပုံကို မင်းက လဲချင်တယ် ဟုတ်လား။ ငါ စိတ်ကူးယဉ်ဆန်တဲ့ လူတွေ အများကြီးကို တွေ့ခဲ့ဖူးပါတယ်ကွာ။ ဒါပေမယ့် မင်းလိုမျိုး အသုံးမကျတဲ့ စိတ်ကူးယဉ်ဆန်တဲ့ ကောင်မျိုးတော့ မတွေ့ဖူးဘူး”

ထိုအခိုက်အတန့်တွင် ဤအဖြစ်အပျက်အား ကြည့်နေကြသည့် အခြားလူများလည်း ရှိပေသည်။ သို့သော် သူတို့သည် ဘာတစ်ခုမျှ ဝင်ရောက် ပြောဆိုကြခြင်း မရှိကြပေ။ ဘေးမှသာ တိတ်တဆိတ် ရပ်ကြည့် နေခဲ့ကြသည်။ နာမည်မကြီးသည့် အမှိုက်ကောင် တစ်ကောင်သည် သူတို့ရှေ့၌ ဖျော်ဖြေ နေခြင်းပင်တည်း။

ဤကဲ့သို့ အလကား ကြည့်ရသည့် ပွဲမျိုးကို သူတို့က ဘယ်လိုလုပ် အလွတ် ခံနိုင်မည်နည်း။

ကြေးစားခန်းမ အတွင်းမှ အခြားဝန်ထမ်းများလည်း ဤအဖြစ်အပျက်ကို သတိပြုမိ သွားခဲ့ကြသည်။ သူတို့ထဲမှ တစ်ယောက်သည် လက်ထဲ၌ ပစ္စည်းအချို့ ကိုင်ကာ ဝမ်ရှန်းထံသို့ ပြေးလာခဲ့ပြီး ချိုသာစွာ ပြုံး၍ –

“ကြေးစား တံဆိပ်ပြားတွေ အတွက် အမှတ်လဲချင်တယ် ဆိုရင် အဲ့အမှတ်တွေကို ကျုပ် စစ်ဆေးပေးမယ်”

ကြေးစား တံဆိပ်ပြားကို သတ္တုဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး ၎င်းပေါ်တွင် အမှတ်များကို မဖော်ပြထားပေ။ အမှတ်ကို စစ်ဆေးရန်အတွက် ကြေးစားခန်းမ အနောက်ရှိ အချက်အလက် သိုလှောင်ခန်း၌ ကြည့်ရမည် ဖြစ်သည်။ ပုံမှန်အတိုင်းဆိုလျှင် ဤစစ်ဆေးခြင်း အလုပ်ကို ကြေးစား မှတ်ပုံတင်ရာ၌ တာဝန်ကျသည့် ထိုအမျိုးသမီးမှ ပြုလုပ်ရမည်ဖြစ်၏။

သို့သော် ဤဝန်ထမ်းက သူတို့ထံသို့ လာရောက် လုပ်ပေးမည် ပြောခြင်းမှာလည်း ငြင်းစရာ မရှိပေ။

ထိုဝန်ထမ်းသည် ဝမ်ရှန်း ထုတ်လာသည့် ကြေးစား တံဆိပ်ပြားကို ယူကာ ခန်းမအနောက်သို့ လျှောက်သွားရန် ပြင်လိုက်၏။ သို့သော် ဝမ်ရှန်းမှ သူ့အားတားကာ –

“ခဏနေဦး၊ နောက်ထပ် ရှိသေးတယ်”

ထိုစကား ကြားသောအခါ အားလုံး၏ မျက်လုံးများ အရောင်လက် သွားခဲ့သည်။ ဝမ်ရှန်းအား ပြောဆိုခဲ့သည့် တဟန်သည်လည်း မျက်မှောင်ကြုတ် သွားခဲ့၏။ ဝမ်ရှန်းထံတွင် ကြေးစား တံဆိပ်ပြား တစ်ကတ်မက ရှိနေလေသည်။ ထို့ကြောင့် သူသည် မစော်ကားသင့်သည့် လူကို သွားပြီး စော်ကားမိ သွားတာလားဟု သူ့ဘာသာသူ စတင် တွေးမိလိုက်တော့၏။

ကြေးစား တံဆိပ်ပြားသည် လူတစ်ယောက်၏ အမှတ်နှင့် သက်ဆိုင်၏။ ကြီးမားသည့် အကျိုးရလဒ် မရှိဘဲနှင့် အခြားကြေးစားကို ကြိုးစားပမ်းစား သတ်ပြီးနောက် ရရှိလာသည့် ကြေးစား တံဆိပ်ပြားပြားကို ဘယ်သူကမှ အခြားသူများကို မပေးချင်ပေ။

သာမန် လူများသည်လည်း သူတို့ထံ၌ ကောင်းမွန်သည့် ကျောထောက်နောက်ခံ မရှိဘူးဆိုလျှင် အခြားသူမှ ပေးလာသည့် ကြေးစား တံဆိပ်ပြားများကို လက်မခံရဲကြပေ။

ကြေးစားတံဆိပ်ပြား တစ်ခုကို အခြားလူ တစ်ယောက်အား ပေးအပ်လိုက်ခြင်းက ထိုလူသည် ကြေးစားတံဆိပ်ပြားသာ လက်ခံလိုက်ရခြင်း မဟုတ်ဘဲ ကျရောက်လာမည့် ကလဲ့စားများကိုလည်း လက်ခံလိုက်ရခြင်း ဖြစ်သည်။

ကြေးစားတံဆိပ်ပြားကို လက်ခံလိုက်ပြီဆိုလျှင် လက်ခံသူသည် ထိုကြေးစားကို သတ်ခဲ့သည့်လူဟု အဓိပ္ပာယ် သက်ရောက် သွားခြင်းပင် ဖြစ်၏။

အနာဂတ်တွင် ထိုကြေးစား၏ အမျိုးအဆွေများက ကလဲ့စားချေရန် ရောက်လာလျှင်လည်း ထိုဒဏ်ကို ခံရမည် ဖြစ်သည်။ သို့သော် ထိုကြေးစား တံဆိပ်ပြားကို မယူခဲ့၊ လက်မခံခဲ့လျှင် ထိုကဲ့သို့ ဖြစ်လာစရာ အကြောင်းမရှိပေ။

ထို့ကြောင့် ယေဘုယျအားဖြင့် လူတစ်ယောက်သည် အခြားလူ တစ်ယောက်၏ ကြေးစားတံဆိပ်ပြားကို ထုတ်လာပါက ထိုကြေးစားတံဆိပ်ပြား၏ ပိုင်ရှင်သည် ထိုလူ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ဝမ်ရှန်းသည် ကြေးစားတံဆိပ်ပြား အချို့ကို ထုတ်ခဲ့၏။ ဆိုလိုသည်မှာ ဤကြေးစားများသည် သူ၏လက်တွင်း၌ သေဆုံးခဲ့သည်ဟုပင်။

ကြေးစားများကို သတ်နိုင်သည့် လူတစ်ယောက် …

ထိုလူသည် ညံ့ဖျင်းသည့် ဝိညာဉ်နှင့် သာမန်လူ တစ်ယောက်ပင် ဖြစ်နေသေးသည်…

ဤအချက်သည် သူတို့အားလုံးကို ဆူပူအုံကြွ သွားစေရန် လုံလောက်ပေ၏။

ဝမ်ရှန်းအား ပြောဆိုခဲ့သည့် တဟန်သည်လည်း ဝမ်ရှန်း၏ စကားများကို ကြားလိုက်ရသည့် အချိန်တွင် အနည်းငယ် နောင်တရ သွားခဲ့လေတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset