အပိုင်း ၉၃
တရားဝင်လူသတ်သမား (၂)
ဝူရုံမြို့၏ အတွင်းပိုင်းသည် တကယ့်ကို စိုးရိမ်စရာ မရှိသည့်နေရာ ဖြစ်သည်။ ထိုနေရာတွင် တိုက်ခိုက်ခြင်းကို တင်းကျပ်စွာ တားမြစ်ထား၏။ မြို့တွင်းသို့ ဝင်ရောက် နိုင်ခွင့်ရှိသည့် လူများသည် အေးအေးချမ်းချမ်း အိပ်စက်နိုင်သည့် လူများဖြစ်သည်ဟု ပြော၍ရပေသည်။
မြို့အပြင်ပိုင်းကို စိုးရိမ်စရာ မရှိဟု သတ်မှတ်၍ ရသော်လည်း ကိစ္စတော်တော် များများကို မတားမြစ်ထားပေ။
ဤနေရာတွင် အပြင်ဘက်မှ လူများသည် ဝူရုံမြို့မှ လူများကို တိုက်ခိုက်ခြင်းအား တားမြစ် ထားသော်လည်း မိမိမှာ ဝူရုံမြို့မှ ကြေးစားဖြစ်နေသ၍ ဘာတင်းကျပ်မှုမှမရှိဘဲ တိုက်ခိုက်၍ ရပေသည်။ ထိုအချက်ကြောင့် မြို့အပြင်ပိုင်းမှ လူများသည် အလွယ်တကူပင် ကြေးစားအဖြစ် မှတ်ပုံတင်သွင်း ကြလေသည်။
သို့သော် အပြစ်မဲ့သည့် လူများကိုတော့ ထိခိုက်အောင် လုပ်ခွင့်မရှိပေ၊ မဟုတ်လျှင် ပြဿနာ အကြီးကြီး တက်သွားမည်ဖြစ်၏။
ထို့ကြောင့် မြို့အပြင်ပိုင်းရှိ အခြားလူများသည် ရင်တထိတ်ထိတ်ဖြင့် ကြောက်ရွံ့စွာ နေနေရပေသည်။
ဟုတ်ပါသည်၊ ဤအပြင်ဘက်တွင် လုပ်ဆောင်မှုများကို ကန့်သတ် ထားခြင်းမျိုး မရှိပေ။ သို့သော် အပြစ်ပေးမှုများတော့ ရှိ၏။ သို့သော် ထိုအပြစ်ပေးမှုများသည်လည်း နောက်ဆုံးတွင် ရွှေဒင်္ဂါးများဖြင့် အဆုံးသတ် သွားသည်သာ…
ဤနေရာတွင် ကိုယ့်ထံ၌ ပေးနိုင်သည့် ပမာဏ ရှိနေသ၍ လုပ်ချင်သာ ဘာမဆို လုပ်နိုင်၏။ ထိုအရာသည် ဝူရုံမြို့၏ အခြား ငွေကြေး အရင်းအမြစ် တစ်ခုလည်း ဖြစ်ပေသည်။
ဝမ်ရှန်းသည် အခြားလူများ၏ အကြံဉာဏ် အတိုင်းသာ လိုက်လုပ်ဆောင်ပြီး အကောင်းအဆိုးကို မဝေဖန် မပိုင်းခြင်းတတ်သည့် လူစားမျိုး မဟုတ်ပေ။ ဤပွဲစားပြောသည့် အချက်က ကျိုးကြောင်း ဆီလျော်မှု ရှိနေခြင်းသာ ဖြစ်၏၊ ထို့ကြောင့် သူ ဘာမှငြင်းဆိုပြီး ပြန်ပြောမနေတော့ပေ။
ဝမ်ရှန်း သူဝယ်ယူလိုက်သော ခြံသို့ ရောက်သည့် အချိန်တွင် ညနေစောင်း နေပြီဖြစ်၏။ ထို့နောက် ဝမ်ရှန်းသည် သူ၏ခြံတွင်း၌ အထီးကျန် ဝံပုလွေ၏ အသားများကို ချက်ပြုတ် စားသောက်ပြီးနောက် ဈေးဘက်သို့ နောက်တစ်ကြိမ် ထွက်လာခဲ့လိုက်သည်။
မနက် အစောပိုင်းတွင် ဝမ်ရှန်း တွေ့ခဲ့သည့် ရတနာစံအိမ်နှင့် အင်ပါယာ ရတနာစံအိမ်ကြား၌ ရှိနေသည့် ရှည်လျားသော နှစ်ထပ်ဆောင်သည် ဝူရုံမြို့၏ ကြေးစား အဆောက်အဦ ဖြစ်သည်။
ထိုနေရာတွင် ဝူရုံမြို့ ကြေးစားအဖြစ် မှတ်ပုံတင်ခြင်း၊ တာဝန်များကို လက်ခံခြင်းနှင့် တာဝန်များကို ပေးအပ်ခြင်းကို လုပ်ဆောင်သည်။
အောက်ထပ်သည် အလုပ်များကို လက်ခံသည့် အထပ်ဖြစ်ကာ အပေါ်ထပ်သည် အလုပ်များကို ကြေညာထားပြီး ပိုက်ဆံ ထုတ်ယူရသည့် အထပ်ဖြစ်၏။ ကြေးစားအဖြစ် မှတ်ပုံတင်သည့် နေရာကလည်း အောက်ထပ်၌ ရှိနေခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ လူများသည် မှတ်ပုံတင်ရန်အတွက် ဤနေရာသို့ နေ့တိုင်း လာနေကြခြင်း မဟုတ်ပေ။ ထို့ပြင် ဝူရုံမြို့သို့ အသစ် ရောက်လာသည့် လူများကလည်း ဘယ်လောက်မျှ မရှိလေရာ မှတ်ပုံတင်သည့် နေရာတွင် ပြုလုပ်ပေးသူ တစ်ယောက်သာ ရှိနေ၏။
ဝမ်ရှန်းသည် ဤနေရာသို့ မရောက်လာခင် အချိန်ကတည်းက ဤနေရာကို ဂယက် ထသွားအောင် လုပ်ခဲ့ပြီးဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူသည် သူ၏ အထုပ်အပိုးများကို အိမ်၌ ထားခဲ့ပြီဖြစ်၏။ ထို့အပြင် အဝတ်အစားများလည်း လဲလှယ်လိုက်ပြီ ဖြစ်သည့် အတွက်ကြောင့် ယခုအချိန်တွင် တစ်ချက် ကြည့်လိုက်ရုံဖြင့် သူက ဝမ်ရှန်းဖြစ်ကြောင်း မှတ်မိရန် မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် သူ အပြင်သို့ ထွက်လိုက်သည့် အချိန်တွင် သူ့အား အာရုံစိုက်သည့်လူ အတော်ကို လျော့နည်းသွားခဲ့၏။
သူကြေးစားခန်းမ အတွင်း ရောက်သွားချိန်တွင် အလုပ် လာအပ်သည့်လူများ၊ အလုပ်လာရှာသည့် လူများဖြင့် ပျားပန်းခတ်မျှ စည်ကားနေသည်ကို တွေ့မြင်လိုက်ရသည်။ ဝမ်ရှန်းသည် ကြေးစားပြောခဲ့သည့် လမ်းညွှန်ချက် အတိုင်း ညာဘက်ထောင့်သို့ တည့်တည့် လျှောက်သွားလိုက်၏။ ထိုနေရာတွင် စားပွဲတစ်လုံးသာ ရှိနေပြီး၊ စားပွဲနောက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီး တစ်ယောက် ထိုင်နေသည်။
ထိုအမျိုးသမီးသည် ပန်းတစ်ပွင့်သဖွယ် လှပကာ ရိုးရိုးသာမန် အဝတ်အစားများသာ ဝတ်ဆင်ထားခဲ့၏။ လျှပ်တစ်ပြက် ကြည့်လိုက်မည်ဆိုလျှင် သူမသည် သာမန် အိမ်ထောင်ရှင် အမျိုးသမီး တစ်ယောက်နှင့်တူ၏။ သို့သော် သူမ၏ မျက်လုံးများထဲ၌ ရံဖန်ရံခါ လင်းလက်နေသည့် အလင်းတန်းက သူမ၏ခွန်အားကို ဖော်ပြနေပေသည်။
“ဘယ်သူမှ ကြေးစား မှတ်ပုံတင် မတင်ကြဘူးလားဟာ”
ထိုအမျိုးသမီးသည် သူမထံသို့ ဘယ်သူမှ မလာကြသည့်အတွက် ပျင်းရိနေဟန်ရှိ၏။ ထိုအချိန်တွင် ဝမ်ရှန်း သူမဘက်သို့ လျှောက်လာနေသည်ကို မြင်လိုက်ရသည့်အခါ သူမသည် ချက်ချင်းပင် နွေးထွေးစွာ ကြိုဆိုလိုက်၏။
“အသစ်ရောက်လာတာလား”
ဝမ်ရှန်း ရည်မွန်စွာ ပြုံးကာ ခေါင်းညိတ်လိုက်၏။
“အစ်မကြီး၊ ကျွန်တော်က အခုမှ ရောက်လာတာပါ။ အဲ့ဒါ ကြေးစားအဖြစ် ဘယ်လို မှတ်ပုံတင်ရမှာလဲ ဆိုတာ မသိသေးဘူး။ တစ်ချက်လောက် ရှင်းပြလို့ရမလား မသိဘူးခင်ဗျ”
“ဒါပေါ့၊ ရတာပေါ့…”
ဝမ်ရှန်းက ရည်မွန်သည့် အမူအရာဖြင့် သူမအား ‘အစ်မကြီး’ဟု ခေါ်လိုက်သည်ကို ကြားလိုက်ရသောအခါ ထိုအမျိုးသမီးသည် စိတ်ကြည်လင်သွားကာ ပြုံး၍ –
“ကြေးစားအဖြစ် မှတ်ပုံတင်ဖို့ဆိုရင် ရွှေဒင်္ဂါး ၁၀ ပြားပေးရမယ်။ မင်းရဲ့ကြေးစား နာမည်ကို မင်းကြိုက်သလို နာမည်ပေးလို့ ရတယ်။ ပြီးရင် မှန်ထဲမှာ ဝိညာဉ်အဆင့် ကြည့်ပြီး စောင့်နေလိုက်ရုံပဲ။ အဲ့ဒါပဲ”
ထိုကဲ့သို့ဆိုလျှင် ကြေးစား မှတ်ပုံတင်ရန်အတွက် ရွှေဒင်္ဂါး ၁၀ ပြား လိုအပ်၏၊ နာမည်ကိုတော့ ကိုယ်ကြိုက်သလို ရွေးလို့ရပေသည်။ အပြင်ဘက်မှ လူများက ဤနေရာ၌ ကြေးစား မှတ်ပုံတင်ကြသည်မှာ အံ့သြစရာ မရှိတော့ပေ။ ဤနေရာသည် ဝူရုံမြို့အတွက် နောက်ထပ် ငွေကြေးအရင်းအမြစ် တစ်ခုပင် ဖြစ်လေ၏။
“အဲ့ဒါဆို ကျွန်တော် မှတ်ပုံတင်ပါမယ်”
ဝူရုံမြို့မှလူများက တစ်ယောက်နှင့်တစ်ယောက် အလွန် ဖော်ရွေနေကြသည်ကို ဝမ်ရှန်း မအံ့သြမိပေ။ အဘယ်ကြောင့်ဆိုသော် အားလုံးသည် သူတို့ နေ့တိုင်း မျက်နှာချင်းဆိုင် နေရသည်မှာ အခြားလူများ၏ အသက်များကို နုတ်ယူသည့် ကြေးစားများ ဖြစ်နေသောကြောင့်ပင်။
ပိုက်ဆံရှိလျှင် တစ္ဆေသရဲများကိုပင် ထွက်ပြေး သွားအောင် လုပ်နိုင်၏။ အထူးသဖြင့် ဤနေရာမျိုးတွင် ပိုက်ဆံက အလွန် အရေးပါပေသည်။ ဤသဘောတရားကို ကောင်းကောင်း နားလည်နေသည့် ဝမ်ရှန်းသည့် မှတ်ပုံတင်ခ ပေးလိုက်သည့် အချိန်တွင် ရွှေဒင်္ဂါး ၁၅ ပြား ပိုပေးလိုက်သည်။
မှတ်ပုံတင်ရာ၌ တာဝန်ကျသည့် အစ်မကြီးသည် ဝမ်ရှန်းပေးသည့် ရွှေဒင်္ဂါးများကို ရေတွက်ပြီးနောက် သူမ မျက်နှာထက်မှ အပြုံးမှာ ပိုပို၍ တောက်ပလာခဲ့သည်။ သူမ၏ အသံသည်လည်း ပိုမို နွေးထွေးသွားခဲ့ပေ၏။
“ကောင်လေး၊ ထိုင်ပါဦး။ မင်း နာမည်ကို ဘယ်လို ပေးမယ်လို့ စဉ်းစားထားလဲ”
“အထီးကျန် ဝံပုလွေ…”
ဝမ်ရှန်းသည် တွန့်ဆုတ်မှု မရှိဘဲ ကမ္ဘာမြေပေါ်မှ သူ၏အမည်ဝှက်ကို ပြောလိုက်၏။ အကြောင်းပြချက် တချို့ကြောင့် ဝမ်ရှန်းသည် ဤနာမည်နှင့် ရင်းနှီး နေသားကျနေပြီ ဖြစ်သည်။
“မိုက်တယ်၊ နာမည်ကိုက တင်စီးမှုရှိတယ်…”
ထိုအမျိုးသမီးမှ ချီးကျူးလိုက်သည်။ ထို့နောက် သူမသည် ထိုနာမည်ကို စားပွဲပေါ်ရှိ စာအုပ်ပေါ်သို့ ချရေးလိုက်ပြီး ယွမ်ကြေးမုံ တစ်ခုကို ဝမ်ရှန်း လက်တွင်းသို့ ထည့်လိုက်သည်။
“မောင်လေး မှန်ကိုယူလိုက်။ ဒီစည်းကမ်းကို မြို့အရှင်ကိုယ်တိုင် ချမှတ်ထားတာ၊ အဲ့ဒါကြောင့် အစ်မတို့ ဒီအဆင့်ကို ကျော်လိုက်လို့ မရဘူး”
ဝမ်ရှန် ယွမ်ကြေးမုံကို အသုံးပြုရသည်မှာ ဤအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။ သူသည် ထိုအမျိုးသမီးပေးသည့် ကြေးမုံကိုယူကာ လက်နှစ်ဖက်ဖြင့် သေချာစွာ ဆုပ်ကိုင်လိုက်၏။
ထို့နောက် မကြာမီတွင် ယွမ်ကြေးမုံ၏ ကြေးမုံမျက်နှာပြင် ထက်တွင် ဝမ်ရှန်း၏ ဝိညာဉ်အဆင့် ပေါ်လာခဲ့သည်။ ဟုတ်ပါသည်၊ သူ၏ဝိညာဉ်အဆင့်သည် ငါးကြင်းတစ်ကောင်သာ ဖြစ်နေကာ မည်သည့် အရောင်အဆင်းမှ မရှိနေပေ။
“ဒီလိုမျိုး အရေးမပါတဲ့ အမှိုက်ကာ ဝူရုံမြို့မှာ အဆင်ပြေပါ့မလားကွ၊ ဟား…”
မှတ်ပုံတင်ရာ၌ တာဝန်ကျသည့် အစ်မကြီးသည် ဘာမှမပြောခဲ့ပေ။ သို့သော် သူတို့ ဘေးနားမှ ဖြတ်သွားသည့် အမျိုးသား တစ်ယောက်သည် ရယ်စရာ ဟာသတစ်ခုကို တွေ့လိုက်ရ သကဲ့သို့ ကျယ်လောင်စွာ ရယ်မော ပြောလိုက်၏။
သူ၏ အာကျယ်အာကျယ် အသံကြောင့် ထိုနေရာ၌ ရှိနေသည့် လူတစ်ဝက်ခန့်၏ အာရုံများ ဝမ်ရှန်း ရှိရာဘက်သို့ ရောက်လာခဲ့တော့သည်။ ဝမ်ရှန်း၏ အနီးတစ်ဝိုက်၌ ရှိနေသည့် လူများသည် ဝမ်ရှန်း လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်ထားသည့် ယွမ်ကြေးမုံပေါ်တွင် မည်သည့် အရောင်မှ မရှိနေသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
“စည်းမျဉ်း စည်းကမ်းတွေထဲမှာ သာမန်လူတွေကို ကြေးစားအဖြစ် မှတ်ပုံတင်ဖို့ ခွင့်မပြုဘူးလို့ မပြောထားဘူး”
မှတ်ပုံတင်ရာ၌ တာဝန်ကျသည့် အမျိုးသမီးမှ ထိုလူအား ကြိမ်းမောင်းလိုက်၏။
“ရှင်က ပါးစပ်စည်းတောင် မစောင့်တတ်ဘူးဆိုတော့ ရှင်လည်း ဒီနေရာမှာ အသစ်ပဲမလား”
ထိုအမျိုးသမီး၏ စကားကြောင့် ဝမ်ရှန်းအား ပြောခဲ့သည့် အမျိုးသား ခဏတာ ကြောင်အ သွားခဲ့သည်။ သူသည် မယုံကြည် နိုင်ဟန်ဖြင့် –
“မင်း ဘယ်လိုလုပ် သိတာလဲ”
ထိုသို့ ပြန်မေးလိုက်သည်နှင့် သူ စိုးရိမ်သွားခဲ့သည်။ ထိုစကားသည် သူက တကယ်ကို လူသစ်ဖြစ်ကြောင်း ဝန်ခံလိုက်ခြင်းပင် မဟုတ်ပါလား…
သို့သော် ထိုအမျိုးသမီးသည် ထိုလူအား လျစ်လျူရှုကာ ဝမ်ရှန်း လက်ထဲမှ ယွမ်ကြေးမုံကိုသာ ပြန်ယူလိုက်သည်။ ထို့နောက် သူမ ရှေ့ရှိစာအုပ်ထဲ၌ ဝမ်ရှန်း၏ ဝိညာဉ်အဆင့်ကို ချမှတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူမသည် ဝမ်ရှန်းအား သတိပေးစကား ပြောလိုက်သည်။
“ဝူရုံမြို့မှာ နေဖို့ဆိုရင် သိထားရမှာက လက်ပါဖို့ မလိုဘူး၊ စကားလုံးနဲ့ပဲ အနိုင်ယူ။ ဘယ်သူက ဘယ်သူ့ကို အမှား လုပ်မိမှာလဲဆိုတာ မသိနိုင်ဘူးလေ ဟုတ်တယ်မလား။ ပြီးတော့ ကျင့်စဉ်အဆင့် နိမ့်တယ်ဆိုပြီး အနိုင်ကျင့်လို့ ရတယ်လို့တော့ မတွေးလိုက်နဲ့။ သူတို့နောက်မှာ ဘယ်သူတွေ ရှိနေလဲဆိုတာ ဘယ်သူမှမသိဘူး။ ဒီအစ်မကြီး ပြောတာ မှန်တယ်မလား”
“အစ်မကြီးပြောတာ မှန်တာပေါ့ဗျာ”
ဝမ်ရှန်းမှ ပြုံး၍ ပြန်ဖြေလိုက်သည်။ သူသည် သူ့အား ပုတ်ခတ် ပြောဆိုခဲ့သည့် ထိုလူကို တစ်ချက်ကလေးပင် လှည့်မကြည့်ခဲ့ပေ။
ထိုအမျိုးသမီး၏ စကားကြောင့် တဟန် ခေါ် ဝမ်ရှန်းအား လှောင်ပြောင် ရယ်မောခဲ့သူမှာ ကြောက်လန့် သွားခဲ့သည်။ သူ၏နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှား သွားခဲ့သော်လည်း သူ ဘာမှပြန်မပြောခဲ့ပေ။
ထို့ပြင် ဝမ်ရှန်းက သူ့ဘက် တစ်ချက်မှ မလှည့်ကြည့်ဘဲ ထိုအမျိုးသမီးနှင့်သာ စကားဆက် ပြောနေသည်ကို မြင်လိုက်ရသောအခါ သူသည် ဝမ်ရှန်းက သူ့အား အထင်သေးသည်ဟု ခံစားလိုက်ရပြီး ချက်ချင်း ဒေါသထွက် လာခဲ့တော့သည်။
သူသည် ကြေးစားခန်းမမှ ထိုဝန်ထမ်း အမျိုးသမီးအား ပြဿနာ မရှာရဲပေ၊ သို့သော် ဝမ်ရှန်းလိုမျိုး အမှိုက်ကောင်က သူ့ကို အထင်သေးရဲသည်တဲ့လား။ သူသာ ဤကိစ္စကို ဒီလိုပဲထားပြီး ထွက်သွားမည်ဆိုလျှင် အခြားလူများက သူ့ကို လှောင်ရယ် ကြပေလိမ့်မည်…
ယခုလေးတင် ထိုအမျိုးသမီး ပြောသွားသည့် စကားသည် အဓိပ္ပါယ်ရှိိ၏။ သို့သော် ထိုအရာသည် ကွဲလည်း ကွဲပြားပေသည်။ ဝမ်ရှန်းသည် အရေးမပါသည့် အမှိုက်ကောင် တစ်ကောင်ဖြစ်၏၊ သူ၏မိဘများသည်လည်း သူ့လိုသားမျိုး ရှိသည့်အတွက် အရှက်ရသာ ရကြပေလိမ့်မည်။
ထို့ကြောင့် ဝမ်ရှန်းလို အမှိုက်ကောင်အတွက် ဘယ်သူက သူ့လိုမျိုး ဝူရုံမြို့၏ ကြေးစားကို တိုက်ခိုက်မည်နည်း။ အစပိုင်းတွင် သူသည် ဝမ်ရှန်းရှေ့၌ အာဏာပါဝါ ပြချင်ခြင်းသာရှိ၏။ သို့သော် ယခုအချိန်တွင် သူသာ လျစ်လျူရှု ခံနေရသည်…
ထိုအမျိုးသားသည် လက်ပိုက် ရပ်လိုက်ကာ သူ၏နှုတ်ခမ်းများ အပေါ်သို့ ပင့်တက်သွားခဲ့သည်။ ထို့နောက် သူသည် သူ့ကိုယ်သူ ပြောလိုဟန်၊ သူ့အား ကျောပေးထားသည့် ဝမ်ရှန်းကိုလည်း ပြောလိုဟန် ပုံစံဖြင့် ပြောလိုက်သည်။
“ဒါပေါ့။ ဒီဝူရုံမြို့မှာ သာမန်လူတွေက ကြေးစားဖြစ်ခွင့် မရှိဘူးဆိုတဲ့ ဥပဒေရှိဘူး။ ဒါပေမယ့် အမှိုက်ကောင်က ကြေးစား ဖြစ်ချင်နေတယ် ဆိုမှတော့ ဒီကြေးစားခန်းမထဲက ထွက်တဲ့ အချိန်ကျရင် ကြေးစားတစ်ယောက်ဖြစ်ဖို့ အရည်အချင်း ရှိမရှိဆိုတာကို ငါ မြင်ချင်ပါသေးတယ်”
***