အပိုင်း ၉၂
တရားဝင်လူသတ်သမား (၁)
ဝမ်ရှန်းသည် ဂျင်ဒီတားမြစ် နယ်မြေအစွန်းရှိ အနီရောင် မျဉ်းကြောင်းကို မဖြတ်လျှောက်ခင်မှာပင် သူ ဝူရုံမြို့သို့ ရောက်ရှိလာသည့် သတင်းက တစ်မြို့လုံး ပြန့်သွားပြီးဖြစ်၏။
သူရောက်ရှိ လာပြီးနောက် အပေါ်ယံ ကြည့်မည်ဆိုလျှင် ဝူရုံမြို့သည့် ပြန်လည် တည်ငြိမ် ငြိမ်သက် သွားဟန်ရှိ၏၊ သို့သော် လက်ရှိတွင်မူ ဤတည်ငြိမ်မှုအောက်၌ ပုန်းကွယ်နေသည့် ယောက်ယက်ခတ်မှုများ တည်ရှိနေပေသည်။
မြို့တွင်းသို့ ဝင်ရောက်သွားသည့် အချိန်တွင် ဝမ်ရှန်းသည် ဘုရင်အောင်နိုင်ခြင်း လမ်းပေါ်သို့ ပထမဆုံး ရောက်ရှိသွား၏။ ဤလမ်းပေါ်တွင် သူ သိသောသူ ဘယ်သူမျှ မရှိနေပေ။
ဝူရုံမြို့သည် မသေးငယ်ချေ။ သို့သော်လည်း ဤအပြင်ဘက်၌ ရှိနေသည့် လူအရေအတွက်မှာ မများပြားလှ။ ကြီးမားကျယ်ပြောသည့် လမ်းပေါ်တွင် ဈေးရောင်းသူ အချို့နှင့် ရံဖန်ရံခါ ပစ္စည်း လာဝယ်တတ်သည့် ဈေးဝယ်များသာ ရှိနေပေသည်။
နေ့အချိန်သာ ရှိသေးသော်လည်း ဝမ်ရှန်းသည် နေစရာ နေရာတစ်ခု ရှာရတော့မည်ဖြစ်၏။ သို့မဟုတ်ပါက ညအချိန်တွင် ဝူရုံမြို့အတွင်း၌ တစ်ယောက်တည်း လှည့်ပတ် သွားလာနေခြင်းက အန္တရာယ် များလှပေသည်။
ထိုအခိုက်အတန့်တွင် ဝမ်ရှန်းသည် သေးငယ်သည့် တည်းခိုဆောင် တစ်ခုကို ရှာတွေ့လိုက်သည်။ သူသည် ထိုတည်းခိုဆောင် အတွင်းသို့ဝင်ကာ တစ်ညတည်းခိုခကို မေးမြန်းလိုက်၏။ တစ်ညတာ တည်းခိုခသည် အမှန်တကယ်ကို ရွှေဒင်္ဂါးပြား တစ်ပြားပင် ဖြစ်သည်။
အပြင်ဘက် အခြားနေရာများတွင် ရွှေဒင်္ဂါးပြား တစ်ပြားနှင့်ဆိုလျှင် အကောင်းဆုံး တည်းခိုဆောင်၌ နေ၍ရပေသည်။ သို့သော် ယခုအချိန်တွင် ထိုဈေးသည် ထင်းတဲအိမ်ထက် အနည်းငယ်သာ ပိုကောင်းသည့် စုတ်ပြတ်သတ်နေသော အခန်းသာ ရပေသည်။ ပေးရသည့် တန်ကြေးနှင့် မည်သို့မျှ မထိုက်တန်ပေ။
“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။ ကျုပ် ဂရုမစိုက် လိုက်မိတာကြောင့် အခန်းက နည်းနည်းတော့ ရှုပ်ပွနေတယ်”
တည်းခိုဆောင် ပိုင်ရှင်မှ ဝမ်ရှန်းအား တောင်းပန်သည့် အပြုံးဖြင့် ဆိုလိုက်၏။ သို့သော် ဝမ်ရှန်း၏ မကျေမနပ် ဖြစ်နေသည့် မျက်နှာ အမူအရာကြောင့် သူ၏မျက်နှာသည်လည်း ပြန်တည်တံ့သွားခဲ့သည်။
ဝမ်ရှန်းသည် လက်ရှိတွင် သူ၏ စူးစမ်းနိုင်စွမ်းမှာ မဆိုးလှပေ။ ယခု ဤတည်းခိုဆောင် ပိုင်ရှင်သည် မည်သည့် အဆင့်ရှိသည်ကို တပ်အပ်ပြောရန် မဖြစ်နိုင်သော်လည်း ပထမအဆင့် အထွတ်အထိပ်ထက်တော့ မလျော့နည်းကြောင်း သေချာပေသည်။
အပြင်ဘက်တွင် ဒုတိယအဆင့် ဆိုလျှင်ပင် အခြားလူများကို အနိုင်ကျင့်ပြီး အာဏာပါဝါ ပြနိုင်ပြီဖြစ်၏။ သို့သော် ဤနေရာသည် အပြင်နေရာကဲ့သို့ မဟုတ်ပေ။ ဤနေရာတွင် ဒုတိယအဆင့် ဝိညာဉ်သခင်သည်ပင် နိမ့်ကျသည့်အထဲ ပါပေသည်။ အလွန်ကိုမှ ဝမ်းနည်းစရာ ကောင်းလှသည့် ကိစ္စရပ် တစ်ခုပင်ဖြစ်၏။
“တည်းခိုဆောင်မှာ မနေချင်ဘူးဆိုရင် မြို့ထဲမှာ ရောင်းဖို့ ကျန်နေသေးတဲ့ လုံးချင်းအိမ်လေးတွေ ရှိတယ်”
အံ့သြစရာ ကောင်းလောက်အောင်ပင် တည်းခိုဆောင် ပိုင်ရှင်သည် သဘောကောင်းလှ၏။ သူပြောသည့် စကားကို ဝမ်ရှန်းမှ မကျေနပ်သေးကြောင်း မြင်လိုက်ရသည့် အချိန်တွင် သူ ထပ်ပြောလိုက်သည်။
“အဲဒါတွေက ဒီဈေးရဲ့ တခြား တစ်ဖက်ခြမ်းမှာ ရှိတယ်။ ဒီက သခင်လေး စိတ်ဝင်စားတယ်ဆိုရင် တစ်ခုချင်း လိုက်ကြည့်လို့ ရပါတယ်။ လာပါ၊ ပွဲစားတစ်ယောက်လောက် ရှာပြီး သခင်လေးအတွက် သင့်တော်မယ့် အိမ်တစ်လုံးလောက် ရှာခိုင်းလိုက်လို့လည်း ရတယ်။ ပြီးမှ သူတို့ကို ပွဲစားခ နည်းနည်းလောက် ပေးလိုက်ပေါ့”
“ကျေးဇူးပါ”
ကျေးဇူးတင်သည့် အနေဖြင့် ဝမ်ရှန်း ခေါင်းညိတ် ပြလိုက်သည်။
“မလိုပါဘူး၊ ရပါတယ်”
တည်းခိုဆောင် ပိုင်ရှင်မှလည်း ပြုံး၍ ပြန်ဖြေလိုက်၏။ ထို့နောက် သူသည် ဝမ်ရှန်း သယ်ဆောင်ထားသည့် သူ၏ကျောပေါ်မှ အိတ်ကို လက်ညှိုးထိုးကာ –
“ဒီအစွယ်တွေကို နည်းနည်းလောက် ကျုပ်ကို ရောင်းပေးလို့ ရမလား။ တစ်ချောင်းစီကို ရွှေဒင်္ဂါး ငါးပြားပေးမယ်။ ပေါင်ချိန်နဲ့ ဝယ်မယ်”
ဝမ်ရှန်းနှင့် စုန့်ရန်တို့ အဆိပ်တစ်ထောင်မြွေ၏ တန်ကြေးကို တွက်ချက်ကြသည့် အချိန်တွင် စတုတ္ထအဆင့်ရှိသည့် ထိုမြွေ၏ အသားသည် တစ်ပေါင်ကို ရွှေဒင်္ဂါး ၅ ပြား တန်သည်ဟု စုန့်ရန်ပြောခဲ့၏။
နောက်ပိုင်းတွင် ထိုဈေးနှုန်းသည် တကယ့် ဈေးနှုန်းအမှန် ဖြစ်ကြောင်းကိုလည်း ဝမ်ရှန်း သိခဲ့ရသည်။ ဤအထီးကျန် ဝံပုလွေသည် ပဥ္စမအဆင့် မိစ္ဆာသားရဲ တစ်ကောင်ဖြစ်သည်။ ထို့ကြောင့် သူသည် စတုတ္ထအဆင့် မြွေအသားထက် ၂၅ ဆ ပိုမို တန်ကြေးရှိစွာ ရောင်းချနိုင်ပေသည်။
တည်းခိုဆောင် ပိုင်ရှင်သည် သူ့အား ဈေးလျှော့ ပြောနေခြင်းပင် ဖြစ်၏။ ဤသားရဲကို အပြင်ဘက်၌ ရောင်းချမည်ဆိုလျှင် တန်ကြေးက သူပြောသည့် တန်ကြေးထက် ပိုမိုမြင့်ပေလိမ့်မည်။ အခက်အခဲ မရှိ တစ်ပေါင်ကို ရွှေဒင်္ဂါး ၁၀ ပြားဖြင့် ရောင်းချ၍ပင် ရနိုင်၏။
ဝမ်ရှန်း သူ့လက်ကို ဆန့်ထုတ် လိုက်သည်နှင့် သူ ဂျင်ဒီနယ်မြေမှ ရရှိခဲ့သည့် ဓားမြှောင် သူ့လက်တွင်း၌ ပေါ်လာခဲ့သည်။ ထို့နောက် သူသည် သူ၏ဝိညာဉ် စွမ်းအားကို ထိုဓားမြှောင် အတွင်းသို့ စီးဆင်း စေလိုက်ပြီး သူ၏လက်ကို လှုပ်ရှားစေလိုက်ကာ ဝံပုလွေထံမှ နှစ်ပေါင်နီးပါး အသားများကို ဖြတ်တောက်ပြီးသား ဖြစ်သွားခဲ့သည်။
ဝမ်ရှန်းက သူ ပြောသည့် ဈေးနှုန်းအတိုင်း ရောင်းချ ပေးလိုက်သဖြင့် တည်းခိုဆောင် ပိုင်ရှင်လည်း အလွန် ပျော်ရွှင်သွားခဲ့သည်။ သူသည် အသားများကို ချိန်ပင် မချိန်တော့ဘဲ ရွှေဒင်္ဂါးပြား ၁၀ ပြား ထုတ်ကာ ဝမ်ရှန်းကို ပေးလိုက်တော့၏။
ဘာပဲပြောပြော ဤအသားဝယ်ရာတွင် သူ့ဘက်၌ အကျိုးအမြတ် အလွန် များပေသည်၊ အဘယ်ကြောင့်ဆိုသော် သူသည် အသားများကို ဈေးတစ်ဝက်ဖြင့် ရရှိခဲ့ခြင်းဖြစ်၏။
ထို့နောက် ဝမ်ရှန်းသည် တည်းခိုဆောင်ပိုင်ရှင်၏ ညွှန်ကြားချက်များ အတိုင်း လုံးချင်းအိမ်များ ရှိရာဘက်သို့ သွားလိုက်သည်။ သူလိုချင်သည့် အချက်နှင့် သင့်တော်သည့် အိမ်တစ်လုံးသာ ရှိမည်ဆိုလျှင် ထိုအိမ်က တန်ကြေး ဘယ်လောက်ရှိရှိ ဝမ်ရှန်း ဂရုမစိုက်ဘဲ ဝယ်မည်ဖြစ်၏။ အိမ်က လမ်းနှင့် မျက်နှာချင်းဆိုင် ဖြစ်မည် ဆိုနေပါက အကောင်းဆုံးပင် ဖြစ်သည်။
ထိုကဲ့သို့ဆိုလျှင် သူသည် အိမ်တွင် သားရဲများ၏ အသားများကို အလွယ်တကူ ရောင်းချ၍ ရပေသည်။
ဝမ်ရှန်းသည် အိမ်များ ရှိရာဘက်သို့ လျှောက်သွားနေစဉ်တွင် အကြီးမားဆုံးနှင့် ခမ်းနားထည်ဝါဆုံး အိမ်နှစ်လုံးကို တန်းမြင်လိုက်ရ၏။ တစ်လုံးသည် ရတနာစံအိမ်ဖြစ်ကာ အခြားတစ်ခုသည် အင်ပါယာ ရတနာစံအိမ် ဖြစ်သည်။
ဝူရုံမြို့တစ်ခုလုံးတွင် မြို့အရှင်စံအိမ်မှ လွဲ၍ ဤအဆောက်အဦး နှစ်ခုကို အခမ်းနားဆုံးဟု ပြော၍ရပေသည်။
အဆောက်အဦ နှစ်ခုသည် တစ်ခုက အရှေ့ဘက်၌ရှိကာ အခြားတစ်ခုက အနောက်ဘက်၌ ရှိနေခြင်းဖြစ်၏။ သူတို့နှစ်ခုကြားတွင် မီတာ ၅၀၀ ခန့် ရှည်လျားသည့် ကြီးမားသည့် အဆောက်အဦ တစ်ခုလည်း ရှိနေသည်။
ထိုအဆောက်အဦ၏ ဒုတိယမြောက် အထပ်သည် ဝူရုံမြို့ တစ်ခုလုံး၌ ဝမ်ရှန်း မြင်ခဲ့ဖူးသမျှထဲတွင် အခမ်းနားဆုံးသော နေရာပင်ဖြစ်၏၊ ရတနာစံအိမ်နှင့် အင်ပါယာ ရတနာစံအိမ်ထက်ပင် ပို၍ အသက်ဝင်ပေသည်။
ဝမ်ရှန်း လမ်းမဈေးဘက်သို့ သွားလိုက်သည်။ သူ ထိုနေရာသို့ ရောက်သည်နှင့် လမ်းမဈေးပေါ်၌ ရှိနေသည့် လူများအားလုံး၏ အကြည့်များ သူ့ထံ ကျရောက် လာခဲ့၏။ ယနေ့တွင် ဝမ်ရှန်း၏ ရောက်ရှိလာမှုသည် ဈေးကို အခါတိုင်း နေ့များထက် ပို၍သက်ဝင် လှုပ်ရှားသွားစေခဲ့၏။
အထူးသဖြင့် သူ့ကျောထက်၌ သယ်ဆောင်ထားသည့် အစွယ်များကြောင့် ပင်တည်း။ ဤနေရာ၌ ရှိနေသည့် လူများ အားလုံးသည် သူက ဂျင်ဒီတားမြစ် နယ်မြေကို ဖြတ်သန်းခဲ့သည့် ဝမ်ရှန်းဖြစ်ကြောင်း သိကြပေသည်။
မကြာမီတွင် ဝမ်ရှန်းသည် တည်းခိုဆောင် ပိုင်ရှင်ပြောသည့် အိမ်ခြံမြေရုံးအား ရှာတွေ့သွားခဲ့သည်။ သူသည် တက်ကြွသည့် ခြေလှမ်းများဖြင့် ထိုနေရာသို့ လျှောက်သွားကာ နေစရာနေရာ အရင်ရှာလိုက်၏။
မည်သည့် နေရာတွင်မဆို လုပ်ဆောင်ချက် သဘောတရားသည် အတူတူပင်ဖြစ်၏၊ သင့်ထံတွင် ပေးစရာ ဒင်္ဂါးများရှိသ၍ အရာအားလုံးက အဆင်ပြေသွားမည်သာ ဖြစ်သည်။
ဝမ်ရှန်းသည် ခြံဝန်းငယ်လေး တစ်ခုကို ဝယ်မည်ဟု တွေးလိုက်၏။ ထိုအိမ်ခြံမြေရုံးတွင် ပွဲစားတစ်ယောက်ကို ရှာပြီးနောက် ထိုပွဲစား၏ အကူအညီဖြင့် ဝမ်ရှန်းသည် သူ၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် ခြံဝန်းတစ်လုံးကို လျင်မြန်စွာ ရှာတွေ့ခဲ့သည်။
ထိုခြံဝန်းသည် လမ်းမဘက်ကို ဦးတည်ထားကာ အရှေ့ဘက်တွင် ဈေးဆိုင် တစ်ခုရှိ၏။ အနောက်ဘက်တွင် သီးခြားအိမ် တစ်လုံးပါရှိကာ ထိုအိမ်ထဲတွင် အိပ်ခန်းသုံးခုနှင့် မီးဖိုချောင်တစ်ခု ရှိပေသည်။
ဤခြံဝန်း၏ ရှားရှားပါးပါး အချက်မှာ အလွန် သန့်ရှင်းနေခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုခြံဝန်း၏ အရင်ပိုင်ရှင် သေဆုံးသွားသည်မှာ သိပ်မကြာသေးသောကြောင့်ပင် ဖြစ်သည်။
ထို့ပြင် ထိုအိမ်တွင် အိမ်တော်ထိန်းလည်း ရှိ၏။ ထို့ကြောင့် ဝမ်ရှန်းသည် ထိုနေရာတွင် နေရန်အတွက် နေရာကို အရင်သန့်ရှင်းရေး လုပ်စရာမလိုပေ။ နေမည်ဆိုလျှင် ဒီနေ့ ချက်ချင်း တက်နေလို့ရ၏။ သို့သော် အနည်းငယ်တော့ ဈေးများပေသည်…
ဤခြံဝန်းသည် သေးငယ်ကာ မြို့ပြင်ဘက်၌ ရှိနေခြင်းဖြစ်၏။ သို့သော် ဈေးနှုန်းသည် ကြောက်စရာ ကောင်းလောက်အောင် ရွှေဒင်္ဂါး ၃၀၀၀ တန်ကြေး ရှိပေသည်။
ရွှေဈေးအရ ဝမ်ရှန်းသည် ကမ္ဘာမြေပေါ်မှ တန်ကြေးနှင့် ယှဉ်ကြည့်လိုက်သည့် အချိန်တွင် ဤကဲ့သို့ သေးငယ်သည့် ခြံဝန်းသည် ယွမ် သန်း ၅၀ တန်ကြေး ရှိနေလေ၏။ ဘယ်လောက်တောင် များလိုက်တဲ့ တန်ကြေးလဲ…
သို့သော် ဤနေရာ၌ ရှိနေသည့် မည်သူကမှ ဤတန်ကြေးနှင့် ပတ်သက်ပြီး ပြဿနာ ရှိသည်ဟု မခံစားကြရပေ။ ဈေးကြီးသည်ဟုလည်း သူတို့မထင်ကြ။ ဤနေရာသည် စိုးရိမ်စရာများ မရှိသည့်နေရာ ဖြစ်သည်။
အခြားသူများ၏ လက်တွင်းမှ ထွက်ပြေးလာခဲ့သည့် ဝမ်ရှန်း မဆိုထားနှင့် စုန့်မိသားစုနှင့် သိုက်မိသားစုသည်ပင် ဤဈေးနှုန်းဖြင့် ဝယ်ယူမည်ဖြစ်၏။ ဤနေရာကို မဝယ်ယူမည့် သူများမှာ ဝူရုံမြို့၏ မြို့အရှင်နှင့် လက်ရှိ အင်ပါယာများသာ ဖြစ်ပေလိမ့်မည်။
ဝမ်ရှန်းသည် သူ့ထံတွင် လုံလောက်သည့် ရွှေဒင်္ဂါးများ ရှိနေသ၍ ရွှေဒင်္ဂါး ဘယ်လောက်လဲ ဆိုတာကို သူ ဂရုမစိုက်ပေ။ သူ့ထံတွင် နောက်ဆုံး အကြိမ်၌ စုန့်ရန် သူ့အားပေးခဲ့သည့် ရွှေဒင်္ဂါး ၃၀၀၀ ကျော်ရှိပေသည်။ ထိုရွှေဒင်္ဂါးများကို ယခု ဤနေရာတွင် အသုံးပြုရတော့မည် ဖြစ်၏။
ဈေးမဆစ်တော့ဘဲ ဝမ်ရှန်းသည် ဈေးနှုန်းကိုသာ တစ်ခါတည်း လျင်မြန်စွာ ပေးချေလိုက်သည်။ ထိုနေရာတွင် ပွဲစားသည် ရွှေဒင်္ဂါး အပြား ၃၀ ရပေသည်။
ထို့နောက် ပွဲစားသည် ဝမ်ရှန်းကို သူ ဝယ်ယူထားသည့် ခြံထံသို့ ဦးဆောင် ခေါ်သွားလိုက်၏။ ထိုသို့ သွားနေစဉ်တွင် ပွဲစားသည် ဝမ်ရှန်းကို လမ်းတစ်လျှောက်ရှိ အရာများနှင့် မိတ်ဆက် ပေးရန်လည်း မမေ့လျော့ခဲ့ပေ။
ဝမ်ရှန်း ပေးခဲ့သည့် ပမာဏကြောင့် သူသည် ဤဝူရုံမြို့၌ အသက်ရှင် နေထိုင်နိုင်မည့် အချက်တချို့ကိုလည်း ဝေမျှခဲ့သေးသည်။ အထူးသဖြင့် သတိထား ရှောင်ကြဉ်ရမည့် အရာများဖြစ်၏။
“သခင်လေး အဆင်ပြေတယ်ဆိုရင်၊ ဒီနေရာမှာ ဝူရုံမြို့ရဲ့ ကြေးစားအဖြစ် စာရင်းသွင်းတာက အကောင်းဆုံး ဖြစ်လိမ့်မယ်။ ကြေးစားတံဆိပ်ပြား ပိုမြင့်လေ ဝူရုံမြို့မှာ အရင်းအမြစ်တွေကို ပိုရနိုင်လေပဲ။ အခုက သခင်လေးက မြို့အပြင်ဘက်မှာပဲ နေလို့ရသေးတယ်၊ ဒါပေမယ့် သခင်လေး ပဥ္စမအဆင့်နဲ့ ပဥ္စမအဆင့်အထက် ရောက်ပြီဆိုရင်တော့ သခင်လေး မြို့ထဲမှာ တရားဝင်နေလို့ရပြီ”
***