Switch Mode

Chapter – 91

မြို့အတွင်းသို့ ဝင်ရောက်ခြင်း (၂)

အပိုင်း ၉၁
မြို့အတွင်းသို့ ဝင်ရောက်ခြင်း (၂)

ဂျင်ဒီတားမြစ် နယ်မြေဘက်မှ လျှောက်လာနေသည့် လူသည် အခြားသူ မဟုတ်ပေ၊ ဟုတ်ပါသည် ဝမ်ရှန်းပင်ဖြစ်၏။ သူ အထီးကျန် ဝံပုလွေကို သတ်ပြီးသည်မှာ သုံးလရှိပြီဖြစ်ကာ ယွမ်ဝိညာဉ် နယ်မြေကို အောင်မြင်စွာ ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်လတွင် ဝမ်ရှန်း၏ ချီဝမ်နဂါး ၁၀၂၄ ကောင်သည် အသားစား ငါးများကဲ့သို့ တောင်လတ်ကို ဝါးမျိုနိုင်ခဲ့ပြီ ဖြစ်၏။

ကြီးမားသည့် ကျောက်တုံးတစ်ခု ပျောက်ကွယ် သွားသောကြောင့် ဝိညာဉ် နယ်မြေတွင် နောက်ထပ် အခြားတစ်ခုကို ဖြည့်သွင်းရန် လိုအပ်လာခဲ့သည်။ ယခုအချိန်တွင် ဝမ်ရှန်းသည် ဝိညာဉ်စွမ်းအားကို အပြည့်အဝ ခိုင်မာစွာ ရရှိနေခဲ့ပြီဖြစ်၏။

သူ၏ဒဏ်ရာ အနာတရများ အားလုံး ပျောက်ကွယ် သွားရုံသာမက သူ၏မျက်လုံးများသည်လည်း ပိုမို၍ အမြင်အာရုံ စူးရှလာခဲ့ပေသည်။ ထိုအခိုက်အတန့်တွင် သူ၏အရောင်များကို မှတ်သားနိုင်စွမ်းမှာလည်း ကွန်ပျူတာထက်ပင် သာလွန်နေပြီ ဖြစ်၏။

ဟုတ်ပါသည်၊ အကြီးမားဆုံး တိုးတက်မှုမှာ သူ၏ခန္ဓာကိုယ် တောင့်တင်း ခိုင်မာမှုနှင့် ဝိညာဉ်နယ်မြေပင် ဖြစ်သည်။ စွမ်းအား ပြည့်ဝသည့် ဝိညာဉ်စွမ်းအားများ၏ ထောက်ပံ့မှု အောက်တွင် ဝမ်ရှန်း၏ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုသည် သိသိသာသာကို တိုးတက်လာခဲ့၏၊

ဝိညာဉ်စွမ်းအားများ ဝင်ဆံ့နိုင်သည့် ပမာဏသည်လည်း အနည်းဆုံး နှစ်ဆ တိုးတက် လာခဲ့ပေသည်။

ဤအခြေအနေမျိုးတွင် အထီးကျန် ဝံပုလွေ၏ ဝိညာဉ်စွမ်းအားများကို သူ၏ဝိညာဉ်နယ်မြေ အတွင်းသို့ နောက်တစ်ကြိမ် ဝင်ရောက်စေမည် ဆိုလျှင် ဝမ်ရှန်းသည် ချီဝမ်နဂါးကို ရှစ်ခုခွဲစရာ မလိုတော့ပေ။

အများဆုံး လေးခုခွဲလျှင်ပင် ထိုဝိညာဉ် စွမ်းအားကို တောင့်ခံနိုင်ပြီဖြစ်၏။ ပြီးလျှင် ချီဝမ်နဂါး တစ်ခုချင်းစီ၏ အရွယ်အစားသည်လည်း ပိုမိုကြီးမား လာနိုင်ပေသည်။

ဝမ်ရှန်း၏ ခန့်မှန်းချက်အရ တောင်လတ်ကို ဝါးမျိုခဲ့သည့် သူ့ချီဝမ်နဂါးသည် အဆင့်အရာတွင် ပထမအဆင့် နှောင်းပိုင်း ရှိလောက်၏။

ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိရန်အတွက် အကြီးဆုံး တောင်တစ်ခုလုံးကို ဝါးမျိုရန်ပင် မလိုအပ်တော့ပေ။ တစ်ဝက်လောက်ဆိုလျှင် ရပြီဖြစ်၏။ အကြီးမားဆုံး တောင်တစ်ခုလုံးကို ဝါးမျိုနိုင်မည် ဆိုလျှင်တော့ ဒုတိယအဆင့်သို့ ဝင်သွားမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

သို့သော် ယွမ်ဝိညာဉ် အဆင့်တက် သွားခြင်းတွင် ဝမ်ရှန်းထက် အကျိုးအမြတ် ရရှိလိုက်သည်မှာ တိုက်ပွဲဝိညာဉ်ပင် ဖြစ်၏။

များပြားသည့် ဝိညာဉ်စွမ်းအားသည် ဝမ်ရှန်း၏ ခန္ဓာကိုယ်ကို သန့်စင်ပေးပြီး အားအင်များ ပြည့်ဝစေခဲ့သည်။ သို့သော် အဆုံးသတ်တွင် ထိုစွမ်းအား၏ ၉၀ ရာခိုင်နှုန်းသည် တိုက်ပွဲဝိညာဉ်၏ စုပ်ယူခြင်းကို ခံလိုက်ရခြင်းသာ ဖြစ်သည်။

တိုက်ပွဲဝိညာဉ်သည် သူ့ကိုယ်သူ ရှစ်ခုအထိ ခွဲနိုင်ခဲ့ကာ တစ်ခုချင်းစီသည် သူ၏မူလ အရွယ်အစား အတိုင်းပင် ဖြစ်သည်။ တိုက်ပွဲဝိညာဉ်သည် ဝမ်ရှန်း၏ ချီဝမ်နဂါး ခွဲထုတ်ခြင်း နည်းလမ်းကို မှီငြမ်းကာ သူ၏ဝိညာဉ်ကို ရှစ်ခု ခွဲထုတ်ခဲ့ခြင်းဖြစ်၏။

ထို့ပြင် သူသည် သူ၏ဝိညာဉ်ခွဲ ရှစ်ခုကို သူလိုသလိုခွဲလို့၊ ပေါင်းစပ်လို့ ရပေသည်။ ဝမ်ရှန်း၏ ဝိညာဉ် အော်ရာကို တောင့်ခံနိုင်စွမ်းသည် အကန့်အသတ် မရှိပေ။

ယခုအချိန်တွင် ဝမ်ရှန်း၏ ဝိညာဉ်နယ်မြေထဲ၌ ချီဝမ်နဂါး တစ်ထောင်ကျော်အပြင် တိုက်ပွဲဝိညာဉ် ရှစ်ခုလည်း ရှိနေပြီပင်။

ထိုတိုက်ပွဲဝိညာဉ်ခွဲ ရှစ်ခုထဲမှ တစ်ခုသည် ဝမ်ရှန်း၏ ခရီးစဉ်ကို စောင့်ကြပ်ရေးကို တာဝန်ယူထားကာ ကျန်သည့် ခုနစ်ခုသည် တိုက်ခိုက်ရေး သို့မဟုတ် ကျင့်ကြံရေးများကို အသီးသီး အာရုံစိုက် နေခဲ့ကြသည်။ သူတို့သည် သူတို့ လုပ်ဆောင်နေသည့် အရာများကို သေချာ အာရုံစိုက်လျက် လုပ်ဆောင် နေကြပေသည်။

တောင်လတ်ကို ဝါးမျိုခြင်းပြီးနောက် ဝမ်ရှန်းသည် ကြိုတင် သတိပေးမှုနှင့် တောတွင်း၌ သူ၏ရှင်သန်ရေး စွမ်းရည်တို့ကို ပေါင်းစပ်ကာ ဂျင်ဒီတားမြစ် နယ်မြေ၏ အန္တရာယ် အများဆုံး အဓိက နေရာများကို မည်သည့် အန္တရာယ်မှမရှိဘဲ ဖြတ်ကျော် လာနိုင်ခဲ့သည်။

ဤသို့ဖြင့် ဂျင်ဒီနယ်မြေအား ဖြတ်ကျော်ပြီး သူ ဝူရုံမြို့သို့ ရောက်ရှိ လာခဲ့ခြင်းပင်။

ဝမ်ရှန်းသည် တောတွင်းမှ ထွက်မလာခင် သစ်ပင်အခေါင်း အတွင်းရှိ အရိုးစုကိုမူ မီးရှို့သင်္ဂြိုဟ် ပေးလိုက်၏။ ဝမ်ရှန်းသည် ထိုအရိုးစု သူ မသေခင်၌ ရေးဆွဲခဲ့ကာ သစ်ပင်အခေါင်း အတွင်း၌ ဝှက်ခဲ့သည့် ဂျင်ဒီနယ်မြေ၏ မြေပုံကိုလည်း ရှာတွေ့ခဲ့သေးပေသည်။

ရှင်းလင်မြို့ရှိ ပေါင်ချင်ယုတန်ထံမှ ဝမ်ရှန်းရခဲ့သည့် မြေပုံသည် ဂျင်ဒီနယ်မြေ အတွင်း၌ အသုံးမဝင်ပေ။ သို့သော် အရိုးစုထံမှ ရရှိခဲ့သည့် ဤမြေပုံသည် ဝမ်ရှန်းအား နေရာကို အတိအကျ နီးပါး သိစေခဲ့သည်။

မြေပုံထဲတွင် ပါဝင်သည့် လမ်းညွှန်ချက်က မှန်ကန်ပေသည်။ ထိုသို့ဖြင့် ဂျန်ဒန်နယ်မြေ အပြင်သို့ ရောက်လာသည့် အချိန်တွင် ဝမ်ရှန်းသည် မြို့နံရံပေါ်မှ လူများကို မြင်လိုက်ရပြီး ဤနေရာက ဝူရုံမြို့ ဟုတ်မဟုတ် မေးမြန်းလိုက်သည်။

“ဟုတ်တယ်၊ ဒီနေရာက ဝူရုံမြို့ပဲ”

သွက်လက်သည့် အမျိုးသား တစ်ယောက်မှ ဝမ်ရှန်းအား ချက်ချင်း ပြန်ဖြေလိုက်သည်။ ထို့နောက် သူသည် ပြန်လည် မေးခွန်း ထုတ်လိုက်၏။

“မင်းက ဝမ်ရှန်းလား”

“ဟုတ်တယ်၊ ကျုပ်က ဝမ်ရှန်းပဲ…”

ဝမ်ရှန်းသည် သူ အဓိက အင်အားစုများမှ ပဥ္စမအဆင့် ဝိညာဉ်သခင်များ၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံရပြီးနောက် သိုသိုသိပ်သိပ် နေထိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်တော့ဟု တွေးလိုက်သည်။ အထူးသဖြင့် သူက ဂျင်ဒီနယ်မြေမှ ထွက်ခွာလာနိုင်ခဲ့ပြီး ပဥ္စမအဆင့် ဝိညာဉ်သခင်များ အားလုံး ပျောက်ဆုံး သွားသည့် အချိန်တွင် ဖြစ်သည်။ ထို့ကြောင့် သူသည် သူမည်သူမည်ဝါ ဖြစ်ကြောင်းကို ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်ခြင်းပင်။

“မြို့ထဲဝင်ပြီး အနားယူလို့ ရနိုင်မလား မသိဘူးဗျ”

ဝူရုံမြို့က မည်သည့် နေရာတွင် ရှိကြောင်း အတိအကျ သိသော်လည်း ဝမ်ရှန်းသည် မြို့နံရံပေါ်မှ လူများကို ကျယ်လောင်စွာ အော်မေး လိုက်သေးသည်။

“ရတာပေါ့…”

မြို့နံရံပေါ်ရှိ ဝိညာဉ်သခင်များ အားလုံးသည် ဝူရုံမြို့မှ ဖြစ်ကြ၏။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် သူတို့၏ အဆင့်အတန်းမှာလည်း မြင့်မားပေသည်။ သို့သော် သူတို့သာ ဝင်ခွင့် မပေးခဲ့လျှင်လည်း ဝမ်ရှန်းက သူတို့ကို တိုက်ခိုက်ကာ မြို့တွင်းသို့ ဝင်ရောက်မည်ပင် ဖြစ်၏။

ထို့ကြောင့် ဝမ်ရှန်း ထိုကဲ့သို့ မေးလိုက်သည့် အချိန်တွင် သူတို့ထဲမှ တစ်ယောက်သည် ချက်ချင်းပင် ပြန်ဖြေလိုက်ခြင်း ဖြစ်သည်။

ဝူရုံမြို့သို့ လာရောက်သည့် လူများတွင် သမိုင်းကြောင်း မရှိသည့်လူများ မည်သူရှိသနည်း။ အနည်းဆုံးတော့ ဤနေရာ၌ ရှိနေသည့် လူများ၏ ၃၀ ရာခိုင်နှုန်းသည် ကြီးမားသော ပြစ်မှုများကို ကျူးလွန်ခဲ့ကြကာ အခြားလူများ၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံနေရသည့် လူများပင်ဖြစ်၏။ ဝမ်ရှန်းသည်လည်း ထိုကဲ့သို့သော အခြေအနေကြောင့်သာ ဝူရုံမြို့သို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် သူသည် အခြားလူများနှင့် မတူပေ။ အခြားလူများသည် ဝမ်ရှန်း၏ သမိုင်းကြောင်းလောက် မရှုပ်ထွေးကြချေ၊ သူတို့သည် အင်အားကြီး မိသားစုများ၏ လိုက်လံ သတ်ဖြတ်ခြင်းကို မခံရ၊ ပဥ္စမအဆင့် ဝိညာဉ်သခင်များနှင့်လည်း မတိုက်ခိုက်ခဲ့ရပေ။

အထူးသဖြင့် သူတို့သည် ဝမ်ရှန်းကဲ့သို့ ဂျင်ဒီနယ်မြေအား ဖြတ်သန်းကာ ဝူရုံမြို့သို့ ရောက်လာခဲ့ကြခြင်း မဟုတ်ခြင်း ပင်တည်း။

ဤဝူရုံမြို့တွင် ဝိညာဉ်သခင် မြောက်မြားစွာ ရှိ၏။ ယခုအချိန်တွင် မြို့အရှင်သည်လည်း ဝမ်ရှန်း ရောက်လာသည့် သတင်းအကြောင်းကို ကြားပြီးလောက်ပေပြီ။ သို့သော် သူသည် ဤနေရာသို့ ရောက်လာလိမ့်မည် မဟုတ်ပေ။

သူ၏အိမ်တော်ထိန်းသာ ရောက်လာ လောက်၏။ အဘယ်ကြောင့်ဆိုသော် ဝူရုံမြို့ မြို့အရှင်စံအိမ်၏ အိမ်တော်ထိန်းနှင့်ပင် ဤနေရာ၌ ရှိနေသည့် ဝိညာဉ်သခင်များ အားလုံးကို အမိန့်ပေးရန် လုံလောက်ပြီ ဖြစ်သောကြောင့်ပင်။

မြို့အရှင်စံအိမ်မှ အိမ်တော်ထိန်း၏ အမိန့်အောက်တွင် ပိတ်ထားသည့် ဂိတ်တံခါး ၁၃ ခု တစ်ခုပြီးတစ်ခု ပွင့်လာခဲ့သည်။ ထောင်နှင့်ချီသည့် ဝိညာဉ်သခင်များ၏ စောင့်ကြည့်နေသည့် မျက်လုံးများ အောက်တွင် ဝမ်ရှန်းသည် ဂျင်ဒီနှင့် အနီးဆုံး ဂိတ်တံခါးပေါက်မှ ဝူရုံမြို့ အတွင်းသို့ တစ်လှမ်းချင်း လျှောက်ဝင် သွားလိုက်တော့သည်။

ဝမ်ရှန်းသည် ဝူရုံမြို့အတွင်းသို့ ခြေချလိုက်သည်နှင့် ဝူရုံမြို့၏ စည်းမျဉ်း စည်းကမ်းများက သူနှင့် သက်ဆိုင်သွားပြီ ဖြစ်သည်။ ယခုအချိန်မှစ၍ သူ ဝူရုံမြို့အတွင်း၌ ရှိနေစဉ် တစ်လျှောက်လုံး အပြင်ဘက်မှ အင်အားကြီး မိသားစုဖြစ်စေ၊ အင်ပါယာ တရားရုံးဖြစ်စေ သူ့အား ဘာမှလုပ်၍ မရတော့ပေ။

ဤနေရာ၌ ရှိနေစဉ် တစ်လျှောက်လုံးတွင် ဝမ်ရှန်းကို သူ၏ အပြစ်များအတွက် အရေးယူ၍ မရတော့ပေ။ ဝူရုံမြို့တွင်းသို့ ရောက်သည်နှင့် ပြင်ပမှ အမုန်းတရားများသည် ဤနေရာ၌ အသုံးမဝင်ချေ။

“ပြီးသွားပြီ။ သွားကြတော့၊ လူစုခွဲကြတော့”

မြို့အရှင်စံအိမ်မှ အိမ်တော်ထိန်း ကိုယ်တိုင် ဝိုင်းဝန်းကြည့်ရှု နေသူတို့အား အော်ဟစ် သတိပေး လိုက်သည်။ ထို့နောက် မြို့နံရံပေါ်မှ ဝိညာဉ်သခင်များသည် သူတို့ကိစ္စများကို လုပ်ဆောင်ရန် အတွက် အသီးသီးသို့ ထွက်ခွာသွား ကြတော့သည်။

ဝိညာဉ်သခင်များသည် ဝမ်ရှန်းအား ဘယ်သူမှ စကားသွား မပြောပဲ သူ မြို့တွင်းသို့ ဝင်လာသည်နှင့် ထိုနေရာ၌ ဘာမှ မဖြစ်ခဲ့သကဲ့သို့ ဤအဖြစ်အပျက်ကို အရေးမကြီးသည့် ကိစ္စတစ်ခု အဖြစ်သာ ပြုမူလိုက်ကြ၏။

သို့သော် အနည်းဆုံး ရာနှင့်ချီသည့် လူများက သူ့အား စိုက်ကြည့်နေကြောင်း ဝမ်ရှန်း ရှင်းရှင်းလင်းလင်း ခံစား၍ရနေသည်။

လူများသည် သူ့အား ကြည့်ရုံပင် ကြည့်မနေကြဘဲ သူ၏ခြေလှမ်းတိုင်း၊ အပြုအမူတိုင်းကို တိတ်တဆိတ် အာရုံစိုက်နေမည် ဖြစ်ကြောင်းကိုလည်း သူ သိပေသည်။

ဝမ်ရှန်း သူ့ကိုယ်သူ အထင်ကြီး ပြောဆိုခြင်းတော့ မဟုတ်ပေ၊ သို့သော် သူ ဂျင်ဒီနယ်မြေကို ဖြတ်ကျော်လာသည် ဆိုသည့်အချက်က အလွန်ပင် မယုံကြည်နိုင်စရာ ကောင်းလှပေသည်။ ထိုအချက်ကြောင့်ပင်လည်း ယခုအချိန်တွင် ဝူရုံမြို့မှ လူများသည် ဘာလုပ်လို့ ဘာကိုင်ရမည်ပင် မသိ ဖြစ်နေကြလေ၏။

အနည်းဆုံးတော့ လူမြင်ကွင်းတွင် ဘယ်သူကမှ ဝမ်ရှန်းကို ဘာတစ်ခုမှ လုပ်၍မရပေ။ ထို့ပြင် သူတို့သည် ဝမ်ရှန်းကို အင်အားသုံး မောင်းထုတ်ရန်မှာလည်း ပို၍ပင် မဖြစ်နိုင်လေရာ အားလုံးသည် ဘာမျှမတတ်နိုင်ပဲ စောင့်၍သာ ကြည့်နေလိုက်ကြတော့သည်။

ယခုအချိန်တွင် အားလုံး၏ အတွေးများသည် တူညီနေခဲ့၏။ ဝမ်ရှန်းသည် ဂျင်ဒီနယ်မြေ အတွင်း၌ အမှန်တကယ်ပဲ လွတ်လွတ်လပ်လပ် သွားလာနိုင်သည်ဆိုလျှင် သူသည် ထိုနယ်မြေ၏ လျှို့ဝှက်ချက်များ အားလုံးကို သိရှိနေခြင်း ဖြစ်သည်ဟု ရည်ညွှန်း ဖော်ပြခြင်းပင် မဟုတ်ပါလော။

ဂျင်ဒီနယ်မြေ…

ထိုနေရာတွင် တော်ဝင်မိသားစုမှ လက်မလွှတ်နိုင်သည့် အရာရှိနေသည် ဟူသည့် အချက်ကြောင့်သာ မဟုတ်ဘူးဆိုလျှင် တော်ဝင်မိသားစုနှင့် အင်ပါယာ မိသားစုများသည် ထိုနေရာအတွင်း၌ ရှိနေသည့် လျှို့ဝှက်ချက်များကို နှစ်ပေါင်း ရာချီသည့် တိုင်အောင် ဆက်လက် ကြိုးစား ရှာဖွေနေကြမည် မဟုတ်ပေ။

ယခုအချိန်တွင် ဝမ်ရှန်းအား လိုက်လံ ဖမ်းဆီး သတ်ဖြတ်ခြင်း၌ ပါဝင်ခဲ့သည့် တော်ဝင်မိသားစုများ အားလုံးသည် အရူးများ ဖြစ်သွားကြလေ၏။

ဂျင်ဒီနယ်မြေအား အရှေ့အနောက် လွတ်လွတ်လပ်လပ် သွားလာနိုင်သည့် ဤကဲ့သို့သော ဝိညာဉ်သခင်မျိုးကို သူတို့သည် လူလွတ်၍ သတ်ခိုင်းမိခဲ့ခြင်းပင်။ သူတို့ ခေါင်းဆောင်များ၏ ခေါင်းထဲ၌ ဘာတွေရှိနေလဲ ဆိုသည်အား ဝူရုံမြို့မှလူများ မတွေးနိုင်တော့ပေ။

မစင်များဖြင့် ပြည့်နှက် နေလေသလား…။ ဘာပဲပြောပြော သူတို့သည် ဦးနှောက်မရှိသည့် လူများဖြစ်သည်မှာတော့ အသေအချာပင်ဖြစ်၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset