Switch Mode

Chapter – 90

လူယောင်ဆောင် မိစ္ဆာသားရဲ

အခန်း၉၀
လူယောင်ဆောင်မိစ္ဆာသားရဲ

“ဂျင်ဒီတားမြစ် နယ်မြေထဲကို ဝင်သွားတဲ့ ကျွမ်းကျင်သူတွေ ရှိတာပေါ့”

လောင်လုသည် ဝူရုံမြို့တွင် နေထိုင်သည်မှာ အချိန် အတော်ကြာနေပြီ ဖြစ်သဖြင့် ကိစ္စများစွာကို သိထားလေသည်။

“ဒါပေမဲ့ လူတိုင်းက တားမြစ်နယ်မြေရဲ့ အစွန်းပိုင်းလေးထိပဲ သွားပြီး ပြန်လာကြတာ၊ ဘယ်သူမှ အနက်ပိုင်းထဲထိ မသွားရဲကြဘူး၊ ဂျင်ဒီ….ဂျင်ဒီ…. ဒီနေရာက ဘယ်လို နေရာမျိုးလဲဆိုတာ မင်းသိပါတယ် မင်းသာဆိုရင်ရော သွားမှာတဲ့လား”

ရှောင်ရန်သည် ခေါင်းကို တွင်တွင်ခါယမ်းလိုက်ပြီး –

“ဘာလို့ သွားရမှာလဲ အခုမှ ကျွန်တော့်အသက် ငယ်ငယ်လေးပဲ ရှိသေးတာ”

“အမှန်ပဲ ဂျင်ဒီတားမြစ် နယ်မြေထဲ ဝင်တယ်ဆိုတာ  ဘယ်လောက်တောင် မိုက်မဲလိုက်သလဲ စဉ်းစားဉာဏ် မရှိတဲ့လူတွေပဲ သွားကြမှာ”

လောင်လုသည် ထိုအခိုက်အတန့်တွင် ရှောင်ရန်၏ အမူအရာကို သတိမထားမိချေ။ မျက်လုံးအစုံသည် မြို့နံရံကိုသာ စူးစိုက်ကြည့် နေကြလျက် တက်ကြွစွာ ပြောဆိုနေခြင်းဖြစ်သည်။ တစ်ဖက်တွင်မူ ရှောင်ရန်၏ မျက်နှာသည် ထိတ်လန့်မှု အပြည့်ဖြစ်နေကာ ဂျင်ဒီတားမြစ် နယ်မြေထဲသို့ မျက်လုံးများ ပြူးကျယ်လျက် ကြည့်နေသည်။

တစ်စုံတစ်ရာ မယုံကြည်နိုင်ဖွယ်ကို တွေ့မြင်နေရသည့် အလား ပါးစပ် အဟောင်းသားဖြင့် စကားကိုပင် ဖြောင့်အောင် မပြောနိုင်ချေ။

“တ..တကယ်ပဲ ဂျင်ဒီတားမြစ် နယ်မြေထဲကနေ ဘယ်သူမှ ထွက်မလာဖူးဘူးလား… ဆ…ဆရာလု ”

ရှောင်ရန်သည် ရုတ်တရက် ထစ်ထစ်အအဖြင့် ရေရွတ်နေပြီး ဆရာလုကို တုန်လှုပ် ချောက်ချားစွာ မေးမြန်းနေသည်။

“ဒါပေါ့”

ဆရာလုသည် ယခုထိ အခြေအနေကို သဘောမပေါက်သေးဘဲ သာမန်အတိုင်း ပြောဆိုလျက် ရှိသည်။

“တကယ်လို့ လူတစ်ယောက်သာ ထွက်လာရင် အဲဒါက မိစ္ဆာ သားရဲကနေ လူယောင် ဆောင်ထားတာပဲ သေချာပေါက် တစ်မြို့လုံးကို သတိပေးရမယ်”

“လူ လူသား ဟန်ဆောင်တယ် ဟုတ်လား”

ရှောင်ရန်သည် ရုတ်တရက် တစ်ကိုယ်လုံး တောင့်ခဲသွားပြီး စကားတစ်ခွန်းမှ မဆိုနိုင်တော့ပေ။ ထို့နောက် ဒယိမ်းဒယိုင် ထရပ်ကာ မြို့နံရံတွင် တွဲလောင်းချနေသည့် ကြိုးရှည်ကို ဆွဲချလိုက်တော့သည်။

“ဒေါင် ဒေါင် ဒေါင်” 

ခေါင်းလောင်းသံများ ဆက်တိုက် ပေါ်ထွက်လာကာ ဝူရုံမြို့တစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်ကြသည်။ မြို့ထဲရှိ အိမ်ကြို အိမ်ကြားများမှ ဝိညာဉ်သခင်များ တစ်ယောက်ပြီး တစ်ယောက် ပေါ်ထွက်လာကြပြီး ခေါင်းလောင်းသံ ကြားသည့် ဉီးတည်ချက်အတိုင်း တစ်ဟုန်ထိုး ပြေးလွှား သွားကြသည်။

လောင်လုသည် ရှောင်ရန်၏ အပြုအမူကြောင့် အလန့်တကြားဖြင့် ကြည့်နေသည်။ သူသည် တစ်လျှောက်လုံး ခွန်အားပြင်း မိစ္ဆာ သားရဲများ၏ အော်ရာများကို မခံစားခဲ့ရပေ။ သို့လျှင် ရှောင်ရန်သည် အဘယ်ကြောင့် အချက်ပေး ခေါင်းလောင်းကို တီးလိုက်ပါသနည်း။ မသိစိတ်၏ စေ့ဆော်မှုအရ လှည့်၍ ကြည့်လိုက်ချိန်တွင် လောင်လုသည် နေရာမှာတင် အေးခဲသွားသည့်နှယ် ခံစားလိုက်ရသည်။

ဂျင်ဒီတားမြစ်နယ်မြေထဲမှ အမှန်တကယ်ပင် လူတစ်ယောက် ထွက်လာလေသည်။ ထိုလူသည် ပခုံးထက်တွင်လည်း အမည်မသိ မိစ္ဆာ သားရဲတစ်ကောင်၏ ပေါင်တစ်ချောင်းကို တင်ထားပြီး ဝူရုံမြို့ ဂိတ်သို့ ဖြည်းညင်းစွာ လျှောက်လှမ်း လာနေသည်။

“ပြေး ပြေးတော့ ဆရာလု ”

ရှောင်ရန်သည် ကြိုးကို ဆွဲပြီးသည်နှင့် တစ်ပြိုင်နက် လောင်လုကို လှုပ်ကိုင်ကာ မြို့နံရံမှ ထွက်ပြေးလာခဲ့သည်။

“ခွန်အားကြီး မိစ္ဆာသားရဲက လူသားယောင် ဆောင်ထားတယ် ပြေး” 

တစ်ကိုယ်လုံး ပျော့ခွေနေသည့် လောင်လုသည် ရှောင်ရန်၏ ဉီးဆောင်မှုဖြင့် မြို့ထဲသို့ ရောက်ရှိ လာခဲ့သည်။ ထို့နောက် မြို့နံရံ၏ တံခါးဝ အားလုံးကို ပိတ်ဆို့ ထားလိုက်ကာ မိစ္ဆာ သားရဲနှင့် ဝူရုံမြို့ကို ခြားနား ပစ်လိုက်လေသည်။

ထိုအခိုက်အတန့်တွင် ခေါင်းလောင်းသံကြောင့် ထွက်လာခဲ့သည့် ဝိညာဉ်သခင် များစွာသည် မြို့နံရံသို့ အချိန်တိုအတွင်း ရောက်ရှိ လာကြသည်။ ထို ဝိညာဉ်သခင်များထဲမှ စိတ်မရှည်သည့် လူတစ်ယောက်သည် မြို့နံရံမှ အစောင့်များကို ကျယ်လောင်စွာ အော်ဟစ် မေးမြန်းလိုက်သည်။

“ဘယ်မှာလဲ မိစ္ဆာသားရဲက ဘယ်လို သားရဲမျိုးလဲ”

မြို့နံရံ ပေါ်တွင် စောင့်ကြပ်နေသည့် ဝူရုံမြို့မှ အစောင့် တစ်ယောက်သည် ကျောက်တုံး တစ်တုံးအလား တောင့်ခဲနေကာ စကားပင် မပြန်နိုင်ဘဲ လက်ညှိုး ညွှန်ပြလိုက်သည်။

လူတစ်ယောက်က ….

မိစ္ဆာသားရဲ ပေါင်ကိုထမ်းပြီး…

ဝူရုံမြို့ထဲကို ဝင်လာတယ်….။

ဤမြင်ကွင်းကို မြင်လိုက်ရသည့် ဝူရုံမြို့နံရံထက်မှ ကျွမ်းကျင်သူတိုင်း ရူးသွပ်လုနီးနီး ဖြစ်ကုန်ကြသည်။

ဒါက ဘယ်လိုများ ဖြစ်နိုင်မှာတဲ့လဲ…။

ခွန်အားကြီး မိစ္ဆာသားရဲသည် လူသားအသွင် ပြောင်းထားခြင်း ဖြစ်သည်ဟု ဆိုသော်လည်း မည်သူကမှ မိစ္ဆာသားရဲ အော်ရာများကို မခံစားမိပေ။ သို့သော် လူသားအစစ် ဖြစ်သည်ဟုလည်း မည်သူမျှ မယုံကြချေ။ လူသားတစ်ယောက်သည် ဂျင်ဒီတားမြစ် နယ်မြေထဲမှ ထွက်လာသည်ဟု ဆိုခြင်းမှာ အိပ်မက်သဖွယ် ဖြစ်နေသည် မဟုတ်ပါလော။

“ဘယ်သူ တွေ့လိုက်တာလဲ ဘာတွေဖြစ်နေတာလဲ”

တဖြည်းဖြည်းဖြင့် ဝိညာဉ်သခင်များစွာ စုရုံးရောက်ရှိ လာကြပြီး အခြေအနေကို အသေအချာ မသိသေးသူများ၏ အော်ဟစ် မေးမြန်းသံများ ဆူညံစွာ ပေါ်ထွက်လာသည်။
ရှောင်ရန်နှင့် လောင်လုက မည်သို့ အသေးစိတ် ရှင်းပြနိုင်ပါမည်နည်း။ လောင်လုမှာ မိစ္ဆာသားရဲများ လူသားအသွင် ပြောင်းတတ်ကြောင်း ပြောနေစဉ် ဂျင်ဒီတားမြစ် နယ်မြေထဲမှ လူတစ်ယောက် ပေါ်ထွက်လာခဲ့ပြီး အချက်ပေး ခေါင်းလောင်းကို ဆွဲချလိုက်ခြင်းဖြစ်သည်။

ရှောင်ရန်နှင့် လောင်လုထံမှ ဤမျှသာ စကားထွက်လာသည်။ မည်သူကမှ အသေးစိတ် မပြောနိုင်ကြသော်လည်း ဝူရုံမြို့မှ ကျွမ်းကျင်သူများသည် ကြောက်မက်ဖွယ် ရန်သူနှင့် ရင်ဆိုင်နေရသည့် အလား တဖြည်းဖြည်း နီးကပ်လာသည့် အသွင်သဏ္ဌာန်ကို ကြည့်ကာ နဖူးမှ ချွေးဒီးဒီး ကျလာသည်။

ခွန်အားကြီး မိစ္ဆာသားရဲ တစ်ကောင်သည် လူသားအသွင် ပြောင်းထားသည်ဟု ဆိုခြင်းမှာ မည်သူကမှ တစ်သက်နှင့် တစ်ကိုယ် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရခြင်းမျိုး မရှိချေ။ အရာအားလုံးသည် ဒဏ္ဍာရီ သက်သက်သာ ဖြစ်ပြီး  ယခုကဲ့သို့ ရုတ်တရက် ကြုံတွေ့လိုက်ရချိန်၌ မည်သို့  ရင်ဆိုင် သင့်ကြောင်း မသိကြချေ။

ထို အသွင်သဏ္ဍာန် နီးကပ်လာလေလေ ရှင်းလင်းပြတ်သားစွာ မြင်နေရလေ ဖြစ်သည်။ ထိုလူသည် ထူးဆန်းသော အဝတ်အစား များကို ဝတ်ဆင်ထားကာ အရောင်စုံသည်။ အချို့သော နေရာများတွင် အပေါက်အပြဲများ ပြည့်နှက်နေကာ လမ်းလျှောက်သည့် ပုံစံမှာ လူသားတစ်ယောက်နှင့် ချွတ်စွပ်တူသည်။

မိစ္ဆာသားရဲပေါင်ကို ပခုံးထက်တွင် ထမ်းလာသည့် ပုံစံမှာလည်း အလွန် သဘာဝကျလှသည်။ ဆိုရလျှင် ဤမိစ္ဆာသားရဲ၏ လူသားယောင် ဆောင်နိုင်စွမ်းသည် မျှော်လင့်ထားသည်ထက် ပိုကောင်းနေလေသည်။ လူတိုင်းသည် လက်နက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ နဖူးမှ ချွေးများကိုပင် မသုတ်အားဘဲ စက္ကန့်မလပ် စူးစိုက်ကြည့်နေကြသည်။

မြို့သခင်သည် ယခုအချိန်ထိ ပေါ်မလာသေးသော်လည်း လူသားယောင်ဆောင် မိစ္ဆာသားရဲသည် မြို့နံရံကို လှမ်းမျှော်ကြည့်ကာ တစ်စုံတစ်ခုကို အော်ဟစ် လိုက်လေသည်။ လူသားသဏ္ဌာန် မိစ္ဆာသားရဲသည် တဖြည်းဖြည်း ပို၍ နီးကပ်လာပြီး  အော်ဟစ်ခြင်းမှာလည်း ရပ်တန့်သွားခြင်း မရှိချေ။

“ဒီနေရာက ဝူရုံမြို့လား”

ဤစာကြောင်းကို မြို့နံရံထက်မှ လူများအားလုံး ကြားလိုက်ရသည်။

“ဒီနေရာက ဝူရုံမြို့လား”

ဝိညာဉ်သခင် များသည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ထပ်တူထပ်မျှ ရေရွတ်လိုက်ကြသည်။

“ဒါက လူအစစ်ပဲ” 

မိစ္ဆာသားရဲ တစ်ကောင်သည် မည်မျှပင် ခွန်အားကြီး နေစေကာမူ စကားတော့ ပြောတတ်မည် မဟုတ်ပေ။ လူတိုင်းသည် ဟာသ အလုပ်ခံလိုက်ရသည့်နှယ် ခံစားလိုက်ကြရသည်။ ရန်သူကို ရင်ဆိုင်ရန် အဆင်သင့် ပြင်ထားသည့် အော်ရာများမှာ ချက်ချင်း ပျောက်ကွယ် သွားပြီး စိတ်သက်သာရာ ရသွားကြလေသည်။

သို့ရာတွင် လူအများကို ဉီးနှောက် ခြောက်စေသည်မှာ ထိုအသွင် သဏ္ဌာန်သည် လူဖြစ်ပါက မည်သူနည်း။အဘယ်ကြောင့် ဂျင်ဒီတားမြစ် နယ်မြေထဲမှ ထွက်လာပါသနည်း။

မြေပြင်ထက်မှ လူသည် မြို့နံရံနှင့် တစ်မိုင်ခန့် အကွာသို့ ရောက်ရှိ လာပြီးနောက် မျက်လုံးကောင်းသည့် ဝိညာဉ်သခင်များ အားလုံး ထိုလူ၏ မျက်နှာသွင်ပြင်နှင့် ပခုံးထက်တွင် ထမ်းလာသည့် မိစ္ဆာ သားရဲ အမျိုးအစားကို ရှင်းလင်းစွာ တွေ့မြင်လိုက်ကြရသည်။ မိစ္ဆာ သားရဲ၏ ပေါင်သည် အလွန်ဆူဖြိုး၍ တစ်ချက်ကြည့်ရုံဖြင့် အဆင့်မြင့် မိစ္ဆာသားရဲဖြစ်ကြောင်း သိသာလှပြီး အနိမ့်ဆုံး ပဉ္စမအဆင့်ခန့် ရှိမည်ဟု ခန့်မှန်းရလေသည်။

ထိုလူမှာမူ တစ်ချက်ကြည့်ရုံဖြင့် သာမန်လူ တစ်ယောက်ဖြစ်ကြောင်း သိနိုင်ပြီး အသက် ၂၀ ခန့်သာ ရှိသေးပုံ ပေါ်လေသည်။ ဝတ်ဆင်ထားသည့် အဝတ်အစားများမှာ တောထဲသို့ ဝင်လိုက်သည်နှင့် အမြင်အာရုံကို လှည့်စားနိုင်မည့် အရောင်မျိုးစုံ ပါဝင်နေကာ ထူးဆန်းသည့် အရာများ ပြည့်နှက်နေသည်။

မြို့နံရံထက်မှ လူတိုင်းသည် မြို့နံရံနှင့် တဖြည်းဖြည်း နီးကပ်လာသည့် လူကို ကြည့်ကာ  ကြောင်အမ်းနေကြလျက်…

“သာမန်လူတစ်ယောက်က ဂျင်ဒီတားမြစ်နယ်မြေထဲကနေ ဘယ်လိုများ ထွက်လာနိုင်တာလဲ” 

လူတိုင်း ဤသို့ တွေးတောလျက် ရှိကြစဉ်မှာပင် ရုတ်တရက် –

“ဝမ် ဝမ်ရှန်းပဲ ”

တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ် လိုက်လေသည်။

“သူက ဝမ်ရှန်းပဲ၊ အင်အားစု အသီးသီးက ပဉ္စမအဆင့် ဝိညာဉ်သခင်တွေ လိုက်သတ်တာခံရတဲ့ ဝမ်ရှန်းလေ ဂျင်ဒီတားမြစ် နယ်မြေထဲမှာ ပျောက်သွားတဲ့ ဝမ်ရှန်း”

ထိုလူ၏ အော်ဟစ်သံ ထွက်ပေါ် လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း ဝမ်ရှန်းအကြောင်း အမှတ်ရ သွားကြသည်။ ဝူရုံမြို့သည် ဝမ်ရှန်း အကြောင်း မသိဘဲ မနေပါချေ။ ရှီမိသားစု၏ ရတနာမြေပုံကို ခိုးယူသွားခဲ့သဖြင့် လိုက်လံ သတ်ဖြတ်ခံခဲ့ရသည့် ဝမ်ရှန်းအကြောင်း လူတိုင်း သိထားကြသည်သာ ဖြစ်သည်။

ဝူရုံမြို့မှ လူတိုင်းအတွက် တစ်ခုတည်းသော စဉ်းစားစရာ ကိစ္စမှာ ဝမ်ရှန်းသည် ဝူရုံမြို့နှင့် မိုင်ပေါင်း ၂၀၀၀ ခန့်အဝေးရှိ ဂျင်ဒီတားမြစ် နယ်မြေ၏ အစွန်းပိုင်းမှ ဤဘက်သို့ မည်သို့ ရောက်ရှိ လာပါသနည်း။ ဂျင်ဒီတားမြစ် နယ်မြေတစ်ခုလုံးအား မည်သည့် နည်းလမ်းများဖြင့် ကျော်ဖြတ်ခဲ့ပါသနည်း။
***

Comment

Leave a Reply

Options

not work with dark mode
Reset