Switch Mode

Chapter – 89

ဝူရုံမြို့

အခန်း ၈၉
ဝူရုံမြို့

ဆိုရလျှင် မြို့နံရံသည် ဟန်ပြသာ ဖြစ်လေသည်။ သို့ရာတွင်  မြို့၏ အခြားတစ်ဖက်ခြမ်းမှ နံရံမှာမူ သာမန် မြို့နံရံထက် နှစ်ဆပို၍ ထူထဲလေသည်။ မြို့နံရံ တစ်ခုလုံးအား အကောင်းဆုံး အမာကျောဆုံး အုတ်များ ပစ္စည်းကောင်းများဖြင့် တည်ဆောက်ထားပြီး  ဝမ်ရှန်းသာ တွေ့ပါက သေချာပေါက် အံ့သြသွားမည်သာ ဖြစ်သည်။

ဝူရုံမြို့ တစ်ခုတည်းကိုပင် ဤသို့ မြို့နံရံများ ခွဲခြား၍ တည်ဆောက် ထားရခြင်းမှာလည်း အကြောင်းရင်း တစ်ခုရှိလေသည်။

မြို့နံရံ တစ်ခုတည်း၏ ခွန်အားကပင် လူအများကို ဆွံ့အ သွားစေနိုင်ပြီး ဧရာမ နံရံရှေ့၌ ဂိတ်တစ်ခု ထားရှိသည်။ ထိုဂိတ်သည် အလွန် တင်းကျပ်ကာ လူတစ်ယောက်ချင်းစီသာ ဝင်နိုင်ထွက်နိုင်သည်။ အပေါက် တစ်ခုစီတိုင်းသည် နှစ်မီတာမြင့်၍ တစ်မီတာ ကျယ်ပြီး သာမန် ကြံ့ခိုင် ရှည်လျားသည့် လူတစ်ယောက် ပိတ်ရပ် လိုက်ရုံဖြင့် အပေါက် ပိတ်သွားတတ်သည်။

ထို့ကြောင့်လည်း မိစ္ဆာ သားရဲများ မြို့ထဲသို့ အလွယ်တကူ မဝင်နိုင်ခြင်း ဖြစ်သည်။ အခြေအနေ ပြင်းထန်လာပါက ကျဉ်းမြောင်း လွန်းလှသော သတ္တုတံခါးပေါက် ဆယ့်သုံးခုကို အချိန်မရွေး ပိတ်နိုင်ပြီး အရာအားလုံးကို လုံခြုံရေး အမြင်ဖြင့် ကာကွယ် တည်ဆောက် ထားသည်။

မြို့ဂိတ်၏ ဉီးတည်ရာသည် တောအုပ်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ တစ်ဖက် တောအုပ်ထဲမှ  ပြင်းထန်သော အော်ရာများ ရံဖန်ရံခါ ထွက်ပေါ် လာတတ်ပြီး အခြေခံ ကျင့်ကြံရေး အဆင့် နိမ့်ပါးသူများသည် ၎င်းအော်ရာများကြောင့် တစ်ချက်တစ်ချက် တုန်ယင် သွားတတ်ကြသည်။

“ဆရာလု၊ ဒါက ဂျင်ဒီတားမြစ်နယ်မြေ ဆိုတာလား”

ဒုတိယအဆင့် ဝိညာဉ်သခင် တစ်ယောက် ဖြစ်ပုံရသည့် လူငယ်လေးနှင့် သက်လတ်ပိုင်း အရွယ် လူတစ်ယောက်သည် မြို့ဂိတ်၏ အပြင်ဘက်ရှိ ကုလားထိုင် တစ်လုံးပေါ်၌ တင်ပျဉ်ခွေ ထိုင်နေကြသည်။ လူငယ်သည် တောအုပ်ကို မျက်နှာချင်း ဆိုင်ထားပြီး ရံဖန်ရံခါ ပေါ်ထွက် လာတတ်သည့် အော်ရာများကြောင့် စိတ်မသက်မသာ ခံစားနေရသည်။

“ဟုတ်တယ်”

လောင်လုသည် မျက်နှာထက်တွင် ကျောက်ပေါက်မာ အနည်းငယ်ရှိပြီး သက်လတ်ပိုင်း အရွယ် ဝိညာဉ်သခင် တစ်ယောက်ဖြစ်ကာ တတိယ အဆင့်၏ အလယ်အလတ်တွင် ရှိနေသည်။ သူသည် ဂျင်ဒီတားမြစ် နယ်မြေကို မျက်မှာမူ၍ ထိုင်နေပြီး ဖြည်းညင်းစွာ ပြောသည်။

“ရှောင်ရန် မင်းက အသစ်ဆိုတော့ မသိသေးဘူးကိုး၊ အချိန်ကြာလာရင် ဒီအော်ရာတွေနဲ့ အကျွမ်းတဝင် ဖြစ်သွားမှာပါ”

“ဒီတားမြစ်နယ်မြေက ဒီလောက် ကြောက်ဖို့ ကောင်းတာ၊ ဘာလို့ ကျွန်တော်တို့ကို စောင့်ခိုင်း ထားတာလဲ” 

ရှောင်ရန်သည် အမှန်တကယ်ပင် ကူကယ်ရာ မဲ့နေသည်။ ဝူရုံမြို့သို့ ဝင်ရောက် ပြီးနောက် ပထမဆုံး ပြုလုပ်ရသည့် အရာမှာ  မြို့တံခါးကို စောင့်ကြပ်ခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သာမန် မြို့တံခါးဟုသာ ထင်ခဲ့သော်လည်း ဂျင်ဒီတားမြစ် နယ်မြေနှင့် မျက်နှာချင်းဆိုင် ဖြစ်နေလေသည်။

“ခွန်အားပြင်း မိစ္ဆာ သားရဲတွေ ထွက်လာနိုင်လို့ ဖြစ်မှာပေါ့ကွ”

လောင်လုသည် အတွေ့အကြုံ များနေပြီဖြစ်ရာ ရှောင်ရန်လောက် စိတ်လှုပ်ရှားနေခြင်း မရှိတော့ဘဲ ပြုံးလိုက်ပြီး –

“မိစ္ဆာသားရဲ တစ်ကောင် ထွက်လာတာနဲ့ ငါတို့က ကျွမ်းကျင်သူတွေကို ချက်ချင်း အသိပေးရမယ်၊ မင်း စိတ်မပူပါနဲ့၊ မြို့သခင်တွေက အဆင့်မြင့် ကာကွယ်သူတွေ စေလွှတ်ပေးလိမ့်မယ်၊ ပြီးတော့ ဂျင်ဒီတားမြစ် နယ်မြေထဲကနေ မိစ္ဆာ သားရဲတစ်ကောင် ထွက်လာဖို့ မလွယ်ပါဘူး ထွက်လာရင်လည်း မြို့ထဲကို မဝင်နိုင်ဘူး”

ရှောင်ရန်သည် လောင်လု၏ စကားကြောင့် ချွေးစေးများပင် ထွက်လာသည်။ မိစ္ဆာ သားရဲတစ်ကောင်သာ မြို့ထဲ ဝင်သွားပါက တစ်မြို့လုံး ဗြောင်းဆန် သွားနိုင်သည်။ သူသည် ဝူရုံမြို့သို့ ထွက်ပြေး လာခဲ့ပြီးမှ ဝူရုံမြို့တွင် မိစ္ဆာသားရဲ လက်ချက်ဖြင့် မသေလိုပေ။

“ဆရာလု၊ ဂျင်ဒီတားမြစ် နယ်မြေထဲက မိစ္ဆာ သားရဲတွေက ဘာလို့ ဝူရုံမြို့ဘက်ကို ထွက်လာတာလဲ နယ်နိမိတ်ချင်း နီးနေလို့များလား” 

“ဘာလို့လဲဆိုတော့ ဝူရုံမြို့ရဲ့ အစိတ်အပိုင်းငယ် တစ်ခုက ဂျင်ဒီတားမြစ် နယ်မြေထဲ ရောက်နေလို့ပဲ  တစ်နည်း ပြောရရင်တော့ နယ်နိမိတ်ချင်း ထိစပ်နေတာ၊ မင်း ဝူရုံမြို့ရဲ့ စည်းမျဉ်း တွေကို မှတ်မိသေးလား၊ မြေပြင်ပေါ်မှ အနီရောင် စည်းတားထားတဲ့ လမ်းတစ်ခု ရှိတယ်လေ၊ အဲ့ စည်းက ဂျင်ဒီတားမြစ်နယ်မြေနဲ့ ပိုင်းခြားထားတဲ့ စည်းပဲကွ”

လောင်လုသည် ဆရာဟု ခေါ်ထံထားရသဖြင့် ကျေနပ်နေကာ သိထားသမျှကို အာပေါင်အာရင်း သန်သန်ဖြင့် ပြောပြနေသည်။ ရှောင်ရန်သည် ထိုအနီရောင် စည်းတားထားသည့် လမ်းကို ကောင်းစွာ သိပေသည်။ လမ်း၏ ဤဘက်၌ အဓိက စီးပွားရေး လုပ်ငန်းကြီး နှစ်ခု၏ အိမ်များနှင့် အတန်ငယ် ရိုးရှင်းသည့် အိမ်များစွာ ရှိသည်။

အထူးသဖြင့် တစ်ပေခန့်ကျယ်သည့် အနီရောင် စည်းသည် သွေးများအလား ရဲရဲတောက် နေလေရာ မမှတ်မိစရာ အကြောင်းမရှိပေ။ ရှောင်ရန်သည် ထိုအနီရောင်စည်းမှာ ရိုးရှင်းသည့် သတိပေးချက် တစ်ခုဟုသာ ထင်ထားခဲ့သည်။ ယခုမူ ၎င်းမျဉ်းသည် ဂျင်ဒီတားမြစ် နယ်မြေနှင့် ဝူရုံမြို့ကို ပိုင်ခြားထားခြင်း ဖြစ်ကြောင်း သိရှိလိုက်ရကာ ထိတ်လန့် တုန်လှုပ် သွားရှာသည်။

“ဝူရုံမြို့သားတွေဖြစ်တဲ့ ငါတို့ကို ဘယ်သူမှ လာမထိရဲပေမယ့် ငါတို့ဟာ နေ့တိုင်း သတိနဲ့ နေကြရတယ်”

လောင်လုသည် ရှောင်ရန်၏ ထိတ်လန့် တုန်လှုပ်မှုကြောင့် စကားပြော ရသည်ကို ပို၍ အားပါလာသည်။

“ဝူရုံမြို့ရဲ့ အစိတ်အပိုင်း တစ်ခုက ဂျင်ဒီတားမြစ် နယ်မြေထဲမှာ ရှိနေတယ်၊ ဒါကြောင့် ငါတို့က သတိအပြည့် ရှိနေရမယ် ပေါ့ဆလို့ မရဘူး”

ရှောင်ရန်သည် ခေါင်းကိုသာ တဆတ်ဆတ် ညိတ်နေသည်။ သူသည် ဝူရုံမြို့ကို ယခုမှ ရောက်လာခြင်း ဖြစ်သဖြင့် မှတ်သားစရာများ များပြား နေလေသည်။

“မင်း မြို့နံရံပေါ်က အမှတ်အသားတွေကို မြင်လား”

လောင်လုသည် ခေါင်းကို မော့ကာမြို့နံရံ အနှံ့အပြားမှ အမှတ်အသား များစွာကို လက်ညှိုး ထိုးပြလိုက်ပြီး – “ဒါက ဂျင်ဒီတားမြစ် နယ်မြေထဲက ထွက်လာတဲ့ မိစ္ဆာ သားရဲတွေရဲ့ ခြေရာလက်ရာတွေပဲ၊ အကုန်လုံး နီးပါးကို မြို့ထဲက ဝိညာဉ်သခင်တွေ အတူတကွ ပူးပေါင်း သတ်ဖြတ်ခဲ့ကြတာ” 

“အကုန်လုံး နီးပါးဆိုတာ ဘာကို ပြောချင်တာလဲ ဆရာလု”

ရှောင်ရန်သည် လောင်လု၏ စကားထဲမှ ထူးဆန်းမှုကို သတိပြုမိသွားပြီး  အလန့်တကြား မေးမြန်းလိုက်သည်။

“ခွန်အားပြင်း မိစ္ဆာ သားရဲတွေ ကျတော့လည်း ဝိညာဉ်သခင်တွေ ပေါင်းတိုက်တာတောင် လွတ်သွားတာမျိုး ရှိတယ်လေ။ ဒါကြောင့် အကုန်လုံးနီးပါးလို့ ပြောတာပေါ့”

ရှောင်ရန်၏ တုန်လှုပ် ချောက်ချားမှုများသည် လောင်လု၏ စကားများကြောင့် ပို၍ များပြားလာကာ ချွေးစေးများ စီးကျလာသည်။

“အဲ့လောက် အန္တရာယ် များတာတောင်မှပဲ ကျွန်တော်တို့ကို စောင့်ခိုင်း ထားသေးတယ်ပေါ့”

ရှောင်ရန်သည် ပြောရင်းဆိုရင်းဖြင့် ငိုချင်စိတ်များပင် ပေါ်ပေါက်လာသည်။ ရန်သူများ၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံရစဉ်ကပင် ဤမျှ အားမငယ်ဖူးခဲ့ဘဲ လောင်လု၏ စကားများကို နားထောင်ပြီးနောက် သူ့ဘဝသည် မကြာမီ အဆုံးသတ်တော့မည်ဟု ခံစားနေရလေသည်။

ဝိညာဉ်သခင် အချို့သည် မိစ္ဆာ သားရဲများကို သတ်နိုင်သည်အထိ ခွန်အား ကြီးသော်လည်း ထိုဝိညာဉ်သခင်များထဲတွင် သူမပါချေ။ ရှောင်ရန်သည် ကိုယ်အရည်အချင်းကိုယ် ကောင်းစွာ သိသူဖြစ်ကာ သူသည် ဂျင်ဒီတားမြစ် နယ်မြေထဲမှ မိစ္ဆာ သားရဲ ရင်ဆိုင်နိုင်စွမ်း မရှိသေးကြောင်း သိသည်။

လောင်လုသည်လည်း ရင်ဆိုင်နိုင်စွမ်း ရှိမည်ဟု သူမထင်ပေ။ ဆရာဟု ခေါ်လိုက်ခြင်းမှာလည်း အငယ်တစ်ယောက် အနေဖြင့် လေးစားမှု ပြခြင်းသာ ဖြစ်သည်။ ထို့ပြင် လောင်လု၏ ကျင့်ကြံရေး အဆင့်သည် သူ့ထက် တစ်ဆင့်သာ မြင့်လေရာ အထင်ကြီးစရာများစွာ မရှိချေ။

အထူးသဖြင့် ဝူရုံမြို့၌ ဒုတိယအဆင့်နှင့် တတိယအဆင့် ဝိညာဉ်သခင်များသည် အောက်ဆုံး အဆင့်ထက် အနည်းငယ်သာ မြင့်သည်ဟု ပြောရပေလိမ့်မည်။

“ဒီ မြိုနံရံကို စောင့်ကြပ်ရတာ ကောင်းတဲ့ ကိစ္စလို့ မင်းမထင်ဘူးလား” လောင်လုထံမှ အသံထွက်လာသည်။

“ဘာလို့လဲ”

ရှောင်ရန် တစ်ဖန် ပြန်လည် မေးမြန်းလိုက်သည်။ ဝူရုံမြို့သည် ထောင်ချောက် တစ်ခုနှင့် ဆင်တူပြီး သိထားတာ များလေလေ အသက်ရှင်ခွင့် ရလေလေ ဖြစ်သည်။ လောင်လုသည် ဂုဏ်ယူစွာ ပြုံးလိုက်ကာ…

“ဒီ မြို့နံရံက ဂျင်ဒီတားမြစ် နယ်မြေနဲ့ နီးတော့ သိပ် အန္တရာယ်များတယ် ဆိုပေမယ့် ကောင်းတဲ့အရာလည်း ရှိပါသေးတယ်”

လောင်လု၏ ဆရာလုပ်လိုစိတ်သည် ပို၍ ပြင်းထန်လာသည်။

“ဒါနဲ့ မင်းသိထားရမှာက ငါဒီလျှို့ဝှက်ချက်ကို ပြောတာဟာ မင်းကို ခင်မင်လို့ပဲ”

“ဆရာလုရဲ့ ညွှန်ကြားပြသမှု အတွက် ကျေးဇူးတင်ပါတယ်ဗျာ”

ရှောင်ရန်သည် ယခုအချိန်ထိ အကျိုးအမြတ် တစ်စုံတစ်ရာ မရသေးသော်လည်း ရှေ့ရေးကို မျှော်တွေး၍ လောင်လု၏ အကြိုက်ကို ဆောင်ပေးနေသည်။ သို့မှသာ လျှို့ဝှက်ချက်ကို သိနိုင်မည် မဟုတ်ပါလော။

“ငါ တစ်ခါတလေ ဒီကနေ ခွန်အားကြီး မိစ္ဆာသားရဲတွေရဲ့ အော်ရာတွေကို ခံစားမိတယ်၊ ဒါက ငါတို့လို တတိယအဆင့် ဝိညာဉ်သခင်တွေ အတွက် လေ့ကျင့်မှု တစ်မျိုးပဲ” 

“ဒီလို အော်ရာတွေရဲ့ ဖိအားအောက်မှာ နေလာတာ ကြာလာတာနှင့်အမျှ မင်းရဲ့ အနာဂတ် ကျင့်ကြံရေး အဆင့်က ကျစ်လျစ် သိပ်သည်းလာပြီး အကျိုးအမြတ်တွေ ရနိုင်တယ်, ဘယ်လောက် ကောင်းလိုက်သလဲ” 

ရှောင်ရန်သည် လောင်လု၏ စကားကို ငြိမ်သက်စွာ နားထောင်နေသည်။ လောင်လုသည် မြို့စောင့် အခွင့်အရေးကို  ကျင့်ကြံခြင်းအတွက် အသုံးချနေခြင်း ဖြစ်သည်။ လောင်လုသည် လျှို့ဝှက်ချက်များသူ တစ်ယောက်ဖြစ်ပြီး စတုတ္ထအဆင့် ဝိညာဉ်သခင် တစ်ယောက်ကိုပင် သတ်ဖြတ်ခဲ့သည်ဟု ဆိုကြခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။

မိစ္ဆာ သားရဲများ၏ ပြင်းထန်သော အော်ရာ ဖိနှိပ်မှုအောက်တွင် နေသားကျနေသည့် လောင်လုကို စတုတ္ထ အဆင့် ဝိညာဉ်သခင် တစ်ယောက်၏ အော်ရာတိုက်ခိုက်မှုများက အကျိုးသက်ရောက်မှု ကြီးမားစွာ မဖြစ်ပေါ်စေသည်မှာ သဘာဝကျပေသည်။

ဤသို့တွေးမိသောအခါ ရှောင်ရန်သည် စိတ်ဓာတ် မကျတော့ဘဲ  အခွင့်အရေးကို အသုံးချရန် စိတ်ပိုင်းဖြတ် လိုက်သည်။ မိစ္ဆာ သားရဲများ၏ ဖိနှိပ်မှုအောက်တွင် ကျင့်ကြံရေး အဆင့်သည် ကြီးမားစွာ တိုးတက် လာနိုင်သေးသည်ပင်။

“ဒါနဲ့ စကားမစပ် ဂျင်ဒီတားမြစ်နယ်မြေထဲကနေ လူထွက်လာတာမျိုး မရှိဘူးလား ဆရာလု” 

ရှောင်ရန်သည် တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ ထပ်မံ မေးမြန်းလိုက်ပြန်သည်။

“ဝူရုံမြို့က ကျွမ်းကျင်သူတွေကရော ဂျင်ဒီတားမြစ် နယ်မြေထဲကို မဝင်ကြဘူးလား”

***

Comment

Leave a Reply

Options

not work with dark mode
Reset