Switch Mode

Chapter – 88

တိုက်ပွဲ ဝိညာဉ်၏ ထူးဆန်းမှုများ

အခန်း ၈၈
တိုက်ပွဲ ဝိညာဉ်၏ ထူးဆန်းမှုများ

ကမ္ဘာမြေတွင် ရှိစဉ်က လက်တည့် လေ့ကျင့်မှုအတွက် ထောင်ပေါင်း များစွာသော ကျည်ဆန်များကို လက်နက်မျိုးစုံဖြင့် နေ့စဉ်နှင့် အမျှ ပစ်ခတ်ရသည်။ ရက်ပေါင်းများစွာ မဆုတ်မနစ် လေ့ကျင့်ပြီးမှသာ ကျည်တစ်တောင့်ကို တည့်မတ်စွာ ပစ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခု ချီဝမ်နဂါး တစ်ထောင်ကျော်ကို ထိန်းချုပ်ရန် အတွက်လည်း ထိုနည်းလမ်းကိုပင် အသုံးချရသည်။ သင်သည် ယွမ်ဝိညာဉ် လေးခုကို ကောင်းစွာ ကိုင်တွယ်နိုင်လျှင် နောက်တစ်ခု ထပ်တိုးကာ ကိုင်တွယ် ကြည့်ရမည်ဖြစ်သည်။

ဝမ်ရှန်းသည် ဤနည်းလမ်းအတိုင်း လေ့ကျင့်နေခဲ့သည်။ တစ်ခုတည်းသော ကောင်းမွန်သည့် အရာမှာ ယွမ်ဝိညာဉ် နယ်မြေထဲမှ တောင်များသည် ဝိညာဉ်စွမ်းအင်ဖြင့် တည်ဆောက် ထားခြင်းဖြစ်ရာ ချီဝမ်နဂါးငယ်လေးသည် သေးငယ်သည့် အစိတ်အပိုင်း တစ်ခုကို ဝါးမျို လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းဝိညာဉ် စွမ်းအင်ကို ခန္ဓာကိုယ်နှင့် ပေါင်းစပ်ရန် အချိန် အနည်းငယ် ယူရသည်။

ထိုအခိုက်အတန့်တွင် ဝမ်ရှန်းသည် အခြား ချီဝမ်နဂါးငယ်များကို ထိန်းချုပ် နေလေရာ ဤနည်းဖြင့် ယွမ်ဝိညာဉ် များစွာကို ဟန်ချက်ညီစွာ ထိန်းချုပ် လာနိုင်သည်။ ဝမ်ရှန်း၏ သင်ယူ လေ့ကျင့်နိုင်စွမ်းသည် အလွန် မြင့်မားလှသည်ဟု ဆိုရပေလိမ့်မည်။

ဆယ်ရက်ခန့် ကြာသော် ယွမ်ဝိညာဉ် တစ်ထောင်ကျော်၏ တစ်ဝက်ခန့်ကို ကျင်လည်စွာ ထိန်းချုပ် လာနိုင်လေပြီ။ လဝက်ခန့်ကြာသော် ချီဝမ်နဂါး ၁၀၂၄ ကောင်လုံးကို တစ်ပြိုင်နက်တည်း ကိုင်တွယ် သွားနိုင်ခဲ့သည်။

ချီဝမ်နဂါး ၁၀၂၄ ကောင်လုံးကို ကိုင်တွယ် ထိန်းချုပ်ရသဖြင့်  အနည်းငယ် ခက်ခဲသော်လည်း အချိန်ကြာလာသည် နှင့်အမျှ ကျွမ်းကျင် လာလိမ့်မည်ဟု ကောင်းစွာ ယုံကြည်ထားသည်။ ချီဝမ်နဂါး ၁၀၂၄ ကောင်သည်  မြစ်ထဲမှ အသားစားငါး များသဖွယ် ရူးသွပ်၍ ရက်စက် ကြမ်းကြုတ်လှသည်။

စေလွှတ် လိုက်သည်နှင့် တစ်ပြိုင်နက် အုပ်စုလိုက် တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ကြပြီး တစ်ကြိမ် တိုက်ခိုက်ပါက တောင်ထိပ် တစ်ခုလုံးကို ဝါးမျိုနိုင်သည်။ ယခုဆိုလျှင် တောင်လတ်၏ အရွယ်အစားသည် ဆယ်ပုံတစ်ပုံခန့်ထိ လျော့ကျသွားပြီ ဖြစ်သည်။

၎င်းမှာလည်း ဝမ်ရှန်းသည် ယွမ်ဝိညာဉ်များကို ထိန်းချုပ်ရာ၌ မကျွမ်းကျင် သေးသောကြောင့် ဖြစ်သည်။ ကျင်လည်စွာ ကိုင်တွယ် လာနိုင်ပါက တောင်လတ် တစ်ခုလုံး ဝါးမျိုရန် အချိန်ကြာတော့မည် မဟုတ်ပေ။

လေ့ကျင့်နေစဉ် အတောအတွင်း ဝမ်ရှန်းသည် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ အထီးကျန် ဝံပုလွေထံမှ စုပ်ယူခဲ့သည့် ဝိညာဉ်စွမ်းအင် များသည် ဝမ်ရှန်း၏ ယွမ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်ရုံ သာမက သီးခြားနယ်မြေ တစ်ခုတွင်လည်း သိုလှောင် ထားနိုင်သေးသည်။

ဝမ်ရှန်း၏ ချီဝမ်နဂါးများသည် တောင်လတ်၏ အစိတ်အပိုင်းများကို ကိုက်ခဲဝါးမျို ပြီးနောက် ဖြည်းညင်းစွာ ကြီးထွားလာသည်။

ကြီးထွားလာသည်ဟု ဆိုသော်လည်း ခန္ဓာကိုယ် ကြီးထွားလာခြင်း မဟုတ်ဘဲ ခွန်အား တိုးပွားလာခြင်း ဖြစ်သည်။ အချိန်အတော်ကြာ ပိတ်ဆို့ ရပ်တန့်နေခဲ့သည့် ခွန်အားများသည် တဖြည်းဖြည်း တိုးမြှင့်လာကြောင်း ခံစားနေရသည်။ တောင်လတ်ကိုသာ အလုံးစုံ ဝါးမျိုနိုင်ပါက  ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲသည့် အလား တစ်ဟုန်ထိုး စီးဝင် လာပေလိမ့်မည်။

ဝမ်ရှန်းသည် ဝံပုလွေသားကို စား၍ အားဖြည့်လိုက်၊ ယွမ်ဝိညာဉ်များကို ထိန်းချုပ် လိုက်ဖြင့် တောင်လတ်ကို နည်းနည်းချင်းစီ ဝါးမျိုနေလေသည်။ ချီဝမ်နဂါးငယ် လေးများ၏ ခွန်အားသည်လည်း ဒီရေအလား တရိပ်ရိပ် တိုးလာကာ တောင်လတ်၏ အရွယ်အစားသည် တစ်နေ့တခြား သေးငယ်လာသည်။

ယွမ်ဝိညာဉ်များ၏ ခွန်အား ကြီးလာလေလေ တောင်၏ အရွယ်အစား သေးလေလေ ဖြစ်ကာ အဖြစ်အပျက်များသည် ပို၍ လျင်မြန်ကာ အသက်ဝင် သဘာဝ ကျလာသည်။ ယွမ်ဝိညာဉ်ကို စတင် ခွဲထုတ်ခြင်းမှ မနေ့အချိန်ထိ တိုက်ပွဲ ဝိညာဉ်သည် ယွမ်ဝိညာဉ် နယ်မြေ၏ ထောင့်၌ တိတ်တဆိတ် လေ့လာနေခဲ့လျက် ဝမ်ရှန်း၏ လုပ်ရပ်များကို အကဲခတ် စူးစမ်းနေခဲ့သည်။

ဝမ်ရှန်းသည် ယွမ်ဝိညာဉ်ကို တစ်ထောင်ကျော် အထိ ခွဲထုတ်ခြင်းမှ ၎င်းတစ်ထောင်ကျော်လုံးကို ပြန်လည် ထိန်းချုပ် နိုင်သည်အထိ  ဖြစ်စဉ် တစ်ခုလုံးအား တိုက်ပွဲဝိညာဉ်၏ စူးစမ်းမှု အောက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အရာအားလုံး စူးစမ်းပြီးနောက် တိုက်ပွဲ ဝိညာဉ်သည် ငြိမ်သက် နေရာမှ ရုတ်တရက် လှုပ်ရှားလာသည်။ ဝမ်ရှန်းမှာ သူလေ့ကျင့်နေသည့် အတောအတွင်း တိုက်ပွဲ ဝိညာဉ်ကို သတိမထားမိခဲ့ဘဲ ယွမ်ဝိညာဉ် ခွဲထုတ်ခြင်းအား တိုက်ပွဲ ဝိညာဉ်သည် စိတ်ဝင်စားခြင်း မရှိဟု ယူဆထားခဲ့သည်။

တိုက်ပွဲဝိညာဉ်သည် ယွမ်ဝိညာဉ် နယ်မြေထဲမှ ချီဝမ်နဂါး များစွာကို စူးစိုက် ကြည့်နေသည်။ ထို့နောက် ဝမ်ရှန်း၏ မျက်စိအောက်မှာပင် ဝမ်ရှန်း၏ မူလချီဝမ်နဂါး အတိုင်း အလယ်ဗဟိုမှ ဖြည်းညင်းစွာ ပါးလျလာပြီး ခါးမှစ၍ ပြတ်ထွက် သွားလေသည်။

ထို့နောက် လိုအပ်သည့် အစိတ်အပိုင်းများ ပြန်ထွက်လာကာ တိုက်ပွဲဝိညာဉ် နှစ်ခု ဖြစ်သွားသည်။ တစ်ခဏမျှ ကြာသော် ချီဝမ်နဂါး နှစ်ကောင် ပေါင်းစပ်သည့်အတိုင်း ချောမွတ်စွာ ပြန်လည် ပေါင်းစည်း သွားပြန်သည်။

ဝမ်ရှန်းသည် ဤမြင်ကွင်းကြောင့် ကြက်သေ သေသွားသည်။ သူ၏ နည်းလမ်းများသည် တိုက်ပွဲဝိညာဉ် အတွက် ဉီးဆောင်လမ်းပြ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော်လည်း တိုက်ပွဲဝိညာဉ် ယခု တတ်ကျွမ်းထားသည့် လက်ဝှေ့နည်းလမ်း၊ သိုင်းပညာ၊ တိုက်ခိုက်ရေး နည်းလမ်းများ စသည်တို့ကိုလည်း သူကိုယ်တိုင်ပင် လမ်းပြထားခြင်းဖြစ်ရာ အံ့သြစရာတော့ သိပ်မရှိပေ။

ယွမ်ဝိညာဉ် ခွဲထုတ်ခြင်းသည်လည်း ထိုသဘောအတိုင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤဖြစ်စဉ်သည် ဝမ်ရှန်းအတွက် ကောင်းမွန်သည့် အရာသာ ဖြစ်သည်။ တိုက်ပွဲဝိညာဉ် တစ်ခုက အခြားကိစ္စများကို ပြုလုပ်နေစဉ် ကျန် တိုက်ပွဲဝိညာဉ်များကို အားကိုး၍ရသည်။

သစ်ပင်အောက်တွင် ဝံပုလွေ တစ်ကောင် ရောက်လာခြင်းကို မသိလိုက်သည့် အဖြစ်မျိုး မရှိနိုင်တော့ပေ။ တိုက်ပွဲဝိညာဉ်သည် ဂျင်ဒီတားမြစ် နယ်မြေမှ လွဲ၍ အခြား နေရာများတွင် သတိပေးချက် မထုတ်ပေးသည်မှာ ထူးဆန်းလှသည်။ ဂျင်ဒီတားမြစ် နယ်မြေ တစ်ခုတည်းတွင်သာ အန္တရာယ်ကို ကြိုတင် အာရုံခံနိုင်ခြင်းဖြစ်ပြီး အကြောင်းရင်းကို သူမသိပေ။

ထိုအခိုက်အတန့်တွင် တိုက်ပွဲ ဝိညာဉ်သည် ဒုတိယအကြိမ် ခွဲထုတ် လိုက်ပြန်သည်။ ခွဲထုတ်ပြီးနောက် နှစ်ယောက်လုံးသည် တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက် နေကြပြီး ဝမ်ရှန်းအား အံ့အားသင့် စေခဲ့သည်။

တိုက်ပွဲ ဝိညာဉ်နှစ်ခုသည် စုန့်လောင်ယုနှင့် ဝမ်ရှန်း၏ တိုက်ပွဲကို ပြန်လည် ပုံဖော်နေကြခြင်း ဖြစ်သည်။ ဤမြင်ကွင်းကြောင့် ဝမ်ရှန်းသည် သူ၏ လိုအပ်ချက်များနှင့် ရန်သူ၏ လိုအပ်ချက်များကို ရှင်းလင်းစွာ မြင်တွေ့နေရပြီး အနာဂတ်တိုက်ပွဲ အရည်အချင်းကို တိုးမြှင့် နိုင်လာမည် ဖြစ်သည်။

တိုက်ပွဲ ဝိညာဉ်နှစ်ခုသည် တစ်ခဏမျှ တိုက်ခိုက် ပြီးနောက် ပြန်လည် ပေါင်းစပ် သွားသည်။ ထို့နောက် ခွဲထုတ်လိုက်၊ ပေါင်းစပ်လိုက် လုပ်နေပြီး  အချိန်အတော်ကြာ လေ့ကျင့်နေသည်။ အဆုံးတွင် ရှစ်ခုအဖြစ် ခွဲထုတ်နိုင်သွားပြီး ရှစ်ခုတွင် ရပ်တန့်သွားသည်။

ထို့နောက် ဝမ်ရှန်း၏ ယွမ်ဝိညာဉ် နယ်မြေထဲမှ ဝိညာဉ်စွမ်းအင် များကို စတင် စုပ်ယူကြလေသည်။ ဝမ်ရှန်းသည် တိုက်ပွဲဝိညာဉ်မှာ ဝိညာဉ်စွမ်းအင်များ စုပ်ယူနေသည်ကို ကြည့်ကာ လန့်ဖျပ် သွားရသည်။

သို့ရာတွင် အသေအချာ စစ်ဆေး ကြည့်ပြီးနောက် တိုက်ပွဲဝိညာဉ်၏ စုပ်ယူနှုန်းသည် နှေးကွေးလွန်းလှပြီး ဝမ်ရှန်း၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းအင်ကို ထိခိုက်မှု မရှိသဖြင့် စိတ်သက်သာရာ ရသွားသည်။

တိုက်ပွဲ ဝိညာဉ်သည် ဝမ်ရှန်းအတွက် ဆရာတစ်ဉီးနှင့် တူသည်။ အမျိုးမျိုးသော တိုက်ကွက်များကို ပိုမို ကောင်းမွန် လာအောင် လုပ်နိုင်ရုံသာမက ဝမ်ရှန်း၏ ယွမ်ဝိညာဉ် အတွက်လည်း များစွာ ကူညီပေးခဲ့သေးသည်။

ယခု ရုတ်တရက် ဝိညာဉ်စွမ်းအင်များ စုပ်ယူနေခြင်းမှာလည်း  ရှစ်ခု ခွဲထုတ် လိုက်ရသဖြင့် ခွန်အားများ ပြန်လည် ဖြည့်တင်းလို၍ ဖြစ်ပုံရလေသည်။ ဝမ်ရှန်း ကိုယ်တိုင်လည်း အကြောင်းရင်းကို အတိအကျ မပြောတတ်ပေ။

ဂျင်ဒီတားမြစ် နယ်မြေထဲတွင် တစ်လခန့် ကျင့်ကြံခဲ့ပြီးနောက် ဝမ်ရှန်း ဆုံးဖြတ်ချက် တစ်ခု ချလိုက်လေသည်။ ချီဝမ်နဂါးသည် တောင်လတ်ကို အလုံးစုံ ဝါးမျိုပြီးသည်နှင့် တစ်ပြိုင်နက် ဝူရုံမြို့သို့ ထွက်ခွာရန်ပင်။

ဝူရုံမြို့သည် အလွန်အမင်း မကြီးမားလှချေ။ ရှန်းလင်မြို့နှင့် လင်ချွမ်းမြို့များထက် အနည်းငယ် ကြီးမားရုံသာ ရှိသည်။ အဓိက မြို့တော်ဟု ဆိုနိုင်သော်လည်း အင်ပါယာ မြို့တော်ထက် အနည်းငယ် အဆင့်နိမ့်သည်။

အင်အားစု အသီးသီး အခြေချထားသည့် အဓိက မြို့ကြီး အသီးသီးနှင့်  မတူသည်မှာ ၎င်းမြို့ကြီးများသည် အနည်းဆုံး လူဉီးရေ တစ်သန်းခန့် ရှိကြပြီး လူချမ်းသာများ၊ သူကြွယ်များ  စိတ်ရှိသလို ဝင်ထွက် သွားလာနိုင်ကြသည်။

ဝူရုံမြို့မှာမူ ထိုသို့မဟုတ်ပေ။ ပထမဆုံး အနေဖြင့် ချမ်းသာကြွယ်ဝမှု မရှိခြင်းဖြစ်ကာ တစ်မြို့လုံး၌ သာယာဝပြောခြင်းကို မြင်တွေ့ရမည် မဟုတ်ပေ။ တစ်မြို့လုံး၌ ပြင်ပကမ္ဘာနှင့် ဆက်သွယ်နိုင်သူ ဟူ၍ စီးပွားရေး လုပ်ငန်းကြီးများ လုပ်ကိုင်နေသည့် ပေါင်ချင်ယုတန်နှင့် တော်ဝင် ရတနာစံအိမ် သာရှိပြီး ဤစီးပွားရေး လုပ်ငန်းနှစ်ခုသည် ဝူရုံမြို့၌ အကြီးဆုံး ဖြစ်သည်။

စျေးဆိုင်ငယ်များစွာ ရှိသော်လည်း  ဝူရုံမြို့မှ လူများ ဖွင့်ထားခြင်း ဖြစ်ကာ ရောင်းချသည့် ထုတ်ကုန်များ စုံလင်ခြင်း မရှိချေ။ ဝူရုံမြို့မှ လူများအတွက် ဘဝသည်  အခြားမြို့များမှ လူများသဖွယ် ပျော်ရွှင်စရာ မကောင်းလှပေ။

အခြေခံအားဖြင့် ကျင့်ကြံခြင်းနှင့် ငွေကြေး ရှာဖွေရခြင်းသာ ရှိပြီး နေထိုင် ရသည်မှာလည်း ပြင်ပ ကမ္ဘာထက် ပို၍ စိတ်ကျဉ်းကျပ်ဖွယ် ကောင်းသည်။ သို့ရာတွင် မည်မျှပင် ဖိအားများနေပါစေ အသက်ရှင် နေရသည်ကပင် ကောင်းချီးတစ်ခု မဟုတ်ပါလော။

ဝူရုံမြို့မှ လူတိုင်း ဤသို့ တွေးထားကြသည်။ ဝူရုံမြို့တွင် မြို့နံရံတစ်ခု ရှိသော်လည်း မြို့နံရံသည် မထူထဲဘဲ မြင့်မားရုံသာ ရှိသည်။ တစ်စုံတစ်ယောက်ကသာ ဝင်လို ထွက်လိုပါက  မြို့နံရံက တားဆီးနိုင်စွမ်း မရှိပေ။

ဆိုရလျှင် မြို့နံရံသည် ဟန်ပြသာဖြစ်လေသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset