အခန်း ၈၇
ယွမ်ဝိညာဉ် ပြောင်းလဲခြင်းများ
ဝံပုလွေသားသည် အမှန်အားဖြင့် အရသာ မရှိလှသော်လည်း စားစရာမရှိသည့် အခြေအနေမျိုး၌ အမှန်တကယ် ကောင်းမွန်ပေသည်။ ဝမ်ရှန်းတွင် ဤကမ္ဘာမှ ဝယ်ယူထားသည့် ဟင်းခတ် အမွှေးအကြိုင်များ ပါလာခဲ့သည်။ ဟင်းခတ် အမွှေးအကြိုင်များနှင့် ပြင်ဆင်မွမ်းမံ လိုက်ပြီးနောက် ကမ္ဘာပေါ်မှ အရသာရှိ အစားအသောက် များနှင့် မယှဉ်နိုင်သော်လည်း အရသာ ရှိသည်ဟုတော့ ပြော၍ ရနိုင်သေးသည်။
တစ်ခုတည်းသော အားသာချက်မှာ စတုတ္ထ အဆင့် အဆိပ်တစ်ထောင် မြွေဟောက်သားနှင့် မိုးနှင့် မြေလို ကွာခြားနေခြင်း ဖြစ်သည်။
ဝမ်ရှန်းသည် အဆိပ်တစ်ထောင် မြွေဟောက်သား များစွာကို စားပြီးနောက် ရက်အနည်းငယ် လေ့ကျင့်ယူရမည့် ဝိညာဉ်စွမ်းအင်များကို တစ်ခါတည်း ရရှိခဲ့သည်။ ယခု ဝံပုလွေသားမှာမူ တစ်ကိုက် ကိုက်လိုက်ရုံဖြင့် အဆိပ်တစ်ထောင် မြွေဟောက်သားများစွာ စားပြီးမှ ရခဲ့သည့် ဝိညာဉ်စွမ်းအင် ပမာဏကို ရရှိလိုက်သည်။
ဝိညာဉ်စွမ်းအင် များသည် ခန္ဓာကိုယ်ထဲသို့ တိုးဝင် စီးဆင်းလာလျက် ယွမ်ဝိညာဉ် နယ်မြေထဲသို့ ဝင်ရောက်သွားသည်။ ဝံပုလွေသား တစ်ကိုက်တည်းကပင် တစ်ကိုယ်လုံးကို နွေးထွေးသွားစေကာ ရှစ်ခုခွဲထားသည့် ယွမ်ဝိညာဉ် ချီဝမ်နဂါး ရှစ်ကောင်သည် ဝိညာဉ်စွမ်းအင်များကို အငမ်းမရ စုပ်ယူလိုက်ကြသည်။
“ကောင်းလိုက်တာ”
ဝမ်ရှန်းသည် အထီးကျန် ဝံပုလွေကို သတ်ပြီးနောက် အကြိမ်ပေါင်း မည်မျှ ဤသို့ ရေရွတ်ပြီးကြောင်း မသိပေ။
ဝံပုလွေ သားကင်ကို အားပါးတရ စားသောက် လိုက်ပြီးနောက် တစ်ကိုယ်လုံးအား ဝိညာဉ်စွမ်းအင်ဖြင့် ဆေးကြော ခံလိုက်ရသည့်နှယ် ခံစားနေရသည်။ ခန္ဓာကိုယ်သည် အလွန်အမင်း သက်သောင့်သက်သာ ဖြစ်လာသည်။
အထီးကျန် ဝံပုလွေကို သတ်ဖြတ် နိုင်ခဲ့ခြင်းနှင့် ဝံပုလွေထံမှ ရရှိခဲ့သည့် အကျိုး ကျေးဇူးများသည် ဂျင်ဒီတားမြစ် နယ်မြေထဲတွင် ရက်များစွာ ဒုက္ခ ခံခဲ့ရခြင်းအတွက် ထိုက်တန်သည့် ရလဒ်များ ဖြစ်ကြသည်။
အတိအကျ ဆိုရလျှင် ထိုက်တန်သည်ထက် ပို၍ပင် များပြား နေသေးသည်။ ဝံပုလွေ သားကင်ကို အဝစားပြီးနောက် သစ်ခေါင်းအိမ်ထဲသို့ ပြန်ဝင်သည်။
ထို့နောက် လိုအပ်သည်များကို ပြင်ဆင်ကာ ယွမ်ဝိညာဉ် လေ့ကျင့်မှုများ ပြုလုပ်လေသည်။ သစ်ခေါင်းအိမ်သည် လုံခြုံ၍ အကာအကွယ် ကောင်းသည်။ အစားအစာအတွက် ဝံပုလွေ တစ်ကောင်လုံး ရှိနေသေးသည်။
တစ်ခုတည်းသော ပျောက်ဆုံး နေသည်မှာ ရေဖြစ်သည်။ သို့ရာတွင် တောတောင်ထဲ၌ ဝမ်ရှန်းအတွက် ရေမရှားပေ။
ဉီးထုပ်ကို ပြောင်းပြန်လှန်ကာ သစ်ရွက်များစွာ ရှိသည့် သစ်ကိုင်းထက်တွင် တစ်ညခန့် ချိတ်ဆွဲ ထားလိုက်ပါက ရေရလာမည် ဖြစ်သည်။ တောအုပ်ထဲတွင် စိုစွတ်မှု အမြဲတမ်းရှိပြီး တစ်ညကြာပြီးနောက် သူလိုအပ်သည့် ရေပမာဏကို ရရှိလာပေလိမ့်မည်။
အရာအားလုံး အဆင်သင့် ပြင်ပြီး ကျင့်ကြံရေး စတင်လေပြီ။ ချီဝမ်နဂါးသည် ယခုအခါ ရှစ်ကောင် ဖြစ်နေသော်လည်း ဝမ်ရှန်းသည် အချိန်တိုအတွင်း တစ်ကောင်တည်းအဖြစ် ပြန်မပေါင်းရဲသေးပေ။
ယခုလက်ရှိ အခြေအနေအရ ချီဝမ်နဂါး တစ်ကောင်ချင်း စီတိုင်းသည် ဝိညာဉ်စွမ်းအင် များကို အကန့်အသတ်သို့ ရောက်အောင် စုပ်ယူထားသည်ဖြစ်ရာ ပေါင်းစပ် လိုက်သည်နှင့် တစ်ပြိုင်နက် ပေါက်ကွဲ သွားနိုင်သည်။
သူသည် ယွမ်ဝိညာဉ်နှင့် ပတ်သက်၍ များစွာ မသိသော်လည်း အဆင့်နိမ့် အမှားမျိုးကိုတော့ ရှောင်ရှား နိုင်သေးသည်ပင်။
တစ်ခုရှိသည်မှာ ချီဝမ်နဂါး ရှစ်ကောင်သည် ဝိညာဉ်စွမ်းအင် အမြောက်အမြား စုပ်ယူ ထားသော်လည်း ဝမ်ရှန်းသည် သူ့ခွန်အားများ တိုးလာသည်ဟု မခံစားရပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ကိုယ်ပိုင် ယွမ်ဝိညာဉ် ချီဝမ်နဂါးသည် တောင်များကို မျိုမချနိုင်သေးဘဲ ကျင့်ကြံရေးအဆင့် ရပ်တန့် နေသောကြောင့် ဖြစ်သည်။
ချီဝမ်နဂါးကို ခွဲထုတ်လိုက်ခြင်းသည် ချီဝမ်နဂါး၏ အရွယ်အစားကို သေးငယ်စေကာ ဝါးမျိုနည်းလမ်းကို သုံး၍ ကျန်ရှိနေသေးသည့် တောင်နှစ်လုံးကို ဝါးမျိုခိုင်းရန် ဖြစ်သည်။
ဆိုရလျှင် သူ၏ ချီဝမ်နဂါးသည် တောင်၏ အစိတ်အပိုင်း ငယ်လေးများကို တစ်ကိုက်ချင်းစီ ဝါးမျိုရန် အတွက် သွားများမှာ ကြီးလွန်းနေပြီး တစ်ဖက်တွင်လည်း တစ်တောင်လုံးကို တစ်ကိုက်တည်းဖြင့် ဝါးမျိုနိုင်စွမ်း မရှိပေ။
ယခု မူလအရွယ်အစားနှင့် တူညီသည့် ချီဝမ်နဂါး ရှစ်ကောင်ကို ရရှိလာပြီးနောက် ဝမ်ရှန်း အတွက် ခေါင်းခဲစရာ ကိစ္စတစ်ခု ဖြစ်လာလေသည်။
သူသည် ယွမ်ဝိညာဉ်ကို လုံလောက်သော ပမာဏအထိ ခွဲထုတ်၍ အရေအတွက်ကို အားကိုးကာ တောင်ကို ဝါးမျိုရမည် ဖြစ်သည်။ ပြဿနာမှာ ချီဝမ်နဂါး နှစ်ကောင်ကို ထိန်းချုပ်ရန်ကပင် ဝမ်ရှန်းအတွက် ခက်ခဲနေပြီ ဖြစ်သည်။
ယခုမူ ချီဝမ်နဂါး ရှစ်ကောင် ဖြစ်လာလေရာ ထိန်းချုပ်ရန် ပို၍ ခက်ခဲလာသည်။ ကံကောင်းစွာပင် ဝမ်ရှန်းသည် လောဘကြီးသူ မဟုတ်သဖြင့် ချီဝမ်နဂါး ရှစ်ကောင်လုံးကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ရန် ဆန္ဒမရှိချေ။
ချီဝမ်နဂါး တစ်ကောင်ကိုသာ အာရုံစိုက်၍ ခွဲထုတ်ရန် စိတ်ပိုင်းဖြတ်ထားပြီး တဖြည်းဖြည်း လေ့ကျင့်ယူသွားရန် ဆုံးဖြတ်ထားသည်။
စစ်တပ်ထဲတွင် စစ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်စဉ်ကလည်း သူသည် အောင်မြင်မှုကို ရရှိရန် အလျင်မလိုခဲ့ပေ။ ဖြည်းဖြည်း မှန်မှန် လေ့ကျင့်ခြင်းကသာ စစ်မှန်သော အောင်မြင်မှုထံ ခေါ်ဆောင် သွားပေးတတ်ကြောင်း ကောင်းစွာ ယုံကြည်ခဲ့သူ ဖြစ်သည်။
ချီဝမ်နဂါး တစ်ကောင်တည်းကို ခွဲထုတ်ရာ၌ သူသည် များစွာ ကျွမ်းကျင်နေပြီဖြစ်ရာ များမကြာမီ ချီဝမ်နဂါး ရှစ်ကောင်ထဲမှ တစ်ကောင်သည် နှစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
သို့ရာတွင် ထို ချီဝမ်နဂါး နှစ်ကောင်မှာလည်း ကြီးမားနေဆဲဖြစ်ကာ ထပ်မံ ခွဲထုတ် လိုက်ရပြန်သည်။ ငါးကြိမ် တိတိ ခွဲထုတ်ပြီးနောက် မူလအရွယ်အစား၏ ဆယ့်သုံးပုံ တစ်ပုံ အရွယ်အစားသာ ကျန်ခဲ့တော့သည်။
ဝမ်ရှန်းသည် ထို ဆယ့်သုံးဆ သေးသည့် ချီဝမ်နဂါးငယ်ကို ထိန်းချုပ်ကာ အလယ်အလတ်အဆင့် တောင်ထံ လျင်မြန်စွာ ချဉ်းကပ်သွားပြီး ဧရာမ တောင်ကြီး၏ ထောင့်စွန်းလေးကို ကိုက်လိုက်သည်။
ချီဝမ်နဂါးငယ်လေးသည် လက်မဝက်ခန့် အရွယ်အစားရှိသည့် ထောင့်လေးကို ကိုက်ကာ ချက်ချင်း မျိုချလိုက်သည်။
ဝမ်ရှန်းသည် ဤမြင်ကွင်းကြောင့် အလွန် ပျော်ရွှင်သွားသည်။ မည်သို့ပင် ဖြစ်စေ သူ၏ နည်းလမ်းများမှာ တိုးတက်မှု ရှိလာလေပြီ။
သို့ရာတွင် ဆယ့်သုံးဆ သေးသည့် ချီဝမ်နဂါးသည် ကိုက်ခံလိုက်ရသည့် ထောင့်စွန်းလေးကို ဝါးမျိုရန်အတွက် ကြီးမားလွန်း နေသေးသည်ကို တွေ့ရှိလိုက်ရပြီး ခန္ဓာကိုယ်ကို မည်မျှ လှုပ်ယမ်းနေပါစေ ကိုက်ခဲထားသည့် အစိတ်အပိုင်းကို မျိုမချနိုင်ခဲ့ပေ။
ဝမ်ရှန်းသည် စိတ်ပျက်သွားခြင်း မရှိဘဲ ၎င်း ချီဝမ်နဂါးငယ်ကို ထပ်မံ ခွဲထုတ်လိုက်သည်။ ခြောက်ဆယ့်လေးဆ သေးသည့် အရွယ်အစားထိ ခွဲထုတ်သော်လည်း မျိုမချနိုင်သေးသဖြင့် ထပ်မံ ခွဲထုတ်ရပြန်သည်။
အဆုံးတွင် မူလအရွယ်အစားထက် ၁၂၈ ဆ သေးငယ်သည့် ချီဝမ်နဂါးသည် တောင်လတ်၏ ထောင့်စွန်းကို ကိုက်စား ဝါးမျို နိုင်သွားလေသည်။ ဝမ်ရှန်းသည် ဝမ်းသာလုံးဆို့ကာ ဆက်လက် ကြိုးစားနေသည်။
ချီဝမ်နဂါးသည် ခြေဖဝါးခန့်သာ ရှိသဖြင့် ဝါးမျိုနိုင်သည့် ပမာဏမှာ အလွန် သေးငယ်သော်လည်း ပြဿနာမရှိပေ။ အရေအတွက် များလာသည်နှင့် တစ်ပြိုင်နက် တောင်ကို တစ်ခဏအတွင်း ဝါးမျိုနိုင်ပေလိမ့်မည်။
အချိန်သည် တစ်ရက်နှင့် တစ်ည ကုန်ဆုံးသွားပြီးဖြစ်ရာ အနားယူလိုက်သည်။ စားသောက်ပြီးနောက် အရွယ်အစား ကြီးမားနေသည့် ချီဝမ်နဂါးများကို ဆက်လက် ခွဲထုတ်နေသည်။ မည်သည့် ချီဝမ်နဂါးပင် ဖြစ်စေကာမူ အရွယ်အစားသည် အသေးငယ်ဆုံးသော ချီဝမ်နဂါးထက် ပို၍ ကြီးမားနေပါက ချက်ချင်း ခွဲထုတ်ခံရမည် ဖြစ်သည်။
လေ့ကျင့်မှုသည် ပြီးပြည့်စုံခြင်းကို ဖြစ်ပေါ်စေတတ်သည်။ ယွမ်ဝိညာဉ် ကမ္ဘာတွင်လည်း ဤသဘောတရားအတိုင်း ဖြစ်ကာ ဝမ်ရှန်းသည် ချီဝမ်နဂါး နှစ်ကောင်ကို တစ်ပြိုင်နက်တည်း ခွဲထုတ်ရန် ကြိုးစားကြည့်လိုက်သည်။
သုံးရက် ကြာပြီးနောက် ဝမ်ရှန်းသည် မူလ ချီဝမ်နဂါး ရှစ်ကောင်ကို ၁၂၈ ခုအထိ ခွဲထုတ်လိုက်လေပြီ။
ဤသုံးရက်အတွင်း ယွမ်ဝိညာဉ် ခွဲထုတ်ခြင်းကို ပို၍ ကျင်လည်လာကာ ချီဝမ်နဂါး ရှစ်ကောင်လုံးကို တစ်ပြိုင်နက်တည်း ထိန်းချုပ် ခွဲထုတ်နိုင်နေပြီ ဖြစ်သည်။ ချီဝမ်နဂါး စုစုပေါင်း ၁၀၂၄ ကောင် ရရှိလာချိန်တွင် ဝမ်ရှန်း၏ ယွမ်ဝိညာဉ် နယ်မြေသည် တစ်ချက်ကြည့်ရုံဖြင့် တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေသော အသားစား ငါးအုပ်စုသဖွယ် ဖြစ်နေလေသည်။
ထို့နောက်တွင် သူသည် ချီဝမ်နဂါး ၁၀၂၄ ကောင်ကို စတင် ထိန်းချုပ်၍ တောင်လတ်ကို တိုက်ခိုက် ဝါးမျိုစေသည်။
မူလတွင် ချီဝမ်နဂါး တစ်ကောင်သာ ထိန်းချုပ် နိုင်သော်လည်း အဆင့်ဆင့် လေ့ကျင့်ပြီးနောက် ချီဝမ်နဂါး လေးကောင်အား တောင်ကို ကိုက်စားရန် တစ်ပြိုင်နက်တည်း အမိန့်ပေး နိုင်လာသည်။
ယွမ်ဝိညာဉ်ပေါင်း ၁၀၂၄ ခုအနက် လေးခုသာ ထိန်းချုပ် နိုင်ခြင်းသည် စိတ်ပျက်အားလျော့ဖွယ် အတိ ဖြစ်နေသော်လည်း ဝမ်ရှန်းမှာမူ ဖြည်းဖြည်း မှန်မှန် လေ့ကျင့်၍ ချီဝမ်နဂါး ၁၀၂၄ ကောင်လုံးကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ကာ တောင်လတ်၊တောင်ကြီးများကို ဝါးမျိုရန် အားခဲထားလေသည်။
တစ်ဖက်တွင်လည်း ဝမ်ရှန်းသည် ယွမ်ဝိညာဉ်ကို တစ်ထောင်ကျော်အထိ ခွဲထုတ်ထားသော်လည်း သူ၏ ကျင့်ကြံရေးအဆင့် နိမ့်သွားသည်ဟု မခံစားရပေ။
အထူးသဖြင့် ခန္ဓာကိုယ် အင်အား ပြောင်းလဲမှု မရှိသကဲ့သို့ အပ်စိုက်မှတ် နှစ်ခုသည်လည်း အတူတူပင် ဖြစ်သည်။
ထို့ကြောင့် ဝိညာဉ်စွမ်းအင် စုပ်ယူမှုသည် လျော့ကျသွားခြင်း မရှိပေ။ ဤသို့ဖြင့် ဝမ်ရှန်းသည် ရှေ့ဆက်ရန် ယုံကြည်ချက်များ ပိုမို ခိုင်မာလာသည်။
ဤဖြစ်စဉ်အတွက် အဓိက ကျေးဇူးတင်ရမည့် သူသည် အထီးကျန် ဝံပုလွေဖြစ်ကာ ၎င်း၏ သေဆုံးမှုကြောင့် ခွဲထုတ်ရန် လိုအပ်သည့် ဝိညာဉ် စွမ်းအင်များစွာ ရရှိခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ဝမ်ရှန်း၏ ပန်းတိုင်သည် ယွမ်ဝိညာဉ်ကို ခွဲထုတ်ရန်သာ မဟုတ်ဘဲ တောင်ကို ဝါးမျိုရန် ဖြစ်သည်။ ဤအတောအတွင်း အခြေခံအားဖြင့် ဝမ်ရှန်း နားလည် လိုက်သည်မှာ ကျင့်ကြံရေး အဆင့်သည် ရပ်တန့် ပိတ်ဆို့နေပါက ခွန်အားပြင်း မိစ္ဆာ သားရဲတစ်ကောင်ကို သတ်ကာ အောင်မြင်မှု ရယူရန်ဖြစ်သည်။
***