Switch Mode

Chapter – 86

အထီးကျန် ဝံပုလွေသိုက်(၁)

အခန်း ၈၆
အထီးကျန် ဝံပုလွေသိုက်(၁)

အဝင်ပေါက်သည် မိစ္ဆာသားရဲများ အကြိမ်ပေါင်းများစွာ ဝင်ရောက် ထားသည့်အလား မြေပြင်ထက်တွင် ခြေရာများစွာ ရှုပ်ပွေနေသည်။ ဤသစ်ခေါင်းပေါက်သည် အထီးကျန် ဝံပုလွေ၏ အသိုက်ဖြစ်ကြောင်း ဝမ်ရှန်း ချက်ချင်း နားလည်သွားသည်။

မိစ္ဆာ သားရဲတစ်ကောင်သည် မည်မျှ ခွန်အားကြီးနေပါစေ တိရစ္ဆာန် တစ်ကောင်သာ ဖြစ်သည်။ ဒဏ်ရာ အပြင်းအထန် ရပြီးနောက် ပထမဆုံး ပြုလုပ်သည့် အရာမှာ အသိုက်သို့ ပြန်လာခြင်းပင်။ အထီးကျန် ဝံပုလွေ သည်လည်း ထိုနည်းတူဖြစ်ကာ နာကျင်မှုကို အံတုလျက် အသိုက်ရှိရာသို့ ပြန်လာနိုင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

ဆဌမအဆင့် မိစ္ဆာ သားရဲ။

ဝမ်ရှန်း၏ စိတ်ထဲတွင် ဤအတွေး ဝင်လာသည်နှင့် တစ်ပြိုင်နက် စိတ်အား တက်ကြွလာသည်။ ဤကမ္ဘာတွင် ဆဌမအဆင့် ဝံပုလွေ တစ်ကောင်၏ အသိုက်ကို ထိတွေ့နိုင်သူ မည်မျှ ရှိမည်နည်း။ အသိုက်နား မရောက်ခင်မှာပင် အသက်နှင့် ခန္ဓာ အိုးစားကွဲ သွားနိုင်သည်။

ရှန်းလင်မြို့၊ လင်ချွမ်းမြို့၊ ပေါင်ချင်ယုတန်နှင့် တော်ဝင်ရတနာ စံအိမ်များတွင် ရောင်းချသည့် မိစ္ဆာသားရဲနှင့် ပတ်သက်သည့် ရတနာပစ္စည်းများသည် စတုတ္ထ အဆင့်ထက် မပိုချေ။

ဝံပုလွေ သိုက်ထဲ၌ တန်ဖိုးကြီး ပစ္စည်းများ မရှိလျှင်တောင် ဝံပုလွေ အလောင်း တစ်ခုတည်းကပင် ရွှေဒင်္ဂါးများစွာ ရရှိနိုင်ပေသည်။ ဆဌမအဆင့် သားရဲတစ်ကောင်၏ အသားသည် ဝိညာဉ်စွမ်းအင် ထောက်ပံ့မှုအတွက် သေချာပေါက် စျေးကောင်း ရနိုင်သည်။

မြားဖြင့် တိုးမပေါက်သည့် အရေခွံ၊ ချွန်မြသည့် သွားစွယ်များ တစ်ခုချင်းစီတိုင်းကို ချောမွတ်အောင် ပြုလုပ်၍ ပုံဖော်ပါက  အဆင့်မြင့် လက်နက်များ ထုတ်လုပ်နိုင်သည်။

ဆဌမအဆင့် သားရဲတစ်ကောင်၏ သွားများဖြင့် ပြုလုပ်ထားသည် ဟုသာဆိုပါက စျေးနှုန်းမည်မျှ မြင့်မားနေပါစေ အလုအယက် ဝယ်ယူကြမည်သာ ဖြစ်သည်။

ဝမ်ရှန်းသည် ခန္ဓာကိုယ်မှ နာကျင်မှုများ သက်သာ သွားစေရန်  အနားယူနေသည်။ ထို့နောက် ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ပတ်ပတ်လည် တစ်ဝိုက်တွင် အန္တရာယ်ရှိမရှိ စစ်ဆေးပြီးမှ အထီးကျန် ဝံပုလွေသိုက်ထဲသို့ ဆင်းသက် လာခဲ့သည်။

ဝံပုလွေသိုက် အတွင်း၌ မှောင်မိုက် နေသော်လည်း ဝမ်ရှန်းအတွက် ပြဿနာ မဟုတ်ပေ။ ဉီးထုပ်မှ ဓာတ်မီးချောင်းကို ဖွင့်လိုက်ရုံဖြင့် အရာအားလုံး ရှင်းလင်းပြတ်သားစွာ မြင်နိုင်သည်။

သစ်ခေါင်းပေါက်ကြီးသည် အလွန်အမင်း ကြီးမားလှသည်။ သို့မဟုတ်ပါက ဧရာမ ဝံပုလွေကြီး နေထိုင်နိုင်စရာ အကြောင်းမရှိပေ။ သစ်ခေါင်းပေါက်ဝမှ မြေပြင်သည် စိုစွတ်နူးညံ့နေကာ ဝံပုလွေ အတွက် သင့်လျော်သော နေရာတစ်ခု ဖြစ်ကြောင်း ထင်ရှားသည်။

သစ်ခေါင်းပေါက်သည် အလွန် ကျယ်ဝန်းပြီး သစ်ခေါင်းပေါက်မှ တစ်ဆင့် သစ်ပင်ထက်သို့ တိုက်ရိုက် တက်သွားနိုင်သည်။ သို့ရာတွင် နှစ်ပေါင်းများစွာ ကြာအောင် မည်သည့် သတ္တဝါမှ သစ်ပင်ထက်သို့ တက်ပုံမရဘဲ ရေညှိများစွာဖြင့် ဖုံးအုပ်နေသည်။

အတွင်းပိုင်း၌ သန့်ရှင်းနေပြီး ဝံပုလွေနံ့မှ လွဲ၍ အခြားမတွေ့ရပေ။ သို့ရာတွင် ဝမ်ရှန်းသည် သံသယဖြစ်ဖွယ် တစ်စုံတစ်ခုကို တွေ့ရှိလိုက်ရသည်။

ဤ သစ်ခေါင်းပေါက်ကို အထီးကျန် ဝံပုလွေ ကိုယ်တိုင် ပြုလုပ်ခဲ့ခြင်း မဟုတ်ပေ။ တစ်စုံတစ်ယောက်က တူးခဲ့ခြင်း ဖြစ်ပုံရကာ ဝံပုလွေသာ ဆိုပါက ဤမျှ သပ်ရပ်နေစရာ အကြောင်းမရှိပေ။

အထူးသဖြင့် သစ်ခေါင်းပေါက်မှ တစ်ဆင့် သစ်ပင်ထိပ်ထိ တက်နိုင်အောင် ဖန်တီးထားပုံကို ကြည့်ပါက လူတစ်ယောက်က အသေအချာ စနစ်တကျ ပြုလုပ်ထားခြင်း ဖြစ်ကြောင်း သိသာသည်။

ဝမ်ရှန်းသည် သူ၏ ထင်မြင်ချက်ကို အတည်ပြုရန် အတွက် ရှေ့ဆက် တိုးလာခဲ့သည်။ ခြောက်မီတာခန့် ရှေ့ဆက် လျှောက်လာပြီးနောက် သစ်သားပြားကြီး တစ်ခုကို တွေ့ရှိလိုက်ရလေသည်။

သူ၏ ခန့်မှန်းချက်မှာ သေချာသွားလေပြီ။ ဆွေးမြည့်နေပြီ ဖြစ်သော သစ်သားပြား ထက်တွင် ပစ္စည်းအချို့ကို စနစ်တကျ စီရီ၍ တင်ထားပြီး အိုဟောင်း ဆွေးမြည့်နေမှုကြောင့် မည်သည့် ပစ္စည်းများ ဖြစ်ကြောင်း အတိအကျ မသိနိုင်တော့ပေ။

သပ်ရပ်စွာ စီရီထားပုံကို ထောက်ချင့်၍ တိရစ္ဆာန်များ၏ လက်ချက် မဟုတ်ကြောင်း ထင်ရှားပေသည်။

သစ်သားပြားထက်တွင် ဝမ်ရှန်း၏  အာရုံကို ဆွဲဆောင်နိုင်သည့် ပစ္စည်းဟူ၍ မရှိပေ။ ဆက်လက် တိုးဝင်လာစဉ်မှာပင်  သိုလှောင်ခန်း တစ်ခုကို တွေ့ရှိလိုက်ရပြန်သည်။

မူလ ပိုင်ရှင်သည် သစ်ပင်၏ အလိုအလျောက် ယိုယွင်းမှုများကို အခွင့်ကောင်းယူကာ နေရာလွတ်များ၌ အခန်းများ စီစဉ်ခဲ့ပုံ ပေါ်လေသည်။ သိုလှောင်ခန်းထဲ၌ ပစ္စည်းများစွာ တွေ့ရှိ လိုက်ရသော်လည်း အကုန်လုံးက အိုဟောင်းနေပြီ ဖြစ်သည်။

ဝမ်ရှန်းသည် နောက်ထပ် ခြောက်မီတာခန့် ဆက်လက် တိုးဝင်လာခဲ့ပြီးနောက် အိပ်ရာ တစ်ခုနှင့် အရိုးစုတစ်ခုကို ထပ်မံ တွေ့ရှိလိုက်ရသည်။ အရိုးစုသည် အိပ်ရာထက်တွင်  ရှိနေခြင်းဖြစ်သည်။ ခုတင်ဟု ဆိုသော်လည်း သစ်ပင်မှ တိုက်ရိုက် ထွင်းထားသည့်  သစ်သားပြား တစ်ခုသာဖြစ်ကာ ထိုင်ခုံအတွက် ပြုလုပ်ထားခြင်း ဖြစ်ပုံရသည်။

အရိုးစုပေါ်မှ အဝတ်အစားများသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် ယိုယွင်း ဆွေးမြည့်နေကြပြီဖြစ်သည်။ အရိုးစုများမှာမူ ကျောက်စိမ်းကဲ့သို့ ဖြူဆွတ်နေကာ တစ်စုံတစ်ရာ ချို့ယွင်းခြင်း မရှိပေ။ အရိုးစု၏ ဘယ်ဘက်တွင် ဓားမြှောင် တစ်လက်ရှိပြီး ညာဘက်တွင် ဓားရှည်နှင့် သဏ္ဌာန်တူသည့် သံတုံးရှည် တစ်ခုရှိသည်။

နှစ်ပေါင်းမည်မျှ ကြာသွားပြီ မသိ သစ်သားများနှင့် အခြားပစ္စည်း အားလုံး ယိုယွင်းလျက်ရှိပြီး ဓားရှည်သည်ပင် သံချေးအလိပ်လိပ် တက်နေပြီဖြစ်သည်။ သို့ရာတွင် ဓားမြှောင်သည် အသစ်အတိုင်း တောက်ပ နေသည်မှာ အံ့သြဖွယ် ကောင်းလေသည်။

ဤဓားမြှောင်သည် အရည်အသွေးမြင့် ပစ္စည်းကောင်း တစ်ခုဖြစ်ကာ တစ်ချက်ကြည့်ရုံဖြင့် ဓားသွားသည် မည်မျှ ချွန်မြကြောင်း သိသာလှသည်။ နှစ်ကြာလာသည်နှင့် အမျှ ယိုယွင်းလာခြင်း မရှိဘဲ ပို၍ပင် လေးလံလာသည်။

ပစ္စည်းကောင်းလေးကို ချန်ကာ သံချေးတက်နေသည့် ဓားရှည်ကို အရင်ကောက်ယူ လိုက်သည်။ ကံမကောင်းစွာပင် ထိလိုက်သည်နှင့် တစ်ပြိုင်နက် ဓားရှည်သည် နှစ်ပိုင်း ကျိုးထွက်သွားသည်။ အရိုးစု၏ လည်ပင်းတွင် ကျောက်စိမ်းဆွဲသီး တစ်ခုရှိနေပြီး အက္ခရာများစွာ ထွင်းထုထားသည်။

တစ်ချက်ကြည့်ရုံဖြင့်  ရှေးခတ်မိသားစု သ‌ေင်္ကတများ ဖြစ်ကြောင်း သတိပြုမိလိုက်ပြီး သူနားမလည်သဖြင့် ထိုကျောက်စိမ်းဆွဲသီးကို ဘေးဖယ်ထားလိုက်သည်။

ဝမ်ရှန်းသည် သစ်ခေါင်းပေါက်၏ အတွင်းပိုင်း တစ်ခုလုံးကို မွှေနှောက် ရှာဖွေကြည့်သော်လည်း တန်ဖိုးကြီး ပစ္စည်းဟူ၍ မတွေ့ရတော့ပေ။ တစ်ခဏမျှကြာသော် ဓားမြှောင်ကို ယူကာ သစ်ခေါင်းပေါက်ထဲမှ ပြန်ထွက် လာခဲ့လိုက်သည်။

အထီးကျန် ဝံပုလွေ၏ အလောင်းသည် လတ်ဆတ်နေဆဲ ဖြစ်သည်။ ဤဝံပုလွေသည် ဝမ်ရှန်း၏ သားကောင်ဖြစ်ကာ အလွယ်တကူ  စွန့်ပစ်၍ မရပေ။ ဝမ်ရှန်းသည် ဝံပုလွေ၏ အရေပြားကို လှီးဖြတ်ရန် ဝံပုလွေ သိုက်ထဲမှ ရရှိခဲ့သည့် ဓားမြှောင်ကို အသုံးပြုခဲ့သော်လည်း ကံမကောင်းစွာပင် ဓားမြှောင်သည် အရေပြားကို မဖောက်နိုင်ခဲ့ပေ။

ထိုအခါမှသာ ဤဓားမြှောင်သည် သူ၏ ကျားသွားဓားလောက် မကောင်းကြောင်း သဘောပေါက် လိုက်သည်။ သို့သော် ဝမ်ရှန်း၏ စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ပေါ်ထွက်လာကာ  ဓားမြှောင်ထဲသို့ ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် ဝမ်ရှန်းသည် ဝိညာဉ်စွမ်းအင်များကို ဓားမြှောင်ထဲသို့ ခွန်အားကုန် သုံး၍ ထည့်သွင်း လိုက်လေသည်။ ဝိညာဉ်စွမ်းအင်များ စီးဆင်းနေသည့် ဓားမြှောင်ကို ကျေနပ်အားရစွာ ကြည့်ကာ ဝံပုလွေ၏ အရေပြားကို ဖြတ်တောက် လိုက်သောအခါ ထောပတ်တစ်တုံး အလား အလွယ်တကူ ပြတ်တောက် သွားသည်။

ဤမြင်ကွင်းကြောင့် ဝမ်ရှန်း အတိုင်းမသိ ပျော်ရွှင်သွားသည်။ လက်သီးနှင့် ခြေကန်ချက်များ၌ ဝိညာဉ်စွမ်းအင်များ ထည့်သုံးကြသော်လည်း လက်နက်များတွင် ဝိညာဉ်စွမ်းအင်များ ထည့်သုံးခြင်းကို သူမမြင်ဖူးခဲ့ပေ။

ယခု လက်ရှိ အခြေအနေအရ အလွန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်ကြောင်း အတည်ပြု လိုက်မိသည်။ ဝမ်ရှန်းသည် အထီးကျန် ဝံပုလွေ၏ လည်မျိုကို ဓားဖြင့် ထိုးစိုက်စဉ်က လည်မျို တည့်တည့်ကို စိုက်ဝင်သွားခဲ့ခြင်း ဖြစ်သည်။

ကျားသွားဓားဖြင့် ကျောပေါ်မှ ထိုးစိုက်စဉ်ကလည်း လည်မျိုကို ထိုးခဲ့ခြင်း ဖြစ်သဖြင့် အရေပြားကို ခွာလိုက်ချိန်တွင် အမာရွတ် အနာအဆာဟူ၍ မရှိဘဲ ပြီးပြည့်စုံသည့် အစိတ်အပိုင်း တစ်ခုဖြစ်လာသည်။

“သိပ်ကောင်းတာပဲ” 

ဝမ်ရှန်းသည် လူသတ်သမားများကိုသာ သတ်ဖြတ်ရသည့် စနိုက်ပါ တစ်ယောက် ဖြစ်သော်လည်း ဝံပုလွေ တစ်ကောင်၏ အရေပြား မည်မျှ တန်ကြေးရှိသည်ကို ခန့်မှန်းနိုင်သေးသည်။

ဆဌမအဆင့် ဝံပုလွေ တစ်ကောင်၏ အရေပြားသည် စတုတ္ထ အဆင့် အဆိပ်တစ်ထောင် မြွေဟောက်၏ အရေပြားထက် အဆတစ်ရာခန့် ပို၍ စျေးကြီးပြီး အရေပြား၏ အစိတ်အပိုင်းငယ် တစ်ခုတည်းကပင် ဝူရုံမြို့၌ ရက်ပေါင်း များစွာ နေထိုင်နိုင်ရန် အထောက်အကူ ပြုသည်။

ဝံပုလွေ၏ အရေပြားကို လိပ်ကာ သိုလှောင် လက်စွပ်ထဲသို့ ထည့်သိမ်းသည်။ ထို့နောက် အသားကောင်းများကို တန်အို၏ သိုလှောင် လက်စွပ်ထဲသို့ ထည့်သိမ်း လိုက်ပြီး ပိုလျှံနေသည့် အသားများကို သစ်ခေါင်းပေါက်ထဲရှိ သိုလှောင်ခန်းထဲတွင် ထည့်ထားလိုက်သည်။

အတွင်း ကလီစာများကိုမူ မလိုအပ်သဖြင့် လွှင့်ပစ်လိုက်သည်။ ဝံပုလွေ၏ ပါးစပ်ထဲမှ သွားများကို ခုတ်ထစ်၍ သိမ်းဆည်းလိုက်ပြီး ဝမ်ရှန်း၏ ကျားသွားဓားထက်  ပိုရှည်သည့် သွား ၁၂ ချောင်း ရလိုက်သည်။

ထို့နောက်တွင် သစ်ပင် အချို့ကို ခုတ်ထစ်ကာ ယခင် ပိုင်ရှင် တည်ဆောက် ထားခဲ့သည့် အတိုင်း  အမိုးအကာများ၊ အကာအရံများ တပ်ဆင်လိုက်ပြီး ဝံပုလွေသိုက်ကို နေချင်စဖွယ် ဖြစ်အောင်  ပြောင်းလဲလိုက်သည်။

အတန်ငယ် ပြုပြင် မွမ်းမံပြီးနောက်တွင် သူ၏ သစ်ပင်အိမ်ထက် ပို၍ လုံခြုံသည့်  နေရာတစ်ခု ပိုင်ဆိုင် သွားလေသည်။ အရာအားလုံး ပြင်ဆင်ပြီးနောက် ဝမ်ရှန်းသည် တစ်ခဏမျှ အနားယူကာ ပိုလျှံနေသည့် ဝံပုလွေ သားများကို ထုတ်ယူလိုက်သည်။

ထို့နောက် သစ်ခေါင်းပေါက်၏ အပြင်ဘက်တွင် မီးမွှေးနိုင်မည့် တစ်နေရာကို ရှာ၍ ဝံပုလွေသား အချို့ကို ဖြည်းညင်းစွာ မီးကင်လိုက်သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset