အခန်း ၈၅
အထီးကျန် ဝံပုလွေကို သတ်ဖြတ်ခြင်း(၂)
အထီးကျန် ဝံပုလွေသည် နောက်ကျောမှ ကျားသွားဓား၏ ထိုးစိုက်မှုများကြောင့် နာကျင်မှုသည် ပို၍ ဆိုးရွားလာလျက် သွေးထွက်လွန် လာသည်။ ငါးမိနစ်ခန့် ငြိမ်သက်ကာ လဲလျောင်း နေပြီးနောက် အထီးကျန် ဝံပုလွေ၏ မျက်လုံးများ ပိတ်ကျသွားပြီး အသက်ရှူ ရပ်သွားသည်။ ကျောထက်မှ ဝမ်ရှန်းသည် ဝံပုလွေ၏ အသက်စွမ်းအင် ကင်းမဲ့မှုကို ခံစားလိုက်ရသည်။
ထိုစဉ် မြောက်မြားစွာသော ဝိညာဉ်စွမ်းအင်များသည် ဝမ်ရှန်း၏ လက်မှ တစ်ဆင့် ယွမ်ဝိညာဉ် နယ်မြေထဲသို့ တစ်ဟုန်ထိုး တိုးဝင်စီးဆင်း လာသည်။ ဤခံစားချက်သည် အဆိပ်တစ်ထောင် မြွေဟောက်ကို သတ်ဖြတ်စဉ်က ခံစားခဲ့ရသည်နှင့် တစ်ပုံစံတည်း ဖြစ်သည်။
ကွာဟချက်ဟူ၍ ဝိညာဉ်စွမ်းအင်များ ပို၍ ကြီးမားလာပြီး အဆိပ်တစ်ထောင် မြွေဟောက်ထံမှ ဝိညာဉ်စွမ်းအင်များထက် ပို၍ သန့်စင်လာခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ဝမ်ရှန်းသည် အထီးကျန် ဝံပုလွေ သေဆုံးသွားပြီ ဖြစ်ကြောင်း အသေအချာ အတည်ပြုလိုက်နိုင်သည်။
ဝံပုလွေ၏ နောက်ကျောကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည့် လက်များကို ဖြေလျှော့လိုက်ပြီး အနေအထားကို သက်သောင့်သက်သာ ဖြစ်အောင် ပြောင်းလဲလိုက်သည်။
ထို့နောက် အထီးကျန် ဝံပုလွေ၏ ဝိညာဉ်စွမ်းအင်များကို စတင် စုပ်ယူလိုက်သည်။ များစွာသော ဝိညာဉ်စွမ်းအင် များသည် ယွမ်ဝိညာဉ် နယ်မြေထဲသို့ အလုံးအရင်းနှင့် တိုးဝင်လာကြပြီး ချီဝမ်နဂါးထံ စီးဆင်းသွားသည်။
ချီဝမ်နဂါး၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ ဖောင်းကားလာပြီး တစ်ခဏမျှ ကြာသော် အကန့်အသတ်သို့ ရောက်ရှိသွားကာ ဆက်လက် စုပ်ယူနိုင်စွမ်း မရှိတော့ပေ။ သို့ရာတွင် ဝိညာဉ်စွမ်းအင်များသည် ယွမ်ဝိညာဉ် နယ်မြေထဲသို့ ဆက်လက် တိုးဝင်နေဆဲဖြစ်ကာ မစုပ်ယူနိုင်ပါက အာလာဟဿ ဖြစ်ကုန်ပေလိမ့်မည်။
ဝမ်ရှန်းသည် ဖောင်းကားနေသည့် ချီဝမ်နဂါးကို ကျင်လည်စွာ နှစ်ပိုင်း ကွဲထွက်လိုက်ပြီး သေးငယ်သည့် ချီဝမ်နဂါး နှစ်ကောင်အဖြစ် ပြောင်းလဲလိုက်သည်။
ထို့နောက် ၎င်းတို့မှာ ဝိညာဉ်စွမ်းအင်များကို အငမ်းမရ စုပ်ယူလေတော့သည်။ ဝိညာဉ်စွမ်းအင်များ၏ ကြီးစွာသော ဖြည့်တင်းမှု အောက်တွင် ခွဲထုတ်ထားသည့် ချီဝမ်နဂါး နှစ်ကောင်မှာ တစ်ဖန် ပြန်လည် ဖောင်းကားလာပြီး တစ်ခဏမျှ ကြာသော် အကန့်အသတ်သို့ ရောက်ရှိသွားပြန်သည်။
သို့သော် ဝိညာဉ်စွမ်းအင်များသည် ဆက်တိုက် တိုးဝင်နေဆဲ ဖြစ်လေရာ ဝမ်ရှန်းသည် ယခင် နည်းလမ်းအတိုင်း ချီဝမ်နဂါး နှစ်ကောင်ကို တစ်ဖန် ခွဲထုတ်လိုက်လေသည်။
တိုက်ပွဲဝိညာဉ်သည်လည်း ကူညီပေးလာပြီး ဝမ်ရှန်း၏ ထိန်းချုပ်မှုဖြင့် ယွမ်ဝိညာဉ် လေးခုအဖြစ် ပြောင်းလဲသွားလျက် ဝံပုလွေ၏ ဝိညာဉ်စွမ်းအင်များကို ထပ်မံ စုပ်ယူလေတော့သည်။
ဝမ်ရှန်းသည် တတိယအဆင့်နှင့် စတုတ္ထအဆင့် အဆိပ်တစ်ထောင် မြွေဟောက်ကို သတ်စဉ်ကလည်း ဤသို့ ကြုံတွေ့ခဲ့ရဖူးသည်။ ထိုစဉ်က စုန့်လောင်ယုသည် ၎င်းမှာ အနိုင်ရရှိခြင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားချက်ဟု ဆိုသော်လည်း ထိုသို့ မဟုတ်ကြောင်း သူကောင်းစွာ သိထားသည်။
ယခု ဤအဖြစ်အပျက်မျိုး တစ်ဖန် ပြန်လည် ကြုံတွေ့ရလေပြီ။ ဆိုရလျှင် သူသည် မိစ္ဆာသားရဲ တစ်ကောင်ကောင်ကို သတ်ပြီးသည်နှင့် တစ်ပြိုင်နက် ထိုမိစ္ဆာသားရဲ၏ အလောင်းမှ ဝိညာဉ်စွမ်းအင် များကို သူ၏ ယွမ်ဝိညာဉ် နယ်မြေထဲသို့ စုပ်ယူနိုင်စွမ်း ရှိနေပေသည်။
၎င်းမှာ ဝါးမျိုခြင်း ဖြစ်စဉ်နှင့် သဘောတရားချင်း တူညီနေ၍လော သူမသိသော်လည်း မည်သို့ပင်ဖြစ်စေ ကောင်းမွန်သော အရာသာ ဖြစ်သဖြင့် အခြားလူများကို မေးမြန်းခြင်း မပြုခဲ့ပေ။
သို့ရာတွင် ကောင်းမွန်သော အရာတိုင်းလည်း ကောင်းမွန်သည့် ရလဒ်ကို မပေးစွမ်းနိုင်ပေ။ ဝမ်ရှန်း သတ်လိုက်သည့် အထီးကျန် ဝံပုလွေသည် ခွန်အား ကြီးလွန်းလှပြီး ခန့်မှန်းချေ ဆိုရလျှင် ဆဌမအဆင့် မိစ္ဆာသားရဲ တစ်ကောင်ဖြစ်ပုံ ပေါ်သည်။
ခွန်အားပြင်း မိစ္ဆာ သားရဲများ၌ ခွန်အားပြင်း ဝိညာဉ်စွမ်းအင်များ ပိုင်ဆိုင်ကြပြီး အထီးကျန် ဝံပုလွေ၏ ဝိညာဉ်စွမ်းအင် များမှာ များပြားလွန်းလှသည်။ ဝမ်ရှန်း၏ ယွမ်ဝိညာဉ်နယ်မြေ တစ်ခုလုံး ဝံပုလွေ၏ ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ပေါက်ကွဲ ထွက်လုနီးနီး ဖြစ်လာသည်။
ယွမ်ဝိညာဉ် နယ်မြေတွင်လည်း အကန့်အသတ်ဟူ၍ ရှိလေသည်။ တစ်နည်း ဆိုရလျှင် ယွမ်ဝိညာဉ် နယ်မြေမှ လက်ခံနိုင်သည့် ဝိညာဉ်စွမ်းအင် ပမာဏသည် အကန့်အသတ်ရှိပြီး ယွမ်ဝိညာဉ် ချီဝမ်နဂါးသည်လည်း ထိုနည်း၎င်းပင်။
ထို့ကြောင့်လည်း ဝမ်ရှန်း၏ ချီဝမ်နဂါးသည် အတိုင်းအတာ တစ်ခုထိ ပြည့်တင်း လာပြီးနောက် ရပ်တန့်သွားခြင်း ဖြစ်သည်။ ၎င်းမှာ သာမန် သဘောတရားနှင့် အတူတူပင် ဖြစ်သည်။
မန်ရွယ်ကျောင်းမှ ဆရာမ၏ ပြောကြားချက်မရ ယွမ်ဝိညာဉ်သည် အကန့်အသတ်သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ထပ်မံ ကျင့်ကြံ၍ မရတော့ပေ။ အကန့်အသတ်ကို တိုးမြှင့်ရန် အတွက်လည်း ဖြည်းညင်းစွာ စိတ်ရှည်လက်ရှည် ကျင့်ကြံရပြီး အချိန်ကြာလာသည် နှင့်အမျှ ဝိညာဉ်စွမ်းအင် စုပ်ယူမှာက ပို၍ အားကောင်း လာမည်ဖြစ်သည်။
သို့ရာတွင် ယခုကဲ့သို့ ဝိညာဉ်စွမ်းအင်များ အလုံးလိုက် အခဲလိုက် တိုးဝင်လာခြင်းသည် သာမန်လူများသာ ဆိုပါက ယွမ်ဝိညာဉ် နယ်မြေတစ်ခုလုံး ပေါက်ကွဲ ထွက်သွားနိုင်သည်။
အကန့်အသတ်ထက် ကျော်လွန်သည့် ဝိညာဉ် စွမ်းအင်များကို စုပ်ယူပါက မူလယွမ်ဝိညာဉ်သည် တိုက်ရိုက် ကွဲထွက်သွားပြီး ယွမ်ဝိညာဉ် နယ်မြေလည်း တစ်ပါတည်း ပေါက်ကွဲ သွားမည်ဖြစ်သည်။
ယွမ်ဝိညာဉ်နယ်မြေနှင့် ယွမ်ဝိညာဉ် ပေါက်ကွဲသွားလျှင် ထိုလူသည် သုံးစား၍ မရတော့ပေ။ ဤကမ္ဘာမှ ကျင့်ကြံသူများ အားလုံး ထိုသို့ပင် လက်ခံထားကြသည်။
ဝမ်ရှန်း၏ ချီဝမ်နဂါး လေးကောင်သည် ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေဆဲဖြစ်ကာ အကန့်အသတ်သို့ ရောက်ရှိစ ပြုလာသည်။ ဝမ်ရှန်းသည် ရှစ်ခု ထပ်ခွဲရန် အဆင်သင့် ပြင်ထားရင်းဖြင့် နဖူးမှ ချွေးအေးများ စီးကျလာသည်။
မည်မျှ အန္တရာယ် များလိုက်ပါသနည်း။
သူသာ ယွမ်ဝိညာဉ် ခွဲထုတ်ခြင်း နည်းလမ်းကို မတွေ့မီ ဝံပုလွေကို အရင် သတ်မိပါက ယခုလောက်ဆိုလျှင် ယွမ်ဝိညာဉ် နယ်မြေတစ်ခုလုံး ပေါက်ကွဲ သွားလောက်ပြီ ဖြစ်သည်။ ကံကောင်းစွာပင် ဝမ်ရှန်းသည် ယွမ်ဝိညာဉ် ခွဲထုတ်ခြင်းကို ကျင်လည်စွာ ပြုလုပ်နိုင်ခဲ့သဖြင့် တည်ငြိမ်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။
သူသည် အထီးကျန် ဝံပုလွေ၏ အော်ရာများကို အသုံးချကာ အဆင့်တက်ရန် ကြိုးပမ်းနေခြင်းပင်။ ချီဝမ်နဂါးများသည် ဝိညာဉ်စွမ်းအင် စုပ်ယူခြင်းကို အကန့်အသတ်သို့ ရောက်ရှိသွားပါက ယွမ်ဝိညာဉ်ကို ခွဲထုတ်လိုက်ရုံသာ ဖြစ်သည်။
သူသည် နှစ်ခုအဖြစ် ခွဲထုတ်ခြင်းကိုသာ လေ့ကျင့်ရသေးသော်လည်း လက်ရှိ အခြေအနေအရ ဆက်လက် လေ့ကျင့်ခွင့် မရှိတော့ဘဲ လေးခုမှ ရှစ်ခုအထိ အရဲစွန့်ကာ ခွဲထုတ်လိုက်ရသည်။
ဝိညာဉ်စွမ်းအင် စီးဆင်းခြင်း တဖြည်းဖြည်း နည်းပါး လာချိန်တွင် ယွမ်ဝိညာဉ်ကို ရှစ်ခုအထိ ခွဲထုတ်ထားပြီး ဖြစ်သည်။
ယွမ်ဝိညာဉ် တစ်ခုချင်းစီတိုင်းသည် မူလ ချီဝမ်နဂါး အရွယ်အစားထိ ဖောင်းကားလာသည်။ ဝမ်ရှန်းသည် ယွမ်ဝိညာဉ် ဆယ့်ခြောက်ခု ခွဲထုတ်ရန် ပြင်လိုက်စဉ်မှာပင် ဝိညာဉ်စွမ်းအင် စီးဆင်းမှုသည် ရပ်တန့် သွားလေသည်။
တစ်ခဏမျှ စောင့်ဆိုင်းပြီးနောက် ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း အတည်ပြု လိုက်နိုင်ကာ စိတ်သက်သာရာ ရစွာ သက်ပြင်း ချလိုက်မိသည်။
တစ်ခဏမျှ အနားယူပြီးနောက် ဝမ်ရှန်း၏ အသိစိတ်များ လက်တွေ့ ကမ္ဘာသို့ ပြန်လည် ရောက်ရှိလာသည်။ သူ၏ ခန္ဓာကိုယ်သည် နေရာအနှံ့ နာကျင်နေပြီး သုံးမီတာခန့် ရှည်လျားသည့် ဝံပုလွေကြီးနှင့် အချိန်အတော်ကြာ လုံးထွေး လူးလိမ့် နေခဲ့ရသဖြင့် တစ်ကိုယ်လုံး ကိုင်ရိုက် ခံထားရသည့်အလား ကိုက်ခဲနေသည်။
ဝံပုလွေနှင့် တိုက်ခိုက်စဉ်က ချုံပုတ်ပေါင်း များစွာထဲသို့ တိုးဝင်ဖြတ်သန်း ခဲ့ရသည့်အပြင် မြေပြင်နှင့် အကြိမ်မည်မျှ ဆောင့်မိသည် မသိချေ။
ထိုစဉ်က ဝံပုလွေ လည်ပင်းကို မလွတ်တမ်း ဆုပ်ကိုင်ထားရပြီး သေရေးရှင်ရေးကို အာရုံစိုက် နေရသဖြင့် ခန္ဓာကိုယ်မှ နာကျင်မှုကို ဂရုမစိုက်အားခဲ့။ ယခုမှသာ ခန္ဓာကိုယ်မှ ဒဏ်ရာဒဏ်ချက်များကို သတိထားမိခြင်း ဖြစ်သည်။
ခန္ဓာကိုယ်မှ နာကျင်မှု သာမက သူ၏ တောတွင်း စစ်ယူနီဖောင်းသည် အပေါက်များစွာ ပေါ်ထွက်လာပြီး မည်သည့်အရာနှင့် ထိုးဖောက်မိကြောင်း မသိတော့ပေ။ ဝမ်ရှန်းတွင် ယူနီဖောင်းသည် ဤတစ်ထည်သာ ရှိလေရာ အပေါက်အပြဲများကို ကြည့်၍ စိတ်ဓာတ် ကျသွားသည်။
သို့ရာတွင် မည်မျှ စိတ်ဓာတ်ကျဖွယ် ကောင်းနေပါစေ အသက်ရှင် နေသေးသည်ကပင် ကောင်းချီးတစ်ခု ဖြစ်နေလေပြီ။ ဆဌမအဆင့်ရှိသည့် အထီးကျန် ဝံပုလွေ တစ်ကောင်ကို အနိုင်ယူ နိုင်ခဲ့ခြင်းသည် ကောင်းကင်ဘုံကို ဆန့်ကျင်နေပြီဖြစ်ရာ မည်မျှ ကံကောင်း လိုက်ပါသနည်း။
သူသည် အသိပညာ ဗဟုသုတများကို အသုံးချကာ ဝံပုလွေကို ရင်ဆိုင်ခဲ့သော်လည်း လုပ်ငန်းစဉ်တွင် တစ်စုံတစ်ခုသာ ချွတ်ယွင်း သွားပါက သေဆုံး သွားနိုင်လေသည်။
ဥပမာအားဖြင့် ချောကလက် မလုံလောက်ခြင်း၊ ဓားသွားသည် ဝံပုလွေ၏ လည်မျိုကို မဖောက်ထွင်းနိုင်ခြင်းနှင့် ဝံပုလွေ၏ ကျောပေါ်မှ လိမ့်ကျခြင်းတို့သာ ဖြစ်ပွားခဲ့ပါက ကံဆိုးမိုးမှောင် ကျသွားနိုင်သည်။
ဝမ်ရှန်းသည် သေမင်းခံတွင်းဝမှ လှည့်ပြန် နိုင်ခဲ့သည်မှာ အကြိမ် မည်မျှရှိပြီ မသိချေ။ သို့ရာတွင် ယခုတစ်ကြိမ်သည် ဘဝတွင် အပျော်ရွှင်ရဆုံး ဖြစ်ကာ အသက်ရှင်ရသည်မှာ ကံကောင်းလှပေတကား ဟု ခံစားရစေသည်။
သာမန် လူများသာဆိုပါက သေတွင်းမှ ထွက်လာပြီးလျှင် အချိန်အတော်ကြာ အနားယူရမည် ဖြစ်သော်လည်း ဝမ်ရှန်းမှာ ပထမဆုံးအကြိမ် မဟုတ်သဖြင့် တစ်ခဏမျှ အနားယူပြီးနောက် အကောင်းပကတိ ပြန်ဖြစ်လာသည်။
မတ်တပ်ထရပ်၍ ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ မရင်းနှီးသော နေရာတစ်ခုကို ရောက်ရှိနေကြောင်း ခံစားမိလိုက်သည်။ အထီးကျန် ဝံပုလွေသည် အကြိမ်ပေါင်းများစွာ လူးလိမ့် ပြေးလွှားနေခဲ့သဖြင့် ကျောပေါ်မှ ဝမ်ရှန်းသည် မည်သည့် နေရာသို့ ရောက်ရှိနေကြောင်း သတိမထားမိခဲ့ချေ။
ဝမ်ရှန်းသည် ပတ်ဝန်းကျင် တစ်ဝိုက်ကို စူးစမ်း ကြည့်နေစဉ်မှာပင် ရုတ်တရက် သစ်ပင်ကြီး တစ်ပင်အောက်မှ ဧရာမ သစ်ခေါင်းပေါက်ကြီးကို တွေ့ရှိလိုက်ရလေသည်။
***