Switch Mode

Chapter – 84

အထီးကျန်ဝံပုလွေကို သတ်ဖြတ်ခြင်း(၁)

အခန်း ၈၄
အထီးကျန်ဝံပုလွေကို သတ်ဖြတ်ခြင်း(၁)

“ဒေါင်”
ဝမ်ရှန်း၏ မြားသည် အထီးကျန် ဝံပုလွေ၏ ဝမ်းဗိုက်ကို တိကျစွာ စိုက်ဝင်သွားသည်။ သို့ရာတွင် အံ့အားသင့်ဖွယ် ကောင်းစွာပင် မြားသည် မာကျောသည့် အရာတစ်ခုကို ထိတွေ့မိသည့် အလား တန်ပြန် ကန်ထွက်လာသည်။

ဆိုရလျှင် လေးနှင့်မြားသည် ဝမ်ရှန်း မျှော်လင့်ထားသည့် အတိုင်း ဖြစ်မလာခဲ့ဘဲ ဝံပုလွေ၏ အမွေးအမျှင် တစ်ခုကိုပင် ဒဏ်ရာမရစေခဲ့ပေ။

ဤမြင်ကွင်းကြောင့် ဝမ်ရှန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။ အမွေးအမျှင်များ ဤမျှ သန်မာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ဒီအထီးကျန် ဝံပုလွေက ဘယ်အဆင့်ထိ ရောက်နေပြီလဲ” 

“ဂါး”

ဝမ်ရှန်း၏ မြားပစ်ချက်သည် သူ၏ ဝမ်းဗိုက်ကို နာကျင် သွားစေသည့် အလား အထီးကျန် ဝံပုလွေသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ပြင်းထန်သော အော်ရာများကို ထုတ်လွှတ်လိုက်သည်။

ဝမ်ရှန်း၏ မျက်လုံးများမှာ  ကြေးခေါင်းလောင်းများ အလား နီရဲပြူးကျယ် လာသည်။ ဤ အထီးကျန် ဝံပုလွေ၏ လုပ်ဆောင်ချက်များသည် အားနည်းလှသဖြင့် ကျင့်ကြံရေး အခြေခံသည် ပဉ္စမအဆင့်သာ ရှိလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း အထင်နှင့်အမြင် တက်တက်စင် လွဲနေခဲ့သည်။

ဝမ်ရှန်းသည် ဤကမ္ဘာနှင့် အကျွမ်းတဝင် မရှိသေးသဖြင့် ဆဌမအဆင့် ဝိညာဉ်သခင် တစ်ယောက်၏ ခွန်အားများကို ကိုယ်တိုင် မတွေ့ကြုံဖူးသော်လည်း သူ့အား သေရွာသို့ တွန်းပို့နိုင်စွမ်း ရှိကြောင်း ကောင်းစွာ သဘောပေါက် လိုက်သည်။

အထီးကျန် ဝံပုလွေကို အဆိပ်ခပ် လိုက်ပြီးနောက် သတ်ဖြတ်ခြင်းဖြစ်စေ ထွက်ပြေးခြင်းဖြစ်စေ ပြုလုပ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ယခု လက်ရှိ အခြေအနေအရ  စနိုက်ပါ ရိုင်ဖယ်ကိုသာ အသုံးပြုရတော့မည့် အခြေအနေတွင် ရှိလေသည်။

ဝမ်ရှန်းသည် စနိုက်ပါ ရိုင်ဖယ်ဖြစ်စေ၊ ဖောက်ခွဲအားပြင်း မိုင်းပင်ဖြစ်စေ  တစ်ခုမှ မသုံးလိုပေ။ ယခု ဤကမ္ဘာတွင် နေထိုင်ခြင်းဖြစ်ရာ ဤကမ္ဘာမှ စည်းမျဉ်းများနှင့် ဖြည်းညင်းစွာ အသားကျအောင် လုပ်ရပေလိမ့်မည်။

ဟိုဘက် ကမ္ဘာမှ ပါလာခဲ့သည့် စက်ပစ္စည်းများကို ဆက်တိုက် အသုံးပြုနေပါက အချိန်တိုအတွင်း ပစ္စည်းပြတ် သွားပေလိမ့်မည်။ ထိုအခါ မည်သို့ ပြုလုပ် ရပါမည်နည်း။

ဤကမ္ဘာ၏ နေထိုင်ကျင့်သုံးပုံ စနစ်ကို အချိန်တိုအတွင်း လိုက်လျောညီထွေ မဖြစ်ပါက သူ့အိပ်မက်ထဲမှ မိန်းကလေးကို ရှာနိုင်ရန်ပင် မသေချာတော့ပေ။ သစ်ပင်အောက်တွင် နာကျင်စွာ လူးလိမ့်နေသည့် ဧရာမ ဝံပုလွေကို ကြည့်ကာ ဝမ်ရှန်း၏ စိတ်ထဲတွင် အတွေးပေါင်း များစွာ ပေါ်ထွက်လာသည်။ အဆုံးတွင် အံကို တင်းတင်းကြိတ်လျက် ဆုံးဖြတ်ချက် ချလိုက်လေသည်။

ဝမ်ရှန်း၏ လက်ထဲမှ လေးနှင့်မြား ပျောက်ကွယ် သွားပြီး ဓားရှည်တစ်ချောင်း ပေါ်ထွက်လာသည်။ ဤလက်နက်သည် နောက်ယောင်ခံ သူများထံမှ ရရှိခဲ့ခြင်းဖြစ်ကာ အရည်အသွေး ကောင်းသဖြင့် သိမ်းဆည်း ထားခဲ့ခြင်းဖြစ်၏။

ထိုစဉ် ရုတ်တရက် သစ်ပင်အောက်မှ ဝံပုလွေသည် ဝမ်ရှန်းဘက်သို့ မျက်နှာမူကာ ကျယ်လောင်စွာ ဟိန်းဟောက် လိုက်လေသည်။

“စပြီ” 

“ဂါး”

ဝမ်ရှန်းသည် ဓားလက်ကိုင်ကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်၍ သစ်ပင်ပေါ်မှ ခုန်ချလိုက်သည်။ သူသည် မြေပြင်ထက်မှ အထီးကျန် ဝံပုလွေပေါ်သို့ တိကျစွာ ခုန်ချသွားခြင်း ဖြစ်ပြီး  ဆယ်မီတာခန့်သာ ကွာဝေးသဖြင့် ဟန်ချက် ပျက်သွားခြင်း မရှိပေ။

ထို့ပြင် အောက်သို့ ရောက်ရန် တစ်စက္ကန့်မျှသာ ကြာလေရာ ဓားဉီးသည် လိုချင်သည့် အစိတ်အပိုင်းကို ထိုးစိုက်နိုင်ရန် လိုပေသည်။ သစ်ပင်ထက်မှ ခုန်ချလိုက်စဉ် ကတည်းက ဝမ်ရှန်း၏ လက်မောင်းနှစ်ဖက်မှ ကြွက်သားဖုများ ဖောင်းကားလာပြီး တစ်ကိုယ်လုံးမှ ခန္ဓာကိုယ် အင်အားများကို လက်မောင်းထဲသို့ စီးဝင်စေလိုက်သည်။

တစ်စက္ကန့်မျှ ကြာပြီးနောက် ဓားရှည်သည် နာကျင်စွာ အော်ဟစ်နေသည့် အထီးကျန် ဝံပုလွေ၏ ပါးစပ်ကျယ်ကြီးထဲသို့ အတိအကျ စိုက်ဝင်သွားသည်။ ဝမ်ရှန်း၏ ယုံကြည်ချက်အရ  မိစ္ဆာ သားရဲတစ်ကောင်သည် မည်မျှပင် ခွန်အားကြီးစေကာမူ အားနည်းသည့် အစိတ်အပိုင်းများ သေချာပေါက် ရှိနေပေလိမ့်မည်။

မျက်လုံး၊ လိင်အင်္ဂါ၊ ပါးစပ်၊ စအို စသည်ဖြင့် ဤအစိတ်အပိုင်းများသည် မိစ္ဆာ သားရဲများအတွက် သေစေနိုင်သည့် နေရာများ ဖြစ်ကြသည်။ ဝိညာဉ်စွမ်းအင်ဖြင့် ကာကွယ်ထားလျှင်ပင် ဤနေရာများသည် အခြားနေရာများလောက် ကာကွယ်နိုင်စွမ်း အားမကောင်းကြပေ။

အထူးသဖြင့် ပါးစပ်နှင့် စအိုသည် ဇီဝဗေဒ နည်းလမ်းများအရ အစာချေဖျက်ခြင်း စနစ်၏ အစနှင့် အဆုံးတွင် တည်ရှိလေရာ ဝိညာဉ်စွမ်းအင် ကာကွယ်မှုသည် အလုပ်မဖြစ်ချေ။

ဝမ်ရှန်း၏ ဓားသည် အထီးကျန် ဝံပုလွေ နာကျင်စွာ အော်ဟစ် ဟိန်းဟောက်နေသည့် အခိုက်အတန့်၌ ထိုးစိုက်သွားခြင်း ဖြစ်သည်။ ဝံပုလွေသည် ပါးစပ်ကျယ်ကြီးကို အစွမ်းကုန် ဖွင့်ဟထားသည့် အချိန်ဖြစ်လေရာ ဓားသွားသည် ပါးစပ်ထဲသို့ အမိအရ ဖောက်ဝင်သွားသည်။

သစ်ပင်ထက်မှ ခုန်ချလာသည့် အရှိန်နှင့် ခန္ဓာကိုယ် အင်အားကို ပေါင်းစပ် လိုက်ချိန်တွင်  ဓားသွားသည် အထီးကျန် ဝံပုလွေ၏ လည်မျိုကို တိုက်ရိုက် ထိုးဖောက် သွားလေသည်။

ဝံပုလွေခေါင်းက အလွန် ကြီးမားနေသောကြောင့်သာ ဝမ်ရှန်း၏ လက်များ ပါးစပ်ထဲထိ တိုးဝင်မသွားခြင်း ဖြစ်သည်။ ဝမ်ရှန်းသည် လက်ကို အချိန်မီ လွတ်လိုက်ချိန်၌  အထီးကျန် ဝံပုလွေသည် အာခေါင်ထဲတွင် ဓားစိုက်ဝင်နေလျက် ကျန်ရစ်ခဲ့ပြီး ဒေါသတကြီး အော်ဟစ်နေသည်။

ချွန်မြသော သွားများသည် ဝမ်ရှန်း၏ လက်မောင်းကို အရအမိ ကိုက်ခဲ သွားသေးပြီး တစ်ချက်တည်းဖြင့်  လက်မောင်းတွင် အသားနည်းနည်းသာ ကျန်ရစ်ခဲ့သည်။

အဖြစ်အပျက်များက ဤမျှနှင့် ရပ်တန့်သွားခြင်း မရှိသေးပေ။ အထီးကျန် ဝံပုလွေသည် နာကျင်စွာ အော်ဟစ်နေသည့် အခိုက်အတန့်၌  ဝမ်ရှန်း၏ ခန္ဓာကိုယ်သည် ဘောလုံး တစ်လုံးအလား အထီးကျန် ဝံပုလွေ၏ နောက်ကျောပေါ်သို့ ခုန်တက်သွားသည်။

လက်မောင်းများသည် ဝံပုလွေ၏ လည်ပင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး  တစ်ချိန်တည်းမှာပင် ကျားသွားဓားကို ထုတ်ယူကာ အထီးကျန် ဝံပုလွေ၏ လည်မျိုကို ခွန်အားကုန် သုံးကာ ထိုးစိုက်လိုက်သည်။

သို့ရာတွင် ထူထဲလှသည့် အမွေးအမျှင်များကြောင့် အရေပြားကိုသာ ထိုးစိုက်မိပြီး အတွင်းထဲထိ ဝင်ရောက်နိုင်စွမ်း မရှိပေ။ ဝမ်ရှန်းသည် အားမလျှော့ဘဲ လက်မောင်း တစ်ဖက်ဖြင့် ဝံပုလွေ၏ လည်မျိုကို ညှစ်ထားကာ ကျန်တစ်ဖက်ဖြင့် အားကုန် ဆက်တိုက် ထိုးစိုက်နေသည်။

အရေပြားသည် အလွန်မာကျောပြီး သာမန် ဆူးပင်များ ဖောက်ထွင်းနိုင်သည့် အရာမဟုတ်ပေ။ ဝမ်ရှန်း၏ မဆုတ်မနစ်သော အားသွန်ခွန်စိုက် ကြိုးပမ်းမှု အောက်တွင် အထူး ပြုလုပ်ထားသည့် ကျားသွားဓားသည် ချွန်မြသည့် မြားတစ်စင်းအလား အရေပြားကို တိုက်ရိုက် ဖောက်ဝင်ကာ ဝံပုလွေ၏ လည်မျိုကို စိုက်ဝင်သွားလေသည်။

အရည်နွေးနွေးများ ဝမ်ရှန်း၏ ညာလက်ပေါ်သို့ စီးကျလာသည်။ ၎င်းမှာ အထီးကျန် ဝံပုလွေ၏ သွေးများဖြစ်ကြောင်း နားလည်လိုက်ပြီး  တစ်ချိန်တည်းမှာပင် အထီးကျန် ဝံပုလွေသည် နာကျင်စွာ အော်ညည်းလျက် ထခုန်လိုက်သည်။ ဝမ်ရှန်းသည် ဝံပုလွေ၏ လည်ပင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက် ကျားသွားဓားဖြင့် လည်မျိုအား ထိုးစိုက်လျက် တန်းလန်းပါနေသည်။

သူသည် အထီးကျန် ဝံပုလွေ၏ နောက်ကျောကို တင်းကျပ်စွာ ဖက်တွယ်ထားလိုက်သည်။ သို့မဟုတ်ပါက ဝံပုလွေ၏ ခန္ဓာကိုယ်ပေါ်မှ ပစ်ကျသွားပြီး ဖွတ်ဖွတ်ကြေ သွားနိုင်သည်။

ယခု လက်ရှိ အခြေအနေအရ ဝံပုလွေသည် ဒဏ်ရာ အပြင်းအထန် ရထားလေရာ သူ မြေပြင်ပေါ်သို့ ပြုတ်ကျ သွားသည်နှင့် တစ်ပြိုင်နက် သေသည်ထိ ကိုက်ခဲခံရမည် ဖြစ်သည်။

နောက်ကျောပေါ်တွင် နေခြင်းဖြင့် အထီးကျန် ဝံပုလွေသည် နောက်ဘက်သို့ လှည့်ကာ ကိုက်ခဲခြင်းလည်း မပြုနိုင်ပေ။

တစ်ကိုယ်လုံး တုန်ယင်နေသည့် အထီးကျန် ဝံပုလွေသည် ဝမ်ရှန်းကို တစ်ခဏမျှ စိတ်မကောင်း ဖြစ်သွားစေခဲ့သော်လည်း ယာယီမျှသာ ဖြစ်သည်။ သူမသေလျှင် ကိုယ်သေပေလိမ့်မည်။

ဝံပုလွေသည် တော်တော်နှင့် သေနိုင်မည် မဟုတ်သဖြင့်  တတ်နိုင်သမျှ မြန်မြန် အဆုံးသတ်ပေးရန် ဆုံးဖြတ်လိုက်သည်။ ချောကလက် အဆိပ်၊ အော့အန်ခြင်းနှင့် တက်ခြင်းများအပြင် လည်မျိုကို ဓားဖြင့် ထိုးစိုက် ခံထားရခြင်းနှင့် သွေးများ ဒလဟာ စီးကျနေခြင်းတို့ကြောင့် ဤ ဝံပုလွေသည် များမကြာမီ သေဆုံးတော့မည်ဟု ဝမ်ရှန်း ယုံကြည်လေသည်။

နောက်တွင်သာ ပြုတ်ကျကျန် မနေခဲ့ပါက ဝံပုလွေကို သေချာပေါက် သတ်ဖြတ် နိုင်လိမ့်မည်။ အထီးကျန် ဝံပုလွေသည် အော်ဟစ်လိုက်၊ လူးလိမ့်လိုက်၊ ပြေးလိုက် ဖြစ်နေသည်။ မည်မျှပင် ကြိုးစားသော်လည်း လည်မျိုထဲမှ ဓားကို ဆွဲထုတ်၍ မရချေ။ ပို၍ လှုပ်ရှား လေလေ ဓားသည် အနက်ပိုင်းထဲသို့ တိုးဝင်လေလေဖြစ်ကာ သွေးများ စီးကျလာလေလေဖြစ်သည်။

မုန်းစရာ အကောင်းဆုံး အရာမှာ ကျောထက်မှ ဝမ်ရှန်းသည် တောက်တဲ့ တစ်ကောင်အလား အရအမိ တွယ်ကပ်ထားခြင်း ဖြစ်လေသည်။

သူ၏ ခန္ဓာကိုယ်ကို မည်မျှ လှုပ်ယမ်းစေကာမူ ခါမထုတ်နိုင်ခဲ့ဘဲ ဒဏ်ရာများသာ ပို၍ ဆိုးရွားလာသည်။ အချိန်များသည် တစ်မိနစ်ပြီးလျှင် တစ်မိနစ် ကုန်ဆုံးနေပြီး အထီးကျန် ဝံပုလွေ၏ လှုပ်ရှားမှုများမှာ ပို၍ နှေးကွေး အားနည်းလာသည်။ မတ်တပ်ရပ်ရန် ခွန်အားပင် မကျန်တော့ပေ။

ပူနွေးသော သွေးများ ဆက်တိုက် စီးဆင်းနေဆဲ ဖြစ်ကာ အထီးကျန် ဝံပုလွေ၏ ခန္ဓာကိုယ်သည် တစ်ချက် တစ်ချက် တွန့်လိမ်၍ တုန်ခါလာသည်။ အော်ညည်းသံ သဲ့သဲ့ကိုသာ ထုတ်လွှတ် နိုင်တော့သည်ကို ထောက်ချင့်၍ ဇီဝိန် ချုပ်ငြိမ်းတော့မည် ဖြစ်ကြောင်း သိသာလေသည်။

ဝမ်ရှန်းသည် ဝံပုလွေ နှင့်အတူ လူးလိမ့် နေခဲ့ရသဖြင့် တစ်ကိုယ်လုံးမှ ခွန်အားများ ကုန်ခန်းလုနီးနီး ဖြစ်နေလေပြီ။ လက်မောင်း ကြွက်သားများပင် အံသေနေပြီ ဖြစ်သော်လည်း အံကို တင်းတင်းကြိတ်လျက် တောင့်ခံထားခဲ့သည်။

အောင်မြင်မှုရရန် သိပ်မလိုတော့ပေ။ အထီးကျန် ဝံပုလွေသည် လည်မျိုမှ ဓားပေါက်ရာကြီး အပြင် သွေးများစွာ ယိုစီးကျနေမှုကြောင့် အသက်ရှူ လမ်းကြောင်းအား ပိတ်ဆို့ထားသည့် သဖွယ် ဖြစ်သွားလျက် ကောင်းစွာ အသက်မရှူ နိုင်တော့ပေ။ ၎င်း၏ ခန္ဓာကိုယ်မှ အော်ရာများ ဖြည်းညင်းစွာ အားနည်းလာသည်။ အထီးကျန် ဝံပုလွေသည် သေလုမြောပါး အချိန်အထိ သူ့ဘဝမှာ သေးငယ်သော လူတစ်ယောက်၏ လက်ထဲ၌ မည်သို့မည်သို့ အဆုံးသတ် သွားရကြောင်း နားမလည်နိုင်ခဲ့ပေ။
***

Comment

Leave a Reply

Options

not work with dark mode
Reset