Switch Mode

Chapter – 83

ယွမ်ဝိညာဉ် ခွဲထုတ်ခြင်း (၂)

အခန်း ၈၃
ယွမ်ဝိညာဉ် ခွဲထုတ်ခြင်း (၂)

ယွမ်ဝိညာဉ် ချီဝမ်နဂါးကို နှစ်ပိုင်း ခွဲထုတ် လိုက်ပြီးနောက် နှစ်ပိုင်းလုံးသည် သီးသန့် ပြိုကွဲသွားပြီး သီးခြား ကြီးထွား လာကြသည်။

ထို့ကြောင့် ပြန်လည် ပေါင်းစည်းချိန်တွင် ဝမ်ရှန်းသည် အရိုးရှင်းဆုံးသော ပေါင်းစပ်ခြင်း နည်းလမ်းကိုသာ အသုံးပြုလိုက်သည်။ ယွမ်ဝိညာဉ် နှစ်ခုကို နီးကပ်စေပြီး တစ်ခုနှင့် တစ်ခု တင်းတင်းကျပ်ကျပ် ပူးကပ် ပေးလိုက်ရုံသာ ဖြစ်သည်။

ယွမ်ဝိညာဉ် နှစ်ခုလုံးသည် တူညီသည့် အော်ရာများအပြင် မျိုးစိတ်သည်လည်း အတူတူပင် ဖြစ်သည်။ သို့ပြင် ဝမ်ရှန်း၏ ယွမ်ဝိညာဉ် နယ်မြေထဲ၌ တစ်ချိန်တည်း ကြီးထွားခဲ့ခြင်း ဖြစ်ရာ ပေါင်းစပ်ခြင်းသည် သာမန် လုပ်ငန်းစဉ် တစ်ခုအတိုင်းသာ ဖြစ်၏။

ယွမ်ဝိညာဉ် နှစ်ခုသည် အချိန်တိုအတွင်း အတူတကွ ပြန်လည် ပေါင်းစပ်သွားပြီး ဝမ်ရှန်း၏ ခန့်မှန်းချက်အရ နာရီဝက်ခန့်သာ ကြာလိုက်သည်။

ယွမ်ဝိညာဉ် နှစ်ခုသည် တစ်သားတည်း ပေါင်းစပ် သွားပြီးနောက် မူလပုံစံနှင့် အနည်းငယ်ပင် ခြားနားသွားခြင်း မရှိပေ။ ဝမ်ရှန်းသည် ချီဝမ်နဂါး နှစ်ကောင်ကို တစ်ကောင်တည်းအဖြစ် ပြန်လည် ပေါင်းစည်း လိုက်ပြီးနောက် အပေါ်၊ အောက်၊ ဘယ်၊ ညာ၊ ရှေ့၊ နောက်ကို အကြိမ်ကြိမ် အပြန်ပြန် အလှန်လှန် စစ်ဆေးကြည့်သည်။

ပြဿနာ တစ်စုံတစ်ရာ မတွေ့ရသဖြင့်  ပျော်ရွှင်သွားပြီး ယွမ်ဝိညာဉ် နယ်မြေထဲမှ ပြန်ထွက် လိုက်လေသည်။

အချိန်ကို ကြည့်လိုက်သောအခါ ညနက်နေလေပြီ။ အထီးကျန် ဝံပုလွေသည် သစ်ပင်အောက်တွင် ရှိနေဆဲဖြစ်ကာ သစ်ကြားသီး နှစ်လုံးအလား မျက်လုံးများသည် မီးစိမ်းများသဖွယ် လက်နေသည်။ ဤကောင်သည် စိတ်ရှည်စွာပင် ဝမ်ရှန်းကို စားရရန် စောင့်ဆိုင်း နေလေသည်။ ဝမ်ရှန်းသည် ဝံပုလွေကို လျစ်လျူရှု ထားလိုက်ပြီး သတိထား၍ အိပ်စက်လိုက်သည်။

သူသည် မနေ့က တစ်နေ့လုံး တစ်ညလုံး ယွမ်ဝိညာဉ်ကို ခွဲထုတ်ခြင်းနှင့် ပေါင်းစပ်ခြင်းကို ပြုလုပ်ခဲ့သည်။ ယနေ့ ပြုလုပ်ရမည့် အရာမှာ အလွန် ရိုးရှင်းသည်။ ခွဲထုတ်ခြင်းနှင့် ပေါင်းစည်းခြင်း ဖြစ်စဉ်ကို ကျွမ်းကျင်သွားအောင် လေ့ကျင့်ရမည် ဖြစ်ကာ  မြန်လေကောင်းလေ ဖြစ်သည်။

အထီးကျန် ဝံပုလွေသည် ဝမ်ရှန်းကို ကြည့်ကာ ကြီးမားသော သံသယစိတ်များ ပေါ်ထွက်လာသည်။ သူ၏ မျက်လုံးထဲ၌ ဝမ်ရှန်း၏ ခွန်အားများသည် အားနည်း သွားလိုက် ပြင်းထန် လာလိုက် ဖြစ်နေပြီး ခန့်မှန်းရ ခက်ခဲနေသည်။

သို့ရာတွင် ဝံပုလွေ သည် ဝမ်ရှန်းအား ယခုအချိန်ထိ သူ့အစာဟု ယူဆထားဆဲပင်။

ဝမ်ရှန်းသည် တစ်နေကုန် ယွမ်ဝိညာဉ်ကို ပေါင်းစပ်လိုက် ခွဲထုတ်လိုက် လုပ်နေသည်။ သူသည် ချီဝမ်နဂါးကို အစိတ်ပိုင်းများစွာ အဖြစ် တိုက်ရိုက် ခွဲမထုတ်သေးဘဲ နှစ်ခုပိုင်းလိုက် ပြန်ပေါင်းလိုက် လုပ်နေသည်။

ဤဖြစ်စဉ်သည် အချိန်ကုန်သော်လည်း ဝမ်ရှန်းမှာမူ ယွမ်ဝိညာဉ်ကို ခွဲထုတ်ခြင်းနှင့် ပေါင်းစပ်ခြင်း၌ ပို၍ ကျွမ်းကျင်လာသည်။

လေ့ကျင့်နေစဉ် အတွင်း ထူးခြား ဖြစ်စဉ် တစ်ခုကိုလည်း သတိပြုမိခဲ့သည်။ ၎င်းမှာ သူ၏ ယွမ်ဝိညာဉ်ကို နှစ်ပိုင်း ခွဲလိုက်ချိန်တွင် သစ်ပင်အောက်မှ ဝံပုလွေသည် အလွန်အမင်း ရှုပ်ထွေး သွားဟန်ဖြင့် စူးစိုက် ကြည့်နေခြင်းပင်။

၎င်းမှာ သူ၏ ယွမ်ဝိညာဉ်ကို ခွဲထုတ်လိုက်လျှင် ခွန်အား ကျဆင်း သွားသကဲ့သို့ အပြင်လူများကို ထင်ယောင်ထင်မှား ဖြစ်စေခြင်းဖြစ်ကြောင်း ဝမ်ရှန်း နားလည်လိုက်သည်။

ဤသည်မှာ အလွန် ကောင်းမွန်သော အကျိုးရလဒ် တစ်ခုပင်။

သူသည် ယွမ်ဝိညာဉ် အဆင့်မြင့်ရန် လျှို့ဝှက်ချက်ကို အခြားသူများအား မသိစေလိုပါက ချီဝမ်နဂါးကို အစိတ်အပိုင်း များစွာ ခွဲထုတ်လိုက်ရုံသာ ဖြစ်သည်။ ထိုအခါ လူအများသည် သူ၏ ခွန်အား အစစ်အမှန်ကို မသိနိုင်တော့ဘဲ ကောလာဟလ များမှာလည်း အလိုအလျောက် ပျောက်ကွယ် သွားပေလိမ့်မည်။

ငါးရက်နှင့် ငါးည ကြာပြီးနောက် ဝမ်ရှန်း ပြင်ဆင်ထားခဲ့သည့် အစားအစာများ ကုန်ဆုံးသွားလေပြီ။ ဝမ်ရှန်းသည် အဆုံးတွင် အထီးကျန် ဝံပုလွေနှင့် ရင်ဆိုင်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။

ငါးရက်နှင့် ငါးညအတွင်း ဝံပုလွေသည် အနီးအနားသို့ ရေသောက် သွားသည်မှအပ အခြားပြုလုပ်ခြင်း မရှိသဖြင့် ဆာလောင်နေပြီ ဖြစ်သည်။ ဝံပုလွေ ကိုယ်အလေးချိန်သည် အနည်းငယ် ဆုံးရှုံး သွားကြောင်း အတည်ပြုပြီးနောက် ဝမ်ရှန်းသည် ဟိုဘက် ကမ္ဘာမှ ပါလာခဲ့သည့် အထူးစွမ်းအင် အချောင်းတစ်ခုကို ထုတ်ယူကာ သစ်ပင်အောက်မှ ဝံပုလွေ ရှေ့တွင် ချပေးလိုက်လေသည်။

ဝမ်ရှန်း၏ စက်ပစ္စည်း သိုလှောင်အိတ်ထဲ၌ စွမ်းအင်အချောင်း ခုနစ်ခု ပါဝင်သည်။ စွမ်းအင်အချောင်း ဆိုသည်မှာ အာဟာရဓာတ် အမျိုးမျိုး ပါဝင်သည့် အစားအစာများကို ကြာရှည်ခံပြီး သယ်ဆောင်ရ လွယ်ကူသည့် အသေးငယ်ဆုံးသော အနေအထားမျိုး ဖြစ်အောင် ပြင်ဆင် ထုတ်လုပ်ထားခြင်း ဖြစ်သည်။

စွမ်းအင်ချောင်း ၇ ခုသည် ၇ ရက်စာ စားနပ်ရိက္ခာနှင့် ညီမျှသည်။ သို့ရာတွင် ဝမ်ရှန်းတွင် ရှိသည့်  စွင်းအင် ချောင်း ၇ ခု အနက် ၆ ခုသည် သာမန်  ရိက္ခာ စွမ်းအင်ချောင်းများ ဖြစ်ကြသော်လည်း နောက်ဆုံး တစ်ခုမှာ သူ့အတွက် အထူး ပြုလုပ်ထားခြင်း ဖြစ်သည်။

သာမန် စစ်သားများ၏ ရိက္ခာ စွမ်းအင်ချောင်းများတွင်  ကာဗိုဟိုက်ဒြိတ်၊ ပရိုတင်း၊ ကဆီဓာတ် စသည်ဖြင့် ခန္ဓာကိုယ် အတွက် လိုအပ်သည့် အာဟာရဓာတ်များ ပါဝင်ပြီး  အမျိုးမျိုးသော အာဟာရ ဓာတ်များကို ဖြည့်စွက် ပေးနိုင်သည်။

စွမ်းအင်ချောင်း တစ်ခုသည် ဝမ်ရှန်းကဲ့သို့ စစ်သား တစ်ဉီးအတွက် တစ်နေ့တာ လိုအပ်သည့် စွမ်းအင်ကို ဖြည့်စွက် ပေးနိုင်သည်။

ခြောက်ခုသည် သာမန် စွမ်းအင်ချောင်းများ ဖြစ်ကြသော်လည်း နောက်ဆုံးသော တစ်ခုမှာမူ ချောကလက်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ချောကလက်ဟု ဆိုသော်လည်း ဝမ်ရှန်းသည် အဆီနှင့် သကြားများ မပါဝင်သည့် စစ်မှန်သည့် ချောကလက် အနက်ကို ယူဆောင်လာခြင်း ဖြစ်သည်။

အကြောင်းမှာ ချောကလက် စားပြီးချိန်တွင် သူ၏ စိတ်များသည် အာရုံ စူးစိုက်နိုင်စွမ်းအား ကောင်းလာပြီး စိတ်ကို ငြိမ်သက် သွားစေသောကြောင့်ပင်။

ဝမ်ရှန်းသည် သူ၏ တာဝန် မစတင်မီ ချောကလက် အချို့ ဝါးတတ်ပြီး အထူး စွမ်းအင်ချောင်းသည် ထိုမှ တစ်ဆင့် ပေါ်ထွက်လာခြင်း ဖြစ်သည်။

အထီးကျန် ဝံပုလွေသည် ဝမ်ရှန်း နေထိုင်ရာ သစ်ပင်အောက်သို့ ရောက်လာစဉ် ကတည်းက တစ်စုံတစ်ရာ မစားရသေးပေ။

ယခု ချိုမြသည့် ချောကလက် အပိုင်းအစလေး တစ်ခု ကောင်းကင်ထက်မှ ဆင်းသက် လာချိန်တွင် လျှာသပ်နေသည်။ မည်သို့ပင်ဖြစ်စေ အထီးကျန် ဝံပုလွေသည် မိစ္ဆာ သားရဲတစ်ကောင်သာ ဖြစ်လေရာ တိရစ္ဆာန်တို့၏ ဉာဏ်ရည် နိမ့်ပါးမှုကြောင့် ဝမ်ရှန်း၏ အစီအစဉ်ကို ရိပ်စားမိ ခြင်းမရှိပေ။

သို့သော်လည်း ဤ အထီးကျန် ဝံပုလွေသည် အလွန် သတိရှိသည်ဟု ဆိုရမည်ဖြစ်ကာ အနည်းငယ် အနံ့ခံကြည့်ရုံမှ လွဲ၍ ချောကလက်ကို မတို့မထိပေ။

ဝမ်ရှန်းသည် အားမလျှော့ဘဲ စိတ်ရှည် လက်ရှည် စောင့်ဆိုင်းနေသည်။ ပိုးကောင်ငယ် အချို့သည် ချောကလက်ပေါ်သို့ တက်လာချိန်၌ အထီးကျန် ဝံပုလွေသည် နှာခေါင်းဖြင့် တစ်ဖန် အနံ့ခံကာ ချောကလက် ပေါ်မှ ပိုးကောင်များကို မောင်းထုတ် လိုက်လေသည်။

ထို့နောက် ရှေ့ဆက် တိုးသွားပြီး လျှာကို ထုတ်ကာ လျှက်ကြည့်နေသည်။ ချိုမြိန်သော အရသာကို ကြိုက်နှစ်သက် သွားသည့်အလား ပါးစပ်ကို ဟလျက် ချောကလက် တစ်ခုလုံး ကိုက်စား မျိုချလိုက်လေသည်။

ဝမ်ရှန်း၏ နှုတ်ခမ်းထောင့်များ ကွေးညွတ် သွားသည်။ အထီးကျန် ဝံပုလွေကို အစာကျွေးရန် ခက်ခဲလိမ့်မည်ဟု ထင်ထားသော်လည်း မမျှော်လင့်ထားစွာပင် ဝံပုလွေသည် ဝမ်ရှန်း၏ ထောင်ချောက်ထဲသို့ အလွယ်တကူ ကျရောက် လာခဲ့သည်။

ကမ္ဘာပေါ်မှ ခွေးပိုင်ရှင်များသည်  ၎င်းတို့၏ ခွေးများ ချောကလက် မစားနိုင်သည်ကို အခြေခံအားဖြင့် သိထားကြသည်။ အနည်းငယ်သော ပမာဏသည် ကောင်းမွန်သော်လည်း များစွာ စားမိပါက အရသာရှိသော ချောကလက်သည် ခွေးများအတွက် သေစေနိုင်သော အဆိပ် ဖြစ်သွားတတ်သည်။

ချောကလက်တွင် ပါဝင်သည့် သီရိုဘရိုမင်း (Theobromine )ဓာတ်ကို တိရစ္ဆာန်များ၏ အစာအိမ်က  ထိရောက်စွာ ချေဖျက်နိုင်ခြင်း မရှိပေ။

ထို့ကြောင့်လည်း ပမာဏအချို့ စားမိရုံဖြင့် သေစေနိုင်ခြင်း ဖြစ်သည်။

ဤကမ္ဘာသည် ဟိုဘက်ကမ္ဘာနှင့် ခြားနားကောင်း ခြားနားနိုင်သော်လည်း ဝမ်ရှန်းအတွက် စွန့်စားကြည့်ရန် လိုအပ်သည်။

ဤနည်းလမ်းသာ အလုပ်မဖြစ်ပါက စနိုက်ပါရိုင်ဖယ်ကို အသုံးပြုရန်သာ ရှိတော့သည်။ ဝမ်ရှန်း၏ ခန့်မှန်းချက် မှန်ကန်လေသည်။ တစ်ခဏမျှ ကြာသော် အထီးကျန် ဝံပုလွေ၏ ပါးစပ်ထဲမှ အမြှုပ်များ ထွက်လာသည်ကို ကြည့်ကာ ဝမ်ရှန်း ကျေနပ်စွာ ပြုံးလိုက်မိသည်။

သူသည် ဤကမ္ဘာမှ ဝံပုလွေ တစ်ကောင်အတွက် သေစေနိုင်သည့် ချောကလက် ပမာဏကို မသိသော်လည်း ယခု မျက်စိရှေ့မှ မြင်ကွင်းအရ အထီးကျန် ဝံပုလွေ သည် အဆိပ်မိသွားပြီ ဖြစ်ကြောင်း သိသာလှသည်။

ဝံပုလွေကို ကျွေးလိုက်သည့် ချောကလက် တစ်ခြမ်းသည် သူ့အတွက် တစ်နေ့တာ လေ့ကျင့်ခန်း လုပ်ရန် လုံလောက်သည့် စွမ်းအင်ပမာဏကို ပေးစွမ်းနိုင်သည်။ အလေးချိန်သည် တစ်ပေါင်ခန့်ရှိကာ ချောကလက် စစ်စစ်ချည်း ဖြစ်သည်။

အထီးကျန် ဝံပုလွေ၏ ခန္ဓာကိုယ်သည် သာမန် ဝံပုလွေ တစ်ကောင်ထက် များစွာ ကြီးမားနေလျှင်ပင် သေချာပေါက် အဆိပ်ဒဏ်တော့ ခံစားရမည် ဖြစ်သည်။ ချောကလက် အဆိပ်သင့် ခြင်း၏ လက္ခဏာများတွင် အော့အန်ခြင်းနှင့် တက်ခြင်းတို့ ပါဝင်သည်။

အထီးကျန် ဝံပုလွေ၏ နှုတ်ခမ်းထောင့်များမှ စီးကျလာသည့် အမြှုပ်များကို ကြည့်ရုံဖြင့် အန်တော့မည် ဖြစ်ကြောင်း ထင်ရှားနေလေရာ ဝမ်ရှန်းသည် တက်မည့် အချိန်ကို စောင့်ဆိုင်း နေလိုက်သည်။

လက်ထဲတွင်မူ လေးနှင့်မြားကို အဆင်သင့် ကိုင်ထားပြီး အထီးကျန် ဝံပုလွေ၏ ခန္ဓာကိုယ်ကို ချိန်ရွယ်ထားသည်။သူ၏ မြားပစ်ချက်သည် သာမန် အချိန်များတွင် ပဉ္စမအဆင့် ဝံပုလွေ တစ်ကောင်၏ အမွေေးများကို ဖောက်ထွင်းနိုင်စွမ်း မရှိသော်လည်း  အဆိပ်သင့်ထားသည့် အတွက် သူ့တွင် အခွင့်အရေး ရှိနိုင်သည်။

အထီးကျန် ဝံပုလွေသည် သစ်ပင်အောက်တွင် နာကျင်စွာ လူးလိမ့်နေသည်။ ချောင်းဆိုးသည့်အလား  တဟွတ်ဟွတ် အသံမြည် လာလျက် လည်ချောင်းထဲမှ တစ်စုံတစ်ခု ထွက်လာတော့မည့် ဟန်ပင်။ ဝမ်ရှန်းသည် လူးလိမ့်နေသည့် အထီးကျန် ဝံပုလွေ၏ ဝမ်းဗိုက်သား မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် မြားကို တိကျစွာ ပစ်သွင်းလိုက်သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset