အခန်း ၈၂
ယွမ်ဝိညာဉ်အား ခွဲထုတ်ခြင်း(၁)
တိုက်ပွဲ ဝိညာဉ်သည် တန်အို၏ ကျင့်ကြံရေး နည်းလမ်းများကို ခွဲခြမ်းစိတ်ဖြာ နေခြင်းအား ရပ်တန့် လိုက်ပြီဖြစ်ကာ ထိုကျင့်ကြံရေး နည်းလမ်းများသည် ဝမ်ရှန်း လက်လှမ်းမီ ရန်အတွက် များစွာ ဝေးကွာနေသေးသည်။
မည်သို့ပင် ဖြစ်စေ တိုက်ပွဲ ဝိညာဉ်သည် ဝမ်ရှန်း၏ ထိန်းချုပ်မှု အောက်တွင် မရှိသဖြင့် သူ၏ လုပ်ဆောင်ချက်များကို ကန့်သတ် တားဆီးထား၍ မရချေ။ ဝမ်ရှန်း၏ ယွမ်ဝိညာဉ် ချီဝမ်နဂါးသည် ယခု အလွန် ကြီးမားနေပြီ ဖြစ်ကာ ခန္ဓာကိုယ် အလျားတစ်ခု တည်းကပင် မီတာပေါင်း များစွာ ရှည်လျားနေလေပြီ။
သို့မဟုတ်ပါက အသေးငယ် ဆုံးသော တောင်ကို ဝါးမျိုနိုင်ဉီးမည် မဟုတ်ပေ။ သို့သော်လည်း ကျန်ရှိနေသေးသည့် တောင်နှစ်လုံးကို ဝါးမျိုရန် အလှမ်း ဝေးလွန်းနေသေးပြီး တစ်ကိုက်တည်းဖြင့် ဝါးမျိုရန်မှာ ယခုထက် ဆယ်ဆခန့်ပို၍ ကြီးမားမှ ဖြစ်နိုင်ပေလိမ့်မည်။ ၎င်းမှာလည်း ဒုတိယမြောက် တောင်အတွက်သာ ဖြစ်ပြီး နောက်ဆုံး တောင်ကို ဝါးမျိုရန် အဆပေါင်း တစ်ရာခန့် ပို၍ ကြီးထွားမှ ဖြစ်နိုင်လိမ့်မည်။
ယွမ်ဝိညာဉ်ကို ခွဲထုတ်မည့် ဝမ်ရှန်း၏ အစီအစဉ်ကိုသာ ဤကမ္ဘာမှ လူများ သိရှိသွားပါက ဝမ်ရှန်းအား အလွန်အမင်း စိတ်ကူးယဉ် ဆန်သည်ဟု ပြောကာ လှောင်ရယ် ကြပေလိမ့်မည်။ ဘိုးဘေးများ၏ နည်းလမ်းများကို ပုန်ကန်ကာ အဆန်းထွင်ခြင်း အတွက် သေချာပေါက် ဆူပူကြိမ်းမောင်း ကြမည်ဖြစ်ကာ သစ္စာဖောက်ဟု အမည်တွင် သွားနိုင်သည်။
ဝမ်ရှန်း အတွက်မူ ကြီးမားသော ပြဿနာ မဟုတ်ချေ။ ယွမ်ဝိညာဉ် ငါးကြင်းကိုပင် နဂါးဂိတ်ကို ခုန်ကျော်နိုင်စေကာ ပြောင်းလဲမှု ဆယ့်သုံးဆင့်ကို ဖန်တီးနိုင်ခဲ့သည်။
ယွမ်ဝိညာဉ်ကို အစိတ်စိတ် အမြွှာမြွှာ ခွဲထုတ်ခြင်းသည်လည်း မဖြစ်နိုင်သော အရာတော့ မဟုတ်ပါချေ။ ချီဝမ်နဂါးကို မခွဲထုတ်မီ လက်ရှိ ယွမ်ဝိညာဉ်သည် ကျန်ရှိနေသေးသည့် တောင်နှစ်လုံးကို မည်မျှအထိ ဝါးမျိုနိုင်သည်ကို စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အံ့သြဖွယ် ကောင်းစွာပင် ချီဝမ်နဂါးသည် အရွယ်အစားပို၍ ကြီးမား လာသော်လည်း ဝါးမျိုနိုင်စွမ်းက တိုးတက်လာခြင်း မရှိပေ။ သို့ရာတွင် သေးငယ်သည့် ထောင့်စွန်းလေး တစ်ခုကို ဝါးမျိုခိုင်းလိုက်သည့် အချိန်တွင် အဆက်မပြတ် တစ်ကိုက်ပြီး တစ်ကိုက် ဝါးမျိုနေလေသည်။
ဆိုရလျှင် ဤ နည်းလမ်းသည် အသားစား ငါးများ သားကောင်ကို ဝါးမျို စားသောက်သည့် ပုံနှင့် အတူတူပင်ဖြစ်ကာ ဝမ်ရှန်း၏ ခန့်မှန်းချက် မှန်ကန်သည်ဟု ဆိုရမည် ဖြစ်သည်။
နောက်ထပ် စဉ်းစားရမည့် အရာမှာ ယွမ်ဝိညာဉ်ကို မည်သို့ ခွဲထုတ်ရမည်နည်း။ အခြားသူများထံမှ နည်းလမ်းကို မှီငြမ်းပြုရန်မှာလည်း ဤကမ္ဘာမှ လူများသည် ယွမ်ဝိညာဉ်ကို လက်တွေ့ ခွဲထုတ်ရန်ပင် မဆိုထားနှင့်၊ အိပ်မက်ထဲမှာပင် ထည့်မက်ဖူးကြမည် မဟုတ်ပေ။
ဤကိစ္စသည် အခြားသူများ အတွက် ပြဿနာကြီး ဖြစ်သော်လည်း ဝမ်ရှန်းအတွက် သာမန်ကိစ္စသာ ဖြစ်လေသည်။ မည်သို့ပင်ဖြစ်စေ ယွမ်ဝိညာဉ်ဟူသည် ဝိညာဉ်စွမ်းအင်များနှင့် ဖွဲ့စည်းထားခြင်းသာ ဖြစ်ရာ ကြိုးစားကြည့်၍လည်း အရှုံးမရှိနိုင်ပေ။
ထို့ပြင် ဝမ်ရှန်းသည် သူ့ဘဝ တစ်လျှောက်လုံး၌ တိရစ္ဆာန်များ အပိုင်းပိုင်း ခွဲထုတ်ခြင်းကို များစွာ မြင်တွေ့ခဲ့ဖူးသည်။ ဥပမာအားဖြင့် တီကောင် တစ်ကောင်သည် ခန္ဓာကိုယ်ကို နှစ်ပိုင်း ခွဲထုတ်နိုင်ပြီး နှစ်ပိုင်းလုံး အသက်ရှင်၍ ပြီးပြည့်စုံသည့် တီကောင်များ ဖြစ်လာကြသည်။
နောက်ထပ် ဥပမာ တစ်ခုမှာ ဆဲလ်ကွဲခြင်း ဖြစ်သည်။ တီကောင် နှစ်ပိုင်းကွဲခြင်းထက် အနည်းငယ် လွယ်ကူသော ဆဲလ်ကွဲခြင်းကိုသာ အမှီငြမ်းပြုရန် ဆုံးဖြတ်လိုက်သည်။ ဆဲလ်ဟူသည် ခန္ဓာကိုယ်တွင် အခြေခံ အကျဆုံးဖြစ်ကာ တစ်ကိုယ်လုံးကို ဆဲလ်များဖြင့် အဆင့်ဆင့် တည်ဆောက် ထားပေသည်။
ဝမ်ရှန်း အနေဖြင့် ချီဝမ်နဂါးကို ဆဲလ်တစ်ခုအဖြစ် မှတ်ယူ၍ တိုက်ရိုက် ခွဲထုတ်လိုက်ရုံသာ ဖြစ်သည်။
တိုက်ပွဲဝိညာဉ်သည် ဝမ်ရှန်း၏ အတွေးများကို ထိတ်လန့် နေဟန်ဖြင့် ယွမ်ဝိညာဉ် နယ်မြေ၏ ထောင့်တစ်နေရာတွင် မတုန်မလှုပ် ရပ်နေပြီး ချီဝမ်နဂါးကို စူးစိုက်ကြည့်နေသည်။ အခြားသူများသာ ဝမ်ရှန်း၏ လက်ရှိ ယွမ်ဝိညာဉ် နယ်ပယ်ကို တွေ့မြင်ပါက ကြက်သေ သေသွားပေလိမ့်မည်။
မူလ ယွမ်ဝိညာဉ် ချီဝမ်နဂါးသည် အလယ်ဗဟိုမှ တဖြည်းဖြည်း ပါးသွားသည်။ နဂါးခေါင်းနှင့် ငါးကိုယ်ထည်ကြားမှ ချိတ်ဆက်မှုသည် ပို၍ ပို၍ သေးငယ်လာပြီး အမှတ်တစ်ခုခန့်သာ အချိတ်အဆက် ရှိတော့သည်။ အဆုံးတွင် ၎င်းအမှတ်သည်လည်း ကွဲထွက်သွားပြီး အပိုင်းနှစ်ပိုင်း အဖြစ် တိုက်ရိုက် ကွဲထွက်သွားလေသည်။
ထို့နောက် ကွဲထွက်သွားသည့် နဂါးခေါင်းမှ ငါးကြင်းကိုယ်ထည် တစ်ခု ဆက်လက် ထွက်ပေါ်လာကာ ကွဲထွက်သွားသော ငါးကြင်း ကိုယ်ထည်မှလည်း နဂါးခေါင်းတစ်ခု ပေါ်ထွက်လာသည်။
ဤနည်းဖြင့် ဝမ်ရှန်း၏ ထိန်းချုပ်မှု အောက်တွင် ချီဝမ်နဂါးသည် မူလ အရွယ်အစား၏ တစ်ဝက်ခန့်ရှိသည့် ချီဝမ်နဂါးငယ် နှစ်ကောင် ဖြစ်လာသည်။
ယွမ်ဝိညာဉ်မှ အပ်စိုက်မှတ် နှစ်ခုမှာ တိုးမလာဘဲ မူလအတိုင်း နှစ်ခုသာ ဖြစ်သည်။ ပြောင်းလဲ သွားသည့် တစ်ခုတည်းသော အရာမှာ ယွမ်ဝိညာဉ်သာ ဖြစ်သည်။
ဤကမ္ဘာတွင် ယွမ်ဝိညာဉ်ကို နှစ်ခုအဖြစ် ပိုင်းခြား ခွဲထုတ်ရန် မည်သူကမှ တွေးတော မိကြမည် မဟုတ်ပေ။
ပထမတစ်ချက်သည် ထိုမျှအထိ ကျယ်ပြန့်သည် အတွေးအခေါ်မျိုး မရှိ၍ ဖြစ်ပြီး ဒုတိယ အနေဖြင့် ယွမ်ဝိညာဉ်၏ အရေးပါမှုကြောင့် မည်သူကမှ မစွန့်စားရဲကြခြင်း ဖြစ်သည်။
တခြား ကမ္ဘာမှ ရောက်လာခဲ့သည့် ဝမ်ရှန်း တစ်ယောက်သာလျှင် ဤသို့ ရဲတင်းသည့် အတွေးမျိုးကို လက်တွေ့ အကောင်အထည် ဖော်ရဲခြင်း ဖြစ်သည်။ ၎င်းမှာလည်း သူ့တွင် ခေတ်မီ နည်းပညာနှင့် ဗဟုသုတ အသိပညာ အခြေခံများ ပိုင်ဆိုင် ထားသောကြောင့် ဖြစ်ပြီး ဤကမ္ဘာမှ ကျင့်ကြံသူများမှာမူ ဆန္ဒရှိလျှင်ပင် လက်တွေ့ အကောင်အထည် ဖော်နိုင်ကြမည် မဟုတ်ပါချေ။
လျစ်လျူရှုထား၍ မရနိုင်သည့် အကြောင်းရင်း တစ်ခုလည်း ရှိနေသေးသည်။ ၎င်းမှာ သစ်ပင်အောက်မှ ဝံပုလွေပင်။
အမြဲတစေ စောင့်ကြည့်နေသည့် ဝံပုလွေသည် ဝမ်ရှန်းအတွက် ဖိအားများစွာ ဖြစ်စေပြီး အကယ်၍ ဝမ်ရှန်းသာ အချိန်တိုအတွင်း ခွန်အားများကို မမြှင့်တင်နိုင်ခဲ့ပါက စနိုက်ပါ ရိုင်ဖယ်ကို မဖြစ်မနေ အသုံးချရတော့မည် ဖြစ်သည်။
ထိုအခါ မိစ္ဆာ သားရဲများစွာကို မည်သို့ ရင်ဆိုင်ရမည်နည်း။ ထို့ကြောင့် ယေဘုယျအားဖြင့် ခြုံငုံ ကြည့်ပါက ဝမ်ရှန်း၏ ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက် များမှာ ယုတ္တိတန်လေသည်။
ဝမ်ရှန်းသည် နောက်ဆုံး တိုက်ပွဲဟု ယူဆကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အမှန်အားဖြင့် သူသည် ယွမ်ဝိညာဉ်ကို ခွဲထုတ်စဉ်က အပ်စိုက်မှတ်များ အကြောင်းပင် မစဉ်းစားခဲ့မိချေ။ ကံကောင်းစွာပင် ပြဿနာ တစ်စုံတစ်ရာ မရှိဘဲ ကောင်းမွန်စွာ အဆုံးသတ် နိုင်ခဲ့သည်။
သို့မဟုတ်ပါက မည်သို့သော အန္တရာယ်မျိုးနှင့် ရင်ဆိုင် ကြုံတွေ့ရမည် မသိချေ။ ဝမ်ရှန်း၏ လုပ်ရပ်သည် မိုက်ရူးရဲ ဆန်သည်ဟု ထင်ရသော်လည်း အမှန်တကယ်မှာ မဖြစ်နိုင်သည့် အရာတော့ မဟုတ်ချေ။
သူ၏ မူလ ယွမ်ဝိညာဉ် ငါးကြင်းသည် အချင်းချင်း ကိုက်စား ဝါးမျိုနိုင်သည့် ငါးကြင်း အုပ်စုထဲမှ တစ်ကောင်ဖြစ်သည်။
ဆိုရလျှင် ပိုင်းခြားခြင်းကို အခြေခံထားသည့် ယွမ်ဝိညာဉ်သာ ဖြစ်လေရာ နှစ်ပိုင်းပင် မဆိုထားနှင့် အပိုင်းတစ်ရာမက ခွဲထုတ်ပိုင်းခြား နိုင်သေးသည်။
ဝမ်ရှန်းသည် ဤသဘောတရားကို နားလည်ထား၍လည်း စွန့်စားရဲခြင်းဖြစ်ပြီး ကံကောင်းစွာပင် မျှော်လင့်ထားသည့် အတိုင်း ယွမ်ဝိညာဉ် ခွဲထုတ်ခြင်းသည် အလွယ်တကူ ပြီးဆုံးသွားခဲ့သည်။
သို့ရာတွင် ခွဲထုတ်ခြင်း အောင်မြင် သွားပြီးနောက် ဝမ်ရှန်း ချက်ချင်း ရပ်တန့် လိုက်သည်။ သူ၏ ယွမ်ဝိညာဉ် တစ်စုံတစ်ရာ ပျက်စီးသွားခြင်း ရှိမရှိ စစ်ဆေးရဉီးမည် ဖြစ်သည်။
တိုက်ပွဲ ဝိညာဉ်သည် ဖြစ်စဉ် တစ်ခုလုံးကို အစအဆုံး စောင့်ကြည့်နေခဲ့ပြီး ယွမ်ဝိညာဉ် နှစ်ပိုင်း ကွဲသွားချိန်တွင် ချက်ချင်း ခုန်ထ၍ ယွမ်ဝိညာဉ် နံဘေးသို့ ရောက်ရှိလာပြီး ဂရုတစိုက် စစ်ဆေး ကြည့်နေသည်။ ထို့နောက် ထောင့်တစ်နေရာသို့ ပြန်ရောက်သွားပြီး တစ်စုံတစ်ခုကို စဉ်းစားနေလေသည်။
ယွမ်ဝိညာဉ် နှစ်ခုသည် ပြဿနာ တစ်စုံတစ်ရာ မရှိချေ။ ဝိညာဉ်စွမ်းအင် စုပ်ယူမှုသည်လည်း ပုံမှန်ဖြစ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်း များလည်း စုံလင်ပြီး သာမန် ယွမ်ဝိညာဉ်အတိုင်း ဖြစ်သည်။
ဝမ်ရှန်းသည် အသက်ပြင်းပြင်း ရှိုက်ကာ ယွမ်ဝိညာဉ် နယ်မြေထဲမှ ပြန်ထွက် လိုက်သည်။ အချိန်ကို ကြည့််လိုက်သောအခါ ရှစ်နာရီခန့် ကုန်ဆုံးသွားပြီဖြစ်ပြီး အစာအိမ်သည် တဂွီဂွီ မြည်လာလေပြီ။
သစ်ပင်အိမ်ထဲမှ ခေါင်းပြူ၍ ကြည့်လိုက်သောအခါ အထီးကျန် ဝံပုလွေသည် သစ်ပင်အောက်တွင် စောင့်ကြပ်နေဆဲ ဖြစ်သည်။ ဝမ်ရှန်း၏ ဉီးခေါင်းကို မြင်သောအခါ ချက်ချင်း ရက်စက် ကြမ်းကြုတ်လာပြီး ဒေါသတကြီး မာန်ဖီနေသည်။
ဝမ်ရှန်းတွင် စားစရာ သောက်စရာ အလုံအလောက် ရှိနေသေးသည်ဖြစ်ရာ အထီးကျန် ဝံပုလွေကို လျစ်လျူရှု ထားလိုက်သည်။ ထို့နောက် အစာအိမ်ကို ပြန်လည် ဖြည့်တင်းပြီး ယွမ်ဝိညာဉ် နယ်မြေထဲသို့ တစ်ဖန် ပြန်လည် ဝင်ရောက် လိုက်သည်။
ယွမ်ဝိညာဉ်ကို ခွဲထုတ်ခြင်းသည် သူ၏ ပန်းတိုင် မဟုတ်ပေ။ ခွဲထုတ်ခြင်းသည် စွမ်းအင်များကို ဖြန့်ကြက်ခြင်းနှင့် သဘောတရားချင်း ဆင်တူပြီး ခွဲထုတ်လိုက်သည့် အတွက် ယွမ်ဝိညာဉ်၏ အင်အားနှင့် ဝိညာဉ်စွမ်းအင်များ အားနည်းသွားမည်ကို အဖြစ်မခံနိုင်ချေ။
ထို့ကြောင့် အောင်မြင်စွာ ခွဲထုတ်ပြီးနောက် တစ်ဖန် ပြန်လည် ပေါင်းစပ်ရန် ကြိုးစားရဉီးမည် ဖြစ်သည်။ ဝမ်ရှန်းသည် ယွမ်ဝိညာဉ် ငါးကြင်း ကိုးဆယ့် ကိုးကောင်မှာ တစ်ကောင်နှင့် တစ်ကောင် ဝါးမျိုနေပုံကို ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည့် အပြင် အောင်မြင်စွာ ခွဲထုတ်ပြီးနောက် အတွေ့အကြုံ ရှိသွားသဖြင့် ပြန်လည် ပေါင်းစပ်ရာတွင် အခက်အခဲများစွာ မရှိပေ။
သို့သော်လည်း သူသည် ယွမ်ဝိညာဉ် နှစ်ခုကို ပေါင်းစည်းရာတွင် ဝါးမျိုသည့် နည်းလမ်းကို မသုံးခဲ့။ အဘယ်ကြောင့် ဆိုသော် ဝါးမျိုခြင်း ဖြစ်စဉ်၌ မကြေညက်ခြင်း၊ ချေဖျက်ခြင်း စသည့် လုပ်ငန်းစဉ်များကြောင့် ဝိညာဉ် စွမ်းအင်အချို့ မလွဲမသွေ ဆုံးရှုံး သွားပေလိမ့်မည်။
ဝမ်ရှန်းသည် သူခက်ခက်ခဲခဲ စုပ်ယူထားခဲ့ရသည့် ဝိညာဉ် စွမ်းအင်များကို အလွယ်တကူ မဆုံးရှုံးချင်သဖြင့် ဝါးမျိုနည်းလမ်းကို မသုံးဘဲ သာမန် ပေါင်းစပ်ခြင်း နည်းလမ်း ကိုသာ အသုံးပြုလိုက်သည်။
***