Switch Mode

Chapter – 81

သတိလက်လွတ်ဖြစ်ခြင်း

အခန်း ၈၁
သတိလက်လွတ်ဖြစ်ခြင်း

ရေတွင်းသည် အတိကာလ၌  ရွာငယ်၏ ရေအရင်းအမြစ် ဖြစ်ပုံရပြီး ကောင်းစွာ ထိန်းသိမ်းခဲ့ကြပုံ ပေါ်သည်။ ရေတွင်းနံရံနှင့် အမိုးများကို  ကျောက်တုံးများဖြင့် ပြုလုပ်ထားကာ အလွန်ခိုင်ခံ့၍  တစ်စုံတစ်ရာ ပျက်စီးခြင်းမရှိဘဲ မြေကြီး၏ အနက်ပိုင်းထဲထိ နစ်ဝင်နေသည်။

ရေတွင်း တစ်ဝိုက်တွင်  သစ်ပင်များစွာ ပေါက်ရောက်နေလျက် ရေတွင်းဝကို ဖုံးအုပ်ထားသည်။ ဝမ်ရှန်းသည် အပေါ်မှ ပိတ်နေသည့် သစ်ပင်ချုံနွယ်များကို ဖယ်ရှားကာ သူ၏ ဉီးထုပ်ဖြင့် ရေခပ် ကြည့်လိုက်သည်။

ထို့နောက် အကောင်ငယ် အချို့ကို ရေထဲသို့ ချကြည့် လိုက်သောအခါ အဆိပ်မရှိဘဲ  ကောင်းမွန်သည့် ရေအရင်းအမြစ် ဖြစ်ကြောင်း သတိပြုမိလိုက်သည်။

ထို့ပြင် ဝမ်ရှန်းသည် ရွာတစ်ဝိုက်တွင် လမ်းလျှောက်ရင်းဖြင့် မိသားစု နှစ်ခု၏ မြေအောက်ခန်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ သို့ရာတွင် မြေအောက်ခန်းများကို မြေပြင်အောက်တွင် တိုက်ရိုက် တူးဖော်ထားသဖြင့် ယခုအချိန်တွင် ပြိုကျပျက်စီး နေလေပြီ။

ရွာထဲ၌ အလွန် ကြီးမား တုတ်ခိုင်လှသည့် သစ်ပင်ကြီး တစ်ပင်ရှိသည်။ ယခင်ကတည်းက ရွာတွင် ရှိနေခဲ့ခြင်းလော၊ ရွာပျက်ပြီးမှ ကြီးလာခြင်းလော သူမသိပေ။ မည်သို့ပင်ဖြစ်စေ သစ်ပင်ကြီးသည် ယောက်ျား ငါးယောက် ဖက်စာလောက်ထိ လုံးပတ် ကြီးမားသည်။

သစ်ပင်၏ အနိမ့်ဆုံး အကိုင်းကပင် ဝမ်ရှန်း၏ တစ်ကိုယ်လုံးကို ဖုံးကွယ်ပေးထားရန် လုံလောက်လေသည်။ ဉီးခေါင်းထက်တွင်  သစ်ရွက်များ နေပြောက် မထိုးနိုင်အောင် ဖုံးအုပ်ထားပြီး မြေပြင်မှ   ၁၀ မီတာခန့် အမြင့်တွင်ရှိသည်။

ဆိုရလျှင် ငှက်များ၏  အန္တရာယ်ကို ကာကွယ် နိုင်သကဲ့သို့ မြေပြင်ထက်မှ မိစ္ဆာ သားရဲများ၏ အန္တရာယ်ကိုလည်း ကာကွယ်နိုင်သေးသည်။ ထို့ပြင် သစ်ကိုင်းများသည် နှစ်မီတာခန့် ရှည်လျားလေရာ ခေါင်မိုးနှင့် နံရံမရှိသည်မှလွဲ၍ နေရာချရန် အသင့်လျော်ဆုံး နေရာတစ်ခုဖြစ်ပေသည်။

ဝမ်ရှန်းသည် ၎င်းသစ်ပင်ကြီးပေါ်တွင် သစ်ပင်အိမ်တစ်ခု ဆောက်ရန် အချို့သော အကိုင်းအခက်များကို ခုတ်ဖြတ်လိုက်သည်။ တောတွင်းရှင်သန်သူ တစ်ယောက်အတွက် တောထဲတွင် နေထိုင်ရန်မှာ အလွယ်ကူဆုံးသော အရာဖြစ်ပြီး ဤနည်းဖြင့် ပို၍လုံခြုံပြီး သက်သောင့်သက်သာ ဖြစ်စေသည်။

အရာအားလုံး ပြီးသွားချိန်တွင်  ညနေစောင်း နေလေပြီ။ ဝမ်ရှန်းသည် ရိုးရှင်းစွာပင် စားသောက် လိုက်ပြီးနောက် ပတ်ဝန်းကျင်တွင် ထောင်ချောက်ငယ်များ ချထားကာ သစ်ပင်အိမ်ထဲသို့ ဝင်လိုက်ပြီး စတင် အိပ်စက်လေသည်။

ဤသည်မှာ ဂျင်ဒီတားမြစ် နယ်မြေထဲ ဝင်ပြီးနောက် ဝမ်ရှန်းအတွက် သက်သောင့်သက်သာ အဖြစ်ဆုံး အချိန်ပင်။ လမ်းတစ်လျှောက်လုံး၌ နောက်ယောင်ခံ သူများအပြင် ရှေ့မှ မိစ္ဆာ သားရဲများ၏ အန္တရာယ်ကိုလည်း ကြောက်ရသေးသဖြင့် မျက်လုံးပိတ်ပြီး အိပ်နေလျှင်ပင် နှစ်ခြိုက်စွာ မအိပ်ရဲခဲ့ပေ။

ကောင်းစွာ လေ့ကျင့်ထား၍ ကြံ့ခိုင်သည့် ခန္ဓာကိုယ်သည်ဝမ်ရှန်းကို အရာအားလုံး ရင်ဆိုင်နိုင်ရန် ခွင့်ပြုထားသော်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ရခြင်းနှင့်တော့ နှိုင်းယှဉ်၍ မရချေ။

ဝမ်ရှန်းသည် ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာပါ အလွန်အမင်း ပင်ပန်း နွမ်းနယ်နေပြီ ဖြစ်သည်။ ခေါင်းချ လိုက်သည်နှင့် တစ်ပြိုင်နက် အရုဏ်တက်ချိန် အထိ တစ်ချိုးတည်း အိပ်ပျော် သွားလေသည်။

သူ၏ သစ်ပင်အိမ်ကို အသေအချာ ပြင်ဆင်ထားသဖြင့် ခြင်များ အင်းဆက်များ၏ အနှောင့်အယှက်လည်း မရှိဘဲ ချိုမြိန်စွာ အိပ်စက်နိုင်လေသည်။ သို့ရာတွင် အန္တရာယ်ဟူသည် အချိန်မရွေး နေရာမရွေး ပေါ်လာတတ်လေရာ ဝမ်ရှန်းသည် တစ်ဖက်တွင် အိပ်နေသော်လည်း သတိ အနည်းငယ်တော့ ရှိနေဆဲဖြစ်သည်။

ရုတ်တရက် ပေါ်ထွက်လာသည့် ငှက်အော်သံများကြောင့် ဝမ်ရှန်း လန့်နိုးလာသည်။ ၎င်း ငှက်များသည်  သာမန် ငှက်များသာဖြစ်ပြီး ဂျင်ဒီတားမြစ် နယ်မြေထဲ၌ သတ္တဝါအားလုံး မိစ္ဆာ သားရဲမဟုတ်ကြပေ။

ဆိုရလျှင် ဤတားမြစ် နယ်မြေထဲ၌ ပြီးပြည့်စုံသည့် အစာကွင်းဆက် တစ်ခု ရှိနေပြီး ဤငှက်များသည် အစာကွင်းဆက်၏ အောက်ဆုံးတွင် ရှိပေလိမ့်မည်။ ဝမ်ရှန်းသည် သစ်ပင်အိမ်ထဲမှ ခေါင်းထုတ်၍ ကြည့်လိုက်စဉ် အန္တရာယ်ကို ချက်ချင်း သတိပြုမိလိုက်သည်။ လက်သည် ကျင့်သား ရနေဟန်ဖြင့် Glock 17 ပစ္စတိုကို ဆွဲထုတ်လိုက်ကာ အန္တရာယ်ရှိရာ ဘက်သို့ ဉီးတည် ချိန်ရွယ် ထားလိုက်သည်။

ဝံပုလွေကြီး တစ်ကောင်သည် သူ၏ သစ်ပင်အိမ် တည်ရှိရာ သစ်ပင်ခြေရင်းတွင် ဝပ်တွား လဲလျောင်းနေခြင်း ဖြစ်သည်။ ဧရာမ ဝံပုလွေကြီးသည် အညိုနှင့် အနက်ရောင်ကို ရောစပ်ထားလျက် မြေပြင်မှ အရောင်နှင့် ဆင်တူသည်။ ခန္ဓာကိုယ်သည် သုံးမီတာခန့် ရှည်လျားကာ ဉီးခေါင်းသည်  ဝမ်ရှန်း၏ ခန္ဓာကိုယ် တစ်ဝက်ခန့် ကြီးမားသည်။ ပါးစပ်ကိုသာ ဟလိုက်ပါက ဝမ်ရှန်း၏ ဉီးခေါင်းနှစ်လုံးကို တစ်ပြိုင်နက်တည်း မျိုချနိုင်သည်။ ဝမ်ရှန်းသည် ဤကမ္ဘာကို ရောက်လာသည်မှာ မကြာသေးသဖြင့် ဧရာမဝံပုလွေကြီး၏ နာမည်နှင့် ကျင့်ကြံရေးအဆင့်ကို မသိပေ။

သို့ရာတွင် ဂျင်ဒီတားမြစ် နယ်မြေ၏ အနက်ပိုင်းထဲတွင် ကျင်လည် ကျက်စားသည်ကို ထောက်ချင့်၍ ပဉ္စမအဆင့် မိစ္ဆာ သားရဲတစ်ကောင် ဖြစ်နိုင်လေသည်။ ထိုအခိုက်အတန့်တွင် တိုက်ပွဲ ဝိညာဉ်သည် တန်အို၏ ကျင့်ကြံရေး နည်းလမ်း အချို့ကို ခွဲခြမ်းစိတ်ဖြာ နေသဖြင့် အန္တရာယ် သတိပေးချက်ကို ထုတ်မပေးပေ။

ထို့ကြောင့်လည်း ဧရာမ ဝံပုလွေသည် သစ်ပင်အောက်သို့ ရောက်မှ ဝမ်ရှန်း သိရခြင်းဖြစ်သည်။ ကံကောင်းစွာပင် ဝမ်ရှန်း ရွေးချယ်ထားသည့် သစ်ပင်သည် မာကျော၍ ထူထဲသည့် အပြင် သစ်ပင်အိမ်သည် မြေပြင်ထက်မှ အတန်အသင့် ဝေးကွာသဖြင့် ဝံပုလွေသည် ခွန်အားကုန် သုံးလျှင်တောင် မခုန်နိုင်ပေ။

သို့မဟုတ်ပါက ညလယ် ကတည်းက ဧရာမဝံပုလွေ၏ အစာအိမ်ထဲတွင် အိပ်စက် နေရလောက်ပြီ ဖြစ်သည်။ ဤသို့ တွေးမိသောအခါ ဝမ်ရှန်း၏ နဖူးမှ ချွေးများစို့ လာသည်။ နောက်ယောင်ခံသူများ မရှိတော့သော်လည်း ယခုအချိန်ထိ ကောင်းစွာ မအိပ်စက်နိုင်သေးပေ။

ဧရာမ ဝံပုလွေကြီးသည် သစ်ပင်ပေါ်ထိ တက်မလာနိုင်သဖြင့် ဝမ်ရှန်း အနည်းငယ် စိတ်သက်သာရာ ရသွားမိသည်။ သူ့ဘဝသည် အချိန်အတိုင်းအတာ တစ်ခုထိတော့ အသက်ရှင် နိုင်ဉီးမည်ဖြစ်ရာ ဤအတောအတွင်း ဝံပုလွေ၏ အန္တရာယ်ကို ဖြေရှင်းရန် နည်းလမ်းများ စဉ်းစားနိုင်သေးသည်။

ဝမ်ရှန်းသည် ရောင်ခြည် အဝေးကြည့် မှန်ပြောင်းဖြင့် ပတ်ပတ်လည်ကို စူးစမ်းကြည့်သော်လည်း သစ်ပင်အောက်ရှိ ဝံပုလွေမှ အပ အခြားအကောင်များကို မတွေ့ရပေ။ မီတာ တစ်ရာ အကွာအဝေး အတွင်း၌ ဧရာမ ဝံပုလွေ ကဲ့သို့ ကြီးမားသည့် ခန္ဓာကိုယ်မျိုးနှင့် သတ္တဝါ ဟူ၍ မရှိချေ။

အထီးကျန် ဝံပုလွေ…။

ဝမ်ရှန်း ရုတ်တရက် ရယ်မောချင်သွားသည်။ ကမ္ဘာမြေတွင် ရှိစဉ်က သူ၏ နာမည်ပြောင်မှာလည်း အထီးကျန် ဝံပုလွေဖြစ်ကာ အန္တရာယ်ကြီးသည့် တာဝန်များကို တစ်ယောက်တည်း လုပ်ဆောင် တတ်သောကြောင့် အပေါင်းအသင်းများက ဤသို့ နာမည် ပေးထားခြင်း ဖြစ်သည်။

ဝမ်ရှန်းသည် တောကျွမ်းသူပီပီ  ဝံပုလွေများ၏  အလေ့အထများကိုလည်း အထူး နားလည် ထားပေသည်။ ထို့ကြောင့်လည်း  အထီးကျန် ဝံပုလွေများသည် မည်မျှ အန္တရာယ်များကြောင်း ကောင်းစွာ သဘောပေါက် ထားသည်။

ဝံပုလွေ တစ်ကောင်သည် အကြောင်းအမျိုးမျိုးကြောင့် ၎င်း၏ အုပ်စုကို ထားကာ ထွက်ခွာလာနိုင်ပြီး တစ်ခုတည်းသော သေချာသည့် အရာမှာ အထီးကျန် ဝံပုလွေများသည် အလွန် မိုက်မဲတတ်ကြသည်။

၎င်းမှာလည်း ကမ္ဘာမြေမှ သာမန် ဝံပုလွေများ၏ အမူအကျင့်များသာ ဖြစ်သည်။ ဤကမ္ဘာတွင်မူ ဝံပုလွေသည် နှစ်ဆခန့် ပို၍ ကြီးမားနေသည့်အပြင် ပဉ္စမအဆင့် တွင်ရှိနေလေရာ တန်အို၊ စုန့်မင်နှင့် ရှီချုံးတို့ အသက်ရှင်နေလျှင်ပင်  ဤအထီးကျန် ဝံပုလွေကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

ယခု ဝမ်ရှန်းသည် ရက်စက် ကြမ်းကြုတ်သော မိစ္ဆာ သားရဲတစ်ကောင်နှင့် ထိပ်တိုက် ရင်ဆိုင်နေရလေပြီ။ ပို၍ အရေးကြီးသည်မှာ ဝံပုလွေသည် သူ၏ အော်ရာများကိုပါ ဖုံးကွယ် ထားနိုင်စွမ်း ရှိသဖြင့်  သာမန် မိစ္ဆာ သားရဲမျိုး မဖြစ်နိုင်ချေ။

သစ်ပင်ထက်တွင် နေခြင်းဖြင့် အသက်အန္တရာယ်ကို အချိန်တစ်ခဏတော့ ရှောင်ရှား နိုင်ပေလိမ့်မည်။ ဤမျှ ကြီးမားသည့် သစ်ပင်ကြီးကို လှဲကျရန်အတွက် ဝံပုလွေသည် သူ၏ ဝိညာဉ်စွမ်းအင်နှင့် ခန္ဓာကိုယ် အင်အားကို အသုံးပြု လိမ့်မည်မဟုတ်ပေ။

သို့ရာတွင် ဝမ်ရှန်းသည် သစ်ပင်ပေါ်မှ တစ်သက်လုံး မဆင်းဘဲ နေ၍မရလေရာ တစ်ချိန်ချိန်တွင် ဝံပုလွေနှင့် သေချာပေါက် ရင်ဆိုင်ရပေလိမ့်မည်။

စနိုက်ပါ ရိုင်ဖယ်ကို အသုံးချရန် တွေးမိသော်လည်း အတွေးကို ချက်ချင်း ပယ်ချလိုက်သည်။ သေနတ်သံ ထွက်သည်နှင့် မိစ္ဆာ သားရဲများစွာ ရောက်ရှိလာနိုင်သည်။ ထိုအခါမှ ဒုက္ခအိုးကို တုတ်နှင့် ထိုးမိသလို ဖြစ်သွားပေလိမ့်မည်။

အစားအစာကို ကြည့်သည့် ပုံစံဖြင့် မတုန်မလှုပ် စူးစိုက်ကြည့်နေသည့် သစ်ပင်အောက်မှ ဝံပုလွေကို ကြည့်ကာ ဤဝံပုလွေသည် မိမိအား အရသာရှိသော အစားအစာ အဖြစ် မှတ်ယူထားပြီ ဖြစ်ကြောင်း နားလည်လိုက်သည်။

အလွယ်တကူ လက်လျှော့တော့မည် မဟုတ်ပေ။ အထီးကျန် ဝံပုလွေများသည် သားကောင်ကို ချောင်းမြောင်းရာ၌  မယုံကြည် နိုင်လောက်အောင်အထိ စိတ်ရှည်ကြသည်။ ဤ ဝံပုလွေသည် အသိုက်ကို မပြန်ဘဲ တစ်နေ့လုံး တစ်ညလုံး ဝမ်ရှန်း အနီးတွင်သာ ရှိနေပေလိမ့်မည်။

ဝမ်ရှန်းသည် သူကံကောင်းလာပြီဟု စိတ်ထဲမှ တွေးနေမိသည်။ နှစ်ခြိုက်စွာ အိပ်မော ကျနေသော်လည်း ဝံပုလွေ အစားမခံခဲ့ရပေ။ ဝံပုလွေသည် မည်မျှပင် ခွန်အားကြီး စေကာမူ သစ်ပင်ကို မခုန်တက်နိုင်ခြင်းမှာ ဝမ်ရှန်း၏ ကံကောင်းမှု ဖြစ်သည်။

တစ်ခဏမျှ စဉ်းစားပြီးနောက် သစ်ပင်အောက်တွင် ဝံပုလွေ ရှိနေခြင်းသည် ကောင်းမွန်သော အခွင့်အရေး တစ်ခုဖြစ်ကြောင်း နားလည်လိုက်သည်။ သစ်ပင်အောက်မှ ဝံပုလွေသည် သူ့အတွက် ပြင်းထန်သော ဖိအားကို ပေးနိုင်သော်လည်း အချိန်တစ်ခဏ အတွင်းမှာတော့ ခြိမ်းခြောက် နိုင်စွမ်း မရှိသေးပေ။

ဆိုရလျှင် ဝံပုလွေ ရှိနေခြင်းသည်သူ့အတွက် အစောင့်တစ်ယောက် ရထားခြင်းနှင့် အတူတူပင်။ အခြားသော မိစ္ဆာ သားရဲများကို အလိုအလျောက် မောင်းထုတ် နိုင်ရုံသာမက ကံကောင်းလျှင် ဝံပုလွေသည် သူ့အလိုလို ပြန်ထွက်သွား နိုင်သေးသည်။

ဤသို့ စဉ်းစားမိသောအခါ ဝမ်ရှန်း၏ စိတ်များ တစ်ဖန် ပြန်လည် တည်ငြိမ်သွားသည်။ လမ်းတစ်လျှောက်တွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံ များကို အသုံးချကာ သူ၏ ယွမ်ဝိညာဉ်ကို အဆင့်မြင့် ရဉီးမည်ပင်။

အစားအစာများစွာ စားသောက် ထားသဖြင့် ခန္ဓာကိုယ်သည် ခွန်အားများ ပြန်လည် ပြည့်တင်းလာပြီ ဖြစ်ရာ သစ်ပင် အောက်သို့ မဆင်းဘဲ သုံးရက်ခန့် နေနိုင်သေးသည်။ ထို့နောက် ဝမ်ရှန်းသည် ဆက်လက် အချိန်ဆွဲ မနေတော့ဘဲ သစ်ပင်အိမ်ထဲသို့ ပြန်ဝင်ကာ  စတင် ကျင့်ကြံလေတော့သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset