Switch Mode

Chapter – 80

ကြောက်မက်ဖွယ်ဂျင်ဒီတားမြစ်နယ်မြေ (၁၇)

အခန်း ၈၀
ကြောက်မက်ဖွယ်ဂျင်ဒီတားမြစ်နယ်မြေ (၁၇)

ဝမ်ရှန်းကိုလိုက်လံ သတ်ဖြတ်ရန် ဝိညာဉ်သခင်များစွာ စေလွှတ်ခဲ့သည့် မိသားစုများတွင် သတင်းပို့ရန် ပြန်ရောက်လာသည့် လူငယ်အချို့မှ အပ အခြားသူများ အားလုံး သေဆုံးသွားပြီ ဖြစ်ကြောင်း ခါးသီးစွာ လက်ခံခဲ့ရသည်။

ရက်ပေါင်းများစွာ ကြာပြီးနောက် လူတိုင်း မျှော်လင့်ချက် ကုန်ဆုံးသွားခဲ့သည်။ ဂျင်ဒီတားမြစ် နယ်မြေထဲသို့ ဝင်သွားလျှင် ပြန်လမ်း မရှိကြောင်း လူတိုင်း သိထားပြီးသားပင်။ တားမြစ်နယ်မြေ၏ အစွန်းပိုင်းတွင် ဆိုပါက အသက်ရှင်ကောင်း ရှင်နိုင်သော်လည်း အတွင်းပိုင်းထဲ ရောက်လေလေ သေဆုံးနိုင်ချေ များလေလေဖြစ်ကြောင်း ရှေးဘိုးဘေးများက အခိုင်အမာ သတိပေးခဲ့သည်။

အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့သော်လည်း ဂျင်ဒီတားမြစ် နယ်မြေထဲသို့ ဝင်ရောက် သွားသည့် ဝိညာဉ်သခင်များ ပြန်ထွက် မလာသည်ကို ကြည့်ကာ လူတိုင်း အမှန်တရားကို လက်ခံ လိုက်ကြရသည်။

မိသားစုကြီးများသည် ၎င်းတို့၏ ဂိုဏ်းသား အသီးသီးအတွက် စျာပနပွဲများ ကျင်းပ ပြုလုပ်ပေးခဲ့ကြသည်။ တောင်ကြားထဲမှ မီးကျွမ်းနေသည့် အလောင်းများကို ရှာဖွေတွေ့ရှိ နိုင်သေးသော်လည်း ဂျင်ဒီတားမြစ် နယ်မြေထဲသို့ ဝင်ရောက် သွားသူများ အတွက်မူ အုတ်ဂူတစ်ခု ပြုလုပ်ပေးရုံသာ တတ်နိုင်ကြလေသည်။

မိသားစုကြီးများသည် ၎င်းတို့၏ ဝိညာဉ်သခင် များအတွက် များစွာ ပူဆွေးခဲ့ကြပြီး သေဆုံးသွားသည့် ဝိညာဉ်သခင် များ၏ မိသားစုများကို အထောက်အကူ များစွာ ပြုလုပ်ပေးခဲ့သည်။

ဤအခြေအနေသည် နှစ်ပေါင်းများစွာ အတွင်း မိသားစုကြီးများ တူညီစွာ ပြုလုပ်ကြသည့် တစ်ခုတည်းသော ရှားပါး ကိစ္စရပ်ဖြစ်သည်။ ကံကောင်းစွာပင် ဂျင်ဒီတားမြစ် နယ်မြေထဲသို့ ဝင်သွားခဲ့သည့် ဝမ်ရှန်းလည်း ပြန်ထွက် မလာသဖြင့် မိသားစု အသီးသီးမှ ထိပ်သီး ခေါင်းဆောင်များသည် အဆိုးထဲမှ အကောင်းဟု မှတ်ယူ၍ များစွာ ပျော်ရွှင်ကြသည်။

သို့ရာတွင် ကျိုးပဲ့ဝိညာဉ်ပိုင်ရှင်၊ အဆင့်မတက်နိုင်သည့် လူတစ်ယောက်ကို သတ်ဖြတ်ရန် ဝိညာဉ်သခင် ပေါင်းများစွာ အသက်ပေးခဲ့ရခြင်းမှာ တစ်နည်းတစ်ဖုံ ရှက်ရွံ့ဖွယ် ကောင်းနေလေသည်။

ဤသတင်းသည် မိသားစုကြီးများ အတွက် အလွန်အမင်း အရှက်ရစေခဲ့ပြီး  မိသားစုအသီးသီးမှ ခေါင်းဆောင် အကြီးအကဲများသည် လူမြင်ကွင်းသို့ တော်ရုံဖြင့် ထွက်မလာရဲကြချေ။

ရှန်းလင်နှင့်  လင်ချွမ်းမြို့မှ မိသားစုကြီးများသည် ဝမ်ရှန်း သေဆုံးသွားပြီဟု အတည်ပြု နေကြစဉ် ဝမ်ရှန်းသည် တောအုပ်ထဲ၌ လမ်းလျှောက်နေဆဲ ဖြစ်သည်။ တောအုပ်သည် အလွန် ကြီးမားလွန်းရကား ဝမ်ရှန်းသည် ကာဗွန် စစ်ထုတ်လွှာကို သုံးရက်တိတိ လဲလှယ်ခဲ့ရပြီး အဆိပ်ဖြေဆေး သုံးပြား သောက်သုံးခဲ့သည်။

အဆိပ်ငွေ့ တောအုပ်ထဲတွင် တန်အိုနှင့် အခြားဝိညာဉ်သခင် သုံးယောက်၏ ပစ္စည်းများကိုလည်း ရှာဖွေ မွှေနှောက် ကြည့်ခဲ့သေးသည်။ ၎င်းတို့၏ လက်နက်များမှာ သစ်ပင်နှင့် နွယ်ပင်များ ခုတ်ဖြတ်ခြင်း၊ လမ်းရှင်းခြင်းတို့ကြောင့် ကျိုးအက်လုနီးနီး ဖြစ်နေပြီး  အမှိုက်သာသာ အဆင့်သာ ရှိတော့သည်။

ထိုလူများထံတွင်  ပစ္စည်းပစ္စယ များစွာလည်း မပါတော့ဘဲ ခရီးအတွက် လိုအပ်သည့် ပစ္စည်းအချို့သာ ကျန်တော့သည်။ ဝမ်ရှန်းသည် အလွန် ကံကောင်းစွာဖြင့် တန်အို့ထံမှ သိုလှောင်လက်စွပ် တစ်ကွင်း တွေ့ရှိခဲ့သည်။

သိုလှောင်လက်စွပ်သည် အလွန် တန်ဖိုးမကြီးသဖြင့် အထဲမှ နေရာလွတ်သည်လည်း ဝမ်ရှန်း၏ လက်စွပ်လောက် မကျယ်ပေ။ နှစ်ပေ ပတ်လည်သာ ကျယ်ဝန်း၍ အလွန် သေးငယ်သည်။

သို့ရာတွင် ရွှေဒင်္ဂါး တစ်သောင်းခန့်ကို သိုလှောင် ထားနိုင်သေးသည်။ ထိုသိုလှောင် လက်စွပ်ထဲတွင် စာလိပ်တစ်လိပ် တွေ့ရပြီး ကျင့်ကြံရေးနှင့် ပတ်သက်သည့် တန်အို၏ ကိုယ်ပိုင် အတွေ့အကြုံများ ဖြစ်သည်။

စာလိပ်ထဲ၌ ကျင့်ကြံရေး နည်းလမ်းများ အကြောင်း အသေအချာ စနစ်တကျ ရှင်းပြထားသော်လည်း ၎င်းနည်းလမ်းများကို ပဉ္စမအဆင့် ဝိညာဉ်သခင် များသာ ကျင့်ကြံနိုင်လေသည်။ ဝမ်ရှန်းအတွက် ၎င်းနည်းလမ်းများကို အလုံးစုံ နားမလည်သော်လည်း အချို့သော အကြံပေးချက်များမှာ သူ့အတွက် များစွာ အကျိုးရှိစေသည်။

တိုက်ပွဲ ဝိညာဉ်သည် စာလိပ်ထဲမှ နည်းလမ်းများ အတိုင်း ချက်ချင်း တုံ့ပြန်လာပြီး အသေးစိတ် ရှင်းပြချက်များ အတိုင်း ယွမ်ဝိညာဉ် နယ်မြေထဲ၌ ကြိုးစား ကျင့်ကြံနေသည်။ ဝမ်ရှန်းသည် သူ၏ ဉီးထုပ်မှ ကင်မရာကို ထုတ်ယူကာ စာလိပ်ကို ဓာတ်ပုံ ရိုက်လိုက်သည်။ အနာဂတ်တွင် လိုအပ်လာပါက ဤနည်းလမ်းများကို ရောင်းစားနိုင်သည် မဟုတ်ပါလော။

ဝမ်ရှန်းအား အံ့သြစေသည်မှာ သိုလှောင် လက်စွပ်ထဲမှ လူသတ် သတ္တုပြားဖြစ်သည်။ ပုံသဏ္ဌာန်အရ ဝူရုံမြို့မှ လူသတ်သတ္တုပြားနှင့် အတူတူပင်ဖြစ်ကာ အရောင်သာ ခြားနားသည်။ တန်အို၏ သတ္တုပြားသည် အပြာရောင်ဖြစ်ကာ အဆင့် ၅ လူသတ်သမား တစ်ယောက် ဖြစ်ပုံရသည်။

မိသားစုကြီးများမှ များစွာသော ဝိညာဉ်သခင်များသည် ဝူရုံမြို့မှ လူသတ်သမားများ နည်းတူ အလုပ်လက်ခံ၍ ငွေရှာတတ်ကြကြောင်း ဝမ်ရှန်း သိထားသော်လည်း တန်အိုကဲ့သို့ ထိပ်တန်း အဆင့် ဝိညာဉ်သခင် တစ်ယောက်မှာ ထိုသို့ လုပ်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ကျန်ရှိနေသည့် ပစ္စည်းများမှာ များစွာ အသုံးမဝင်လှချေ။ အဝတ်အစား အနည်းငယ်နှင့် ကျောက်စိမ်း ပုလင်းခွံများသာရှိပြီး ကျောက်စိမ်း ပုလင်းထဲမှ ဆေးများမှာ ယခင်ကတည်းက ကုန်ဆုံးသွားပြီ ဖြစ်သည်။

စတုတ္ထ အဆင့် ဝိညာဉ်သခင် သုံးယောက်ထံမှ ဘာတစ်ခုမှ မရလိုက်ပေ။ တန်အိုကဲ့သို့ သိုလှောင် လက်စွပ်လည်း မရှိဘဲ အဝတ်အစားနှင့် ဆေးပုလင်းခွံများသာ တွေ့ရသည်။

၎င်းတို့ထံမှ ဝူရုံမြို့၏ လူသတ်သတ္တုပြား တစ်ခု ရရှိလာသည်။ သို့သော် ငွေရောင်ဖြစ်ကာ အဆင့် ၃ လူသတ်သမား ဖြစ်သည်။ သူတို့သည် ဝမ်ရှန်းကို အလွယ်တကူ သတ်နိုင်မည်ထင်ပြီး များစွာ မယူဆောင် လာခဲ့ကြချေ။

ဝမ်ရှန်းသည် အလောင်းများကို ကြည့်ကာ စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်ပြီး တောအုပ်ထဲမှ ဆက်ထွက် လာခဲ့သည်။ အလျင်မြန်ဆုံးသော အရှိန်ဖြင့် အဆိပ်ငွေ့ တောအုပ်ထဲမှ ထွက်လာခဲ့ပြီးနောက် စိတ်သက်သာရာ ရစွာ သက်ပြင်း ချလိုက်မိသည်။

ကာဗွန် စစ်ထုတ်လွှာများနှင့် အဆိပ်ဖြေဆေးများကို အသုံးပြုလျှင်တောင် အဆိပ်ဖြေဆေးသည် ကြီးစွာ ထိရောက်ခြင်း မရှိသဖြင့် ခန္ဓာကိုယ်ကို များစွာ ထိခိုက်စေသည်။ ဝမ်ရှန်းသည် သူ၏ ခန္ဓာကိုယ်မှာ အလွန်အမင်း ပင်ပန်းနွမ်းနယ် နေကြောင်း သတိပြုမိလိုက်သည်။

မည်သည့် နေရာက ပင်ပန်းနေကြောင်း မသိသော်လည်း တစ်ကိုယ်လုံး နုံးခွေနေသည်။ ဂျင်ဒီတားမြစ် နယ်မြေထဲ၌ ခန္ဓာကိုယ်အင်အား နည်းပါးနေခြင်းသည် ကောင်းသော အရာတော့ မဟုတ်ချေ။

ထို့ကြောင့် ဝမ်ရှန်းသည် ခန္ဓာကိုယ်ကို အနားပေးရန် အတန်ငယ် လုံခြုံသည့် နေရာတစ်ခု ရှာရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ယွမ်ဝိညာဉ်ကို ခွဲထုတ်၍ ရမရနှင့် ဝါးမျိုနည်းလမ်းကို သုံးကာ  ကျန်ရှိနေသေးသည့် တောင်နှစ်လုံးကို ဝါးမျိုနိုင်စွမ်း ရှိမရှိကိုလည်း စစ်ဆေးကြည့်ရဉီးမည် ဖြစ်သည်။

များစွာသော လူများသည် သေးငယ်သည့် ဒဏ်ရာလေးများကို ဂရုမစိုက်တတ်ကြပေ။ သို့သော် အချိန်ကြာလာသည် နှင့်အမျှ ၎င်းတို့သည် ခန္ဓာကိုယ်အတွက် ကြီးမားသည့် ဒဏ်ရာများကို ဖြစ်ပေါ်စေတတ်သည်။

ဝမ်ရှန်းသည် ဝိညာဉ် စွမ်းအင်များကို စတင် စုပ်ယူစဉ်က ၎င်းဝိညာဉ် စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ကို ကြံ့ခိုင်စေရုံ သာမက ခန္ဓာကိုယ်မှ အသားမာ တက်နေသည့် ဒဏ်ရာများကိုပါ ပြန်လည် ကုသပေးကြောင်း အံ့အားသင့်ဖွယ် ရှာဖွေတွေ့ရှိခဲ့ရသည်။

ရှေ့မှ တောင်ကုန်းကို ကျော်လိုက်ပါက ကျယ်ပြန့်သည့် လွင်ပြင်တစ်ခုကို ရှိနေပြီး  သစ်ပင်ကြီးများ၊ ချုံနွယ်ပိတ်ပေါင်း များစွာ ထူထပ်နေသည်။ တိုက်ပွဲဝိညာဉ်သည် ထိုနေရာနှင့် ပတ်သက်၍ ထူးဆန်းသည့် ခံစားချက်ကို ပေးစွမ်းနေပြီး ယခင်နှင့် မတူဘဲ နွေးထွေးစွာ ခံစားနေရသည်။

ဝမ်ရှန်းသည် တောင်ထိပ်တွင် ရပ်ကာ ကြည့်လိုက်သော်လည်း သူ၏ စူးရှသော အမြင်အာရုံသည် လွင်ပြင် တစ်ဝိုက်၌ ပြင်းထန်သော အော်ရာများကို မတွေ့ရသဖြင့် အတန်ငယ် လုံခြုံကြောင်း အတည်ပြု လိုက်နိုင်သည်။

ဝမ်ရှန်းသည် ရှန်းလင်မြို့တွင် ရှိနေကတည်းက အော်ရာများကို အာရုံခံနိုင်ခဲ့ခြင်း ဖြစ်သည်။ ပြင်းထန်သော တိုက်ခိုက်လိုစိတ်နှင့် ခွန်အားပြင်း ကျင့်ကြံသူများ ၎င်းတို့၏ အော်ရာများကို ထုတ်လွှတ်ပါက ဝမ်ရှန်းသည် ၎င်းအော်ရာများကို ဖျော့တော့စွာ  ခံစားရသည်။

ဤသို့ဖြင့် မျက်စိရှေ့မှ လွင်ပြင်သည် ထူးဆန်းသည့် အော်ရာများလည်း မရှိသည့်အပြင် တိုက်ပွဲဝိညာဉ်၏ သတိပေးချက်လည်း မရှိသဖြင့် ဝမ်ရှန်း စိတ်သက်သာရာ ရသွားပြီး တောင်အောက်သို့ သတိထား၍ ဆင်းလာခဲ့သည်။

တစ်ရက်ခန့် လမ်းလျှောက်ပြီးနောက် တိုက်ပွဲဝိညာဉ်သည် အဘယ်ကြောင့် ထူးဆန်းသည့် ခံစားချက်များ ထုတ်ပေးနေကြောင်း သဘောပေါက် သွားသည်။ အကြောင်းမှာ နံနက်စောစော၌ တောနက်ထဲတွင် လူသားတို့၏ ခြေရာလက်ရာ အချို့ကို တွေ့ရှိလိုက်ရသောကြောင့်ပင်။

အတိအကျ ဆိုရလျှင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ခြေရာလက်ရာများ ကျန်ရှိနေခြင်း ဖြစ်သည်။

လွင်ပြင်ကျယ်၏ တောနက်ထဲတွင် ရွာငယ်လေး တစ်ခု၏ အကြွင်းအကျန် များကို ရှာဖွေတွေ့ရှိခဲ့ရသည်။ ရွာသည် သိပ်ကြီးပုံ မပေါ်ဘဲ မိသားစု အနည်းငယ်ဖြင့်သာ ဖြစ်တည်ခဲ့ဟန် ပေါ်သည်။ တစ်ရွာလုံးမှ အိမ်များအားလုံး ပြိုကျ ပျက်စီးနေလျက် အမျိုးမျိုးသော သစ်ပင်ချုံနွယ်များဖြင့် ဖုံးအုပ် ခံထားရသည်။

ဝမ်ရှန်း၏ ခန့်မှန်းချက်အရ ဤရွာငယ်သည် လွန်ခဲ့သည့် နှစ်ပေါင်း ရာချီခန့်က တည်ရှိခဲ့ခြင်း ဖြစ်နိုင်သည်။

ဆိုရလျှင် ဂျင်ဒီတားမြစ် နယ်မြေထဲ၌ လွန်ခဲ့သည့် နှစ်ရာချီက လူသားများ နေထိုင်ခဲ့ကြသည်။ ၎င်းမှာလည်း ရွာငယ်၏ ကြွင်းကျန်ရစ်သော အစအနများကို ကြည့်ကာ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကာ အဘယ်ကြောင့် တားမြစ်နယ်မြေ ဖြစ်သွားရကြောင်းတော့ ဝမ်ရှန်းလည်း မသိချေ။

အခြားလူများလည်း သိပုံမပေါ်ချေ။

ဤလွင်ပြင်သည် နေရာကောင်း တစ်ခုဟု ဆိုရပေမည်။ ခွန်အားပြင်း မိစ္ဆာ သားရဲများ မရှိသည့် အတွက် ဝမ်ရှန်း အတွက် ရက်အနည်းငယ် ကျင့်ကြံရန် လုံလောက်သည်။

အရေးကြီးဆုံးသော အရာမှာ ပတ်ပတ်လည်မှ သီးပင်စားပင်များသည် ဝမ်ရှန်းအတွက် စားစရာ ရနေခြင်းပင်။

လင်ချွမ်းမြို့မှ ထွက်ပြေး လာခဲ့သည်မှာ ကြာပြီဖြစ်လေရာ အစားအစာ ကုန်သွားပြီ ဖြစ်သည်။ ရွာငယ်လေးထဲ၌ ဂရုတစိုက် ရှာဖွေကြည့်ရှု စစ်ဆေးပြီးနောက် ဝမ်ရှန်းသည် ရေတွင်း တစ်တွင်းကို မမျှော်လင့်ထားစွာ တွေ့ရှိ လိုက်ရလေသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset