အခန်း ၇၉
ကြောက်မက်ဖွယ် ဂျင်ဒီတားမြစ်နယ်မြေ (၁၆)
ဝမ်ရှန်းသည် လမ်းတစ်လျှောက်တွင် သူသည် စစ်ထုတ်လွှာကို နှစ်ကြိမ်တိတိ လဲလှယ်ခဲ့ပြီး ဖြစ်ရာ ယခုတစ်ကြိမ်သည် တတိယမြောက် ဖြစ်သည်။ ဝမ်ရှန်းပင် ဤသို့ ဖြစ်နေလျှင် တန်အိုနှင့် အခြားသူများသည် အဆိပ်ငွေ့ပေါင်း မည်မျှ ရှူရှိုက်ပြီးသည် မသိချေ။
တန်အိုနှင့် အခြားသူများသည် အန္တရာယ်ကို ယခုအချိန်ထိ သတိမပြုမိကြသေးဘဲ တောအုပ်ထဲမှ ထူးဆန်းသော အနံ့သည် သစ်ရွက်ပုပ်များထံမှ ထွက်လာခြင်းသာ ဖြစ်သည်ဟု ခပ်ပေါ့ပေါ့ တွေးထားကြသည်။ တောအုပ်ထဲတွင် အနံ့ဆိုးများ ထွက်သည်မှာ ပုံမှန်ပင်ဖြစ်လေရာ မည်သူမျှ အန္တရာယ်ကို ဂရုမပြုမိကြပေ။
တစ်ခုတည်းသော ထူးဆန်းသည့် အရာဟူ၍ မြူနှင်းများ ထူထပ်နေခြင်းသာ ဖြစ်ပြီး ဝမ်ရှန်းကို ခြေရာခံရန် ပို၍ ခက်ခဲလာသည်။ ထို့ကြောင့် မျက်လုံးကို ရှင်ရှင်ထားနေရလေသည်။ သို့မဟုတ်ပါက တောအုပ်ထဲတွင် လမ်းပျောက် သွားနိုင်သည်။
ကံကောင်းစွာပင် ဝမ်ရှန်းသည် အဝေးသို့ ရောက်မသွားသေးသဖြင့် နောက်ကျောကို မြင်နေရဆဲပင်။
မီတာ တစ်ရာခန့် အဝေးမှ ဝမ်ရှန်း၏ လှုပ်ရှားမှုများကိုပါ ကြားနေရပြီး အသေအချာ အာရုံစိုက်၍ နားထောင်ပါက ရံဖန်ရံခါတွင် သစ်ကိုင်း ကျိုးသံများကိုပင် ကြားနေရသည်။
လမ်းတစ်လျှောက်လုံးတွင် ဝမ်ရှန်းသည် လမ်းကြောင်းကို ထိန်းချုပ်ပြီး ကျန်သုံးယောက်သည် တန်အို၏ အမိန့်အတိုင်း ဝမ်ရှန်း၏ ခြေရာလက်ရာများကို ရှာဖွေရသည်။ ရုတ်တရက် ပေါ်ထွက်လာမည့် မိစ္ဆာသားရဲများ၏ အန္တရာယ်ကိုလည်း ကြောက်ရွံ့ရသေးသည်။
စိတ်လှုပ်ရှားလေလေ အချို့သော အရာများကို လျစ်လျူရှုလေလေဖြစ်ကာ အနံ့ဆိုးများ ပြင်းထန်လာခြင်းကို သတိမမူ မိကြတော့ပေ။
တန်အိုနှင့် အခြားသူများသည် တောအုပ်ထဲသို့ ဝင်ကာစက ဆိုးရွားသည့် အနံ့ကို ခံစားမိကြသော်လည်း အချိန်ကြာလာသည် နှင့်အမျှ ယဉ်ပါးလာသည်။ ထို့ပြင် ဝမ်ရှန်းနှင့် မိစ္ဆာ သားရဲများကိုပါ အာရုံစိုက် နေရသဖြင့် အခြား ကိစ္စများကို အာရုံမစိုက်နိုင်ဘဲ ရှိလေသည်။
ဝမ်ရှန်းသည် ဆဌမမြောက် ကာဗွန် စစ်ထုတ်လွှာကို ပြောင်းလဲ ပြီးနောက် ကိုယ်တွင်း အားအင် ကုန်ဆုံးသည့် အခြေအနေနှင့် ရင်ဆိုင်လာရသည်။ ခေါင်းများ ချက်ချင်း မူးဝေလာလျက် သွေးတွင်း သကြားဓာတ်များ လျော့ကျလာသည်။
တော်ဝင်ရတနာ စံအိမ်ပိုင်ရှင် လုဝမ်ဟုန်ဆီမှ ယူဆောင်လာခဲ့သည့် အဆိပ်ဖြေဆေး တစ်ပြားကို သောက်သုံး ပြီးနောက် ခန္ဓာကိုယ် အခြေအနေသည် ပြန်လည် ကောင်းမွန်လာသည်။ ယခင် တစ်ကြိမ်က လုဝမ်ဟုန်နှင့် စီးပွားရေး လုပ်ခဲ့ခြင်းသည် ဝမ်ရှန်းအတွက် အထောက်အကူ များစွာရသည်။
လုဝမ်ဟုန်သည် အမေ တစ်ယောက်အလား သူလိုအပ်မည့် အရာများကိုသာ ရွေးချယ်၍ လက်ဆောင် ပေးခဲ့သည်။
အဆိပ်ဖြေဆေးသည် အဆိပ်ငွေ့အတွက် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်း မဟုတ်သော်လည်း တောအုပ်ထဲမှ အဆိပ်ငွေ့ အပေါ်တွင် သက်ရောက်မှု အနည်းငယ် ရှိလေသည်။
ကာဗွန် စစ်ထုတ်လွှာများနှင့် ပိတ်စ၏ ကာကွယ်မှုအပြင် အဆိပ်ဖြေဆေးကိုပါ သောက်သုံး ထားသည့် ဝမ်ရှန်းပင် ဤမျှ မသက်မသာ ခံစားနေရလျှင် နောက်မှ အပြေးအလွှား လိုက်ပါလာသည့် တန်အိုနှင့် ဝိညာဉ်သခင် သုံးယောက်မှာ မည်သို့ ရှိနေမည်နည်း။
လေးယောက်လုံးသည် အနံ့ဆိုးများကို အလုံးစုံ လျစ်လျူရှု ထားသော်လည်း ခန္ဓာကိုယ်၏ တုံ့ပြန်မှုအရ အဆိပ်သင့်ခံနေရပြီ ဖြစ်ကြောင်း ရှင်းလင်းစွာ သိနိုင်သည်။ သူတို့ အားလုံးသည် ထိပ်တန်းအဆင့် ဝိညာဉ်သခင်များ ဖြစ်ကြသည် နှင့်အညီ တိုက်ပွဲမျိုးစုံကို ရင်ဆိုင် ကြုံတွေ့ခဲ့ဖူးပြီး အဆိပ်နှင့် ပတ်သက်၍လည်း နားလည်နိုင်စွမ်း မြင့်မားသည်။
ထို့နောက် မည်သို့ အဆိပ်သင့်ခံ လိုက်ရကြောင်းလည်း နားလည်လိုက်သည်။ ၎င်း အနံ့ဆိုးမှအပ အခြားမဖြစ်နိုင်ချေ။ အဖြူရောင် မြူနှင်းများသည် သေချာပေါက် အဆိပ်ရှိ အငွေ့များဖြစ်ပြီး သူတို့အားလုံး အဆိပ်ငွေ့ကိုပင် သတိမထားမိဘဲ ဝမ်ရှန်းနောက်သို့ သဲကြီးမဲကြီး လိုက်ခဲ့ကြသည်။
ကံကောင်းစွာပင် ကျင့်ကြံရေး အဆင့်မြင့်မားသည့် အပြင် အဆိပ်ငွေ့၏ အကျိုးသက်ရောက်မှုမှာ မမြင့်မားလှသဖြင့် ဝိညာဉ်စွမ်းအင်၏ ထောက်ပံ့မှုဖြင့် အချိန် အတော်ကြာအောင် တောင့်ခံနိုင်ခဲ့ကြခြင်း ဖြစ်သည်။
ပြင်ပ ကမ္ဘာတွင်သာ ဆိုပါက အဆိပ်ငွေ့ အနည်းငယ်သည် ပြဿနာ မရှိချေ။ အဆိပ်ဖယ်ရှားရန် အဆိပ်ဖြေဆေး တချို့ သောက်လိုက်ရုံသာ ဖြစ်သည်။
သို့ရာတွင် အဓိက ပြဿနာမှာ ဝမ်းပျက်ရောဂါ ခံစားရစဉ်က အဆိပ်ဖြေဆေး အားလုံး သောက်သုံးပြီး ဖြစ်သဖြင့် တစ်ပြားမှ မကျန်တော့ပေ။
သို့သော် လူတို့၏ စရိုက်အရ တန်အိုနှင့် ဝိညာဉ်သခင် သုံးယောက်၏ လက်ထဲတွင် ကိုယ်စီ ဝှက်ထားသည့် အဆိပ်ဖြေဆေး တစ်ပြားစီ ရှိနေသေးသည်။ မမျှော်လင့် ထားသော်လည်း ယခု အသုံးဝင် လာလေပြီ။ သူတို့သည် အဆိပ်ဖြေဆေးကို ကိုယ်စီ ဝှက်ထားကြကြောင်း သိကြသော်လည်း မည်သူမျှ ထုတ်ဖော် မပြောကြပေ။
ဤသို့သော အခြေအနေမျိုးတွင် ညီအစ်ကို အရင်းအချာ ဖြစ်လျှင်သော်မျှ တစ်ကိုယ်ကောင်း ဆန်စွာ ရွေးချယ်မည်ပင်။
အဆိုးထဲမှ အကောင်း တစ်ခုကို ပြပါဟု ဆိုလျှင် ဝမ်ရှန်းသည် သူတို့အတွက် သေတွင်းများ မဖန်တီးခဲ့ခြင်း ဖြစ်သည်။ လမ်းတစ်လျှောက်တွင် ခွန်အားပြင်း မိစ္ဆာသားရဲများ တစ်ကောင်တလေမှ မတွေ့ရသည့်အပြင် ထောင်ချောက်များလည်း မရှိချေ။
ယခုအချိန်တွင် တစ်ခုတည်းသော မျှော်လင့်ချက်မှာ တောအုပ်ထဲမှ တတ်နိုင်သမျှ မြန်မြန် ထွက်ပြီး အဆိပ်ငွေ့များ ရှူရှိုက်နေရခြင်းမှ ကင်းလွတ်နိုင်ရန် ဖြစ်ပေသည်။
တောအုပ်သည် အလွန်အမင်း ကြီးမားလှပြီး ဝမ်ရှန်းနှင့် နောက်ယောင်ခံသူ လေးယောက်တို့သည် တစ်နေ့လုံး တစ်ညလုံး လမ်းလျှောက် နေကြသော်လည်း တောအုပ်ထဲမှ မထွက်နိုင်သေးပေ။
ထို့ပြင် ထိုအခိုက်အတန့်၌ တန်အိုနှင့် အခြား ဝိညာဉ်သခင် သုံးယောက်၏ အဆိပ်ဖြေဆေး အာနိသင်မှာလည်း ကုန်ဆုံးသွားပြီ ဖြစ်သည်။ အဝတ်စသည် မည်မျှ ထူထဲနေစေကာမူ အဆိပ်ငွေ့များကို ကာကွယ် မပေးနိုင်လေရာ လေးယောက်လုံး၏ ခန္ဓာကိုယ်များမှာ ဆထက်တိုး၍ အားနည်းလာသည်။
အဆုံးတွင် စတုတ္ထ အဆင့် ဝိညာဉ်သခင် တစ်ယောက်သည် ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ တစ်ကိုယ်လုံး နုံးခွေလာသည်။ ချက်ချင်း လက်ငင်း ခြေထောက်များ ပျော့ခွေသွားလျက် မြေပြင်ပေါ်သို့ တိုက်ရိုက် ပုံကျသွားလေသည်။
မြေပြင်ထက်သို့ လဲကျသွားသည့် အဖော်ကို တွေ့သော်လည်း ကျန်သုံးယောက်မှာ ကယ်ဆယ်နိုင်စွမ်း မရှိကြချေ။ ထို ဝိညာဉ်သခင်သည် သေဆုံးသွားပြီ ဖြစ်ကြောင်း သူတို့အားလုံး နားလည် လိုက်ကြသည်။
အကယ်၍ အသက် မသေသေးလျှင်လည်း ထို ဝိညာဉ်သခင်ကို မည်သူက ဂရုစိုက် ပေးနိုင်ပါမည်နည်း။ များမကြာမီ ကျန်ရှိနေသေးသည့် စတုတ္ထ အဆင့် ဝိညာဉ်သခင် နှစ်ယောက်သည်လည်း တစ်ယောက်ပြီး တစ်ယောက် လဲကျသေဆုံး သွားကြကာ တန်အို တစ်ယောက်သာ ကျန်ရစ်ခဲ့လေသည်။
တန်အိုသည် အံတင်းတင်း ကြိတ်လျက် နှေးကွေးစွာ လျှောက်လာခဲ့ပြီး တစ်ခဏမျှ ကြာသော် ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့ပေ။
မျက်လုံးထဲတွင် ပန်းများစွာ ပွင့်ဖူးလာသည့် သဖွယ် အရိပ်ပေါင်း များစွာကို မြင်နေရသည်။ ခြေလှမ်းတိုင်းသည် တုန်ရီချည့်နဲ့ နေသည့် အဘွားကြီး တစ်ယောက်သဖွယ် ယိမ်းယိုင် တွန်းထိုးနေပြီး ခြေထောက်ကိုပင် မကြွနိုင်တော့ဘဲ ဒရွတ်ဆွဲ နေရသည်။
အဆုံးတွင် တန်အို၏ ခြေထောက်များသည် ခန္ဓာကိုယ် အလေးချိန်ကို ခံနိုင်ရည် ကုန်ဆုံးသွားပြီး မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားသည်။
မြေပြင်ထက်တွင် လဲလျောင်းနေရင်းဖြင့် တန်အိုသည် သစ်ပင်များဖြင့် ပိတ်ဆို့ ကာရံထားသည့် ကောင်းကင်ယံကို ကြည့်ကာ သက်ပြင်း ချလိုက်သည်။ ထိုအခိုက်အတန့်တွင် ဖြည်းညင်းစွာ လျှောက်လှမ်းလာသည့် ခြေသံအချို့ကို ကြားလိုက်ရပြီး ဝမ်ရှန်း၏ အသွင်သဏ္ဌာန်ကို ခပ်ဝါးဝါးတွေ့ မြင်လိုက်ရသည်။ ထို့နောက်တွင်မူ တန်အို၏ မျက်လုံးအစုံသည် တာဝရ ပိတ်သွားတော့သည်။
ယခုတစ်ကြိမ် ဝမ်ရှန်း နောက်သို့ လိုက်လာခဲ့သည့် ပဉ္စမအဆင့် ဝိညာဉ်သခင်များထဲတွင် တန်အို၊ စုန့်မင်နှင့် ရှီချုံးတို့သည် ကံအဆိုးဖြစ်သည်ဟု ဆိုရပေမည်။
သူသေ ကိုယ်သေ တိုက်ကြသည့် တိုက်ပွဲ၌ သေဆုံးသွားလျှင်ပင် လူအများ၏ သနားခြင်းနှင့် ဂုဏ်ယူခြင်းတို့ကို ခံရနိုင်သေးသည်။
လူအများ အမြင်တွင် သင်သည် ကံအကောင်း အကြောင်းမလှ၍ ခွန်အားချင်း ကွာဟချက်ကြောင့် သေဆုံးသွားရသည့် သူရဲကောင်းများ ဖြစ်နိုင်သေးသည်။ အခြားသော ပဉ္စမအဆင့် ဝိညာဉ်သခင်များသည် တောင်ကြားထဲတွင် မီးလောင်၍ လူသိရှင်ကြား သေဆုံးသွားခဲ့ကြခြင်း ဖြစ်သော်လည်း သူတို့သုံးယောက်မှာမူ ခွေးတစ်ကောင်ပင် မသိလိုက်ချေ။
ရှီချုံးသည် ခြင်ကိုက်ခံရမှုဖြင့် ငှက်ဖျားရောဂါ၊ ဝမ်းပျက်ရောဂါများကို ခံစားခဲ့ရကာ အဆုံးတွင် ဂျင်ဒီတားမြစ် နယ်မြေထဲ၌ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့သည်။ အသက်ရှင်ရန် မျှော်လင့်ချက် မရှိတော့သည့်နောက် အဆိပ်ကို မျိုချရုံသာ တတ်နိုင်ခဲ့သည်။
စုန့်မင်သည် ဝမ်ရှန်း ထွက်ပြေး လွတ်မြောက် သွားမည်ကို စိုးရိမ်သဖြင့် ချောက်ကမ်းပါးမှ ကမူးရှူးထိုး ခုန်ချသွားခဲ့သည်။ အဆုံးတွင် ဝမ်ရှန်း၏ Glock 17 နှင့် တွေ့ကာ အသက်ပေး သွားခဲ့ရသည်။
တန်အိုသည် နောက်ဆုံး အသက်ရှင် ကျန်သူ ဖြစ်ခဲ့သော်လည်း ပတ်ဝန်းကျင်မျ အန္တရာယ်ကို အသုံးချကာ ဝမ်ရှန်း၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။ ပဉ္စမအဆင့် ဝိညာဉ်သခင်ဟူသည် ပြင်ပကမ္ဘာ၌ သိုက်မိသားစု၏ စတုတ္ထအဆင့် ဝိညာဉ်သခင် များကိုပင် ဂရုစိုက်တတ်သူ မဟုတ်ပေ။
သို့ရာတွင် ဂျင်ဒီတားမြစ် နယ်မြေထဲ၌ ခွေးတစ်ကောင်အလား တိတ်တဆိတ် သေဆုံး သွားခဲ့ရသည်။ ပဉ္စမအဆင့် ဝိညာဉ်သခင် ဆယ့်ငါးယောက် သေဆုံးသွားခဲ့သော်လည်း ၎င်း ဆယ့်ငါးယောက်လုံးကို ဝမ်ရှန်းကိုယ်တိုင် သတ်ခဲ့ခြင်း မဟုတ်ပေ။
ဆိုရလျှင် ဝမ်ရှန်းသည် သူ၏ အသိပညာ၊ ဗဟုသုတများကို အခြေအနေနှင့် အချိန်အခါကို လိုက်၍ အသုံးချခဲ့ခြင်း ဖြစ်ပြီး ဤအချက်ကပင် မြောက်မြားစွာသော ဝိညာဉ်သခင်များကို သေရွာသို့ ဆွဲခေါ်သွားခဲ့သည်။
တစ်နည်းဆိုရလျှင် ဝမ်ရှန်းသည် မည်သည့် အခြေအနေတွင်မဆို သူ၏ ဉာဏ်ပြေးမှုနှင့် ပတ်ဝန်းကျင် အနေအထားကို အသုံးချကာ ရန်သူများကို တစ်ဖက်လှည့်ဖြင့် သတ်ဖြတ်နိုင်စွမ်း ရှိနေပေသည်။
***